News

POST TYPE

PERSPECTIVE

၆၆ (ဃ)က နာမည်ဆိုးနဲ့ ကျော်ကြားနေပြီလား
16-Mar-2017

ယခုရက်ပိုင်း လူပြောများနေသည့် ကိစ္စတစ်ခုမှာ ၆၆(ဃ) အကြောင်းပင်ဖြစ်သည်။ ၆၆(ဃ)ဆိုသည်မှာ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး နိုင်ငံသား အချင်းချင်း တစ်ဦးကိုတစ်ဦး အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်းများကြောင့် ဆက်သွယ်ရေး ဥပဒေအတွင်းမှ ပုဒ်မ ၆၆ ၏ ပုဒ်မခွဲ (ဃ) ကိုဆွဲယူ အသုံးပြုပြီး တရားစွဲခြင်း၊ ဖမ်းဆီးခြင်း၊ စစ်ဆေးစီရင်ကာ ထောင်ချခြင်းများ ပြုလုပ်နေကြသည့်ကိစ္စကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် ထိုကိစ္စကို မည်သည့်အတွက် ယခုကဲ့သို့ အထူးအဆန်းလုပ်ပြီး ပြောနေကြသနည်း။ ဥပဒေပြဋ္ဌာန်းချက်အရ လုပ်သည့်ကိစ္စကို မည်သည့်အတွက် ပြည်သူလူထုအကြား ထိုကိစ္စအပေါ် ဝေဖန်မှုတွေ မြင့်တက်နေကြသနည်း ဟူသည့်အဖြေကို ဆန်းစစ် ထုတ်ယူကြည့်ရန်လည်း လိုလာပြီဖြစ်သည်။

ထိုသို့ လိုလာနေသည်နှင့်အညီ နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ပုဒ်မ ၆၆ (ဃ) နှင့်ပတ်သက်ပြီး လေ့လာကြည့်သည့်အခါ အပိုင်း(၄)ပိုင်း တွေ့ရှိရသည်။ ပထမအပိုင်းမှာ ထိုပုဒ်မ၏ အခြေခံသမိုင်းကြောင်းဖြစ်ပြီး နောက်အပိုင်းမှာ သူနဲ့ဆက်စပ်သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များကိစ္စ ဖြစ်သည်။ တတိယအပိုင်းမှာ ယခုကာလတွင် ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် နောက်ဆုံးအပိုင်းမှာ ထိုပုဒ်မအပေါ် အသုံးပြု ဆောင်ရွက်နေမှုကိစ္စပင်ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေ ဘယ်လို ပေါ်ပေါက်လာသလဲ   

အမှန်ဆိုရလျှင် ဆက်သွယ်ရေး ဥပဒေဆိုသည်မှာ နိုင်ငံတော်ကို ခေတ်မီတိုးတက်ရေးအတွက် ဆက်သွယ်ရေး နည်းပညာဖြင့် အထောက်အကူပြုရေး၊ ဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရေးအတွက် ပြည်တွင်းပြည်ပကနေ ယှဉ်ပြိုင်မှုများ ဆောင်ရွက်ပြီး အရည်အသွေး ကောင်းမွန်သည့် နည်းစနစ်များနှင့် ပြည်သူများကို ထိုက်တန်သည့် ဝန်ဆောင်မှုပေးနိုင်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေ ပေါ်ပေါက်လာရေး၊ တစ်နိုင်ငံလုံးကို ဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်ပြီး ထူထောင်ရေး တည်ဆောက်ရေးကိစ္စများ၊ ခွင့်ပြုချက် တောင်းခံခြင်း ကိစ္စွများကို ဖြစ်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့ စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၁၃ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် (၆၆)ဖြင့် ၈.၁၀.၂၀၁၃ ရက်နေ့တွင် ပြဋ္ဌာန်းပေးခဲ့သည့် ဥပဒေဖြစ်သည်။ အဆိုပါ ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းနှင့်အတူ ယခင် အင်္ဂလိပ်မင်းလက်ထက်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ခုဖြစ်သည် The Myanmar Telegraph Act-1885 နှင့် လွတ်လပ်ရေး မရခင်ကတည်းက ပြဋ္ဌာန်းခဲ့သည့် The Myanmar Wireless Telegraph Act 1934 ဆိုတဲ့ ဥပဒေနှစ်ခုကိုလည်း ဒီဥပဒေဖြင့်ပင် ပယ်ဖျက်ခဲ့သည်ကို တွေ့ရသည်။

ဥပဒေကြီးအတွင်းတွင် အဓိက ပါဝင်သည့် ပြဋ္ဌာန်းချက်များမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများအတွက် လုပ်ငန်းလိုင်စင်ကိစ္စများ၊ ထိုကုမ္ပဏီတို့၏ တာဝန်များ၊ ထုတ်လွှင့်မည့် လှိုင်းနှုန်းနှင့် ဂြိုဟ်တု ပတ်လမ်းကြောင်း တည်နေရာ စီမံခန့်ခွဲမည့် ကိစ္စများ၊ ဆက်သွယ်ရေးနံပါတ် လျာထား သတ်မှတ်မည့်ကိစ္စများ၊ နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများ၊ အသုံးပြုသူများကို အကာအကွယ်ပေးရေးနှင့် ချိတ်ဆက် အသုံးပြုမည့်ကိစ္စများ၊ ပြိုင်ဆိုင်မှုကို မဆန့်ကျင်ရေး ကိစ္စများ၊ စစ်ဆေးခြင်းနှင့် ကြီးကြပ်ရမည့်အချက်များ၊ ကွန်ရက် အထောက်အကူပြုပစ္စည်းများ တပ်ဆင်၊ ထိန်းသိမ်း၊ ပြုပြင် မွမ်းမံခြင်းဆိုင်ရာများ၊ အငြင်းပွားမှုကို ဖြေရှင်းမည့် အချက်များ၊ အများပြည်သူ အကျိုးအတွက် နေရာဒေသမရွေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည့် အချက်များ၊ ကုမ္ပဏီအချင်းချင်း ဆက်သွယ်ရေးကိစ္စများနှင့် အငြင်းပွားလာရင် အယူခံရုံး ဖွဲ့စည်း၊ စစ်ဆေးကြားနာရမည့် အချက်များနဲ့ ထိုဆက်သွယ်ရေး ကိစ္စများအပေါ် လိုင်စင်မဲ့ ဥပဒေမဲ့ လုပ်ကိုင် ဆောင်ရွက်ပါက ဥပဒေနှင့်အညီ အရေးယူမည်ဆိုသည့် ပြဋ္ဌာန်းချက်များသာ အဓိက ပါဝင်ခဲ့ကြောင်း လေ့လာကြည့်လျှင် တွေ့မြင်ရနိုင်မည် ဖြစ်သည်။

၆၆(ဃ)ဆိုသည်က ဘာကို ရည်ရွယ်ခဲ့တာလဲ

အထက်တွင် ဖော်ပြခဲ့သည့် ဥပဒေကြီးတစ်ခုလုံးပါ ပြဋ္ဌာန်းချက်များနှင့် ချိန်ထိုးနှိုင်းဆကြည့်ပြီး ၎င်းနှင့် ဆက်စပ်နေသည့် ထိုဆက်သွယ်ရေး ဥပဒေ၏ ပုဒ်မ ၆၆ ပုဒ်မခွဲ (ဃ) ရဲ့ ပထမမူရင်း ရည်ရွယ်ချက်ကို လေ့လာကြည့်သည့်အခါ ဆက်သွယ်ရေး ကွန်ရက်ကြီး အောင်မြင်တိုးတက်ခေတ်မီနေချိန်တွင် မသမာ ကုမ္ပဏီ အချင်းချင်းကသော်လည်းကောင်း၊ သူတို့၏ ကိုယ်စားလှယ်များကသော်လည်းကောင်း သူတို့ အချင်းချင်း ဆက်သွယ်ရေး လှိုင်းနှုန်းများကို အသုံးပြုပြီး လိုင်စင်ယူကာ လုပ်ငန်း လုပ်ကိုင်နေသူများကိုလည်းကောင်း၊ သူက ဝန်ဆောင်မှုပေးလို့ သုံးစွဲနေသည့် ပြည်သူများကိုသော်လည်းကောင်း တစ်နည်းနည်းနှင့် ဝင်ရောက်ပြီး ဖျက်လို ဖျက်ဆီးလုပ်သည့်အခါ၊ ခြိမ်းခြောက်ခဲ့သည့်အခါ၊ အနိုင်အထက် ပြုကျင့်သည့်အခါ၊ မတရား တားဆီးပြီး လှိုင်းနှုန်းတွေကို ဖျက်ဆီးသွားသည့်အခါ၊ ဒါတွေအပြင် ဖုန်းတိုင်များကို ချိုးဖျက်ခြင်းနှင့် အသရေဖျက်ပြီး မလျော်ဩဇာ သုံးပြီး ခြိမ်းခြောက်မှုတွေ လုပ်လာကြသည့်အခါ ဝန်ဆောင်မှု ပေးသည့်ရင်းနှီး မြှုပ်နှံသူများနှင့် ပြည်သူများအတွက် အခက်အခဲ ဖြစ်ကြရချည်ဟဲ့ဆိုသည့် အတွေးတွေနှင့် ထိုအတွက်သာ ရည်ရွယ်ပြီး ထိုဥပဒေထဲတွင် အဆိုပါပုဒ်မခွဲကို လိုရမည်ရ ထည့်သွင်း ပြဋ္ဌာန်းခဲ့ကြသည်သာဖြစ်ကြောင်း တွေ့ကြရမည်ဖြစ်သည်။

မူလအနှစ်သာရ ကွယ်ပျောက်လို့ အမှတ်မှားခဲ့ကြ

သို့သော်လည်း လက်ရှိ ပစ္စက္ခကာလတွင် အဆိုပါ ဥပဒေကြီး၏ ပင်မ ရည်ရွယ်ချက်နှင့် ပြဋ္ဌာန်းချက် အနှစ်သာရများ ပျောက်ဆုံးပြီး ထိုပုဒ်မခွဲဖြစ်သည့် ၆၆(ဃ) ဆိုသည်မှာလည်း နာမည်ဆိုးနှင့်သာ ကျော်ကြားနေလျက်ရှိပြီး ပြည်သူအများအတွက် အကျိုးစီးပွားကို ကာကွယ်ပေးရမည့်နေရာမှ လျှောကျလျက် ရှိနေလေတော့သည်။ ထိုသို့ လျှောကျခဲ့ရခြင်းမှာလည်း ဥပဒေများအပေါ် ကောက်ယူသုံးစွဲပြီး စနစ်တကျ အသုံးမချတတ်သူများကြောင့်ဟုဆိုလျှင် ရနိုင်သည်။ ဥပမာ - လူပုဂ္ဂိုလ်တစ်ယောက်က အခြားတစ်ယောက် သိက္ခာကျအောင်၊ အရှက်ရအောင် ပြုမူလျှင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေတွင် ပါရှိသည့် အသရေ ဖျက်မှုဆိုသည့် ပုဒ်မ (၄၉၉)ဖြင့်သာ တရားစွဲဆိုကြရမည့်အစား မသုံးသင့်သည့် ထို ၆၆(ဃ)ကို ယူသုံးခဲ့မိရာက စခဲ့ခြင်းပင်ဖြစ်သည်။ အသေရေ ဖျက်မှုဟူသည့် ပြဋ္ဌာန်းချက်တွင် နှုတ်(Oral)ဖြင့်ဖြစ်စေ၊ စာရွက်စာတမ်း ရေးသားမှု(Document)များဖြင့် သက်သေခံချက် (Evidence) ရယူပြီး တရားစွဲဆိုလျှင် ရနိုင်လျက်နှင့် အဆိုပါ ဆက်သွယ်ရေး ဥပဒေကြီးအထဲက ဒီပုဒ်မခွဲလေး တစ်ခုဖြင့်သာ စွဲချက်တင်ပြီး ပုဒ်မ ၈၀ (က) ပါ ရဲအရေးယူခွင့် ရှိသည်ဟူသည့်အပေါ် အခွင့်ကောင်းယူခဲ့ကြ၊ အမှုတွဲဖွင့်ခွင့်၊ ဖမ်းဆီး ချုပ်နှောင်ခွင့်နှင့် ၂၄ နာရီ ချုပ်နှောင်ခွင့် ပေးလိုက်သည့်အပေါ် ဥပဒေပညာရှင် အသိုင်းအဝိုင်းကလည်း ပြန်လည် စဉ်းစား သတိထားသင့်ကြနေပါပြီ။ အမှန်တကယ်တွင်မူ ဆက်သွယ်ရေး ဥပဒေနှင့် အဆိုပါ ပုဒ်မခွဲလေး၏ မူလအနှစ်သာရ ရည်ရွယ်ချက်က ပြည်သူ့ အကျိုးစီးပွားကို ကာကွယ်လိုရင်းသာ ဖြစ်သည်။

ဒီအပေါ် အခွင့်ကောင်းယူခဲ့ကြ

ဥပဒေတစ်ခု၏ အနှစ်သာရနှင့် ရည်ရွယ်ချက်ကို နက်နက်ရှိုင်းရှိုင်း လေ့လာကြခြင်းမျိုး မပြုလုပ်ခဲ့ကြဘဲ ပြဋ္ဌာန်းချက်တစ်ခုကိုသာ လိုရာဆွဲပြီး အမှုဖွင့်ခဲ့ကြ၊ တရားစွဲဆိုခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်နေလာရခြင်းမှာလည်း ထိုဆက်သွယ်ရေး ဥပဒေကြီး၏ အကျိုးကျေးဇူးကြောင့် နိုင်ငံ့အဝန်း ဆက်သွယ်ရေးခေတ်သစ်တစ်ခေတ်ကို ရောက်ရှိခဲ့ကြပြီးချိန်တွင် ရလဒ်အနေနှင့် ယခုနောက်ပိုင်း တွင်ကျယ်လာနေသည့် ဆက်သွယ်ရေးကွန်ရက် အင်တာနက်ကြောင့် သတင်းအချက်အလက်နှင့် နည်းပညာများ ICT  များကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ဆိုးကျိုးဟုဆိုလျှင်လည်း မမှားနိုင်ပေ။ သို့အတွက် ငွေနှင့်ဩဇာရှိသူများက ထိုပုဒ်မခွဲလေးအပေါ် အားကိုးလာကြသည်။ မှီခိုလာကြသည်။ ငွေများ တရားနိုင်သည့်ခေတ် မကုန်ဆုံးသေးချိန်၊ ရာထူး ဩဇာအာဏာ ထိရောက်နေသေးချိန်တွင် ထိုသူတို့အတွက် ထိုပုဒ်မခွဲလေးက အကာအကွယ် ဖြစ်လာသည်။ သူတို့ကို အပြစ်ဆိုလာသူ၊ ပြန်လည် အန်တုလာသူ၊ အမှန်ကို ပြောဆိုလာသူများကို နောက် မလုပ် မပြောရဲအောင် ရိုက်နှက်စရာ တုတ်လေးတစ်ချောင်းအဖြစ် အသုံးပြုလာသည်။ အရေးအကြောင်းဆိုလျှင် ထုတ်သုံးကြသည်။ အသင့်သုံးနိုင်အောင် အသင့် ဆောင်ထားကြသည်။

၆၆(ဃ) ဆိုလျှင် အော့နှလုံးနာလာ

ဤသို့ဖြင့် သူ့ဆိုလျှင် လူအများက ကြောက်ရွံ့လာကြတော့သည်။ မုန်းတီးစက်ဆုပ် လာကြသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အလွန်တရာ ကောင်းမွန်သော၊ အကျိုးစီးပွား ဖြစ်ထွန်းခဲ့သော၊ ဆက်သွယ်ရေး ကဏ္ဍကို တစ်ခေတ်ဆန်းစေခဲ့သော ထိုဥပဒေကြီးအတွင်းမှ ထိုပုဒ်မခွဲလေးကို ဖျက်သိမ်းပေးရန် တောင်းဆိုလာနေကြသည်။ ယခင်အစိုးရလက်ထက်တွင် ယင်းပုဒ်မဖြင့် အမှုဖွင့်၊ တရားစွဲဆို၊ ဖမ်းဆီး၊ ထောင်ချသည့် အရေအတွက်ထက် ယနေ့ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်သော အစိုးရ တစ်နှစ်သက်တမ်း ကာလက ပိုများနေသည်ဟု ဆိုနေကြသည်။ “အထူးသဖြင့် ယခင် အတိုက်အခံဘဝက တမင် အပြစ်ရှာပုဒ်မ သို့မဟုတ် အမြင်ကတ်ပုဒ်မဟုပင် ကျော်ကြားခဲ့သည့် ပုဒ်မမျိုးဖြင့် အရေးယူခံခဲ့ရသူများ ကိုယ်တိုင် အစိုးရဖြစ်လာချိန်တွင် ယင်းပုဒ်မဖြင့်ပင် အမှုဖွင့်၊ ဖမ်းဆီး၊ ထောင်ချနေခြင်း၊ ယခင်အစိုးရထက်ပင် လက်သံပြောင်နေခြင်းမှာ နားမလည်နိုင်စရာ ဖြစ်စေခဲ့သည်။ ထို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလှသော ပုဒ်မ ၆၆ (ဃ)ကို ပြုပြင်ရန် သို့မဟုတ် ပယ်ဖျက်ရန် နယ်ပယ်စုံ၊ လောကစုံ၊ အလွှာစုံမှ တိုက်တွန်း၊ အကြံပြု၊ တောင်းဆို၊ တွန်းအားပေး၊ တင်ပြ၊ ပြောဆို နေကြလင့်ကစား ယနေ့အချိန်အထိ အစိုးရနှင့် ဥပဒေပြုလွှတ်တော် နှစ်ရပ်စလုံးက တုဏှိဘာဝေ ပြုနေခြင်းမှာ စဉ်းစားရခက်လှသည်”ဟု The Voice Daily  သတင်းစာ အယ်ဒီတာ့အာဘော်က ဆိုထားခဲ့ပြန်သည်။

ထို ၆၆(ဃ)ကို ဒစ်ဂျစ်တယ် နည်းပညာသုံးပြီး မီဒီယာ သို့မဟုတ် အွန်လိုင်း လူမှုရေးကွန်ရက်ကို အသုံးပြုကာ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက် အမုန်းစကားများ တားဆီးကာကွယ်ရာတွင် ထိရောက်သော ပုဒ်မတစ်ခုအဖြစ် လက်ခံနိုင်သော်ငြားလည်း ပြည်သူလူထု၏ အခြေခံ အခွင့်အရေးများကို ထိပါး နှောင့်ယှက်လာနိုင်သော အန္တရာယ်ရှိလာခြင်း၊ ယင်းပုဒ်မပါ စကားလုံးများ၊ တားမြစ်ချက်များသည် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အခွင့်အရေးကို အကာအကွယ် ပေးထားသယောင် ထင်မှတ်ရသော်လည်း တစ်ချိန်တည်းမှာပင် အစစ်အဆေး အမေးအမြန်းမရှိ ချက်ချင်း ဖမ်းဆီး ထိန်းသိမ်းနိုင်ခြင်း၊ အာမခံ မပေးခြင်းတို့က လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လွတ်လပ်စွာ ပြောဆို၊ ရေးသား၊ ထုတ်ဖော်ခွင့်ကို ဟန့်တား၊ ခြိမ်းခြောက်ရာ ရောက်နေခြင်းတို့ကိုပါ သူက ထပ်လောင်း ပြောဆိုထားသည်။

ဘယ်လိုပြင်ဆင်ကြမလဲ

ယနေ့အချိန်အထိ ထို ၆၆ (ဃ) ပုဒ်မကြီးဖြင့် တရားစွဲဆိုခံနေရသည့် နိုင်ငံသားပေါင်း ၅၀ ကျော် ရှိနေပြီဖြစ်ပြီး ထိုပုဒ်မ ပယ်ဖျက်ရေးမှာ ဝေးကွာနေဆဲပင်ဖြစ်ကြောင်း သတင်းများတွင် တွေ့ရသည်။ ထိုပုဒ်မခွဲကို ပယ်ဖျက်ရေး တက်ကြွ လှုပ်ရှားသူများက ကြိုးပမ်းနေကြပြီး ဥပဒေကို ပြင်ဆင်ပေးရေး လွှတ်တော်ကို တင်ပြထားသော်လည်း ထူးခြားမှု မရှိသေးကြောင်း၊ လွှတ်တော်အနေနှင့်လည်း ၎င်းတို့သက်တမ်း စတင်ချိန်မှစပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးအတွက် နိုင်ငံသားများအပေါ် ဖိနှိပ်ချုပ်ချယ်ထားသည့် ဥပဒေများကို ပယ်ဖျက်ခဲ့သော်လည်း အဆိုပါ ပုဒ်မခွဲကိုတော့ဖြင့်မူ မည်သည့်အတွက် ပယ်ဖျယ်ပေးရန် ကြန့်ကြာနေကြသည်ဆိုသည်ကိုလည်း စဉ်းစား၍မရဟု ဆိုခဲ့ကြသည်။ ထို့အပြင် အဆိုးရွားဆုံးမှာ ထိုပုဒ်မခွဲကို လိုသလို အသုံးချပြီး နိုင်ငံသားများ၏ လွတ်လပ်ခွင့်ကို ပိတ်ပင်ကာ  အာဏာရှင်စနစ်ဘက်ဆီသို့ တစ်စတစ်စ ပြန်လည် ကူးပြောင်းလာနေသည့် အရိပ်အယောင်များကိုလည်း မြင်နေရကြောင်း၊ တရားဥပဒေ၏ အထက်တွင် မည်သူမျှမရှိစေရဟု ဟစ်ကြွေးထားသော်လည်း တရားဥပဒေ၏ အထက်တွင် အာဏာရှင်များ ရောက်နေသယောင် ခံစားနေရကြောင်း ဖွင့်ဟကြပြန်သည်။

ထို့အတွက် နိဂုံးချုပ် ကောက်ချက်ဆွဲရလျှင် ယနေ့အချိန်တွင် နာမည်ဆိုးနှင့် ကျော်ကြားနေသည့် အဆိုပါ ၆၆(ဃ)အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအလို့ငှာ အုပ်ချုပ်သူ လူတန်းစားအချို့က တုဏှိဘာဝေနေနေကြခြင်းထက်  ပြည်သူ့အသံကို နားစွင့်လျက် ပြည်သူကို ဦးထိပ်ထားသော အစိုးရပီပီ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးပြီး လွှတ်တော်အတွင်း တင်သွင်းစေကာ ပြင်ဆင်မလား၊ ပယ်ဖျက်မလား၊ သို့တည်းမဟုတ် မူလအတိုင်းပင် ထားမည်လားဆိုသည်ကို ပြန်လည် သုံးသပ်ဆွေးနွေးကြပြီးသကာလ ပြည်သူ့အစိုးရပီပီ ပြည်သူကို ပြန်လည် ချပြအသုံးတော်ခံကြရန် အချိန်ကျရောက်နေသည်မှာ အချိန်တန်နေပြီဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ 

ရန်ကြီးအောင် (ဥပဒေ)

  • VIA