News

POST TYPE

PERSPECTIVE

အစိုးရကောင်းကြောင်းတွေချည်း အမြဲပြောနေလျှင် မီဒီယာဟု မခေါ်ထိုက်
22-Mar-2017
(၁)

စတုတ္ထမဏ္ဍိုင်ဟု တင်စားခေါ်ဝေါ်သော သတင်းမီဒီယာ အလုပ်မှာ အုပ်ချုပ်သူ အစိုးရ၊ လွှတ်တော်နှင့် တရားစီရင်ရေးတို့၏ အားနည်းချက်၊ အားသာချက်၊ ပျော့ကွက်၊ ဟာကွက်၊ အကောင်းအဆိုးတို့ကို အပြုသဘောနှင့် ဝေဖန်ထောက်ပြရသည့် တာဝန်ဖြစ်သည်။ အစိုးရအဖွဲ့မှာ အားနည်းချက်ရှိလျှင် အစိုးရကို ဝေဖန်မည်။ လွှတ်တော်မှာ အားနည်းချက်ရှိလျှင် လွှတ်တော်ကို ဝေဖန်မည်။ တရားစီရင်ရေးစနစ် ကမောက်ကမ ဖြစ်နေလျှင် တရားစီရင်ရေးစနစ်ကို ဝေဖန်မည်။ ဒါက မီဒီယာကောင်းတို့၏အလုပ် ဖြစ်သည်။ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တရားစီရင်ရေးစနစ်မှာ ကောင်းကောင်းဆိုးဆိုး အမြဲတမ်း ကောင်းပါသည်ဟု ဘုန်းတော်ဘွဲ့တွေချည်း ဖော်ပြနေမည်ဆိုလျှင်တော့ ထိုမီဒီယာသည် ဆိုဗီယက်ခေတ်၊ နာဇီဟစ်တလာခေတ် ဝါဒဖြန့်ချိရေး မီဒီယာသာ ဖြစ်တော့မည်။

ထို့ကြောင့်လည်း မီဒီယာခေတ်ဦးအစ မြန်မာပြည်မှာ သတင်းစာတွေ စတင်ပေါ်လာတော့ မင်းတုန်းမင်းကြီးကိုယ်တိုင် “ငါမကောင်း ... ငါ့ကိုရေး။ ငါ့မိဖုရားမကောင်း ... မိဖုရားကိုရေး ...” အစချီပြီး နန်းတွင်းရေးများကအစ သတင်းထောက်များကို လွတ်လပ်စွာ ဝင်ထွက် သတင်းယူခွင့်ပေးခဲ့သည့် သာဓကများ သမိုင်းမှာရှိသည်။ မြန်မာပြည် သတင်းစာ လွတ်လပ်ခွင့်က ကုန်းဘောင်ခေတ်နှောင်း ကာလကတည်းက စတင်ခဲ့သော်လည်း ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါး မြုံသွားခဲ့ပြီး ၂၀၁၂ ခုနှစ်လောက်ကျမှ နဂိုအနေအထားကို ပြန်ရောက်လာသည်။ ဒါတောင် ကျေနပ်အားရဖွယ် အနေအထား မရောက်သေး။ ထားပါတော့။

ယခု မီဒီယာတွေ ထိုက်သင့်သလောက် လွတ်လပ်လာတော့ အစိုးရကို ဝေဖန်သည်။ လွှတ်တော်ကို ဝေဖန်သည်။ တရားစီရင်ရေးစနစ်ကို ဝေဖန်သည်။ မီဒီယာ ပုံသဏ္ဌာန်တွေကလည်း အထွေထွေ အပြားပြား ရှိလာသည်။ အထူးသဖြင့် အလွန် မြန်ဆန်သော အွန်လိုင်းမီဒီယာ၊ Social Networks တွေ မယုံကြည်နိုင်လောက်အောင် လူထုကြားထဲ ပျံ့နှံ့ရောက်ရှိခဲ့သည်။ လူထုကိုယ်တိုင် သတင်းဖြန့်ချိသူ၊ လူထုကိုယ်တိုင် သတင်းစားသုံးသူ ဖြစ်လာသည်။ လူထုကိုယ်တိုင် လူထုအဖွဲ့အစည်းကို လှုပ်ခါနိုင်စွမ်းရှိသူတွေ ဖြစ်လာကြသည်။ ယခု ၂၁ ရာစုမှာ ပေါ်လာသော မီဒီယာသစ် New Media ၏ လွှမ်းမိုးမှုက သမားရိုးကျမီဒီယာ Traditional Media တွေကိုပင် စိန်ခေါ်ဖြတ်ကျော်နေပြီ။

ဤနေရာတွင် လူထုနှင့် အုပ်စိုးသူတို့အကြား ပဋိပက္ခတွေ ရှိလာသည်။ အုပ်ချုပ်သူ အစိုးရတို့သည် အထိန်းအချုပ် အတားအဆီးမဲ့ လွတ်လပ်လာသော ဆိုရှယ် မီဒီယာတွေကို မနှစ်မြို့နိုင်တော့။ တစ်ဖက်က မီဒီယာ လွတ်လပ်ခွင့်ကို အာမခံထားသော်လည်း တစ်ဖက်က တစ်နည်းနည်းဖြင့် ထိန်းချုပ်ဖို့ ကြံဆလာကြသည်။ ဤဖြစ်ရပ်သည် မီဒီယာ လွတ်လပ်ခွင့်ကို အာမခံထားသော နိုင်ငံတိုင်း၌ မတွေ့မြင်ရသော်လည်း ဒီမိုကရေစီ အတွေ့အကြုံ နည်းသည့်နိုင်ငံတွေမှာ တွေ့ရသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဖြစ်သည်။ ဤအကြောင်းကို ဆက်လက် မဆွေးနွေးမီ လက်ရှိ မြန်မာအစိုးရသည် စတုတ္ထမဏ္ဍိုင်ဟု ၎င်းတို့ကိုယ်တိုင် မကြာခဏ ရည်ညွှန်း ပြောဆိုနေသည့် မီဒီယာတို့၏ ဝေဖန်ထောက်ပြမှုကို ဘယ်လောက် အတိုင်းအတာထိ လက်ခံပြီး ဘယ်လောက် အတိုင်းအတာအထိ ဂရုတစိုက်ရှိသလဲ ဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုလာသည်။

(၂)

တံတားကိစ္စ လွှတ်တော်မှာ ဆွေးနွေး အတည်ပြုပြီးတော့ လူထုကြား ဂယက် အတော်ထသွားသည်။ လူထုဂယက်ထတော့ လူထုအသံက မီဒီယာ အသံလည်း ဖြစ်သည်မို့ မီဒီယာတွေထဲမှာ လွှတ်တော် အဆုံးအဖြတ်အပေါ် ဘဝင်မကျသည့် ဝေဖန်ရေးသားမှုတွေ အများအပြား ပေါ်လာသည်။ ဒါကို လူထုကိုယ်စားပြု လွှတ်တော်အမတ်များ မသိမဟုတ်။ သိကြမည်။ မီဒီယာများထံမှ ထွက်ပေါ်လာသည့် အသံသည် လူထု၏အသံ ဖြစ်သည်။ “ဒါတော့ မဖြစ်သင့်ပေဘူး”ဆိုသောအသံကို သူတို့ ကြားကြပေလိမ့်မည်။ ထိုကိစ္စနှင့်စပ်လျဉ်း၍ အံ့အားသင့်ဖွယ် စကားတစ်ခွန်းကို လွှတ်တော်နှင့် အစိုးရအဖွဲ့ကို နောက်ကွယ်က ကွပ်ကဲနေသည့် ပါတီခေါင်းဆောင်တစ်ဦးထံမှ ကြားလိုက်ရသည်။

“ဆေးခါးကြီး သောက်လိုက်ရတယ်လို့ပဲ မှတ်လိုက်ပါ”တဲ့။ သူဆိုလိုသည့် အဓိပ္ပာယ်က တံတားအမည်ကိစ္စကတော့ လွှတ်တော်မှာ ဆွေးနွေးပြီးဖြစ်တယ်၊ မဲခွဲဆုံးဖြတ် အတည်ပြုပြီးလည်း ဖြစ်တယ်၊ ပြင်လို့မရတော့တဲ့အတွက် ခင်ဗျားတို့ မကြိုက်လည်း ဆေးခါးကြီးမျိုသလို အောင့်အည်းပြီး လက်သာခံလိုက်ကြပါတော့ ဆိုသည့်အဓိပ္ပာယ် ဖြစ်သည်။ မီဒီယာနှင့် လူထု၏အသံကို မျက်ကွယ်ပြုကာ လွှတ်တော်က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ဤနေရာတွင် မေးစရာ ရှိသည်မှာ ပြည်သူ့အသံ လွှတ်တော်အသံ၊ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူလူထုအသံကို ကိုယ်စားပြုထားသူများ မဟုတ်ပေဘူးလား ဆိုသောမေးခွန်းဖြစ်သည်။

တံတားကိစ္စကိုပင် နမူနာယူ၍ ပြောကြည့်ပါမည်။ မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် မိကွန်ချမ်းက တင်သွင်းသောအဆို ဖြစ်သော်လည်း သဘောမတူ ကန့်ကွက်သူက ဖခင် တိုင်းရင်းသားရေးရာ ဝန်ကြီး နိုင်သက်လွင်ဖြစ်နေသည်။ ထားတော့။ ဒီမိုကရေစီ သဘောအရ မိသားစုချင်း သဘောထားကွဲခွင့် ရှိသည်။ ဖခင် သဘောမတူလည်း သမီးက သဘောတူခွင့် ရှိသည်။ မွန်ပြည်နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော်အမတ် တစ်ဦးက ထိုအမည်နာမ သတ်မှတ်မှုကြောင့် ပေါ်ထွက်လာသည့် ဒေသခံတို့၏အသံကို နားမထောင်သင့်ပေဘူးလား။ အဆိုကို လွှတ်တော်ထဲ ထောက်ခံ ဆွေးနွေးကြသည့်အခါ လူထုကျေနပ်လောက်ဖွယ် ဖွင့်ဆိုရှင်းပြနိုင်မှု မရှိခဲ့။ အလွန် ယေဘုယျဆန်သော ဆွေးနွေးမှုတွေကိုသာ ကြားခဲ့ရပြီး မဲခွဲထောက်ခံ အတည်ပြုလိုက်ကြသည်။ ထောက်ခံသူ အမတ်များ အားလုံး ကျေကျေနပ်နပ်မှ ရှိပါလေစ။

ပြောရလျှင် လွှတ်တော်က လူထုအသံကို တကယ်ထင်ဟပ်ပါရဲ့ လားဆိုသော မေးခွန်းကိုသာ မေးရပါတော့မည်။ ဟိုတစ်လောက အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရင်ဖွင့်သွားတာကိုလည်း ကြားလိုက်ရသည်။ နာမည်ဆိုးဖြင့် ကျော်ကြားနေသော ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေးအတွက် လွှတ်တော်သို့ အဆိုတင်ရန် ကြိုးစားသော်လည်း လွှတ်တော် အဆိုစိစစ်ရေးအဖွဲ့က လက်မခံဘဲ ပယ်ချခဲ့သည့်အတွက် တင်သွင်းခွင့် မရခဲ့ပါဟုဆိုသည်။

တကယ်ဆိုလျှင် ပြည်သူ့လွှတ်တော်မှာ တိုင်းပြည်အတွက် အမှန်တကယ် အရေးတကြီး ဆွေးနွေးရမည့် ကိစ္စများစွာ ရှိနေသည်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)သည် ယနေ့ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်ကိုရော အစိုးရ၏ ဒီမိုကရေစီ ပုံရိပ်ကိုရော ခြိမ်းခြောက်နေသည့် ဥပဒေပုဒ်မ တစ်ခုဖြစ်သည်။ လူ့အခွင့်အရေးကို ခြိမ်းခြောက်သော ပြင်းထန်သော ဥပဒေပုဒ်မ ဖြစ်သည်။ ဥပဒေမှာ အားနည်းချက်တွေရှိမှန်း ဥပဒေသမားတိုင်းက လက်ခံကြသည်။ မဖြစ်သင့်သော၊ မရှိသင့်သော ဥပဒေပုဒ်မဖြစ် ည်။ မီဒီယာ လွတ်လပ်ခွင့် ရှိပါသည်ဆိုသော အစိုးရ၏ပုံရိပ်ကို ဤဥပဒေက အကြီးအကျယ် အမည်းစက် ဖြစ်စေသည်။ ဤဥပဒေက ပြင်ကိုပြင်ရမည့် ဥပဒေလည်း ဖြစ်သည်။ သို့သော် ပြည်သူလူထုကို ကိုယ်စားပြုပါသည်ဆိုသော လွှတ်တော်က ထိုကိစ္စကို မသိကျိုးကျွန်ပြုနေသည်။ လူထုကြားချင်သည်မှာ လူထုမလိုလားသော၊ လူထုကို ခြိမ်းခြောက်နေသော ဥပဒေများ ပြင်ဆင်ရေး ဖြစ်သည်။ အကြီးမားဆုံး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မပြင်ဆင်နိုင်သေးသည့်တိုင် ယခုလိုဥပဒေတွေကိုတော့ လွှတ်တော်က ပြင်ဆင်သင့်သည်။ ဒါမှ ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ တစ်ထပ်တည်း ကျမည်။

(၃)

အာဏာရှင် အစိုးရများအနေနှင့် လူထုအသံကို ဂရုစိုက်စရာ မလိုသော်လည်း ဒီမိုကရေစီ အစိုးရများက လူထုအသံကို ဂရုစိုက်ကြရသည်။ လူထု ဘာဖြစ်ချင်လဲ။ လူထု ဘာတောင်းဆိုသလဲ နားထောင်ရမည်။ လူထု ဖြစ်စေချင်သလို ဥုံဖွ မန်းမှုတ်ပြီး တစ်ခဏချင်း အရာအားလုံး မဖြစ်နိုင်သည်ကိုလည်း လူထုက နားလည်သည်။ လူထုအသံသည် မီဒီယာများ၏ အသံလည်းဖြစ်သည်။ အစိုးရမှာ အားနည်းချက်ရှိလျှင်၊ လွှတ်တော်မှာ ချို့ယွင်းချက်ရှိလျှင် လူထုကိုယ်စား စတုတ္ထမဏ္ဍိုင် မီဒီယာက ဝေဖန်ထောက်ပြသည်။ ကောင်းစေချင်၍ ထောက်ပြတာ ဖြစ်သည်။ ကမ္ဘာပေါ်မှာ ဘယ်အစိုးရ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ် တစ်စုံတစ်ဦးမျှ ခြောက်ပြစ်ကင်း သဲလဲစင် မဖြစ်နိုင်ပါ။ အစိုးရဖြစ်လာလျှင်၊ အဖွဲ့အစည်း ဖြစ်လာလျှင် ကောင်းသည်လည်း အပြောခံရမည်။ ဆိုးသည်လည်း အဝေဖန်ခံရမည်။ အစိုးရဆိုသည်မှာ ဝေဖန်မှုကို ခံနိုင်ရည်ရှိရမည်။ အစိုးရကို မဝေဖန်ဝံ့အောင် ဥပဒေပုဒ်မ တစ်ခုခုနှင့် တားမြစ်ခြိမ်းခြောက်ထားပြီဆိုလျှင်တော့ ထိုအစိုးရသည် ဒီမိုကရေစီ အစိုးရဟု မခေါ်ထိုက်တော့။

မီဒီယာများသည် အစိုးရကောင်းကြောင်းကိုချည်း အမြဲပြောနေမည့်သူများဟု မမှတ်ယူသင့်ကြောင်းပါ။

ချစ်ဝင်းမောင်


  • VIA