News

POST TYPE

PERSPECTIVE

ကြိုတင်ခန့်မှန်းလို့ မရတဲ့အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုတယ်
16-Mar-2017

ကမ္ဘာပေါ်တွင်ဖြစ်သမျှ သဘာဝ ဘေးအန္တရာယ်များအနက် ကြိုတင်ခန့်မှန်း၍ မရသည်ကတော့ မြေငလျင်ပင် ဖြစ်ပါသည်။ မြေငလျင် အဘယ်ကြောင့် လှုပ်ရသည်၊ မည်သည့်ဒေသများတွင် လှုပ်နိုင်သည်ဆိုခြင်းကို ယေဘုယျအားဖြင့် ပြော၍ရသော်လည်း အချိန်၊ နေရာ အတိအကျကိုမူ မည်သည့် သိပ္ပံပညာရှင်ကမှ အတိအကျ ကြိုတင်၍ မခန့်မှန်းနိုင်သေးပါ။ အခြားသော သဘာဝ ဘေးအန္တရာယ်များဖြစ်သည့် မိုးကြီးခြင်း၊ ရေကြီးခြင်း၊ လေမုန်တိုင်း တိုက်ခတ်ခြင်း စသည်တို့ကို ကြိုတင် ခန့်မှန်း ပြောဆိုနိုင်သည့်အတွက် လူသားတို့အနေနှင့် စားနပ်ရိက္ခာ အပါအဝင် အခြား လိုအပ်သည့် အသုံးအဆောင် ပစ္စည်းများ၊ ကယ်ဆယ်ရေး ပစ္စည်းများကို ကြိုတင်စုဆောင်းနိုင်ကြသော်လည်း၊ မည်သည့်အချိန် မြေငလျင် လှုပ်မည်ဆိုသည်ကို ကြိုတင် မသိရှိနိုင်သည့်အတွက် မည်သူမျှ ကြိုတင် ပြင်ဆင်မှုများ လုပ်ထားကြမည် မဟုတ်ပါ။

အမှန်တကယ်တော့ ဤကဲ့သို့ ကြိုတင် မသိရှိနိုင်ခြင်းကြောင့်ပင်လျှင် မြေငလျင် လှုပ်လျှင် မည်သို့ လုပ်ရမည်၊ မည်ကဲ့သို့ နေကြထိုင်ကြပြီး မည်သို့ ပြေးလွှားလှုပ်ရှားကာ မည်သို့ အကာအကွယ်ယူကြမည်၊ ငလျင် လှုပ်ပြီးလျှင်လည်း မည်ကဲ့သို့ ဆက်လက်၍ ပြုမူနေထိုင်ရမည် ဆိုသည်တို့ကို ကြိုတင် လေ့လာပြီး လိုအပ်သည်တို့ကိုလည်း ကြိုတင် စုဆောင်းထားရှိရမည် ဖြစ်ပါသည်။ ဤကဲ့သို့ ကြိုတင် ပြင်ဆင်ကြရာတွင် ပြည်သူတစ်ဦးချင်းအတွက် လုပ်ဆောင်ဖို့ လိုအပ်သလို အစိုးရ (လူ/ ကယ်/ ပြန်-/ မီးသတ်) အနေနှင့်လည်း ကြိုတင်ပြင်ဆင်ရေး အစီအမံများ ချမှတ် ဆောင်ရွက်ထားဖို့ လိုအပ်ပါသည်။

ကမ္ဘာကျော် ငလျင်များ 

မဟာပထဝီ ကမ္ဘာမြေကြီး၏သက်တမ်းမှာ နှစ်ပေါင်းသန်းချီကြာမြင့်ခဲ့ပြီဖြစ်ရာ သမိုင်းတင်ပြီးကာလများမှာပင် ငလျင်လှုပ်ခတ်မှုအကြိမ်ပေါင်း ရာထောင်မက ရှိခဲ့ပြီဖြစ်ပါသည်။ ယင်းတို့အနက် ၂၀ ရာစုအတွင်း အပြင်းထန်ဆုံး လှုပ်ခတ်ခဲ့သော ငလျင်ကြီးများမှာ ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိ ၁၉၀၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ဆန်ဖရန်စစ္စကို ငလျင်အပါအဝင် ၁၉၆၀ ပြည့်နှစ်က လှုပ်ခတ်ခဲ့သည့် လူခြောက်ထောင်ခန့် သေဆုံးခဲ့ပြီး လူ နှစ်သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် ပြင်းအား ၉ ဒသမ ၅ ရှိ ချီလီငလျင်၊ ၁၉၂၃ ခုနှစ်တွင်လှုပ်ခတ်ခဲ့သည့် လူပေါင်း တစ်သိန်းလေးသောင်းကျော် သေဆုံးခဲ့သည့် ပြင်းအား ၈ ဒသမ ၅ အဆင့်ရှိ ဂျပန်နိုင်ငံ ကင်တိုငလျင်၊ ၁၉၅၇၊ ၁၉၆၄ နှင့် ၆၅ ခုနှစ်များတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၈ ဒသမ ၆၊ ၉ ဒသမ ၂ နှင့် ၈ ဒသမ ၇ အဆင့်ရှိ အမေရိကန်နိုင်ငံ အလာစကာငလျင် စသည်တို့နှင့် ၂၁ ရာစုနှစ်အတွင်း ဝင်ရောက်လာပြီးနောက် ၂၀ဝ၄၊ ၂၀ဝ၅ နှင့်၂၀၁၂ ခုနှစ်များတွင် လှုပ်ခတ်ပြီး လူအသေအပျောက် များခဲ့သည့် ပြင်းအား ၉ ဒသမ ၁၊ ၈ ဒသမ ၆ နှင့် ၈ ဒသမ ၆ အဆင့်ရှိ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားငလျင်များ၊ ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းတွင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း တစ်သောင်းရှစ်ထောင်ကျော် သေဆုံးခဲ့သည့် ပြင်းအား ၉ ဒသမ ဝ အဆင့်ရှိ ငလျင်များမှာ ကမ္ဘာကျော် ငလျင်ကြီးများ ဖြစ်ကြပါသည်။

မြန်မာ့ငလျင်များ 

မြန်မာနိုင်ငံတွင်လည်း ရှေးခေတ်မှစ၍ ငလျင် အကြိမ်ကြိမ် လှုပ်ခတ်ခဲ့ရာ ၁၉၃၀ ပြည့်နှစ် ပဲခူးငလျင်၊ ၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်၊ ၁၉၇၅ ခုနှစ် ပုဂံငလျင်၊ ၂၀ဝ၃ ခုနှစ် တောင်တွင်းကြီး ငလျင်၊ ၂၀၁၁ ခုနှစ် ရှမ်းပြည်နယ် အရှေ့ပိုင်း တာလေငလျင်၊ ၂၀၁၂ ခုနှစ် သပိတ်ကျင်းငလျင်၊ ၂၀၁၃ ခုနှစ် ရန်ကုန်ငလျင်နှင့် ၂၀၁၆ ခုနှစ် ပုဂံငလျင်တို့မှာ လူသိများပါသည်။ ယင်းတို့အနက် ပုဂံငလျင် နှစ်ခုမှာ မြန်မာ့သမိုင်းဝင် ရှေးဟောင်း ဘုရားပုထိုး စေတီပေါင်း များစွာ ပြိုကျ ပျက်စီးခဲ့ရသဖြင့် အဖိုးမဖြတ်နိုင်သော မြန်မာ့သမိုင်းဝင် အဆောက်အအုံတို့ ဆုံးရှုံးခဲ့ရပါသည်။ မြန်မာနိုင်ငံတွင် ငလျင်လှုပ်တိုင်း ရှေးဟောင်း သမိုင်းဝင် ဘုရားပုထိုးစေတီများမှာ  ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ပြီး လူနေထူထပ်သော အရပ်ဒေသများတွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှု မရှိသလောက်ပင် ဖြစ်သည်။ အထူးသဖြင့် အထပ်မြင့် အဆောက်အအုံ များပြားသော ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးများတွင် အသေးအဖွဲ အဖျားခတ် ငလျင်များမှလွဲ၍ ငလျင်ဗဟိုချက်နှင့်နီးသော အခြေအနေမျိုး မရှိသေးပါ။ အကယ်၍များ အဆိုပါမြို့ကြီးများတွင် ရစ်ခ်ျတာစကေး မြင့်မားသော ငလျင် လှုပ်ခတ်မှုမျိုး ကြုံတွေ့ရပြီဆိုလျှင် အခြေအနေမှာ မတွေးဝံ့စရာပင် ဖြစ်သည်။ လူပေါင်းများစွာ သေကျေဒဏ်ရာရရှိပြီး ပျက်စီးဆုံးရှုံးကြမည့် အဆောက်အအုံများမှာ မတွေးဝံ့စရာပင် ဖြစ်ပါသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့ ည ၈ နာရီ မိနစ် ၅၀ ခန့်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၏ အနောက်တောင်ဘက် ၅ မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒသမ ၈ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုသည် ရန်ကုန်မြို့ ကမ္ဘာအေးမြေငလျင်စခန်းမှ  ၂၂ မိုင်ခန့် ကွာဝေးသော်လည်း ရန်ကုန်မြို့နေ ပြည်သူတို့ အသင့်အတင့် ခံစားလိုက်ရသည်။ အချို့နေရာများတွင် သိသာရုံမျှသာ ဖြစ်သော်လည်း အချို့နေရာများတွင် တိုက်အိမ်များ လှုပ်သွားသဖြင့် နေအိမ်အောက်သို့ ပြေးဆင်းကြရကြောင်း သိရှိရပါသည်။

မြို့ကြီးများအတွက် ကြိုတင်ပြင်ဆင်ရေး

မြို့ကြီးများအနေနှင့် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားဖူးသည့် အတွေ့အကြုံ မရှိသေးသဖြင့် ကြိုတင်ပြင်ဆင်မှု မရှိကြသလို ဖြစ်လာလိမ့်မည်ဟူသော ယုံကြည် ယူဆချက်မျိုးလည်း ရှိကြပုံ မရကြပါ။ ၂၀ဝ၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းတွင် လူတစ်သိန်းကျော် သေကျေကြသည်အထိ ဖြစ်ရခြင်းမှာ ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟူ၍ မထင်မှတ်ထားခြင်း၊ အစိုးရ၏ ထုတ်ပြန်ချက်များ အောက်ခြေအထိ ကျယ်ကျယ်ပြန့်ပြန့် မရောက်ရှိခြင်းနှင့် ရောက်ရှိသည့် နေရာများကလည်း ယုံကြည်မှု မရှိကြခြင်းပင် ဖြစ်ပါသည်။

ထို့ကြောင့် အဆိုပါ အတွေ့အကြုံများ ရှိထားသည့် အစိုးရ (မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန/ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန) အနေနှင့် ကြိုတင် မခန့်မှန်းနိုင်သော ငလျင် ဘေးဒုက္ခ ကြုံတွေ့လာသည်ရှိသော် ပြည်သူများ အနေနှင့် မည်ကဲ့သို့နေထိုင် ကျင့်ကြံရန်နှင့် မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းရန် အစရှိသည့် ကြိုတင် ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ထားရန် လိုအပ်ပါသည်။ (တစ်ခါတစ်ရံ ပညာပေးအစီအစဉ်များ ဖော်ပြလေ့ ရှိသော်လည်း ကျယ်ပြန့်/ ထိရောက်မှု မရှိသေးပါ)။

ထို့အပြင် ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်လာပါက မိမိကိုယ်နှင့်အသက်ကို အကာအကွယ် ပေးနိုင်မည့်ပစ္စည်းများကို ဆောင်ထားကြရေးအတွက်လည်း ကြိုတင် နှိုးဆော်ထားရန် လိုအပ်ပါသည်။ အဆိုပါပစ္စည်းများနှင့်ပတ်သက်၍ အစိုးရကိုယ်တိုင် နိုင်ငံခြားမှ မှာယူတင်သွင်း၍ လက်တွေ့ သရုပ်ပြခြင်းများနှင့်အတူ အထပ်မြင့် တိုက်များတွင် နေထိုင်ကြသော ပြည်သူများအား ရောင်းချပေးသင့်ပါသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့သော အထပ်မြင့် တိုက်များအနက် ယခင် စစ်ကျန် တိုက်အိုတိုက်ဟောင်းများကို အန္တရာယ်ရှိသော အဆောက်အအုံများအဖြစ် သတ်မှတ်၍ အတိုင်းအတာ တစ်ခုအထိ ပြန်လည် ဆောက်လုပ်စေခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ထို့ထက်ပိုမို၍ အန္တရာယ်ရှိပြီး ယခုအခါ နေထိုင်သူများအတွက် စိတ်ချရသည့် အနေအထားတွင် မရှိသော အဆောက်အအုံများမှာ ၁၉၈၈ ခုနှစ်ကျော် ကာလများက ဆောက်လုပ်ခဲ့သည့် သက်တမ်းအနှစ် ၃၀ နီးပါး ရှိနေပြီဖြစ်သော ကန်ထရိုက်တိုက် ခေါ် အထပ်မြင့် တိုက်ခန်းများပင် ဖြစ်ပါသည်။ ထိုစဉ်ကာလက မြေရှင်နှင့် ကန်ထရိုက်များ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ရသော ခိုင်ခံ့မှု အခြေအနေများမှာ ယခုအခါ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

အဆိုပါ တိုက်များမှာ မျက်မြင် အခြေအနေအားဖြင့် စိုးရိမ်ဖွယ်ရာ မရှိသော်လည်း အင်အား အသင့်အတင့်ရှိသော ငလျင်သာ လှုပ်ခတ်ပါက မပြိုကျနိုင်ပါဟူ၍ မည်သူတစ်စုံတစ်ဦးကမျှ အာမခံ ပြောကြားနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် အဆိုပါ တိုက်များကို စနစ်တကျ လိုက်လံစိစစ်၍ လိုအပ်ပါက ဘေးအန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်၍ ပြန်လည် တည်ဆောက်စေခြင်း စသည်တို့ကို ဆောင်ရွက်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ပါသည်။ ဖြစ်လာသည့်အခါမှ ခြေမကိုင်မိ၊ လက်မကိုင်မိ ပြူးတူးပြဲတဲ ဖြစ်ကြခြင်းထက် မဖြစ်မီ ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်း အလေ့အထ ကျွန်တော်တို့ လူမျိုးများ အထူးသဖြင့် တာဝန် အသီးသီးကို ယူထားကြသော တာဝန်ရှိ ပုဂ္ဂိုလ်များ၏စိတ်ဝယ် ကိန်းအောင်းဖို့လိုပါပြီ။ (ယခုအခါ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး သင်တန်းများကို ဟင်္သာတမြို့တွင် သင်တန်းကျောင်း ဖွင့်လှစ် သင်ကြားလျက်ရှိနေကြောင်း သိရှိရပါသည်။ မြို့ကြီးပြကြီးများ အတွက်လည်း ပြည်သူများအား ငလျင်ပညာပေးရေး အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်ရေး။ ခေတ်မီ ကူညီကယ်ဆယ်ရေး နည်းပညာများကို သင်ကြား ပို့ချပေးစေလိုပါသည်)။

အဖွဲ့အစည်းများကို စုစည်းမည့် အစီအမံ လိုသည်

နိုင်ငံတကာ သတင်းများကို ကြည့်ရှုရသည့်အခါ ငလျင်လှုပ်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေး ဌာနများသည် အခင်းဖြစ်ပွားရာ ဒေသသို့ ချက်ချင်း ရောက်ရှိလာပြီး တိုက်ကြိုတိုက်ကြား ပိနေသူများကို အနံ့ခံခွေးများ၊ ကရိန်းကားများ အပါအဝင် ကူညီကယ်ဆယ်ရေး ပစ္စည်း အစုံအလင်နှင့် အသက်ကယ် လုပ်ငန်းများ ဆောင်ရွက်ကြသည်ကို တွေ့မြင်ရပါသည်။

ကျွန်တော်တို့ နိုင်ငံတွင်ရော ထိုကဲ့သို့ ကြိုတင် မသိရှိနိုင်သည့် ဘေးအန္တရာယ် ပေါ်ပေါက်ပါက ကူညီကယ်ဆယ်ရေးဌာန/ အဖွဲ့အစည်းများ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိနိုင်မည့် အစီအမံများ ရှိပါပြီလား။ အဆောက်အအုံများအကြား ပိတ်မိနေသော၊ ပိမိနေသော အသက်ရှင်သန်နေသူများကို အချိန်မီ အသက်ကယ်ထုတ်နိုင်မည့် ခေတ်မီ ကူညီကယ်ဆယ်ရေး ပစ္စည်းများ အလုံအလောက် ရှိပါရဲ့လား။ ပြန့်ကျဲနေသော မီးသတ်ဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ မြို့တော် စည်ပင်သာယာရေး ကော်မတီ စသည့် အဖွဲ့အစည်းများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း စုစည်း၍ တစ်မိန့်တည်း၏အောက်တွင် စုစည်းရောက်ရှိရေး စီမံချက်များ ရေးဆွဲထားပြီးပါပြီလား။ ဖော်ပြပါ မေးခွန်းများစွာကို ဖြေကြားဖို့ ကြိုးစားရင်း တာဝန်ရှိသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့၏ စိတ်ထဲတွင် ပူပင်သောက စိုးရိမ်စိတ်များ ကိန်းအောင်း ဝင်ရောက်လာမည်ဆိုလျှင် ဤဆောင်းပါးကို ရေးရကျိုးနပ်ပါပြီ။

လူနေထူထပ်သော မြို့ကြီးပြကြီးများတွင် နေထိုင်ကြသူများ အပါအဝင် အရပ်ဒေသ အသီးသီးတွင် နေထိုင်ကြသူများ အားလုံး သဘာဝ ဘေးအန္တရာယ်များနှင့် လူတို့ကြောင့်ဖြစ်သော ဘေးရန်အန္တရာယ် အသွယ်သွယ်မှ ကင်းဝေးကြပါစေကြောင်း မေတ္တာပို့သ၍ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

သိန်းထက်အောင်

  • VIA