News

POST TYPE

PERSPECTIVE

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ
22-Mar-2017

မကြာမီကာလအတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ ကြားဖြတ် ရွေးကောက်ပွဲနှင့် စပ်လျဉ်းပြီး သိရှိထားသင့်သည့် “ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ” နှင့် “အဘယ်ကြောင့် ကြားဖြတ် ရွေးကောက်ပွဲ ပေါ်ပေါက်လာရသည်များ”ကို အများပြည်သူ တစုတစည်းတည်း လေ့လာနိုင်ရန် ရည်ရွယ်ပြီး စုစည်းတင်ပြခြင်း ဖြစ်ပါသည်။

အဘယ်ကြောင့် ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ပေါက်လာရသနည်း၊ ကျင်းပရသနည်း

ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်း (၁)

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အချုပ်အခြာအာဏာ ၃ ရပ်ဖြစ်သည့် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်များကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲပြီး အပြန်အလှန် ထိန်းကျောင်းခြင်း (Reciprocal Check and Balance) ပြုရမည်ဟု ပြဋ္ဌာန်းထားပါသည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဥပဒေပြုရေး မဏ္ဍိုင်အတွက် ရွေးကောက် တင်မြှောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များထဲမှ အချို့သည် အုပ်ချုပ်ရေးမဏ္ဍိုင် (ပြည်ထောင်စုအစိုးရအဖွဲ့) နှင့် တရားစီရင်ရေး မဏ္ဍိုင်များသို့ တာဝန်ထမ်းဆောင်ရန် ခန့်အပ်ခံရသည့်အခါ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်သွားရသဖြင့် လစ်လပ် မဲဆန္ဒနယ် ပေါ်ပေါက်လာပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရခြင်းဖြစ်သည်။ ဥပမာအားဖြင့် -

အမျိုးသားလွှတ်တော်

ရန်ကုန်တိုင်းဒေသကြီး - ဒေါက်တာအောင်သူ
မဲ/နယ် အမှတ်(၆) (စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီး)

ပဲခူးတိုင်းဒေသကြီး - ဒေါက်တာဝင်းမြတ်အေး
မဲ/နယ် အမှတ်(၄) (လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး)

ချင်းပြည်နယ် မဲ/နယ် အမှတ်(၃) - ဦးဟင်နရီဗန်ထီးယူ (ဒုတိယ သမ္မတ)

ပြည်သူ့လွှတ်တော်
   
လှိုင်သာယာ မဲဆန္ဒနယ် - ဒေါက်တာသန်းမြင့် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒနယ် - ဦးကျော်ဝင်း (စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး)
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မဲဆန္ဒနယ် - ဒေါက်တာမျိုးအောင် (နေပြည်တော်ကောင်စီဥက္ကဋ္ဌ)
ကော့မှူး မဲဆန္ဒနယ် - ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
မုံရွာ မဲဆန္ဒနယ် - ဦးသန့်စင်မောင် (ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန)
ချောင်းဆုံ မဲဆန္ဒနယ် - ဒေါ်ခင်ဌေးကြွယ် (ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး - အဖွဲ့ဝင်)
အမ်းမဲဆန္ဒနယ် - ဦးသိန်းဆွေ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး)

ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်း (၂)

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြောက်ခံခဲ့ရသည့် အချို့သော လွှတ်တော်ကိုယ်စားလှယ်များ ကွယ်လွန်သွားခြင်းကြောင့် လစ်လပ်နေရာ ပေါ်ပေါက်လာပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရခြင်းဖြစ်သည်။ ဥပမာအားဖြင့် -

ပြည်နယ်လွှတ်တော်များ

ရှမ်းပြည်နယ်လွှတ်တော် - ဦးပီတာသောင်းစိန် (ကွယ်လွန်) ကျိုင်းတုံ မဲဆန္ဒနယ် (၂) 
ရှမ်းပြည်နယ်လွှတ်တော် ညောင်ရွှေမဲဆန္ဒနယ် (၁) - ဦးထွန်းရင် (ကွယ်လွန်)
ကယားပြည်နယ်လွှတ်တော် ဖရူဆိုမဲဆန္ဒနယ် (၁)-ဦးသိုးရယ် (ကွယ်လွန်)

ကြားဖြတ်ရွေးကောက်ပွဲ ပေါ်ပေါက်လာခြင်း (၃)

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပချိန်တွင် နယ်မြေဒေသ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နေရာများ ရှိခဲ့ပြီး ယင်းနေရာများမှာ လစ်လပ်နေသဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရခြင်းဖြစ်သည်။ ဥပမာအားဖြင့် -

ပြည်သူ့လွှတ်တော်

ကျေးသီး မဲဆန္ဒနယ် - ၂၀၁၅ တွင် ရွေးကောက်ပွဲ မကျင်းပ
မိုင်းရှူး မဲဆန္ဒနယ် - ၂၀၁၅ တွင် ရွေးကောက်ပွဲ မကျင်းပ

ရှမ်းပြည်နယ်လွှတ်တော်

ကျေးသီး မဲဆန္ဒနယ် (၁)   - ၂၀၁၅ တွင် ရွေးကောက်ပွဲ မကျင်းပ
ကျေးသီး မဲဆန္ဒနယ် (၂)   - ၂၀၁၅ တွင် ရွေးကောက်ပွဲ မကျင်းပ
မိုင်းရှူး မဲဆန္ဒနယ် (၁)     - ၂၀၁၅ တွင် ရွေးကောက်ပွဲ မကျင်းပ
မိုင်းရှူး မဲဆန္ဒနယ် (၂)     - ၂၀၁၅ တွင် ရွေးကောက်ပွဲ မကျင်းပ

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်
၂၀၁၇ ဧပြီလ ၁ ရက်နေ့ - (၁.၄.၂၀၁၇)

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်များ
လစ်လပ်နေရာ ၁၉ နေရာ -
အမျိုးသားလွှတ်တော် ၃ နေရာ၊
ပြည်သူ့လွှတ်တော် ၉ နေရာ
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၇ နေရာ

ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် အမည်စာရင်း ကြေညာမည့်ကာလ
ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့ အထိ

အမည်စာရင်းကို တစ်နိုင်ငံလုံးတွင် ကြေညာမည်လော

မကြေညာပါ။ သက်ဆိုင်ရာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာနှင့် ယင်းမဲဆန္ဒနယ်များတွင် ပါဝင်သည့် မြို့နယ် ၂၂ မြို့နယ်တွင်သာ မဲဆန္ဒရှင်စာရင်း ကြေညာပါမည်။ (လစ်လပ်မဲဆန္ဒနယ် (၁၉) နေရာကို ဇယားတွင် ဖော်ပြထားပါသည်)

မိမိ၏အမည်သည် မဲဆန္ဒရှင်စာရင်းတွင် (ပါသင့်ပါလျက်) မပါဝင်ပါက မည်သို့ လုပ်ဆောင်ရမည်နည်း

မဲစာရင်း ကြေညာထားသည့် ၁၄ ရက်အတွင်း ပုံစံ (၃) ဖြင့် ရပ်/ကျေး ကော်မရှင်ခွဲရုံးတွင် လျှောက်ထားနိုင်ပါသည်။

မိမိ၏အမည်မှာ မဲစာရင်းတွင် ပါသော်လည်း အချက်အလက်အချို့ မှားနေလျှင် မည်သို့ ပြင်ဆင်နိုင်သနည်း

ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်ပေးရန် ရပ်။ကျေး ကော်မရှင်ခွဲရုံးသို့ လျှောက်ထားနိုင်ပါသည်။

မဲစာရင်းတွင် အချက်အလက်အချို့မှားယွင်းနေပါက ရွေးကောက်ပွဲနေ့တွင် ဆန္ဒမဲ ပေးနိုင်ပါသလား

ကိုယ်ရေး အချက်အလက်အချို့ မှားယွင်းနေသော်လည်း သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူများ၏ ထောက်ခံချက်ဖြင့် မဲပေးခွင့် ရှိပါသည်။

ဆန္ဒမဲပေးပိုင်ခွင့် မရှိသူများ မဲစာရင်းတွင် ပါဝင်နေပါက မည်သို့လုပ်ဆောင်ရမည်နည်း
မဲပေးပိုင်ခွင့် မရှိသူများ (ဥပမာ - ကွယ်လွန်ပြီးသူ၊ ထောင်ကျနေသူ၊ စိတ်ပေါ့သွပ်နေသူ၊ စသည်..)  မဲစာရင်းတွင် ပါဝင်နေပါက ပုံစံ (၄) ဖြင့် ရပ်/ကျေး ကော်မရှင်တွင် ကန့်ကွက်နိုင်ပါသည်။

မဲဆွယ်စည်းရုံးရေး ကာလသည် မည်သည့်အချိန်တွင် စတင်ပြီး မည်သည့်အချိန်တွင် ရပ်နားရမည်နည်း

၂၀၁၇ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၀ ရက်နေ့တွင် ရပ်နားရပါမည်။ မဲဆွယ်စည်းရုံးရေး ကာလမှာ ရက်ပေါင်း ၆၀ ဖြစ်ပါသည်။
ရွေးကောက်ပွဲတွင် မည်သည့် မဲပေးစနစ်ကို ကျင့်သုံးမည်နည်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကျင့်သုံးခဲ့သည့် အမှန်ခြစ် တံဆိပ်တုံးထုသည့် မဲပေးစနစ်အတိုင်း ကျင့်သုံးမည်ဖြစ်ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မည်သူမဆို မဲပေးနိုင်သလား

မပေးနိုင်ပါ။ သက်ဆိုင်ရာ လစ်လပ် မဲဆန္ဒနယ်များတွင် နေထိုင်ကြသည့် ဥပဒေပြဋ္ဌာန်းချက်နှင့် ကိုက်ညီကြသည့် မဲဆန္ဒရှင်များသာ မဲပေးနိုင်ပါသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးခွင့် ရှိပါသလား

ကြိုတင်မဲပေးခွင့် ရှိပါသည်။ ကြိုတင်မဲပေးကြမည့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များနှင့် မဲဆန္ဒနယ် အတွင်းရှိ မဲဆန္ဒရှင်များပါ ဘောလ်ပင်ဖြင့် အမှန်ခြစ် မဲပေးသည့်ပုံစံဖြင့် ကြိုတင်မဲ ပေးကြရမည် ဖြစ်ပါသည်။

(၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်းရှိ ကြိုတင် မဲဆန္ဒရှင်များမှာ တံဆိပ်တုံးထု၍ မဲပေးခဲ့ရပြီး ယခု ကြားဖြတ် ရွေးရောက်ပွဲတွင်မူ ဘောလ်ပင်ဖြင့် အမှန်ခြစ် မဲပေးသည့်စနစ်သို့ ပြောင်းလဲထားသည်)

မဲပေးခွင့် ရရှိနိုင်ရေးအတွက် မည်သည့်အချက်သည် အရေးအကြီးဆုံး ဖြစ်သနည်း 

မိမိ၏အမည် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နေရေးသည် မဲပေးခွင့် ရရှိရေးအတွက် အရေးအကြီးဆုံး အချက်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ အမည် မဲစာရင်းတွင် ပါ/ မပါ သိရှိနိုင်ရန် မဲစာရင်း ကြေညာထားမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် မပျက်မကွက် သွားရောက် ကြည့်ရှုရန် မိမိတွင် တာဝန်ရှိပါသည်။


နေဝင်းနိုင် (၂၉.၁.၂၀၁၇) 

  • VIA