POST TYPE

PERSPECTIVE

သန်လျင်တံတား ဖြတ်သန်းခ ကောက်ခံမှု ရပ်ဆိုင်းမည်
19-Mar-2017 tagged as တံတား

ရန်ကုန်၊ မတ် ၁၈

ရန်ကုန်မြို့နှင့် သန်လျင်၊ ခရမ်း၊ သုံးခွ၊ ကျောက်တန်းမြို့များသို့ ဆက်သွယ်ထားသည့် သန်လျင်တံတား အမှတ်(၁) ဖြတ်သန်းခကို ဧပြီလ ၁ ရက်မှစ၍ ကောက်ခံမည် မဟုတ်တော့ကြောင်း သန်လျင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောကြားသည်။

သန်လျင်တံတား အမှတ် (၁) သည် ယခင်က မြန်မာ့မီးရထားလက်အောက်တွင် ရှိခဲ့ပြီး ယခုလက်ရှိတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီ ဖြစ်သဖြင့် တံတားဖြတ်သန်းခကို မကောက်ခံတော့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

“လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ကျွန်တော့်ကို ဖုန်းဆက်ပြီးတော့ သန်လျင်တံတား အမှတ် (၁) ဖြတ်သန်းခကို ဧပြီ ၁ ရက်နေ့မှ မကောက်ခံတော့ဘူးလို့ ပြောပါတယ်။ တံတားမှာ လမ်းပျက်စီးနေတဲ့ နေရာတွေကို ဝန်ကြီးနဲ့ ဆွေးနွေးပြီး မိုးမကျခင်မှာ ပြန်လည်ပြန်ဆင်ဖို့ စီစဉ်ထားပါတယ်” ဟု ဦးနေလင်းအောင်က ပြောကြားသည်။

တံတားဖြတ်သန်းခ မကောက်ခံတော့ပါက တံတားပေါ်တွင် လမ်းပိတ်ခြင်းများ၊ လမ်းပျက်စီးခြင်း ဖြစ်ပျက်နိုင်သည့် အကြောင်းအရာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ အနေနှင့် ကြိုတင်ပြင်ဆင်ထားကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တံတားထိပ်တွင် ဖြတ်သန်းခ ကောက်ခံခြင်းနှင့် တံတားအဆင်းလမ်းများ ပျက်စီးနေခြင်းကြောင့် ခရီးသွားများ အခက်အခဲများဖြစ်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သန်လျင်မြို့နေ ပြည်သူများမှ ဝေဖန်ပြောကြားသည်။

“သန်လျင်တံတားက ကုန်တင်ကား၊ ရထား၊ ခရီးသည်တင်ကားတွေရော အားလုံး ဖြတ်နေကြတယ်။ တံတားဖြတ်သန်းကြေးကောက်တော့ ယာဉ်ကြောပိတ်ဆို့မှုက နေ့စဉ်နီးပါး ဖြစ်နေတယ်။ ဖြတ်သန်းခယူပြီး တံတားအဆင်းလမ်းတွေ ပျက်တာကျ မပြင်ပေးဘူး။ ဂိတ်ကြေးမကောက်ခံတော့ရင် ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်း၊ ယာဉ်မောင်းတွေ အတွက်လည်း ဝမ်းသာစရာပါ” ဟု သန်လျင်မြို့နေတွင် နေထိုင်သူ အငှားယာဉ်မောင်း ဦးသူရက ဆိုသည်။

သန်လျင်မြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့်တံတားမှာ နှစ်စင်းရှိပြီး တံတားအမှတ် (၁) မှာ ၃၆ တန်အောက်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုထားပြီး အမှတ် (၂) ကုလားဝဲတံတားမှာ ကွန်တိန်နာယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် ပြုထားကြောင်း သိရှိရသည်။

J-10