News

POST TYPE

PERSPECTIVE

လွှတ်တော် တံတားကင်ပွန်းတပ်ပွဲ
တံတားအမည် ကင်ပွန်းတပ်ရန် ပြည်သူ့လွှတ်တော်အထိ ရောက်လာစရာလိုပါ၏လော။ 

မြန်မာနိုင်ငံတွင် လွှတ်တော်က လုပ်ဆောင်ရမည့် အရေးကြီးသည့် ကိစ္စရပ်များစွာ ရှိနေသည်။ ပြင်ဆင်ရန် ဥပေဒလည်း တစ်ပုံတစ်ပင် ရှိသည်။ ယင်သို့ အခြေအနေမျိုးတွင် ပြည်နယ်အဆင့်နှင့် ပြီးပြတ်နိုင်သည့် တံတားအမည်ပေးရေး ကိစ္စမှာ ပြည်ထောင်စုအဆင့် လွှတ်တော်သို့ ရောက်လာခြင်း ဖြစ်သည်။

မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) ကို ဗိုလ်ချုပ်အောင်ဆန်း အမည်သတ်မှတ်ရန် အဆိုကို ပြည်သူ့လွှတ်တော်က မတ်လ ၁၄ ရက်နေ့တွင် အတည်ပြုလိုက်သည်။ ယင်းသို့ အတည်ပြုမှုအပေါ် မွန်တိုင်းရင်းသားများလည်း နှစ်ကြိမ်မြောက် ဆန္ဒပြရန် စီစဉ်နေကြသည်။

“ဒီပြဿနာ သေးသေးလေးက လွှတ်တော်အတွင်း ရောက်လာစရာ အကြောင်းမရှိဘူး” ဟု  တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဝေဖန်သည်။

မွန်လူမျိုး နိုင်သက်လွင်သည် တံတားအမည်ပေးရေး အဆိုကို တင်ခဲ့သည့် မွန်ပြည်နယ် ပေါင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း၏ ဖခင်ဖြစ်သည်။ 

တံတားအမည်ပေးရေးမှာ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်နှင့် ဒေသခံများ ညှိနှိုင်းကာ လုပ်ဆောင်ရမည့် ကိစ္စသာ ဖြစ်ကြောင်း နိုင်သက်လွင်က ပြောဆိုသည်။ 

“ဒါတွေက အင်မတန် သေးသိမ်တယ်။ ပြောရရင် အင်မတန် နိမ့်ကျတာပေါ့ကွယ်။ ဒီလိုအနိုင်ယူတာ လူပြိန်းတွေ အနိုင်ယူတဲ့ ပုံစံမျိုး” ဟု ပြည်သူ့လွှတ်တော် ၏ ဆုံးဖြတ်ချက်အပေါ် နိုင်သက်လွင်က ဝေဖန်သည်။

(၁)

မေးခွန်းထုတ်စရာ ဖြစ်လာသည့် လွှတ်တော်တာဝန်က ဘာလဲ။

လွှတ်တော်၏ အဓိကတာဝန်မှာ ဥပဒေပြုရေးနှင့် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့ကို ထိန်းကျောင်းရန် ဖြစ်ကြောင်း နိုင်ငံရေးသမားများက ထောက်ပြကြသည်။

“ဒီတာဝန်ကို အဓိက ထမ်းခဲ့တာပဲ။ အခုလို တံတားအမည်ပေး ကင်ပွန်းတပ်ပွဲကိုတော့ ဆောင်ရွက်ခဲ့တာမျိုး ကျွန်တော်တို့ လွှတ်တော်သက်တမ်းမှာ မရှိဘူး” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွှန့်က ပြောဆိုသည်။  

“လွှတ်တော်ဆိုတာ ပြည်သူတွေရဲ့ ရင်ခုန်သံတွေ၊ ပြည်သူတွေရဲ့ ဘဝအမောတွေ၊ အခက်အခဲတွေ ပြည်သူတွေရဲ့ အကျပ်အတည်းကို ဆွေးနွေးရမှာပါ”
 
ပြည်သူလူထု၏ ပြဿနာများကို ချုပ်ငြိမ်းစေမည့် မေးခွန်းများ၊ အဆိုများကိုသာ တင်သွင်းရမည်ဖြစ်ပြီး နာမည်ပေးရေးကိစ္စက ပြည်သူ့လွှတ်တော်တွင် တင်သွင်းရသည်အထိ အရေးကြီးသည့် ကိစ္စမဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောဆိုသည်။

 (၂)

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုလိုသည့်စိတ်ဖြင့် လုပ်ဆောင်သည်ကို နားလည်သော်လည်း တံတားအမည်ပေးရေး ကိစ္စမှာ လွှတ်တော်သို့ ရောက်မလာသင့်ကြောင်း ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားသည်။

“လွှတ်တော်ဟာ ဒီလိုတံတားနာမည်ပေး ကင်ပွန်းတပ်တာ ငြင်းခုန်ဆွေးနွေးရမယ့် နေရာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။ ပလက်ဖောင်း မှားနေတယ်လို့ ပြောချင်တယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးမောင်မြင့်သည် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် စက်မှုနှင့် အလုပ်သမားဆိုင်ရာ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။

ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းကမူ “အရေးကြီးအဆိုတွေ၊ မေးခွန်းတွေ တင်သင့်တဲ့ ပြဿနာတွေ အများကြီး ရှိတယ်။ တံတားအမည်ပေးရေး ကိစ္စလောက်နဲ့ ပြည်သူ့လွှတ်တော် ရောက်လာစရာ မလိုဘူး။ ဒီတံတားကိစ္စနဲ့ တစ်ရက်နှစ်ရက် အချိန်ကုန်ခဲ့ရတယ်” ဟု ပြောကြားသည်။ 

တင်သွင်းရန် အရေးကြီးသည်ဟု ရှုမြင်သူများလည်း ရှိသည်။

ပြီးခဲ့သည့် အစိုးရအဆက်ဆက်တွင် တံတားအမည်ပေးသည့် ကိစ္စအပေါ် ကန့်ကွက်သူမရှိဘဲ NLD အစိုးရ လက်ထက်တွင် ကန့်ကွက်ခံရခြင်း ဖြစ်ကြောင်း NLD မှ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ဆိုသည်။ 

“အခုအချိန်မှ ကန့်ကွက်တာက နိုင်ငံရေးပယောဂဖြစ်တဲ့အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးရခြင်း ဖြစ်တယ်” ဟု အဆိုကို ထောက်ခံဆွေးနွေးရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။ 

NLD ပါတီမှ ရှားတော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းကလည်း ယင်းအဆိုမှာ နိုင်ငံရေးအရ မဖြစ်မနေ ထောက်ခံရမည့် အဆိုတစ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်။

(၃)

လွှတ်တော်အတွက် မည်သည့်အရာများက အရေးကြီးလုပ်သင့်သလဲ။

ပြည်သူကို ဖိနှိပ်သကဲ့သို့ ဖြစ်နေသည့် ဥပဒေများကို အရေးတကြီးပြင်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးရဲထွန်းက အကြံပြုသည်။ သာဓကတစ်ခုက လတ်တလော လူသုံးများနေသည့် ၆၆ (ဃ)။
“တိုင်လိုက်တာနဲ့ ချက်ချင်းဖမ်းဆီးခံရတာမျိုး မဖြစ်အောင် ပြင်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် လတ်တလော ဖြစ်ပွားနေသည့် သူနာပြုများ၏ ဆန္ဒပြ တောင်းဆိုမှုများကိုလည်း လွှတ်တော်အနေနှင့် တစ်စုံတစ်ရာ လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောဆိုသည်။
“ဖိနှိပ်ခံရတာမျိုး မဖြစ်အောင် လွှတ်တော်က ဆောင်ရွက်ပေးဖို့ လိုတာပေါ့။ လွှတ်တော်က အားမကိုးရဘူးဆိုတဲ့ အခါကျတော့ ဆန္ဒပြတာမျိုး ဖြစ်တာပေါ့နော်” ဟု ၎င်းက ဆိုသည်။

ပြည်သူများအတွက် အရေးကြီးသည့် ကုန်ဈေးနှုန်း မြင့်တက်မှု ပြဿနာ၊ လတ်တလော ဖြစ်ပွားနေသည့် လောက်ကိုင်ပြဿနာ၊ ရခိုင်ပြည်နယ်အရေး စသည်တို့မှာ လက်ရှိအချိန်တွင် လွှတ်တော်များ၌ အရေးတကြီး လုပ်ဆောင်သင့်ကြောင်း ဦးသိန်းညွှန့်က ထောက်ပြသည်။

လူသတ်မှု၊ အဓမ္မပြုကျင့်မှု စသည်တို့ကြောင့် ပြည်သူလူထု၏ဘဝ မလုံမခြုံ ဖြစ်နေသဖြင့် တရားဥပဒေစိုးမိုးရေး ကိစ္စများကို အရေးတကြီး ဆွေးနွေးသင့်ကြောင်း ၎င်းက ပြောဆိုသည်။

(၄)

တံတား အမည်တပ်ရေးအဆို လာရာလမ်းကလည်း ကြမ်းသည်။ 

NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုများ၊ မေးခွန်းများမှာ ပါတီ၏ ခွင့်ပြုချက်ဖြင့်သာ တင်သွင်းခွင့်ရသည်။ တံတားကိစ္စကို ထောက်ရှုလျှင် ယင်းအချက်ကို တွေ့နိုင်သည်။

NLD ပါတီ၏ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က “တံတားကိစ္စ အဆိုတင်တဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော့်ဆီ လာတယ်။ ကျွန်တော် ပြောလိုက်တယ်။ ဒါနိုင်ငံ နိုင်ငံရေး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေး ခရီးကြမ်းတွေ ဖြတ်သန်းလာခဲ့တာ။ ဒါလေးဝေဖန်တာ ဘာမှမဖြစ်ကြနဲ့။ ဆေးခါးကြီးပဲ သောက်လိုက်တော့လို့ ပြောလိုက်တယ်” ဟု မီဒီယာသမားများကို ပြောဆိုခဲ့သည်။

ပါတီက ခွင့်မပြုလျှင် လုပ်ခွင့်မရသည့် ကိစ္စများကလည်း ဝေဖန်ခံနေရသည်။

ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ကို ဖျက်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် အစီအစဉ်ရှိ မရှိ NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရဲထွဋ်က လွှတ်တော်မေးခွန်းမေးရန် စီစဉ်ခဲ့သော်လည်း ပါတီက ခွင့်မပြုသဖြင့် အဟောသိကံ ဖြစ်သွားသည်။

“လွှတ်တော်ကိုယ်စားလှယ် အများစုက မိမိရဲ့ အရည်အသွေးကို မပြနိုင်ဘဲ ပါတီမူဝါဒအောက်မှာ လောင်းရိပ်မိပြီးတော့ ရှေ့ကိုမတိုးနိုင်ဘဲ ဖြစ်နေတယ်” ဟု ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက NLD လုပ်ရပ်အပေါ် ဝေဖန်သည်။  

“ပါတီမူဝါဒအောက်မှာ မေးခွန်း မေးခွင့်မရ အဆိုတင်ခွင့်မရ။ သတိပေးတာတွေ ခံနေရတဲ့အတွက် ပြည်သူ့အခွင့်အရေးကို ထိခိုက်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးကို ထိခိုက်တယ်”

အခြားပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုများမှာလည်း မှတ်တမ်းအဖြစ်သာ အတင်ခံရသည်က များပြီး အဆိုကို မေးခွန်းပြောင်းခိုင်းခြင်း၊ ကြယ်ပွင့်ပြမေးခွန်းကို ကြယ်ပွင့်မပြအဖြစ် ပြောင်းခိုင်းခြင်းများ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

“အစိုးရ အကျပ်အတည်း မဖြစ်အောင်ဘဲ စဉ်းစားနေတယ်ဆိုရင် ပြည်သူ့လိုအပ်ချက်တွေက လွှတ်တော်မှာ ရောက်တာ နည်းလာမယ်။ လွှတ်တော်က ပြည်သူ့အသံ ဖြစ်တော့မှာ မဟုတ်ဘူး” ဟု ဦးဖေသန်းက ပြောကြားသည်။

ယခင်အစိုးရလက်ထက် လွှတ်တော်နှင့် အစိုးရကြား ပွတ်တိုက်မှု၊ လွှတ်တော်အချင်းချင်း ပွတ်တိုက်မှုများ ရှိခဲ့သော်လည်း လက်ရှိအစိုးရ လက်ထက်တွင် ယင်းသို့ မတွေ့ရကြောင်း နိုင်ငံရေး လေ့လာသူများက ထောက်ပြသည်။

ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၄၃၀ ကျော်ရှိသည်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေ့တွက်စရိတ်မှာ ကျပ်နှစ်သောင်း ဖြစ်သည်။ အခြားစရိတ်ပါ ထည့်တွက်လျှင် လွှတ်တော်၏ တစ်ရက် အသုံးစရိတ်မှာ ကျပ်သိန်းရာဂဏန်း ရှိနိုင်သည်။

တံတားအမည်ကိစ္စမှာ တိုင်းရင်းသားတို့၏ အခွင့်အရေးကို တန်ဖိုးထားခြင်း၊ မထားခြင်းကို ပြဆိုနေကြောင်း ဝေဖန်မှုများ ရှိနေချိန် တံတားအမည်ပေးရေး အဆို ပြည်သူ့လွှတ်တော်တွင် တခုတ်တရ ဆွေးနွေးခြင်းမှာ တန်ပါ၏လော။ 

“တစ်ရက်ကို သိန်းရာချီကုန်မယ်။ အဲဒီလောက်အကုန်ခံတာ ဒီဟာလေး (တံတားကိစ္စ) နဲ့တော့ မတန်ဘူးပေါ့” ဟု ဦးရဲထွန်းက ပြောဆိုသည်။ 

The Voice