News

POST TYPE

PERSPECTIVE

ဗိုလ်ချုပ်အောင်ဆန်း တံဆိပ်ခေါင်းများ ပြန်ရောင်းချ
နေပြည်တော်၊ မတ် ၁၇

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါ တံဆိပ်ခေါင်းများကို မတ်လ ၁၇ ရက်မှစ၍ ပြန်လည်ရောင်းချနေပြီ ဖြစ်ကြောင်း နေပြည်တော် စာတိုက်ကြီးမှ မန်နေဂျာ ဒေါ်ခင်သိန်းဝင်းက  ပြောဆိုသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ နှစ် ၇၀ ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ စာတိုက်ပေါင်း ၈၂ ခု တွင် တံဆိပ်ခေါင်း သုံးသိန်းနှင့် စာအိတ်ပါ တံဆိပ်ခေါင်း သုံးသိန်းတို့ကို စတင်ရောင်းချခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာတိုက်ကြီးမှ မန်နေဂျာ ဦးသောင်းနိုင်စိုးက ဆိုသည်။

ဈေးနှုန်းမှာ စာအိတ်ပါ တံဆိပ်ခေါင်း တစ်ခုလျှင် ၅၀ဝ ကျပ်၊ First Day Cover တစ်ခုလျှင် ၂၀ဝ ကျပ်၊ တံဆိပ်ခေါင်းသီးသန့် တစ်ခုလျှင် ၅၀ဝ ကျပ်နှင့် ဗိုလ်ချုပ်ပုံ ပို့စကတ်တစ်ခုလျှင် ၁၀ဝ ကျပ်ဖြင့် အသီးသီး  ရောင်းချလျက်ရှိပြီး နေပြည်တော် စာတိုက်ကြီးတွင် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်အထိ ကျပ် ၈၉ သိန်း နှင့် ၆၅၀ဝ ကျပ်ဖိုး ရောင်းချရပြီ ဖြစ်ကြောင်း မန်နေဂျာ ဒေါ်ခင်သိန်းဝင်းက ဆိုသည်။

“သူငယ်ချင်းတစ်ယောက် ပြောလို့  ကျွန်တော်လည်း အမှတ်တရ လာဝယ်တာ၊  ဒီလိုပြန်ထုတ်ဝေတာ ဝမ်းသာစရာပါ” ဟု ပျဉ်းမနားမြို့မှ လာရောက်ဝယ်ယူသူ  ဦးကောင်းမြတ်စိုးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းပုံ တံဆိပ်ခေါင်းများကို ၁၉၄၈၊ ၁၉၆၈ ခုနှစ်နှင့်  ၁၉၇၂ ခုနှစ်တို့တွင် ရောင်းချခဲ့ဖူးပြီး ယခုအချိန်တွင် အသစ်တစ်ဖန် ပြန်လည်ထုတ်ဝေရောင်းချခြင်း ဖြစ်သည်။

အဆိုပါ တံဆိပ်ခေါင်းများကို ဝယ်လိုအားအပေါ် မူတည်၍ ဆက်လက် ရိုက်နှိပ်ထုတ်ဝေ ရောင်းချသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စာတိုက်မန်နေဂျာ ဦးသောင်းနိုင်စိုးက ဆိုသည်။