News

POST TYPE

PERSPECTIVE

လွှတ်တော်တံတား
လွှတ်တော်တံတားသည် မြန်မာ့ဒီမိုကရေစီ ခရီးလမ်းတွင် ပြဒါးတိုင်တစ်ခု ဖြစ်လာပြီး သမိုင်းကို ပြောပြသော တံတားတစ်ရပ်အဖြစ် ဦးပိန်တံတားကဲ့သို့ပင် ထင်ရှားလာဖွယ် ရှိသည်။ 

လွှတ်တော်တံတားသည် နိုင်ငံကို ဦးဆောင်နေသော ထိပ်ပိုင်းပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ ဆုံးဖြတ်ပုံ၊ စဉ်းစားပုံ သဘောသဘာဝကို တစ်နှစ်ပြည့်ကာလတွင် အကဲခတ်နိုင်သော ချောင်းကြည့်ပေါက် ဖြစ်သည်။ လူအများ နားလည်လွယ်သော ယခုကဲ့သို့ ကိစ္စလေး ဆုံးဖြတ်ပုံဆုံးဖြတ်နည်းကို ကြည့်ကာ လူအများ မြင်ရခက်သော၊ နားလည်ရခက်သော ကိစ္စကြီးကြီးမားမား ဆိုလျှင် မည်သို့ ဆုံးဖြတ်နေသနည်းဟု မှန်းဆကြည့်နိုင်သည်။

ငြိမ်းချမ်းရေး

ယခုအရေးသည် တိုင်းရင်းသားအရေး ပြည်နယ်အရေးဟု စာရေးသူ မထင်ပါ။ ဆုံးဖြတ်ချက်ချပုံချနည်း၊ စဉ်းစားပုံ စဉ်းစားနည်း ကိစ္စဟုသာ မြင်သည်။ သို့သော် တိုင်းရင်းသားအရေးကို ရိုက်ခတ်နိုင်ပါသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် အလျင်လိုနေကြချိန်မျိုးတွင် တံတားကိစ္စ ရှေ့တက်လာခြင်းသည် လူငယ်များနှင့်တွေ့သည် ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများနှင့် တွေ့သည်ဖြစ်စေ ငြိမ်းချမ်းရေးကို အလေးပေး ပြောကြားသော၊ ငြိမ်းချမ်းရေးကို အာဏာရအပြီး ပထမဆုံးမိန့်ခွန်း ကတည်းက ဦးစားပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေး ရည်ရွယ်ချက်အပေါ် မည်သို့ သက်ရောက်မည် ဆိုသည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။ 

ယခုကိစ္စ လွှတ်တော်တင်ခြင်းသည် ‘အမြင်ကျဉ်း လူမျိုးရေးဝါဒ’  ကို တိုက်ချင်သောကြောင့်ဟုလည်း ကြားရသည်။ တံတားကိစ္စသည် အမြင်ကျဉ်းလူမျိုးရေး ဝါဒကြောင့် ဟုတ်၊ မဟုတ် စာရေးသူ မသိပါ။ သို့သော် လွှတ်တော်တင်လိုက်သည့်အတွက် ကိုယ်တိုက်ချင်သော ထိုဝါဒ ဆိုသည်ကို တိုက်ရာမရောက်ဘဲ လောင်စာကျွေးလိုက်သလို ဖြစ်သည်။ ကြေညာမောင်းခတ်၊ လူစုပေးသည့်အတွက် လွှတ်တော်ကို  အဆိုပါ ဝါဒရှင်တို့ကပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြလိမ့်မည်။

Resource Allocation

စီးပွားရေး လုပ်ငန်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် အရင်းအမြစ်များကို သူ့နေရာနှင့်သူ မျှတသုံးစွဲတတ်ခြင်း Resource Allocation ပေါ် မူတည်သည်။ အရင်းအမြစ် ဆိုသည်မှာ ငွေကြေး၊ လူအင်အား၊ အချိန်စသည်တို့ ဖြစ်သည်။ ဥပမာ-  ငွေကြေးများများ သုံးရမည့် နေရာတွင် မသုံးမိလျှင် အလုပ်မဖြစ်၊ ငွေကြေးနည်းနည်း သုံးရမည့် နေရာတွင် ပုံအောသုံးစွဲမိလျှင် ဖြုန်းတီးရာရောက်သည်။ တံတားကိစ္စသည် နှံပြည်စုတ် အမြောက်နှင့် ချိန်သကဲ့သို့ ဖြစ်သည်။  အင်အားပိုလွန် သုံးစွဲခြင်းမျိုးဖြစ်ရာ နိုင်လည်းမကောင်း၊ ရှုံးလည်းမကောင်းဖြင့် ကိုယ့်ကိုယ်ကိုယ် ချောင်ပိတ်မိအောင်လုပ်ခြင်း ဖြစ်သည်။ ယခုတံတားကိစ္စ ပြည်ထောင်စုအဆင့် လွှတ်တော်သို့ ရောက်လာခြင်းသည် အာဏာရပါတီ သို့မဟုတ် အစိုးရ သို့မဟုတ် လွှတ်တော်၏ Resource Allocation ဆိုင်ရာ ဆုံးဖြတ်ချက် ဖြစ်သည်။

လွှတ်တော်က ဘာလုပ်၊ အစိုးရက ဘာတာဝန်ယူဟူသော ‘အလုပ်တာဝန်ပိုင်းခြား လုပ်ကိုင်ခြင်း’ Division of Labor အခြေခံသဘောကို သွေဖည်ခြင်း တွေ့ရသည်။ တံတားနာမည်ပေးခြင်းသည် အစိုးရလုပ်ရမည့်ကိစ္စ ဖြစ်သည်။ လွှတ်တော်သည် ဥပဒေပြုခြင်းကို တာဝန်ယူရသည်။ အခြေခံကို နားမလည်ခြင်းလား၊ သိရက်နှင့် လုပ်ခြင်းလား မေးခွန်းနှစ်ခု ရှိပါသည်။ အခြေခံကို နားမလည်ခြင်းဟု ဆိုလျှင် စွမ်းဆောင်ရည်ကိစ္စ ဖြစ်သည်။ သိရက်နှင့် လုပ်ခြင်းဆိုလျှင် စဉ်းစားပုံစဉ်းစားနည်းကိစ္စ ဖြစ်သည်။

လွှတ်တော်

လွှတ်တော်ဆိုသည့် အရွယ်နုနယ်သော Institution၊ ဒီမိုကရေစီအတွက် အရေးကြီးသော Institution ကို ရေလောင်းပေါင်းသင် မြေတောင်မြှောက်ရမည့်အစား ဘူးသီးနုနု အမွှေးသပ်သလို ခံစားရသည်။ လွှတ်တော်ဆိုသည် ယခုကဲ့သို့သော Institution လားဟု လူငယ်တို့ တွေးကြလိမ့်မည်။

မြန်မာနိုင်ငံ၏ ဥပဒေများသည် ဟောင်းနွမ်းပြီး ယနေ့ခေတ်နှင့် မကိုက်ညီသလို မြန်မာ့တိုးတက်ရေးကိုလည်း မစွမ်းဆောင်နိုင်သဖြင့် လွှတ်တော်တွင် လုပ်စရာ ကိုင်စရာများ အပြည့်ဖြစ်သည်။ သို့နှင့်ပင် တံတားတစ်စင်း နာမည်ပေးသည့်ကိစ္စ လွှတ်တော်တွင် ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြခြင်းသည် ယနေ့ လွှတ်တော်အကြောင်း ပြောပြနေခြင်း ဖြစ်သည်။ 

ယခုအစိုးရသည် ရာစုနှစ်ထက်ဝက်အတွင်း ဒီမိုကရေစီနည်းလမ်းဖြင့် တက်လာသော ပထမဆုံး အရပ်သားအစိုးရ ဖြစ်ရာ ဒီမိုကရေစီ အစဉ်အလာကောင်းများကို ချမှတ်ပေးရန် တာဝန်သည် ပခုံးပေါ်တွင် ကြီးမားစွာ ကျရောက်နေသည်။ ‘ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်မည်’ ဖြစ်သည်။ 

သမိုင်းဝင်တံတား

လွှတ်တော်တံတားသည် အပ်နှင့်ထွင်းရမည့် အရာကို ပုဆိန်နှင့်ပေါက်ခြင်း ဖြစ်သည်။ ဆူးစူးသည့်အတွက် အပ်နှင့်ထွင်းရမည် ဖြစ်သော်လည်း ပုဆိန်နှင့် ပေါက်လိုက်ရာ ပုဆိန်ဒဏ်ချက် ပြင်းသဖြင့် ဆူးကိစ္စ အရေးမပါတော့ဘဲ ပုဆိန်ဒဏ်ရာကို ကုရမည့်အခြေဆိုက်သွားသည်။ ဆေးအတွက် လေးရသည့်ကိန်း။ ‘တိုက်ပွဲလေး တစ်ပွဲနိုင်သလောက် စစ်ပွဲကြီးရှုံးသည်’  ‘Winning a battle, losing the war’ ဟူသော စကားကို အမှတ်ရမိသည်။ 

စစ်ပွဲရှုံး မရှုံးမသိသော်လည်း လွှတ်တော်တံတားကား သမိုင်းဝင်ပြီ။ 

ဇေယျသူ

ABOUT AUTHOR

(ေဇယ်သူ)