News

POST TYPE

PERSPECTIVE

သင်္ကြန်ပိတ်ရက် ၅ ရက်နှင့် သံလွင်တံတား (ချောင်းဆုံး)ဂယက်
20-Mar-2017 tagged as


မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက် အများဆုံးနိုင်ငံ တစ်နိုင်ငံပဲ ဖြစ်ပါတယ်။ အပတ်စဉ် စနေ၊ တနင်္ဂနွေပိတ်ရက် ၂ ရက် အပါအဝင် သင်္ကြန်ပိတ်ရက် ၁၀ ရက်ပါ။ အများပြည်သူ အလုပ်ပိတ်ရက် ၂၆ ရက် စုစုပေါင်း စနေ၊ တနင်္ဂနွေ ထပ်ရက်များသာ မရှိပါက ရက်ပေါင်း ၁၃၀ ရုံး ပိတ်ရက်ရှိပါတယ်။ 

၂၀၁၇ ခုနှစ် သင်္ကြန်နှစ်သစ်ကူး အနားယူကာလ ၁၀ ရက်အစား သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်နဲ့ နှစ်ဆန်းတစ်ရက် ငါးရက်တာ ထားရှိဖို့နဲ့ ယခုနှစ်မှာမူ ဘဏ်များမှအပ ရုံးတွင်း အစီအစဉ်နဲ့ ပိတ်ရက် ခံစားစေမယ် ဆိုတယ်။ နှစ်သစ်ကူး ရုံးပိတ်ရက်များ လျှော့ချဖို့ စီစဉ်တာနဲ့ ပတ်သက်ပြီး “အဓိကအချက်က ကျန်ရက်တွေ မသိသာဘူး။ နှစ်သစ်ကူး ဘဏ်ပိတ်ရက် ရှည်တာကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲ၊ ဘဏ်များနဲ့ ငွေပေးငွေချေ အခက်အခဲ စတဲ့ အဆင်မပြေမှုတွေကြောင့် ပိတ်ရက်လျှော့ဖို့ ဆုံးဖြတ်လိုက်တာပဲ။ လောလောဆယ် ပိတ်ရက်လျှော့တာကြောင့် ဌာနဆိုင်ရာတွေ ဘာအဆင်မပြေဖြစ်နိုင်မလဲ သဘောထားမေးထားတယ်”လို့ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ်လ ၈ ရက်နေ့က ဆိုတယ်။ မတ်လ ၉ ရက် ဦးဇော်ဌေးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “သင်္ကြန်ပိတ်ရက် ၅ ရက် ဖြစ်မယ်။ ဘဏ်ပိတ်ရက်၊ အစိုးရ ပိတ်ရက် ၅ ရက်ပဲ။ ဝန်ထမ်းတွေအတွက် ၁၀ ရက်ရအောင် အုပ်ချုပ်မှုနည်းလမ်းနဲ့ စီစဉ်ပေးမယ်။ ဒီနှစ်အတွက်ပဲ ဖြစ်မယ်။ ကြိုတင်ပြီး စီစဉ်ထားတာတွေ မပျက်အောင် အထူး အစီအစဉ် လုပ်ပေးတဲ့သဘောပဲ။ သင်္ကြန်ကာလ ရုံးပိတ်ရက် ၅ ရက်အဖြစ် အများပြည်သူ ရုံးပိတ်ရက် ပြင်ဆင် သတ်မှတ်ပါမယ်။ နောင်နှစ်တွေတော့ မူလကတည်းက ၅ ရက်ပဲ”လို့ ရေးသားထားတယ်။ 

သင်္ကြန်ရုံးပိတ်ရက် လျှော့ချခြင်းကြောင့် လျော့နည်းသွားသော ရုံးပိတ်ရက်တို့ကို သီတင်းကျွတ်လဆန်း ၁၄ ရက်၊ လဆုတ် ၁ ရက်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုင်ငံတကာ နှစ်သစ်ကူး ရုံးပိတ်ရက် ဒီဇင်ဘာ ၃၀၊ ၃၁ ရက် စုစုပေါင်း ၅ ရက် သတ်မှတ်ပေးထားတာတောင်မှ စနေ၊ တနင်္ဂနွေ ထပ်ရက်များ အပါအဝင် ၂၀၁၇ ခုနှစ် မြန်မာ ပြက္ခဒိန်မှာ ရုံးပိတ်ရက် ၁၂၄ ရက် ရှိနေပါတယ်။ ယခုနှစ်အတွက် သင်္ကြန် ရုံးပိတ်ရက်ရှည်လည်း ခံစားခွင့်ရပြီး နောက် ၅ ရက်ပေါင်းရင် ရက်ပေါင်း ၁၂၉ ရက်နဲ့ ရုံးပိတ်ရက် အများဆုံးခုနှစ် ရရှိစေမှာပဲ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်အတွက် သင်္ကြန်နီးတော့မှ အစိုးရရုံးပိတ်ရက် လျှော့ချကြောင်း ကြေညာတာဟာ သင်္ကြန်နဲ့ နီးသွားတာကြောင့် ပုဂ္ဂလိက လုပ်ငန်းရှင်အချို့က ၁၀ ရက် ပိတ်မယ့်အစီအစဉ် မပြောင်းတော့ကြောင်း၊ နောင်နှစ်တွေမှာမှ ပြောင်းလဲတော့မှာဖြစ်ကြောင်း တရားဝင် ကြေညာထားတယ်။ “သင်္ကြန်ပိတ်ရက်အတွက်မျိုးက ပြက္ခဒိန် မထုတ်ဝေခင်ကတည်းက လွှတ်တော်မှာ ပြီးပြတ်အောင် ဆွေးနွေး၊ ကျေလည်တော့မှ အများပြည်သူ ရုံးပိတ်ရက်အနေနဲ့ ထုတ်ပြန်၊ ဝန်ထမ်းတွေ မနစ်နာစေဖို့၊ သီးခြား အစီအစဉ်နဲ့ ၅ ရက် အစားထိုး ပေးထားကြောင်း တစ်ခါတည်း ကြေညာပေးခဲ့ရင် ဒီလို ဂယက်ရိုက်စရာ မလိုဘူးပေါ့။ ခုတော့ နီးမှစီစဉ်တာဆိုတော့ ၂၀၁၇ ခုနှစ်မှာ ရုံးပိတ်ရက် ပိုရတာပဲလို့ ခံယူရမှာပဲ”လို့ နိုင်ငံ့ဝန်ထမ်း သင်္ကြန်ခွင့်ရသူ တစ်ဦးက ပြောကြားပါတယ်။ 

သင်္ကြန်ပိတ်ရက်က အများပြည်သူနဲ့ ဆိုင်တာကျ လွှတ်တော်က မဆုံးဖြတ်၊ မတင်။ တံတားတစ်စင်းရဲ့ အမည်ပေးတဲ့ကိစ္စက လွှတ်တော်မှာ သုံးရက်မက အချိန်ယူ ဆွေးနွေးဆုံးဖြတ်ပြီး ဒေသခံ မွန်လူမျိုးတွေ ပေးချင်တဲ့ “ရာမညတံတား” အမည်မသတ်မှတ်ဘဲ ယခင်အတိုင်း “ဗိုလ်ချုပ် အောင်ဆန်းတံတား”လို့ သတ်မှတ်ကြောင်း ပြည်သူ့လွှတ်တော်က မတ်လ ၁၄ ရက်က ကြေညာတယ်။ “ဝန်ကြီးဌာနအနေနဲ့ အထင်ကရ အဆောက်အအုံများအဖြစ် တည်ရှိနေတဲ့ အားလျော်စွာ ပြည်သူများ လွယ်ကူစွာ မှတ်သား လမ်းညွှန် အသုံးပြုနိုင်ရေးအတွက် တံတားအမည်များလည်း လိုအပ်သလို သတ်မှတ်ပေးလျက်ရှိပါကြောင်း ဆောက်လုပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မတ်လ ၁၄ ရက်က ပြောတယ်။ 

မတ်လ ၁၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းရဲ့ “သံလွင် (ချောင်းဆုံ တံတား)”ကို အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမည်နာမနဲ့ ဂုဏ်ပြုသတ်မှတ်ပေးရေး ပြည်ထောင်စု အစိုးရအား တိုက်တွန်းတဲ့အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဇော်မိုးက “ပြည်ထောင်စု အစိုးရအား တိုက်တွန်းရတဲ့အထိ ဖြစ်ပေါ်လာခဲ့တဲ့ အဆိုပါ တံတားအမည် သတ်မှတ်ရေးနဲ့စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့ရဲ့ ဆန္ဒမဲ အနည်းအများအပေါ် မူတည်ပြီး အတည်ပြု သတ်မှတ်ခြင်းထက် အဓိကနဲ့ သာမညခွဲကာ လွှတ်တော်ရဲ့ဆောင်ပုဒ်များနဲ့အညီ ဒေသခံပြည်သူတို့ရဲ့ ဆန္ဒနဲ့အသံများ အလေးပေး ဆောင်ရွက်သင့်ပါကြောင်း အကြံပြု ဆွေးနွေးတယ်။ လွှတ်တော်က မဲခွဲရာ ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲ၊ ကြားနေမဲ ၁၁၆ မဲဖြင့် “ဗိုလ်ချုပ်အောင်ဆန်းတံတား”အဖြစ် အမည်သညာ မှည့်ခေါ်စေခဲ့တယ်။ တံတားနာမည်အတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး နုတ်ထွက်သွားတဲ့အထိ ဖြစ်ခဲ့ရတာဟာ ယခင်ရှိပြီးသား “သံလွင်တံတား (ချောင်းဆုံ)”တွင်နေပါပြီ။ ]မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း”ကို အခြားကြီးမြတ်တဲ့ နေရာတွေအတွက် ချန်ထားစေချင်တယ်။ 

တစ်ခု စဉ်းစားမိတယ်။ နိုင်ငံ့ဝန်ထမ်းလစာ တိုးမြှင့်ပေးရေး အစိုးရမှာ တာဝန် ရှိ၊ မရှိ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တင်သွင်း၊ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးဦးက မြန်မာကျပ်(ငွေ) ဖောင်းပွမှုအပေါ် ထိန်းကျောင်းနိုင်မှုမရှိရင် လစာတိုးပေးလည်း ဒေါ်လာဈေး၊ ရွှေဈေးတွေ တက်လာတာနဲ့အမျှ အခြေခံ စားသောက်ကုန်ဈေးနှုန်း၊ အဝတ်အထည်၊ ဆေးဝါး၊ ဆောက်လုပ်ရေး၊ စာရေးကိရိယာနဲ့ အိမ်သုံးပစ္စည်း ဈေးနှုန်းတွေပါ တက်လာလို့ မတိုးပေးသင့်ကြောင်း ဆွေးနွေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက တိုးသင့်ကြောင်း ဆွေးနွေးကာ မဲခွဲဆုံးဖြတ်ချက်အရ “နိုင်ငံ့ဝန်ထမ်းလစာကို ညီညွတ်တဲ့အချိုးအတိုင်း တိုးမြှင့်လိုက်တယ်”လို့ များဖြစ်လာရင် ဘယ်လောက် ကောင်းမလဲဗျာ။ လွှတ်တော်ကိုယ်စားလှယ်တို့ ဒီလို ခေါင်းစဉ်မျိုးကို ဒီအချိန်မှာ ဆွေးနွေးပေးရင် ဘယ်လောက် ကျက်သရေ ရှိသလဲဗျာ။ 

ပုဂ္ဂလိက ဝန်ထမ်းရဲ့ တစ်ရက် အနိမ့်ဆုံးနှုန်းထား ကျပ် ၃၆၀ဝ ကလည်း “ရေမြင့်ရင် ကြာတင့်”ဆိုသလို အလိုလို မြှင့်လာပေးရမယ့် အခြေအနေမျိုးမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူ့အကျိုးကို ရှေးရှုပြီး ယနေ့ ကုန်ဈေးနှုန်း အခြေအနေ၊ အခြေခံ စားသောက်ကုန်ဈေးနှုန်း အခြေအနေနဲ့ အနိမ့်ဆုံး ဝန်ထမ်းလစာ “ချိန်ထိုး”ပြပြီး လစာငွေတိုးဖို့ အစီအစဉ် ရှိ၊ မရှိကိုတော့ လွှတ်တော် အစည်းအဝေးတိုင်းမှာ မကြာမကြာ တင်ပေးစေချင်တယ်ဗျာ။ 

အင်န်အယ်လ်ဒီ အစိုးရ မဲမရစဉ်က ကြွေးကြော်ခဲ့သလို ပြောင်းလဲချိန်တန်ပြီ (Change) ကို အကောင်အထည် ဖော်သင့်ပါပြီ။ တရားဥပဒေ စိုးမိုးရေး၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကြွဆေးပြား နှိမ်နင်းရေး၊ လောင်းကစား နှိမ်နင်းရေး၊ လာဘ်ပေးလာဘ်ယူ နှိမ်နင်းရေး၊ လူကုန်ကူးမှု နှိမ်နင်းရေးတို့ကို သည့်ထက်ပိုပြီး “ဇောင်းပေး” လုပ်စေချင်တယ်ဗျာ။ ယနေ့ထိ တရားဥပဒေ စိုးမိုးရေး၊ တရားရေးမဏ္ဍိုင် တည့်မတ်ရေးအတွက် ထိန်းကျောင်း မဆောင်ရွက်ပေးနိုင်သလို နိုင်ငံတော်ရဲ့ အထင်ကရ အင်န်အယ်လ်ဒီ ဥပဒေ အကြံပေးပုဂ္ဂိုလ် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု နောက်ကွယ်မှ လက်မည်းကြီးဆိုတာ မဖမ်းဆီးနိုင်သေးတဲ့အပြင် တစ်နိုင်ငံလုံး ခိုး၊ ဆိုး၊ နှိုက်၊ လုတွေ များလာသလို လက်တစ်ကမ်းမှာ စိတ်ကြွဆေးပြားနဲ့ မူးယစ်ဆေးဝါး ဝယ်ယူရရှိနိုင်တယ်။ လောင်းကစားဒိုင်တွေ နေ့စဉ်လှုပ် ရှားနိုင်သလို ရုံးတွင်းရုံးပြင် လာဘ်ပေးလာဘ်ယူ ရှိနေတယ်။ လူကုန်ကူးမှုအပြင် သစ်မှောင်ခိုမှုတွေ တွေ့နေကြရတယ်။ 

ခေတ်အဆက်ဆက် မြန်မာ့စီးပွားရေး ကျဆင်းရခြင်းမှာ အစိုးရများရဲ့ “စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်တွေ ရှာဖွေ မပေးနိုင်လို့ပဲ ဖြစ်တယ်။ “မြန်မာတွေ ဆင်းရဲမွဲတေမှု ဘာလို့များရလဲ”ဆိုရင် (၁) အသက်မွေးဝမ်းကျောင်းပညာ မတတ်လို့ ဝင်ငွေကောင်းတဲ့ အလုပ်အကိုင် မရခြင်း၊ (၂) ဝင်ငွေနဲ့ ထွက်ငွေ မမျှခြင်း၊ (၃) ထိရောက်တဲ့ ကျန်းမာရေးစနစ်၊ စောင့်ရှောက်မှုစနစ် မရှိခြင်း၊ (၄) အလုပ်အကိုင် ရှားပါးခြင်း၊ (၅) သယံဇာတမှ ရတဲ့ဝင်ငွေက ပြည်သူလူထုထံ ရောက်ရှိမှု မရှိခြင်း၊ (၆) စစ်အသုံးစရိတ် များလွန်းခြင်း၊ (၇) အခွန်စနစ် မကောင်းခြင်း၊ (၈) အဂတိ လိုက်စားမှု များခြင်း၊ (၉) လောင်းကစားနှင့် အရက်များခြင်း၊ (၁၀) စီးပွားရေး လုပ်ကွက်မှန်သမျှ “ခရိုနီ”တို့ လက်ဝါးကြီးအုပ်ထားခြင်းတို့ ပါဝင်နေပါတယ်။ 

နိုင်ငံတိုးတက်ချင်ရင် ခေါင်းဆောင်ကောင်းရုံနဲ့ မရနိုင်ဘူး။ ပြည်သူလူထု ပါဝင်မှ ရနိုင်မှာဖြစ်တယ်။ နောင်အနှစ် ၂၀ အတွင်း စင်ကာပူကို ကျော်လွန်စေချင်ရင် မြန်မာတွေ စင်ကာပူထက်ပိုပြီး အလုပ် လုပ်ကြရမယ်။ အသက်မွေးဝမ်းကျောင်းပညာ ကိုယ်စီ (ဒီပလိုမာရပြီး) တတ်မြောက်ပြီး ကျွမ်းကျင်လုပ်သားအဖြစ် ပါဝင် ဆောင်ရွက်နိုင်ရမယ်။ တီထွင် ဖန်တီးမှု ရှိရမယ်။ အီလက်ထရွန်နစ်၊ ကွန်ပျူတာ၊ ကွန်ပျူတာ အပိုပစ္စည်း၊ ဖုန်းနဲ့ ဖုန်းအပိုပစ္စည်း၊ ကားနဲ့ကားပစ္စည်း ထုတ်လုပ်နိုင်ရမယ်။ ယနေ့ မြန်မာပြည်သူ သန်း ၂၀ ကျော် ကိုင်ဆောင်နေတဲ့ ဟန်းဆက်တို့၊ မော်တော်ယာဉ်တို့ကို ပြည်ပမှ ဈေးကြီးပေး ဝယ်ယူနေရတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရမယ်။ “မြန်မာ့ထွက်ကုန် (Product of Myanmar) စာတန်း ကပ်နိုင်ဖို့ သယံဇာတတွေ အရိုင်းတုံး အကြမ်းထည်အတိုင်း နိုင်ငံခြား မတင်ပို့ဘဲ နည်းပညာနဲ့ ကုန်ချော ထုတ်လုပ် ရောင်းချနိုင်ရမယ်။ ပြည်ပကို ရောက်နေတဲ့ မြန်မာ “ရွှေ့ပြောင်းလုပ်သား”သန်းနဲ့ချီအတွက် အလုပ်အကိုင်သစ်၊ အခွင့်အလမ်းသစ်တွေ” ရှာဖွေပေးထားရမယ်။ 

အစိုးရတို့၊ လွှတ်တော်တို့ဆိုတာ စီးပွားရေး မအောင်မြင်ရင် ကျရှုံးသွားရတာချည်းပဲ။ ယနေ့အချိန် ပြည်သူ့အစိုးရ အင်န်အယ်လ်ဒီ လက်ထက်မှာ ပြည်သူ့အာဏာ မဆုံးရှုံးစေချင်လို့ ဘက်ပေါင်းစုံကနေ အမြင်မတော်တာတွေ တည့်မတ်သွားစေဖို့ ရေးသား အသိပေးတယ်။ ရည်ရွယ်ချက် ကွာခြားပါတယ်။ လွှတ်တော်မှာ နဂိုရှိပြီးသား တံတားနာမည်အတွက် အချိန်ကုန်ခံ လုပ်နေတဲ့သဘော မသက်ရောက်စေလိုဘဲ တကယ့် ဈေးကွက် အခြေအနေ သုံးသပ်စေချင်ပါတယ်။ 

ဒေါက်တာထူးပြည့်စုံသျှင်

  • TAGS