News

POST TYPE

PERSPECTIVE

ဘာပဲလုပ်လုပ် မူနဲ့ပဲ လုပ်စေချင်ပါတယ်
21-Mar-2017

မြန်မာနိုင်ငံမှာ ဒီနေ့ အသက် ငါးဆယ်၊ ခြောက်ဆယ်၊ ခုနစ် ဆယ်တန်းတွေဟာ မဆလ လို့ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနဲ့ မြန်မာနည်း မြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ်ဆိုတာကို ကောင်းကောင်း သိမီခဲ့ကြသူတွေ ဖြစ်ပါတယ်။ မဆလ ပါတီရဲ့ ဖွဲ့စည်းပုံအရ ဗဟို ကော်မတီ၊ ဗဟို အလုပ်အမှုဆောင် ကော်မတီ၊ ပြည်နယ် တိုင်းဒေသ ပါတီကော်မတီ၊ မြို့နယ် ပါတီယူနစ်နဲ့ ရပ်/ကျေးပါတီ စိတ် စတဲ့ အဖွဲ့အစည်း အဆင့်ဆင့်အပြင် တောင်သူလယ်သမား၊ အလုပ်သမား၊ လမ်းစဉ်လူငယ် စတဲ့ အဖွဲ့အစည်းတွေကလည်း ဗဟိုကနေ အောက်ခြေအထိ ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။

အဲဒါအပြင် ဖော်ပြခဲ့တဲ့ သက်ကြီးပိုင်း ပုဂ္ဂိုလ်တွေဟာ လမ်းစဉ်ပါတီရဲ့ ဦးဆောင်မှုနဲ့ ရေးဆွဲခဲ့တဲ့ ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေကိုလည်း ထောက်ခံ ဆန္ဒမဲပေးခဲ့ကြပြီး အဲဒီအခြေခံ ဥပဒေအရ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ နိုင်ငံတော်ကောင်စီနဲ့ ဝန်ကြီးအဖွဲ့ အပါအဝင် ဗဟိုအာဏာပိုင် အဖွဲ့အစည်းများ၊ ပြည်/နယ်တိုင်း၊ မြို့နယ်နဲ့ ရပ်/ကျေး စတဲ့ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ ဆိုတာကိုလည်း ကောင်းကောင်း မီခဲ့ကြပါတယ်။ အဲဒီလို ပါတီအဖွဲ့အစည်း အဆင့်ဆင့်နဲ့ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်ကို ဖွဲ့စည်း တည်ဆောက်ထားပေမယ့် အမှန်တကယ် လုပ်ပိုင်ခွင့်နဲ့ အာဏာကတော့ ပါတီဥက္ကဋ္ဌကြီး တစ်ယောက်တည်းရဲ့ လက်ထဲမှာပဲ ရှိတယ်ဆိုတာ ဖြတ်သန်းလာခဲ့သူတွေ အားလုံး အသိပဲဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး လုပ်ချင်တာ၊ ဖြစ်ချင်တာ အားလုံးကို ဒီအဖွဲ့အစည်းတွေက ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး ဆောင်ရွက်ပေးကြရပါတယ်။

၁၉၈၈ ခုနှစ်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူခဲ့တဲ့ နဝတနဲ့ နယက အစိုးရခေတ်တွေမှာလည်း အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းထားပေမယ့် လုပ်ပိုင်ခွင့်နဲ့ အာဏာဟာ တစ်ဦးတစ်ယောက်တည်းရဲ့ လက်ထဲမှာပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ လုပ်ငန်းကိစ္စ အတော်များများဟာ အောက်ခြေကတင်ပြလို့ ဆောင်ရွက်ပေးတဲ့ ကိစ္စတွေထက် အပေါ်ကနေ ကိုယ့်သဘောနဲ့ ကိုယ်ဆုံးဖြတ်၊ အမိန့်ပေး ဆောင်ရွက်ခဲ့တာတွေက ပိုများတယ် ဆိုတာကိုလည်း အားလုံး အသိပဲဖြစ်ပါတယ်။ အထူးသဖြင့်တော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်တွေကို မြို့ပြင်ထုတ်ခဲ့တဲ့အတွက် ကျောင်းသား/ကျောင်းသူတွေ ဒုက္ခရောက်ခဲ့ကြရပြီး အခုအချိန်အထိ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်နေကြတုန်းပါ။

အခုတင်ပြခဲ့တာတွေဟာ တစ်ပါတီစနစ်နဲ့ အာဏာရှင်စနစ်တွေ လက်ထက်မှာမို့ ဖြေသာပြုသာ ရှိပေမယ့် ပြည်သူတွေက ရွေးကောက် တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရ လက်ထက်မှာတော့ အခုလို ဆန်စဉ်ရာ ကျည်ပွေ့လိုက်တာမျိုးတွေ မဖြစ်စေချင်တာကတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ ဆန္ဒအမှန်ပဲ ဖြစ်ပါတယ်။ ဒီနေ့ လွှတ်တော် အသီးသီးနဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်မှာ တာဝန်ယူ ဆောင်ရွက်နေကြသူတွေဟာ တစ်ချိန်က ပြည်သူတွေကို ဦးဆောင်ပြီး အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ တချို့ဆို နှစ်ရှည်လများ ထောင်ဒဏ် ကျခံခဲ့ကြရသူတွေ ဖြစ်တဲ့အတွက် ပြည်သူတွေ အနေနဲ့ များစွာ ကရုဏာ သက်ခဲ့ကြပြီး အားကိုးတကြီးနဲ့ ရွေးကောက်တင်မြှောက် လိုက်ကြတာဖြစ်ပါတယ်။

အစိုးရ တက်ခါစက တာဝန်ရှိသူတွေ ပြောခဲ့တဲ့စကား ရှိပါတယ်။ အစိုးရသစ် အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကနေ သွားတဲ့အခါမှာ လူကနေ အုပ်ချုပ်တဲ့စနစ်ကနေ ဥပဒေနဲ့ အုပ်ချုပ်တဲ့စနစ်မျိုးကို သွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း အစိုးရအနေနဲ့ ပြည်သူတွေကို အကျိုးမပြုတဲ့ ဥပဒေတွေကို ပြင်ဆင်ခဲ့သလို ပြည်သူလူထုကို အကျိုးပြုမယ့် ဥပဒေတချို့ ပြဋ္ဌာန်းပေးတာတွေကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဥပဒေတစ်ခု ပြင်ဆင်ဖို့၊ ပြဋ္ဌာန်းဖို့ ဆိုတာကလည်း အပြောလွယ်သလောက် လက်တွေ့မှာ မလွယ်ကူပါဘူး။ စတင်တင်ပြတဲ့အချိန်ကနေ အဆင့်ဆင့် တင်ပြ၊ စိစစ်၊ အပြန်အလှန် ညှိနှိုင်းဆွေးနွေး၊ လွှတ်တော်မှာလည်း အပြန်အလှန် မေးမြန်းဆွေးနွေးရတဲ့ အဆင့်တွေ လုပ်ထုံးလုပ်နည်းတွေ ရှိတဲ့အတွက် တစ်ခါတစ်ရံ ခြောက်လကနေ တစ်နှစ်အထိ ကြာတတ်ပါတယ်။

ဥပဒေ မပြဋ္ဌာန်းရသေးတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ မူဝါဒတွေ ချမှတ် ဆောင်ရွက်ဖို့လိုသလို ဥပဒေ မပြင်ဆင်ရသေးတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ တည်ဆဲ ဥပဒေအရ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ နေရာမှာ တစ်ခုသတိပြုရမှာက တည်ဆဲဥပဒေသည် ပြည်သူကို အမှန်တကယ် အကျိုးပြု မပြုဆိုတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ တစ်ချိန်တုန်းက ဥပဒေတွေဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ ဆိုတာထက် အုပ်ချုပ်သူ အာဏာပိုင်ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေတွေက များလို့ပဲဖြစ်ပါတယ်။ မကြာသေးမီကဖြစ်ခဲ့တဲ့ သင်္ကြန်ရုံးပိတ်ရက်လို ကိစ္စမျိုးနဲ့ သံလွင်တံတား အမည်ပေးရေး ကိစ္စတွေကိုကြည့်ရင် မူဝါဒနဲ့ ဥပဒေ တိတိကျကျ မရှိဘဲ ဆန်စဉ်ရာ ကျည်ပွေ့လိုက်ခဲ့တဲ့ သဘောတွေ တွေ့ရပါတယ်။ ဥပမာ- သင်္ကြန်ရုံးပိတ်ရက် ကိစ္စကို အလောသုံးဆယ် ကြေညာချက်တွေ အမျိုးမျိုး ထုတ်ပြန်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ 

ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့၁၀.၃.၂၀၁၇ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၃၁/၂၀၁၇ နဲ့ သင်္ကြန်ရုံးပိတ်ရက်ကို ၁၀ ရက်ကနေ ၅ ရက် သတ်မှတ်ဖို့အတွက် ထုတ်ပြန်ခဲ့ပြီး နောက်တစ်ခါ ၁၃.၃.၂၀၁၇ ရက်နေ့က ဝန်ထမ်းတွေကို ယခင်အတိုင်း နားရက် ၁၀ ရက်ကို ခံစားခွင့်ပြုဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာကိုလည်း တွေ့ရပါတယ်။ သင်္ကြန်ရက်ကို ၁၀ ရက်အစား ၅ ရက်ပိတ်ဖို့ ဆိုတာကို အရင်ကတည်းက စီးပွားရေးလုပ်ငန်းရှင်တွေက ပြောနေကြတာ ဖြစ်တဲ့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေ အလိုကျ ပိတ်ရက်ကို ပြောင်းလဲပေးရတယ်လို့ ယူဆလို့ရပါတယ်။ ဒီအခါ ပြဿနာ တက်သူတွေက ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ ဒီလို အပြောင်းအလဲဖြစ်မှာကို ကြိုတင် မသိရှိရတဲ့အတွက် ခရီးစဉ်ကြိုတင် စီစဉ်ထားရှိတာတွေ၊ ကားလက်မှတ် ကြိုတင် ဝယ်ယူထားတာတွေ၊ အလှူအတန်းနဲ့ ရဟန်းခံရှင်ပြု အပါအဝင် တရားစခန်းဝင်ဖို့ စီစဉ်ထားတာတွေ အားလုံး ကမောက်ကမ ဖြစ်ကုန်ပါတော့တယ်။

ဒီတော့တစ်ခါ ဝန်ထမ်းတွေလည်း အဆင်ပြေအောင် ဆိုပြီးတော့ နားရက်ကို ယခင်အတိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာန/ ဦးစီးဌာနအလိုက် အုပ်ချုပ်မှု နည်းလမ်းနဲ့ စီစဉ်ဆောင်ရွက်ပါဆိုတော့ ဌာနတွေမှာ တစ်ခါ အကျပ်ရိုက်ကုန်ကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အစိုးရဌာနတွေမှာက ယခင် ဆယ်ရက်ပိတ်နေစဉ် ကာလကလည်း လုပ်ငန်းများ မထိခိုက်အောင်/ အရေးပေါ် လုပ်ငန်းများ ဆောင်ရွက်နိုင်အောင် ဆိုပြီးတော့ ရုံးပိတ်ရက် တာဝန်ချထားမှုတွေ နှစ်စဉ်မပျက် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို ကြေညာချက် ထပ်ပြီးထုတ်လိုက်တဲ့ အခါကျတော့ (ဝန်ထမ်းတွေကို အထူး အခွင့်အရေး ပေးသလို ဖြစ်သွားတဲ့အတွက်)ဌာနအကြီးအကဲတွေအနေနဲ့ လုပ်ရကိုင်ရ အခက်အခဲတွေ ဖြစ်ကုန်ကြပါတယ်။

ပိုလို့ဆိုးတာက ပုဂ္ဂလိက ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းများ အနေနဲ့လည်း ယခင် စီစဉ်ဆောင်ရွက်ပြီး ဖြစ်တဲ့အတိုင်း တရားဝင် ပိတ်ရက် ၅ ရက်အပြင် ၅ ရက် ထပ်ဆောင်းပေးဖို့ စီစဉ်ဆောင်ရွက်ရန် ဆိုပြီးတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာချက်အမှတ်(၁/၂၀၁၇)နဲ့ မတ်လ ၁၇ ရက်နေ့မှာ ကြေညာသွားပါတယ်။ အဲဒီ ညွှန်ကြားချက်အရ “အလုပ်ရှင်နဲ့ အလုပ်သမားများအကြား နှစ်ဖက် ညှိနှိုင်း၍ သင့်တော်သည့်နည်းလမ်း (ဥပဒေနှင့်အညီ/ ခွင့် စသည်)ဖြင့် ဆောင်ရွက်သွားရန်”လို့ ဖော်ပြထားတဲ့အတွက် အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်လာပြီဆိုရင်တော့ ဘယ်လို ပြဿနာမျိုးတွေ ပေါ်လာဦးမလဲ ဆိုတာကတော့ မပြောနိုင်သေးပါဘူး။ ရွှေလင်ပန်း စက်မှုဇုန်ဥက္ကဋ္ဌ ဦးအေးသောင်းကတော့ “အခုကိစ္စဟာ အလုပ်သမားနဲ့ အလုပ်ရှင်ကို ရန်တိုက်ပေးသလို ဖြစ်နေတယ်”လို့ ပြော ပါတယ်။ (ဒီမိုကရေစီတူဒေး - ၁၄.၃.၂၀၁၇)

ဒီနေရာမှာ အကြံပြုတင်ပြချင်တာကတော့ လက်ရှိမြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ “ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များဆိုင်ရာ ပြဋ္ဌာန်းချက်တွေ”ဟာ အင်္ဂလိပ် အစိုးရလက်ထက်က ပြဋ္ဌာန်းချက်တွေကိုပဲ လိုတိုး ပိုလျှော့ လုပ်ပြီး ပြုပြင်ဖာထေး သုံးစွဲနေကြတာ ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းများနဲ့ ပတ်သက်လို့လည်း ၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံ့ဝန်ထမ်း ဥပဒေမှာ ဝန်ထမ်းများ ခွင့်ခံစားခွင့်နဲ့ ပတ်သက်လို့ ဥပဒေပုဒ်မ ၁၄ မှာ “ဝန်ထမ်းသည် တည်ဆဲ(တည်ဆဲ) နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အောက်ပါခွင့်များကို ခံစားခွင့်ရှိသည်”လို့ ပြဋ္ဌာန်းထားပေမယ့် အမှန်တကယ်မှာတော့ တည်ဆဲနည်းဥပဒေဖြစ်တဲ့ Burma Leave Rule အပိုဒ် ၁၀ ပါ ပြဋ္ဌာန်းချက်ဖြစ်တဲ့ “လုပ်သက်ခွင့်ကို ၄ လအထိ စုဆောင်းနိုင်ခွင့်ရှိသည်”ဆိုတဲ့ အခွင့်အရေးကို ဒီနေ့ ဝန်ထမ်းတွေ မခံစားကြရပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံဝန်ထမ်း နည်းဥပဒေ အပိုဒ် ၈၀ မှာ “ဝန်ထမ်းတစ်ဦး၏ ပြက္ခဒိန်နှစ်အတွင်း (ပြက္ခဒိန်နှစ်အတွင်း) ခွင့်စာရင်း၌ ကျန်ရှိသော လုပ်သက်ခွင့်ရက်များအတွက် ဆုကြေးအဖြစ် ခံစားခွင့်ပြုရာတွင် ပျမ်းမျှ လစာခွင့် ခံစားခွင့်ပြုရမည်”လို့ ပြဋ္ဌာန်းထားတဲ့အတွက် ဖြစ်ပါတယ်။

ပိုပြီးရှင်းအောင်ပြောရမယ်ဆိုရင်တော့ ဝန်ထမ်းတွေဟာ ပြီးခဲ့တဲ့ ပြက္ခဒိန်နှစ်အတွင်း ခွင့်မခံစားခဲ့ဘူးဆိုရင် အဲဒီခွင့်ရက်တွေအတွက် ဆုကြေးငွေ ခံစားခွင့်ပြုရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိ ဘယ်ဌာနက၊ ဘယ်ဝန်ထမ်းမှ ဆုကြေးငွေ ခံစားခွင့် မရရှိကြပါဘူး။ ဒါပေမဲ့ ခွင့်ရက်တွေကိုတော့ အဲဒီနှစ်မှာပဲ ထားရစ်ခဲ့စေပြီးတော့ နောက်နှစ်ကို ဆက်လက် သယ်ဆောင်ခွင့်မပြုခဲ့ပါဘူး။ “ပြက္ခဒိန်နှစ်အတွင်း”ဆိုတဲ့ စကားလုံးကို လိုသလို ဆွဲသုံးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တည်ဆဲနည်းဥပဒေဖြစ်တဲ့ BLR မှာ ပြဋ္ဌာန်းထားတဲ့ လေးလအထိ စုဆောင်းနိုင်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ မညီညွတ်ပါဘူး။ ဒါကြောင့် လက်ရှိအစိုးရ (ပြည်ထောင်စု ရာထူးဝန်အဖွဲ့နဲ့ အလုပ်သမား/ လဝက/ ပသအဝန်ကြီးဌာန) အနေနဲ့ အလုပ်သမား/ ဝန်ထမ်း အားလုံးနဲ့ သက်ဆိုင်တဲ့ ခွင့်ရက်နှင့် အလုပ်ရက်များဆိုင်ရာ ကိစ္စနဲ့ပတ်သက်ပြီးတော့ တိကျပြတ်သားတဲ့ မူဝါဒများ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ လိုအပ်ရင် ဥပဒေ၊ နည်းဥပဒေကို အများနားလည်အောင် လွယ်ကူရှင်းလင်းစွာ ပြန်လည် ပြင်ဆင်ပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။

တစ်ဆက်တည်း ဆက်လက် တင်ပြလိုတာကတော့ မတ်လ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်နဲ့ ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ တံတားအမည်ပေးရေးနဲ့ ပတ်သက်လို့ ပြည်သူ့လွှတ်တော်က အဆုံးအဖြတ် ပေးခဲ့တဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရေးကြပြောကြတာတွေ များနေပြီဖြစ်တဲ့အတွက် ဖြစ်စဉ်ကိုတော့ ပြန်မပြောတော့ပါဘူး။ ကျွန်တော်တင်ပြချင်တာက နောင်လည်း ဒီလိုကိစ္စမျိုးတွေ ဆက်ပြီးတော့ ပေါ်ပေါက်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုအစိုးရ (ဆောက်လုပ်ရေး ဝန်ကြီးဌာန)အနေနဲ့ တံတားများနဲ့ ပတ်သက်လို့ မူဝါဒ သို့မဟုတ် ဥပဒေတစ်ခု ပြဋ္ဌာန်းထားဖို့ လိုအပ်ပြီ ဖြစ်ပါတယ်။ (လမ်းမကြီးများ/ အမြန်လမ်းမကြီးများ ဥပဒေတွေကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်)။

တံတားများ အမည်ပေးရေးနဲ့ ပတ်သက်လာရင် ပြည်ထောင်စုသား တစ်ဦးအနေနဲ့ အကြံပြုချင်တာကတော့ တံတားအမည်ပေးရာမှာ တံတားရဲ့အရှည်ကို လိုက်ပြီးတော့ ပေဘယ်လောက်ဆိုရင် ဒေသရဲ့အမည်၊ ပေ ဘယ်လောက်ဆိုရင် ဒေသခံ သူရဲကောင်းတွေရဲ့အမည်၊ ပေဘယ်လောက် ဆိုရင် နယ်ချဲ့တော်လှန်ရေးမှာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုခဲ့သူတွေ (ဥပမာ-ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်အောင်ကျော်၊ ဆရာတော် ဦးဥတ္တမနဲ့ ဆရာတော် ဦးဝိစာရလို ပုဂ္ဂိုလ်တွေ)၊ ပေဘယ်လောက်နဲ့ အထက်ဆိုရင်တော့ အမျိုးသား သူရဲကောင်းတွေ (ဥပမာ- အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ ဗန္ဓုလ၊ အလောင်းဘုရားနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးတွေ) စသည်ဖြင့် သတ်မှတ်နိုင်သလို …၊ ကျေးရွာချင်း ဆက်တံတားဆိုရင် မြို့နယ်က အမည်ပေး၊ မြို့နယ်ချင်း ဆက်တံတားဆိုရင် ခရိုင်က အမည်ပေး၊ ခရိုင်ချင်း ဆက်တံတားဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်က အမည်ပေးပြီးတော့ တိုင်းဒေသကြီး/ ပြည်နယ် အချင်းချင်း ဆက်သွယ်တဲ့ တံတားဆိုရင် ပြည်ထောင်စု အစိုးရက အမည်ပေးဖို့ သတ်မှတ်ထားမယ်ဆိုရင် အခုလို အငြင်းပွားဖွယ်ရာ ကိစ္စမျိုးတွေ ပေါ်လာစရာ အကြောင်းရှိမှာ မဟုတ်တော့ပါဘူး။

ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူတွေက ရွေးကောက် တင်မြှောက်ထားတဲ့ ကျွန်တော်တို့ အစိုးရကို အကြံပေး တင်ပြချင်တာကတော့ ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စရပ်တွေအတွက် ကြိုတင် မျှော်တွေးမှန်းဆပြီး မူဝါဒတွေ ချမှတ် ဥပဒေတွေ ပြဋ္ဌာန်းထားမယ်ဆိုရင် အခုလို ဆန်စဉ်ရာ ကျည်ပွေ့လိုက် နေရတဲ့အဖြစ်ကနေ ကင်းဝေးမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ် …။

သိန်းထက်အောင်

  • VIA