POST TYPE

PERSPECTIVE

ပန်းကလေးတွေ လန်းပါစေ
20-Mar-2017 tagged as

နွေရာသီကျောင်းပိတ်ရက် ရောက်ချေပြီ။ သည်လို ကျောင်းပိတ် ရက်ရှည်မျိုးက ကျွန်တော်တို့နိုင်ငံက ကျောင်းသား၊ ကျောင်းသူတိုင်း မျှော်လင့် စောင့်စားနေသည့် အချိန်ကာလတစ်ခု ...။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ယခုလို ကျောင်းပိတ်ရက်ရှည်မျိုးဆိုလျှင် ကျောင်းလွယ်အိတ်တွေ၊ ကျောင်းစာအုပ်တွေကို တစ်နေရာမှာ သိမ်းထား၍ ကစားနည်း ပေါင်းစုံနှင့် တစ်ရက်ပြီးတစ်ရက် မရိုးရအောင် အသားကုန် ဆော့ကစား ခွင့်ရသည့် နေ့ရက်များပင် ...။ ယနေ့ခေတ် ကျောင်းသူ၊ ကျောင်းသား ကလေးငယ်များရော ကျွန်တော်တို့ ငယ်ငယ်ကလို စိတ်ရှိ လက်ရှိ ဆော့ကစားခွင့် ရကြပါရဲ့လား။ အခြားတစ်ဖက်တွင်လည်း ကလေးငယ်များကို ပန်းပွင့်လေးများနှင့် ခိုင်းနှိုင်းကြသည်များလည်း ရှိသည်။ ပန်းပင်တို့၏ အဖူး အညွှန့်လေးများနှင့် ယှဉ်ထိုးပြသည်များလည်း ရှိသည်။ နိုင်ငံတစ်ခု၏ အနာဂတ်ဖြစ်သော ပန်းကလေးများ နွေရာသီ ကျောင်းပိတ်ရက်ရှည်ကြီးမှာ စိတ်ဖိစီးမှုကင်းကင်း နေခွင့်ရပါသလား။ ကလေးတို့ ဘာသာဘာဝ ဆော့ကစား မြူးတူးခွင့် ရပါသလား။ တကယ်တော့ လူ့ဘဝ၏ အပိုင်းအဆစ်များတွင် ကလေးဘဝ ဟူသည်မှာ အသန့်ရှင်းဆုံး၊ အဖြူစင်ဆုံးနှင့် အပူအပင် အကင်းဆုံး အပိုင်းအခြားတစ်ခု ဖြစ်သည်။ ဤလောကနိဗ္ဗာန်ဘုံသည် လူ့လောက၌ ဘယ်သောအခါမှ ပြန်ရနိုင်မည် မဟုတ်သော ချိုမြိန်ဖွယ်ရာ အချိန်တစ်ခုလည်း ဖြစ်ပေသည်။

ဤတွင် မေးခွန်းတစ်ခု နက်နက်ရှိုင်းရှိုင်း ပုံပေါ်လာပါသည်။

ကျွန်တော်တို့ နိုင်ငံက ပန်းကလေးတွေ လန်းပါရဲ့လား။

သေချာနေသည်မှာ ယနေ့ခေတ် ကလေးငယ်များမှာ ကျွန်တော်တို့ ငယ်ငယ်တုန်းကလို မဟုတ်တော့ပေ။ ကျွန်တော်တို့ ကလေးဘဝတုန်းကလို စိတ်ဖိစီးမှုမရှိ ရှင်သန်ကြီးပြင်းခွင့် မရတော့ပေ။

ခေတ်ကြီးက အပြိုင်အဆိုင်တွေ သည်းထန်လွန်းသည်။ ထို့ထက် တောင်းဆိုမူ အရမ်းမြင့်မားသည့် အမှတ်ပေးစနစ် ပညာရေးက ရှိနေပြန်သည်။ ကလေးငယ်တို့မှာ ဆိုခဲ့ပါ ရေစီးများကြားတွင် မောကြီးပန်းကြီး ဖြတ်သန်းနေရရှာသည်။ စာသင်နှစ်တစ်လျှောက်လုံး ကျူရှင်၊ ကျောင်းကြီး၊ စာကြည့်ဝိုင်းများကြားတွင် ကျွန်တော်တို့ ပန်းကလေးများ နွမ်းလျနေကြသည်။ ဤသို့ ပင်ပန်းနွမ်းလျ နေကြသော်လည်း မိဘများမှာ မိမိကလေးကို ဤယန္တရားထဲမှ ဆွဲမထုတ်ရဲကြဘဲ အလိုက်သင့်သာ စီးမျောစေကြသည်။

စနစ်တစ်ခုကို တွန်းကန်ဖို့ဆိုသည်မှာ အပြောလွယ်သလောက် အလုပ် ခက်လွန်းလှသည်။ အရေးလွယ်သလောက် ကျင့်ကြံဖို့က အခုအခံ များလွန်းလှသည်။

ကျောင်းဖွင့်ရာသီ ကုန်ပြန်တော့လည်း ကလေးငယ်တို့မှာ နားခွင့် မရသေးပေ။ နွေရာသီသင်တန်းများက ဆီးလို့ ကြိုနေပြန်သည်။

သည်တော့လည်း ကျောင်းလွယ်အိတ် ဘေးမှာအသာချပြီး သင်တန်း ကျောပိုးအိတ်များက ကလေးငယ်တို့ ကျောပြင်ထက်၌ နေရာယူကြပြန်သည်။ ပန်းချီသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း စသဖြင့်...။

သည်လို ကျောင်းပိတ်ရက် သင်တန်းများသည် ကျွန်တော်တို့နိုင်ငံမှာတင် ရှိသည်မဟုတ်။ အခြားနိုင်ငံများတွင်လည်း ယင်းကဲ့သို့ သင်တန်းများ ရှိသည်ဟု နိုင်ငံရပ်ခြားသို့ အရောက်အပေါက်များသူ မိတ်ဆွေတစ်ဦးက ဆိုပါသည်။ ခက်နေသည်မှာ နွေရာသီသင်တန်းများက ကလေးငယ်များကို မဖိစီးဘဲ ကျောင်းဖွင့်ရာသီတွင် အားလပ်ချိန် နည်းပါးပြီး မနိုင်ဝန်ထမ်းနေရခြင်းက ပို၍ဆိုးသည်ဟု အဆိုပါ မိတ်ဆွေက ဆက်လက် ပြောဆိုပါသည်။ ယင်းအတွက် ကျောင်းဖွင့်ရာသီများ၌ ကလေးငယ်တို့ ထမ်းပိုးနေရသည့် ဝန်တာများကို လျှော့ပေါ့ပစ်ရမည်ဟု အကြံပေးပါသည်။

အချို့သော မိဘများကမူ နည်းပညာ ထွန်းကားလာသည့် ယနေ့အချိန်တွင် ကလေးငယ်များမှာ သင်တန်းများ မတက်ဘဲ အိမ်တွင်ရှိနေလည်း ဆော့ကစားသည်ထက် ဖုန်းနှင့် တီဗီများတွင်သာ အချိန်ကုန်နေတတ်သည်။ သို့ကြောင့် မိမိတို့ အလုပ်ပျက်ခံ၍ အပြင် သင်တန်းများကို ပို့ဆောင်နေရသည်ဟု အကြောင်းပြကြသည်။

ဟားဗတ်တက္ကသိုလ်မှ စိတ်ကျန်းမာရေး ပညာရှင်တစ်ဦးက ငယ်စဉ်အခါက စိတ်ဖိစီးမူများနှင့် ကြုံတွေ့ရသည့် ကလေးငယ်များသည် ဦးနှောက်နှင့် အခြား ကလီစာများ ဖွံ့ဖြိုးမှုကို ဒုက္ခပေးတတ်သည်။

ကြီးပြင်းလာသည့်အခါတွင်လည်း စိတ်ကျန်းမာရေး ချို့ယွင်းတတ်သည်ဟု သတိပေးထားသည်။ ထို့ကြောင့် ကျောင်းဖွင့်ချိန်များရော ကျောင်း ပိတ်ထားသည့်အခါများတွင်ပါ အအားအလပ်မရှိ ဝန်ပိနေကြသည့် ကလေးငယ်များ လန်းလန်းဆန်းဆန်း စိတ်ဖိစီးမှုမရှိ ကြီးပြင်းလာရလေအောင် မည်ကဲ့သို့ ပျိုးထောင်ကြမည်နည်း ဆိုသော အဖြေသည် တာဝန်ရှိသူများ ရှေ့မှောက်သို့ ရောက်ရှိလာပါတော့သည်။

ပညာရေး အကျပ်အတည်း

ဤသို့သော ပြဿနာမျိုးကို ရင်ဆိုင်နေရသည်မှာ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုတည်းသာ မဟုတ်ပါ။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပါ ရင်ဆိုင် ကြုံတွေ့နေကြရသည်။၂၁ ရာစုတွင် ကမ္ဘာ့ထိပ်တန်း ရောက်နေပြီဖြစ်သည့် ထွန်းသစ်စ ဆူပါပါဝါ တရုတ်နိုင်ငံ၏ ကလေးများသည်လည်း ကျွန်တော်တို့ ကလေးများလိုပင် ပညာရေး၏ ဖိစီးမှုဒဏ်ကို ခါးစည်းခံနေရသည်။ တရုတ် ကျောင်းသားကလေးငယ်များ၏ ပညာရေးဒုက္ခကို သူတို့ ရွတ်ဆိုနေကြသည့် ကဗျာများတွင် တွေ့ရှိနိုင်ပါသည်။

“အလေးဆုံး လွယ်အိတ်ကြီးကို လွယ်ထားရတာ ကျွန်တော်ပါ။

အများဆုံးအိမ်စာတွေ လုပ်နေရတာ ကျွန်တော်ပါ။

အစောဆုံး အိပ်ရာထပြီး နောက်ဆုံးမှ အိပ်ရာဝင်ရတာလည်း ကျွန်တော်ပါပဲ ခင်ဗျား”

ဤကဗျာမျိုးသည် ဘယ်သူရေးလိုက်မှန်း မသိသော်လည်း တရုတ်ကလေးများ၏ ပါးစပ်ဖျားတွင် ရေပန်းစားနေသည်။ ထိုသို့သော ကဗျာများသည် ကျောင်းသုံးစာအုပ်ထဲတွင်လည်း ပြဋ္ဌာန်းထားသည် မဟုတ်ပေ။ ကလေးသူငယ် ပညာသင်ကြားရေးဆိုင်ရာ ကျွမ်းကျင်သူ တရုတ်လူမျိုးပညာရှင် ဆွန်ယန်ဇိက ကလေးငယ်များ နှုတ်ဖျား ရွတ်ဆိုနေကြသည့် ကဗျာများကို “အဓိပ္ပာယ်မဲ့ မဟုတ်ဘူးဗျ။ အဓိပ္ပာယ် ရှိတယ်။ သူတို့ရင်ထဲမှာ ဖိစီးနေတဲ့ ဝေဒနာတွေကို ဒီကဗျာတွေက ပြောပြနေတယ်။ ကလေးဘဝမှာ ဖိစီးနေတဲ့ အရာက ပညာရေးပဲဟု ဆိုပါသည်။ ဒီနေ့ ပညာရေးက ကျောင်းသားဘဝ စလိုက်တာနဲ့ ကလေးဘဝ ပြီးဆုံးသွားသလို ဖြစ်နေတယ်”ဟု လက်ရှိ သင်ကြားရေးစနစ်ကို ဆက်လက် ဝေဖန်သည်။

ပညာရေး သုတေသန ဗျူရိုတစ်ခုက ထုတ်ပြန်သည့် အစီရင်ခံစာတွင်လည်း တရုတ်နိုင်ငံ၏ မူလတန်းနှင့် အလယ်တန်း ကျောင်းသားများမှာ ကျောင်းနှင့် အိမ်စာအတွက်သာ အချိန်အများစုကို အသုံးပြုနေကြရသည်ဟု ထုတ်ပြန်ထားသည်။

“စာသင်ခန်းဟာ တင်းကျပ်တဲ့ သင်တန်းမဖြစ်သင့်ဘူး။ စိတ်လှုပ်ရှား ပျော်ရွှင်စရာကောင်းတဲ့ ကစားကွင်းမျိုးသာ ဖြစ်သင့်သည်”ဟု ဆွန်ယန်ဇိက သူ့အမြင်ကို ပြောပါသည်။

လက်ရှိအချိန်ထိ ဆူပါပါဝါဖြစ်နေသည့် အမေရိကတွင်လည်း အလားတူ ပြဿနာမျိုးကို ရင်ဆိုင်နေရပြန်သည်။ အကယ်၍ အမေရိက အထက်တန်းကျောင်း တစ်ကျောင်းသို့ အလည်ရောက်လျှင် ကျောင်းသားများနှင့် ဆရာများကို သူတို့ကျောင်းအကြောင်း မေးမြန်းကြည့်လိုက်ပါ။ ဆရာနှင့်ကျောင်းသား ရပ်တည်ပုံ ရှုထောင့် မတူကြသော်လည်း ကျောင်းနှင့်ပတ်သက်၍ အဖြေမှာ တူညီနေကြသည်။ “ပျင်းစရာကောင်းတဲ့ကျောင်း”ဟူ၍ ဖြေကြမည်ဖြစ်သည်။

ဤသို့ဖြေရသည်မှာလည်း သူ့အကြောင်းနှင့်သူသာ ဖြစ်သည်။ တစ်ရက်ခြောက်နာရီ၊ တစ်ပတ်ငါးရက်၊ တစ်နှစ်ကိုးလနှုန်းနှင့် ဆယ်နှစ်ခန့်အကြာ ဖြတ်သန်းရသည့် ကျောင်းသံသရာသည် သူတို့အတွက် ငြီးငွေ့ဖွယ် ကောင်းလွန်းလှသည်။

ပျင်းစရာ ကောင်းသည်ဆို၏ လက်သည်မှာ ကျောင်းသားနှင့် ဆရာတို့ကို နာရီထဲ ထည့်မောင်းနေသည့် အထက်တန်း ပညာရေးစနစ် ဖြစ်သည်ဟု အကြောင်းပြကြသည်။

ထိုပညာရေးစနစ်၏ သားကောင်ဖြစ်နေရသည့် ကလေးငယ်များထက်ပို၍ အခြေအနေဆိုးသော ကလေးများလည်း ကမ္ဘာကြီးတစ်နေရာတွင် အမှန်တကယ် ရှိနေပါသေးသည်။

ပြည်တွင်းစစ် သည်းထန်လောင်မြိုက်သည့်နိုင်ငံများမှ ကလေးငယ်များပင် ဖြစ်သည်။ ဆီးရီးယားနိုင်ငံမှ ကလေးငယ်သန်းပေါင်း များစွာသည် ကြောက်မက်ဖွယ် စစ်မီးလျှံများကြောင့် စိတ်ဖိစီးမှု ဒဏ်ရာများကို ကူကယ်ရာမဲ့ ခံစားနေရသည်ဟု သတင်းများတွင် ဖတ်ရသည်။ ထိုစိတ်ဖိစီးမူ၏ အကျိုးဆက်အဖြစ် ကလေးငယ်များသည် မိမိကိုယ်မိမိ အန္တရာယ်ပြုခြင်း၊ သေကြောင်း ကြံစည်ခြင်း၊ စိတ်လိုက်မာန်ပါ တုံ့ပြန်မှု စသည့်ဝေဒနာများ ခံစားရနိုင်သည်ဟု ဟောကိန်းထုတ်ထားကြသည်။

ယနေ့ထက်တိုင် ပြည်တွင်းစစ်မီး မငြိမ်းသေးသည့် ကျွန်တော်တို့ နိုင်ငံအနေနှင့် ယင်းဝေဒနာများကို များစွာ ဆင်ခြင်ကြည့်ဖို့ သင့်ပါသည်။

အမှန်စင်စစ် ကျောင်းနေရခြင်း၏ ရည်ရွယ်ချက်မှာ နက်ရှိုင်းလှပါသည်။ အမေရိက အထက်တန်း ပညာရေး၏ ရည်ရွယ်ချက်ကို လိုက်လံရှာဖွေကြည့်ကြရာ အချက်သုံးချက်အား ရှာဖွေတွေ့ရှိကြပါသည်။

၁။ လူကောင်းဖြစ်ရန်

၂။ နိုင်ငံ့သားကောင်း ဖြစ်ရန်နှင့်

၃။ လူတိုင်း အကောင်းဆုံး ဖြစ်စေရန်ဟု ဆိုပါသည်။

ထိုမျှမက ကလေးတစ်ယောက် ကျောင်းသွားခြင်းဖြင့် မိမိကိုယ်မိမိ တည်ဆောက်နိုင်ရမည်။ သူတစ်ပါးအပေါ် ကူညီနိုင်ရမည်။

အပြန်အလှန်မှီခို၍ အားကိုးအားထားလည်း ပြုနိုင်ရမည်။ လူတစ်ယောက်သည် ဘဝကို အမှန်တကယ် နားလည်စေရေးအတွက် ကျောင်းစာတင်မက သိပ္ပံ၊ သင်္ချာနှင့် အနုပညာ စသည်များကိုလည်း နားလည် သဘောပေါက်ရန် လိုပါသည်။

ယင်းဘာသာရပ်များမှာလည်း အများနှင့် ပြောဆိုဆက်ဆံမှ တတ်မြောက်မည့်အရာများ ဖြစ်နေသည်။ ထို့ကြောင့် ကျောင်းသွားသင့်သည်ဟု ဂျပန်ပညာရှင်တစ်ဦးက ကျောင်းသွားခြင်း၏ ကျေးဇူးများကို ထုတ်ဖော် ရေးသားထားသည်။

သို့သော် အမှန်တကယ် ဖြစ်နေသည်မှာ ပညာရေး၏ တရားကိုယ် အနှစ်သာရများကို စာသင်ခန်းများက မရည်ရွယ်ဘဲနှင့် ဖျက်ဆီးသလို ဖြစ်နေတတ်သည်။ ထို့ထက် လက်ရှိကမ္ဘာကြီးက ပညာအသစ်များကို တောင်းဆိုနေသည်။ လွတ်လွတ်လပ်လပ် စီးမျောနိုင်မှ ရှေ့သို့ချီနိုင်မည့် သဘောဟု မြင်မိသည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံတို့က မိမိတို့ပညာရေး စနစ်ကို အပြင်းအထန် ရီဗျူးပြုလာကြသည်။

ကျွန်တော်တို့လို တည်ဆောက်ဆဲ နိုင်ငံများဆိုလျှင် ပညာရေး ဒီဇိုင်းတစ်ခုလုံးကို အသေအချာ ပြန်လည်ပြီး လေ့လာဆန်းစစ်ကြဖို့ ပို၍ လိုလာပါသည်။

ဘဝဟန်ချက်

ယခုအခါ အနောက်နိုင်ငံများတွင် အလုပ်နှင့် အနားယူချိန်ဘဝကြား ဟန်ချက်မျှမှုကို အလေးပေး ပြောဆိုလာကြသည်။ ယင်းအရာနှစ်ခု ဟန်ချက်ညီပါမှ လူတစ်ယောက်သည် အရည်အသွေး ကောင်းမွန်သည့် ဘဝမျိုးကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု ဆိုသည်။ အကယ်၍ အလုပ်က များပြား ရှုပ်ထွေးပြီး အနား ယူချိန်ရမည့်အချိန်ထိ ဝင်ရောက်ဖိစီးနေလျှင် ထိုသူမှာ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့အတူ အနားယူချိန်က အလုပ်ထက် အလေးသာ ပြန်နေပါလျှင်လည်း ထိုသူသည် ကောင်းမွန်သည့်ဘဝကို ရယူနိုင်လိမ့်မည် မဟုတ်ပေ။ ကောင်းမွန်ပျော်ရွှင်သော ဘဝဆိုသည်မှာ အလုပ်နှင့်အနားယူချိန်ကြား မျှခြေတစ်ခု တည်ဆောက်ရေးဟု နားလည်ရပါသည်။

ယင်းကဲ့သို့ အရွယ်ရောက်ပြီးသူ လူကြီးများတွင်ပင် ဘဝနှင့်အလုပ်ကြား ဟန်ချက်မျှရေး အရေးကြီးသည်ဆိုလျှင် ကလေးငယ်တို့အတွက်မူ ဆိုဖွယ်ရာ မရှိတော့ချေ။ ကလေးငယ်တို့အတွက် အလုပ်နှင့် အနားယူမှုတို့သည် သူ့အရွယ် သူ့အတိုင်းအတာနှင့်သာ ဖြစ်သင့်သည်။ ကျွန်တော်တို့ နိုင်ငံက ကလေးငယ်တွေ ယင်းမျှခြေ ရှိပါသလော။ ကျောင်းပြီးရင် သင်တန်း ဆိုသလို ဖြစ်နေပြီလား။

မည်သို့ပင်ဆိုစေကာမူ ပန်းကလေးတွေ လန်းဖို့ လိုပါသည်။

ပန်းကလေးများ လန်းဆန်းနေမှသာ နိုင်ငံတည်းဟူသော ဥယျာဉ်ကြီးလည်း သာယာမွှေးပျံ့သော ရနံ့များဖြင့် ထုံသင်းနေမည် မဟုတ်ပါလား။ သို့အတွက်ကြောင့် ပန်းကလေးတွေ လန်းပါစေဟူ၍သာ ...။

နိုင်စိုး
စာကိုး - ဆရာကျော်ဝင်း - ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ
          ဆရာကိုတာ - ငါတို့ဘာကြောင့် ကျောင်းသွားရတာလဲ

  • TAGS