News

POST TYPE

PERSPECTIVE

ဗိုလ်ချုပ်ကြေးရုပ် ထားရှိမှု မွန်အရေး လှုပ်ရှားသူများ ကန့်ကွက်
မုဒုံ၊ မတ် ၁၉

မွန်ပြည်နယ်၊ မုဒုံမြို့ ကန်သာယာပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိမှုကို မွန်တိုင်းရင်းသားအရေး လှုပ်ရှားသူများက ဦးဆောင်ကာ စုပေါင်း၍ မတ်လ ၁၈ ရက် ညနေပိုင်းက မုဒုံမြို့ ကန်သာယာပန်းခြံ အနောက်တွင် ကန့်ကွက်ဟောပြောခဲ့သည်။ 

ယင်းကန့်ကွက်ပွဲသို့ မွန်တိုင်းရင်းသား အများစု ယုံကြည်ကိုးကွယ်သော မွန်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ မဟာထေရ် အရှင်ပါလိတ (ဓာတ်ပေါင်းစုကျောင်း ကမာဝက်မြို့)၊ အရှင်အဂ္ဂမဟာပဏ္ဍိတ မဟာထေရ် သီလာစာရနှင့် မုဒုံမြို့နယ် မွန်လူငယ်အဖွဲ့များနှင့် ဒေသခံ ၂၀၀ ခန့်  တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်ကြေးရုပ်အစား မွန်တိုင်းရင်းသား ခေါင်းဆောင်များ၏ ရုပ်တုများကို ထားရှိသင့်ကြောင်း၊ ယခုကဲ့သို့ ထားရှိခြင်းမှာ မွန်တိုင်းရင်းသားများကို လူမျိုးအရ ဖိနှိပ်ထားသည်ဟု ခံစားရကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ် မထားရှိခင်ကတည်းကပင် ကန့်ကွက်နေသော်လည်း ရုပ်တုကို ထားရှိခဲ့ကြောင်း  ကန့်ကွက်ပွဲ တာဝန်ခံ ကိုထွန်းမြင့်က ပြောကြားသည်။ 

ဗိုလ်ချုပ်ကြေးရုပ်ကို ဗိုလ်ချုပ်အောင်ဆန်းရာပြည့် (၂၀၁၅ ခုနှစ်) ကတည်းက ကြေးရုပ်ပြုလုပ်ရန် စီစဉ်ခဲ့ပြီး မြို့နယ်လူထု၏ လှူဒါန်းငွေများဖြင့် ထုလုပ်ခြင်း ဖြစ်ကြောင်း၊ လွတ်လပ်ရေး ခေါင်းဆောင်အတွက် ထိုက်တန်သည့် ဂုဏ်ပြုမှုတစ်ခု အဖြစ် မျိုးဆက်သစ်များကို သိရှိစေရန်  ထုလုပ်ခြင်းဖြစ်ကြောင်း မုဒုံမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေတင်က ပြောသည်။

ကန့်ကွက်ပွဲ တက်ရောက်လာသည့် မော်လမြိုင်မြို့ အောက်ပဲခူးကျောင်းမှ အရှင်အဂ္ဂမဟာပဏ္ဍိတ မဟာထေရ် သီလာစာရက တိုင်းရင်းသားများ၏ ပြည်နယ်တွင် ဗိုလ်ချုပ်ရုပ်တု ထားရှိခြင်းမှာ တိုင်းရင်းသားတိုင်း ကန့်ကွက်မည့် ဖြစ်စဉ် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးများတွင် ထားရှိပါက ကန့်ကွက်သူ နည်းပါးမည် ဖြစ်ကြောင်း၊ ယခုသို့ထားရှိခြင်းမှာ ပဋိပက္ခ ဖြစ်နိုင်ကြောင်း  မိန့်ကြားခဲ့သည်။ 

မုဒုံမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ထားရှိခဲ့ပြီး ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲ တစ်ခုလည်း ပြုလုပ်ခဲ့သည်။