News

POST TYPE

PERSPECTIVE

လက်ပံတောင်း လွန်ဆွဲပွဲ
17-Mar-2017

မြစ်တစ်စင်းအတွက် အလိုက်ဖက်ဆုံး နောက်ခံရှုခင်းမှာ တောင်တန်းများပင် ဖြစ်ပါလိမ့်မည်။ မြစ်နှင့်တောင်၊ တောင်နှင့်မြစ်တို့မှာ ခွဲခြားမရသည့် ဒင်္ဂါးတစ်ပြား၏ ခေါင်းနှင့်ပန်းဟု ဆိုရပါလိမ့် မည်။ ယင်းအရာနှစ်ခု သပ္ပာယ ဖြစ်တည်မှုကို မြစ်နှင့်တောင်တွဲလျက် တည်နေချိန်တွင် သတိမထားမိနိုင်သော်ငြား ယင်းဟန်ချက် ပျက်စီးယိုယွင်းသောအခါတွင်မှ ဝမ်းနည်းပူဆွေး တသသ ဖြစ်ကြရသည်။ ယခုအခါ ဤကဲ့သို့ ကြေကွဲစရာ အဖြစ်ဆိုးကို ချင်းတွင်းမြစ်ဝှမ်းသားတို့ လက်တွေ့ကြုံနေရပြီဖြစ်သည်။ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိနေခဲ့သည့် စံပယ်တောင်၊ ကြေးစင်တောင်နှင့် လက်ပံတောင်းတောင်တို့မှာ သဘာဝက မွေးဖွားပေးသည့် အရင်းအမြစ်များအဖြစ် နှစ်ပေါင်းများစွာ ပထဝီ မြေပြင်ထက် တည်ရှိနေခဲ့ပါသည်။ သို့သော် ယင်းတောင်တန်းများတွင် ကြေးနီသတ္တု တွေ့ရှိပြီးနောက် သယံဇာတအရင်းအမြစ် အဖြစ် ပြောင်းလဲကာ ဒေသခံတို့အတွက် ရတက်ပွေစရာများကို ဖန်တီးပေးလာပါတော့သည်။

သို့ဆိုသည့်တိုင် ကြေးစင်တောင်၊ စံပယ်တောင် စီမံကိန်းတို့၏ ကနဦး နှစ်များမှာ ဒေသခံတို့အတွက် မကျေလည်မှုများ ရှိသည့်တိုင် အခြေအနေ အရပ်ရပ်ကြောင့် ပါးစပ်ပိတ် မျိုသိပ်နေခဲ့ရသည်။ သည်တုန်းက အမှောင်ကန့်လန့်ကာကြီးက ထူထဲခိုင်ခံ့နေသည် မဟုတ်ပါလား။

သုတေသနတစ်ခု၏ စစ်တမ်းအရ ကြေးစင်တောင်၊ စံပယ်တောင် စီမံကိန်းအတွက် မြေဧရိယာ (၆၂၅၃ ဒသမ ၀၄) ဧက အသုံးပြုခဲ့သည်ဟု သိရသည်။ ထိုစီမံကိန်းမြေများတွင် စိုက်ပျိုးမြေများစွာ ပါဝင်ပြီး ကျောက်မျက်ကျေးရွာအုပ်စု၊ မိုးကြိုးပြင်အုပ်စု၊ ဒုံးတောအုပ်စု၊ ရွှေပန်းခိုင်အုပ်စု၊ မြရိပ်အုပ်စု စသည့် ကျေးရွာများရှိ တောင်သူများမှာ နစ်နာဆုံးရှုံးမှုအတွက် ညှိနှိုင်းမှု တစ်စုံတစ်ရာမရဘဲ ဗလာချီ လက်လွတ်ဆုံးရှုံးခဲ့ရသည်ဟု ရေးသားထားသည်။

ဤသို့ အိပ်မက်ဆိုးများနှင့် နစ်မွန်းနေခိုက် ၂၀၁၀ အလွန်တွင် ကံအကြောင်းသင့်၍ နိုင်ငံ၌ အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ အကျိုးဆက်အဖြစ် သံလက်သီးဆုပ် ပြေကျသွားပြီး အတိုင်းအတာတစ်ခုအထိ ပြောခွင့်ဆိုခွင့်များ ရလာပါသည်။

ထိုနောက်ခံအခင်းအကျင်းတွင် စတင် အကောင်အထည်ဖော်လာသည်မှာ လက်ပံတောင်း စီမံကိန်း ဖြစ်နေသည်။ ယင်းအကျိုးအကြောင်းသင့် တိုက်ဆိုင်မှုက ယနေ့အထိ ဖြစ်ပေါ်နေသည့် လက်ပံတောင်း ပဋိပက္ခ၏ ဇာတ်အိမ် အဖွင့်ကွက်ပင်။

လက်ပံတောင်း စီမံကိန်း အကောင်အထည်ဖော်ရန် မြေဧက (၇၈၆၇ ဒသမ ၇၈) လိုအပ်ပြီး ယင်းဧရိယာအတွက် ကျေးရွာပေါင်း ၂၆ ရွာ၏ မြေများ ပါဝင်ကြောင်း သိရပါသည်။ စင်စစ် ဤကဲ့သို့ ပဋိပက္ခမျိုးမှာ စီမံကိန်း မစမီကတည်းက ပွင့်လင်းမြင်သာမှု ရှိ၍ ဒေသခံတို့နှင့်သာ အကျေအလည် ညှိနှိုင်းခဲ့ပါလျှင် အကျယ်အကျယ် ယခုကဲ့သို့ ပြဿနာဖြစ်ဖွယ်ရာ မရှိချေ။

ယင်းသို့ အဆင့်ဆင့် ညှိနှိုင်းဖြေရှင်းမှုများ မရှိခဲ့သောကြောင့် ယနေ့ ပြည်သူရွေးချယ်သည့် အစိုးရ တက်ရောက်လာသည့်တိုင် လက်ပံတောင်း ပဋိပက္ခမီးမှာ မငြိမ်းနိုင်ဘဲ တောက်လောင်နေလျက် ရှိနေပါသည်။ တဖွဲဖွဲ လောင်နေသည့် လက်ပံတောင်း ပြဿနာမီးပွားမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် ရောက်ရှိလာခဲ့သည်။

ဤအခြေအနေများကြားမှာပင် လက်ပံတောင်း စီမံကိန်း၏ တင်းမာမှု အရှိန်အမြင့်ဆုံး ဖြစ်ရပ်တစ်ခုမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ၂၉ ရက်က ဖြစ်ပွားခဲ့သည်။ ထိုအတွက် တစ်ဖက်နှင့်တစ်ဖက် အပြစ်တင် လက်ညှိုးထိုးကြသည့်တိုင် သပိတ်စခန်းဖြိုခွဲမှုတွင် တာဝန်ရှိသူများ၏ အဆင်အခြင်မဲ့ လုပ်ရပ်ကြောင့် သံဃာတော်များနှင့် ဒေသခံ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုအချိန်က အသွင်ကူးပြောင်းစ အစိုးရမှာလည်း ဝေဖန်ပြစ်တင် ရှုတ်ချမှုများစွာ ခံခဲ့ရပြီး အရှက်ရစရာ ဖြစ်ခဲ့ရသည်။ သို့နှင့်တိုင် ဆရာတော်၊ သံဃာတော်များ၏ ပေးဆပ်ခံရမှုများ အကြောင်းမဲ့သက်သက် အချည်းနှီး မဖြစ်ခဲ့ပါချေ။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်  ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ပေါ်ထွန်းလာပြီး များမကြာမီ အပြီးသတ် အစီရင်ခံစာကို သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမြော်အမြင်နှင့် စေတနာကိုလည်း တွေ့ရသလို နိုင်ငံပြုသမားတစ်ယောက်၏ ရင့်ကျက်မှုကိုလည်း တွေ့ရပေသည်။ ထို့ထက် အစီရင်ခံစာသည် ထိုအချိန်က ဖြစ်ပေါ်နေခဲ့သည့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေကို ကျော်လွှားနိုင်မည့် အဖြေလည်း ဖြစ်နေသည်။ ကနဦးပိုင်းက အစီရင်ခံစာအပေါ် ကန့်ကွက်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ အစီရင်ခံစာကို သဘောတူ လက်ခံခဲ့ကြသည်။ ဤသို့သော အခြေအနေကောင်းများ ရှိခဲ့သော်လည်း ဒေသခံများနှင့် စီမံကိန်းကြား တင်းမာမှုများက ပြေလည်မသွားခဲ့ပေ။ ဖွဲမီးလို ဆက်လက်လောင်နေဆဲပင်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင်မူ တင်းမာမှုများက နောက်ထပ်တစ်ကြိမ် မြင့်တက်လာပြန်သည်။ ဆိုခဲ့ပါ ပဋိပက္ခကြောင့် မိုးကြိုးပြင် ရွာသူတစ်ဦး သေဆုံးခဲ့ရပြန်သည်။ ယင်းသို့ လိပ်ခဲတည်းလည်း အခြေအနေများနှင့် အစီရင်ခံစာအတိုင်း အတိအကျ ဖော်ဆောင်မှုမရှိဟု ဆိုကာ အဖွဲ့အစည်းတချို့က ပြဿနာများ ပြေလည်မှုမရခင် အချိန်အတွင်း ရပ်ဆိုင်းထားရန် အကြံပြုကြသည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ကမူ လက်ပံတောင်းတောင်ကို ‘ဒုက္ခတောင်တန်း’ ဟု အမည်ပေးပါသည်။

ဤတွင် စဉ်းစားဖို့ ဖန်တီးလာသော အကြောင်းအရာမှာ အားလုံးနီးပါး သဘောတူ လက်ခံထားသည့် လက်ပံတောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ရှိပါလျက် ဘာကြောင့် ပြဿနာများက မပြီးနိုင် မစီးနိုင် မီးခိုးလိုအူနေပါသနည်း။ တချို့သော အကဲဖြတ်တို့က ရိုးသားသော ဒေသခံများနောက်တွင် နိုင်ငံရေး (သို့မဟုတ်) အကျိုးစီးပွား အခြေခံ၍ တွန်းအားပေး အဖွဲ့အစည်း ရှိသောကြောင့်ဟု သုံးသပ်ချက်များလည်း ရှိသည်။ ဤထင်မြင်ယူဆချက်အတိုင်း သံသယဝင်ဖို့ ကောင်းသော်လည်း ယင်းမှာ ပဋိပက္ခများ၏ ဇာစ်မြစ် မဖြစ်နိုင်ပေ။

ဤသို့ဆိုလျှင် မည်သည့်အချက်များက တင်းမာမှုများကို ဖန်တီးနေပြီး အဘယ်ကြောင့် ပဋိပက္ခများမှာ မဖြေရှင်းနိုင်ပါသနည်း။

မြတ်နိုးမှုတန်ဖိုး

ဘောဂဗေဒ ရှုထောင့်အရ ပစ္စည်းတိုင်း၊ ကုန်စည်တိုင်း၊ ဝန်ဆောင်မှုတိုင်းအား တန်ဖိုးဖြတ်နိုင်မည့် အရာနှစ်ခု ရှိပါသည်။ အသုံးချတန်ဖိုးနှင့်  မြတ်နိုးမှုတန်ဖိုး ဖြစ်သည်။ အသုံးချတန်ဖိုးမှာ လွယ်လင့်တကူ တွေ့မြင်နိုင်ပြီး ထင်သာမြင်သာလည်း ရှိသည်။ မြတ်နိုးမှုတန်ဖိုးမှာမူ ဤကဲ့သို့ မဟုတ်။ ငွေကြေးဥစ္စာနှင့် တိတိကျကျ သတ်မှတ်ဖို့ ခက်လှသည်။ နူးညံ့သိမ်မွေ့၍ အကဲဆတ်တတ်သည့် သဘောပင်။

လက်ပံတောင်း စီမံကိန်းတွင် ဆိုခဲ့ပါ ရှုထောင့်ဖြင့် ကြည့်မည်ဆိုပါက ဒေသခံတို့အတွက် ဘယ်လိုမှ အဆင်ပြေသည် မဟုတ်ပါ။ အသုံးချတန်ဖိုး အရလည်း ဒေသခံတို့မှာ တန်ရာတန်ကြေး ရခဲ့ကြသည် မဟုတ်သလို မြတ်နိုးမှုဘက်က ချိန်ထိုးလျှင်လည်း မိမိတို့ဘဝနှင့် နီးနီးကပ်ကပ် ရှိနေသည့် တောင်တန်းကြီးမှာ တတိတိ ပြိုကျနေပြီး မကြာခင်အခ်ျိန်များအတွင်း ပျောက်ကွယ်သွားတော့မလိုပင် ရှိနေသည်။ သို့အတွက် ဒေသခံတို့၏ တွန်းကန်နေမှုများသည် သူ့အကြောင်းနှင့်သူ သဘာဝကျသည်ဟု ဆိုရပါလိမ့်မည်။

သို့သော် လူသားတို့ မည်သည်မှာ ကျိုးကြောင်းဆင်ခြင်တတ်သော သဘောရှိရာ အသုံးချ တန်ဖိုးကိုသာ စိတ်အေးအောင် ဆောင်ရွက်ပေးပါက အပြောင်းအလဲများ တစ်မျိုးတစ်မည် ပေါ်လာနိုင်ပါသည်။ ဒေသခံတို့၏ လက်ငင်းဘဝ၊ မျိုးဆက်သစ်တို့ အထိပါ စီမံကိန်းကြီးက အတိုင်းအတာတစ်ခုအထိ ပြေအေးအောင် အာမခံနိုင်မည်ဆိုလျှင် တင်းမာမှုများ လျော့ပါးသွားနိုင်ပါသည်။

လက်ရှိအချိန်ထိ တာဝန်ရှိသူများမှ မြတ်နိုးမှုတန်ဖိုးနှင့် သက်ဆိုင်သည့် ဖြေရှင်းမှုများ မတွေ့ရသေးပေ။

အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ဤနေရာတွင် အနည်းငယ် ပြန်ပြောရန် လိုလာသည်။ ကော်မရှင်သည် စီမံကိန်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ရာ၌ စီမံကိန်း လုံးဝရပ်ဆိုင်းရေးကို ငြင်းပယ်ခဲ့သလို ယခင်နည်းလမ်းအတိုင်း လုပ်ဆောင်ဖို့ကိုလည်း သဘောမတူခဲ့ပေ။ နိုင်ငံနှင့် ဒေသခံများအတွက် အားနည်းချက်များ၊ ချိုးဖောက်မှုများနှင့် နစ်နာမှုများကို ပြန်လည်ပြင်ဆင်ပြီးမှ စီမံကိန်းအား ဆက်လက်လုပ်ကိုင်စေပါသည်။ အစီရင်ခံစာ၏အပိုဒ် (၈၅) တွင် ကြေးနီစီမံကိန်းကို ဆက်လက်လုပ်ကိုင်နိုင်ရန် အချက်ခြောက်ချက်ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြုခဲ့သည်။

ယင်းအချက်တို့အား အကျဉ်းချုပ် ဆိုရသော်...
(၁) စီမံကိန်းကြောင့် နိုင်ငံတော်တွင် စီးပွားရေးအရ အကျိုးအမြတ် ယခုထက် ပိုရရှိစေရန်။
(၂) သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုနှင့် လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ် စသည့် စီမံခန့်ခွဲမှုစနစ်တို့ကို စနစ်တကျ ရေးဆွဲပြီး အကောင်အထည်ဖော်ရန်။
(၃) မြေယာလျော်ကြေးများမှာ ကာလတန်ဖိုးထက် များစွာ လျော့နည်းနေရာ ပြင်ဆင်၍ ထပ်မံတိုးပေးရန်။
(၄) သိမ်းဆည်းထားသည့် မြေပမာဏ လိုအပ်သည်ထက် ပိုမိုသိမ်းဆည်းခြင်းရှိ မရှိ စိစစ်ရန်၊ အချို့နေရာများတွင် စိုက်ပျိုးမြေအဖြစ် ပြန်လည်သုံးစွဲနိုင်ရေး လုပ်ဆောင်ပေးရန်။
(၅) ဒေသခံတို့အတွက် လူမှုရေး၊ ကျန်းမာရေး လိုအပ်ချက်တို့ကို  မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ထိရောက်စွာ ပံ့ပိုးပေးရန်၊ စီမံကိန်းတွင် အလုပ် ခန့်ထားရန်အပြင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ထူထောင်ပေးရန်။
(၆) ဗုဒ္ဓသာသနိက အဆောက်အအုံများ လက်ရှိအနေအထားအတိုင်း ပြောင်းရွှေ့ပေးရန် စသည်တို့ ဖြစ်သည်။

ယင်းအကြံပြုချက်များ အတိုင်းသာ ဆိုပါက တင်းမာနေသည့် လက်ပံတောင်းတောင် ပဋိပက္ခမှာ လျော့ပါးသွားနိုင်စရာ မျှော်လင့်အပ်ပေသည်။ သို့တစေ မျှော်လင့်ချက်များကား ထင်သလောက် မပြည့်ဝခဲ့ပေ။ ထိုအတွက် အဓိက အတားအဆီးမှာ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ  ဖွဲ့စည်းပုံတွင် ဖြစ်နေပါသည်။ အစီရင်ခံစာနှင့် စပ်လျဉ်းပြီး အကောင်အထည် ဖော်ဆောင်မည့် ကော်မတီအဖွဲ့နှင့် လုပ်ငန်းအဖွဲ့ လေးဖွဲ့ကို ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဝန်းကျင်တွင် ဖွဲ့စည်းခဲ့ပါသည်။ သို့သော် ယင်းအဖွဲ့အစည်းများတွင် ပါဝင်သူများမှာ အာဏာပိုင်များ အဝန်းအဝိုင်းများမှ ပုဂ္ဂိုလ်များသာ ဖြစ်နေသည်။ ဖော်ဆောင်ရေး ကော်မတီကို အဆုံးအဖြတ် ပေးနိုင်မည့် လူများနှင့် တည်ဆောက်ထားခြင်းမှာ မှားသည် မဆိုနိုင်ငြားလည်း အပြည့်အဝ မှန်သည်ဟုလည်း မဆိုသာပေ။ အမှန်တကယ် ဖြစ်သင့်သည်မှာ ဒေသခံတို့အပေါ် သြဇာညောင်းသည့် ဆရာတော်ကြီးများ၊ မြို့မိ မြို့ဖများနှင့် ရွာခံတချို့လည်း ပါဝင်သင့်သည်။

ဤသို့ဆိုရခြင်းမှာလည်း အကြောင်းမဲ့သက်သက် မဟုတ်ချေ။ အကောင်အထည်ဖော်ဆောင်ရေး ကော်မတီတွင် ပါဝင်သည့် ပုဂ္ဂိုလ်များမှာလည်း အရည်အချင်းများနှင့် ထိုက်သင့်သလောက် ပြည့်စုံသူများသာ ဖြစ်သည်။ ခက်နေသည်မှာ မြန်မာ့နိုင်ငံရေးဓလေ့က ထူးဆန်းသည်။ အုပ်စိုးသူများကို ရန်သူမျိုးငါးပါး စာရင်းထဲ ထည့်သွင်းထားခြင်းပင်။ ထို့အတွက် ဒေသခံများနှင့် ညှိကြနှိုင်းကြလျှင် အခက်တွေ့နိုင်သည်။ ဒေသခံတို့ ယုံကြည်သောသူများသာ ကော်မတီများတွင် ပါဝင်နေပါက ယခုထက် ပို၍ ရှေ့ခရီးရောက်ပါလိမ့်မည်။ ယနေ့အချိန်တွင် စီမံကိန်းလုပ်ငန်း အနေအထားက ပြောင်းလဲသွားသလို အုပ်စိုးသူလည်း ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကြေးနီစီမံကိန်းမှာ တည်ဆောက်ရေးကာလ မဟုတ်တော့သည့်အတွက်  အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ တည်ရှိမှုမှာလည်း ဝေဝါးသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ လိုအပ်ချက်ကို  စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ယခုလို ပြောပါသည်။

“လက်ပံတောင်းတောင် စီမံကိန်းဟာ လက်ရှိမှာ ထုတ်လုပ်ရေးကာလ ရောက်နေတဲ့အတွက် အကောင်အထည် ဖော်ဆောင်ရေး ကော်မတီထက် အစီရင်ခံစာအတိုင်းလုပ်ဖို့ စောင့်ကြည့်ထိန်းညှိရေးအဖွဲ့ လိုလာပြီဗျ”

ဤသို့အဖွဲ့မျိုး ဖွဲ့စည်းဖြစ်ခဲ့မည်ဆိုလျှင် အထက်တွင် ရေးသားဖော်ပြခဲ့သလို ဒေသခံများ ယုံကြည်ရမည့် ဆရာတော်များနှင့် ပုဂ္ဂိုလ်များ ပါဝင်လာရန် အရေးကြီးလှသည်။

အခြေခံဥပဒေ အကျပ်အတည်း

၂၀၀၈ အခြေခံဥပဒေနှင့် ပတ်သက်လျှင် လွန်ခဲ့သော နှစ်အနည်းငယ်က ပြင်ဆင်ရေး၊ ဖျက်သိမ်းအသစ်ဆွဲရေး အငြင်းအခုံနှစ်ခု ရှိခဲ့သော်လည်း လက်ငင်းကာလတွင် ပြင်ဆင်ရေး လမ်းကြောင်းကိုသာ အုပ်စုအသီးသီးက လက်ခံလိုက်ပြီဟု ယူဆနိုင်စရာ ရှိပါသည်။ လက်ပံတောင်း ပဋိပက္ခသည်လည်း ဆိုခဲ့ပါ ၂၀၀၈ အခြေခံဥပဒေ၏ လိုအပ်ချက်ကြောင့်ပင် ပြဿနာများက ပိုမိုရှုပ်ထွေးသွားစေခဲ့ပါသည်။ အထူးသဖြင့် စီမံကိန်း တည်ရှိရာ၊ သယံဇာတပိုင်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များက ထိထိရောက်ရောက် ဘာတစ်ခုမှ လုပ်ခွင့်ကိုင်ခွင့် ဆုံးဖြတ်ခွင့် မပေးနိုင်နေခြင်းပင် ဖြစ်သည်။ ရရှိလာသည့် သယံဇာတ အကျိုးအမြတ် အားလုံးကို ဗဟိုအစိုးရသာ အများစု လွှမ်းမိုးထားပြီး ယင်းမှတစ်ဆင့်သာ စီမံခန့်ခွဲထားသလို ဖြစ်နေသည်။ ၂၀၀၈ အခြေခံဥပဒေတွင် အာဏာခွဲဝေရေးနှင့် အခွန်ခွဲဝေရေးတို့  အတိုင်းအတာတစ်ခုထိ ပါဝင်သော်လည်း သယံဇာတ ခွဲဝေရေးမှာ လစ်ဟာချက်အဖြစ် ရှိနေသည်။ ထိုအချက်သည် ပြည်တွင်းငြိမ်းချမ်းရေးတွင် လည်းကောင်း၊ ဖက်ဒရယ် တည်ဆောက်ရာတွင် လည်းကောင်း ပြုပြင်ရမည့် အချက်လည်း ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေ၏ ပုဒ်မ(၃၇)-က တွင်-

- နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ် မြေအောက်၊ ရေပေါ် ရေအောက်  လေထုအတွင်းရှိ သယံဇာတပစ္စည်း အားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။ 

ထိုနည်းတူ ဥပဒေပြုရေးတွင်လည်း အခြေခံဥပဒေ၏ ပုဒ်မ၂၂၀ ၌ -

ပြည်ထောင်စု အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရ၏ မူဝါဒများကို ချမှတ်ရမည်။

ယင်းမူဝါဒနှင့်အညီ လိုအပ်သော စီမံကိန်းများ ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။

လက်ပံတောင်း စီမံကိန်း တင်းမာမှုများကို လျော့ပါးစေလိုပါက ထိုအချက်များကို ပြုပြင်၍ တိုင်းဒေသကြီးအစိုးရနှင့် လွှတ်တော်များအား  လုပ်ပိုင်ခွင့် ပိုမိုပေးအပ်သင့်ပါသည်။

ထိုအချက်ကို ဒေါက်တာသိန်းနိုင်ကလည်း ထောက်ပြသည်။
“ဖွဲ့စည်းပုံ မပြင်နိုင်သေးသမျှ ပြည်သူမျှော်လင့်ချက် ဆိုတာ အားလုံးမဖြစ်နိုင်ဘူး ဆိုတာ ဒါရှင်းပါတယ်ဗျ”

ငါတို့စီမံကိန်း

ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်လျှင် နိုင်ငံရေး ဘောဂဗေဒ ဘာသာရပ်အရ အယူအဆနှစ်မျိုး ခွဲခြားထားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် တာဝန်ခံမှုရှိသော အဖွဲ့အစည်းများနှင့် ကောင်းမွန်သည့် အုပ်စိုးမှုသာ ရှိပါက ဒေသတွင်း ပဋိပက္ခများကို လျော့ကျသွားစေနိုင်သည်။ ဤသို့သော ရေခံမြေခံများ မရှိပါက တင်းမာမှုကျော့ကွင်းမှ ရုန်းမထွက်နိုင်အောင် ဖြစ်တတ်သည်ဟု ဆိုသည်။

ထို့ကြောင့် လက်ပံတောင်း စီမံကိန်းကသာ ဒေသခံတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပြီး နည်းပညာများကိုပါ ဖြည့်တင်းပေးပါက ဒေသတွင်း ဥစ္စာဓန တိုးပွားလာမည်ဖြစ်ပြီး ဆင်းရဲချမ်းသာ ကွာခြားမှုလည်း လျော့ကျလာမည် ဖြစ်သည်။

ယင်းသို့သော အခင်းအကျင်းသာ ဖြစ်ပေါ်လာပါက ဒေသခံတို့အတွက် ပဋိပက္ခ ဆိုသည်မှာ သူတို့အခွင့်အလမ်းများကို နှောင့်နှေးစေသည်ဟု မြင်လာပါလိမ့်မည်။

ရောက်လွယ်အောင် ဆိုရလျှင် ဒေသခံတို့အတွက် ကုမ္ပဏီအနေနှင့် ငါတို့တောင်တန်းမှ ငါတို့စီမံကိန်းအထိ အမြင်ရောက်လာအောင် ကြိုးစားပေးဖို့ လိုပါသည်။

လွန်ဆွဲပွဲ

လက်ပံတောင်း လွန်ဆွဲပွဲတွင် ဒေသခံတို့ဘက်မှ အလေးအနက် စဉ်းစားရန် လိုပါသည်။ အစစအရာရာ နစ်နာဆုံးရှုံးမှုများကို နားလည်သဘောပေါက်သော်လည်း တင်းတင်းမာမာ တုံ့ပြန်နေပါလျှင်မူ မြွေပါလည်းဆုံး သားလည်းဆုံးသွားနိုင်သည့် အခြေအနေ ရှိပါသည်။ သို့အတွက် ဒေသခံများနှင့် ယင်းတို့ကို ကူညီနေသည့် အဖွဲ့အစည်းများအနေနှင့် ပါးပါးနပ်နပ် သိမ်သိမ်မွေ့မွေ့ ဖြစ်ရန် အရေးကြီးလှသည်။ တစ်ဖက်တွင်လည်း လက်ရှိ တာဝန်ယူထားသည့် အစိုးရအနေနှင့်လည်း မည်မျှပင် အခက်အခဲများ ရှိနေစေကာမူ လက်ပံတောင်း လွန်ဆွဲပွဲကို အကောင်းဆုံး အဖြေထုတ်ပေးရန် လိုပါသည်။ အဆိုပါ လွန်ဆွဲပွဲတွင် နိုင်ငံတော်သည် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်လျှင် ‘ဆိုခဲစေ မြဲစေ’ ကို အာမခံဖို့ လိုသလို ဒေသခံတို့ အတွက်လည်း အတတ်နိုင်ဆုံး ပြည့်စုံကုံလုံအောင် အားထုတ်ပေးရပါလိမ့်မည်။

ပြည်သူ့အစိုးရ အနေနှင့် ယင်းကဲ့သို့ နိုင်ငံတော်လည်း နိုင်ငံတကာအလယ် မျက်နှာပန်းလှစေပြီး နိုင်ငံအတွင်းတွင်လည်း နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးများလာအောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပါသည်။ 

နိုင်စိုး