POST TYPE

PERSPECTIVE

ပါတိတ် သုံးထည်
16-Mar-2017

စာရေးသူသည် ASEAN Secretariat တွင် အင်တာဗျူးတစ်ခုဖြေဆိုရန် အင်ဒိုနီးရှားနိုင်ငံ (Indonesia)၊ ဂျာကာတာမြို့တော် (Jakarta) သို့ ၂၀၁၇ ဖေဖော်ဝါရီလတွင် ၂ ညတာ ၃ ရက် ဖိတ်ကြားခြင်း ခံရသည်။ ရောက်သည့်ည တစ်ည အိပ်၊ နောက်တစ်နေ့ အင်တာဗျူး ဖြေဆို၊ နောက်တစ်နေ့ အိမ်ပြန်ရမည် ဖြစ်သည်။ နိုင်ငံခြား ခရီးစဉ် မြောက်မြားစွာ ရောက်ရှိဖူးသော်လည်း အင်ဒိုနီးရှားနိုင်ငံသို့မူ တစ်ကြိမ်၊ တစ်ခါမျှ မရောက်ရှိခဲ့ဖူးပေ။ ပထမဆုံး အင်ဒိုနီးရှား ခရီးစဉ် ဖြစ်သဖြင့် ရသမျှ အချိန်အတွင်း ဂျကာတာမြို့တော်အား လည်ပတ်ကြည့်ရှုမည်ဟု စိတ်ကူးမိသည်။ စိတ်ကူးသည့်အတိုင်းလည်း ရသမျှအချိန်အတွင်း အင်ဒိုနီးရှား အစားအစာများ စားသုံးခြင်း၊ ဟိုတယ်အနီးဝန်းကျင် အင်ဒိုနီးရှား ပြည်သူများ၏ လူနေမှုဘဝကို လေ့လာ အကဲခတ်ခြင်းနှင့် မြို့တော် ဂျာကာတာ အထင်ကရ နေရာအချို့သို့ တက္ကစီတစ်စင်း ငှားရမ်း၍ လေ့လာလည်ပတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။ အင်တာဗျူး အတွေ့အကြုံ၊ ဂျာကာတာမြို့တော် အတွေ့အကြုံများကို အခြေခံ၍ စာမူဆောင်းပါး တစ်ပုဒ်လည်း ရေးသားဖြစ်ခဲ့သည်။ 

ယခုရေးသားမည့် ဆောင်းပါးခေါင်းစဉ်မှာ ပါတိတ်သုံးထည် ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်မသွားမီ မိခင်ဖြစ်သူမှာ စာရေးသူအား အင်ဒိုနီးရှား အမျိုးသမီးဝတ် ပါတိတ်လုံချည်အချို့ (Indonesian Batik) ဝယ်ယူခဲ့ရန် မှာကြားလေသည်။ စာရေးသူမှာ အင်တာဗျူး ကာလဖြစ်သဖြင့် အချိန်ရလိမ့်မည်ဟု မထင်ကြောင်း၊ အဝတ်အစားများလည်း မရွေးချယ်တတ်ကြောင်း၊ ဂျာကာတာတွင် မိတ်ဆွေလည်း မရှိသဖြင့် ပါတိတ်များအား မည်သည့်နေရာတွင် ဝယ်ယူရမည်ကို မသိရှိကြောင်း၊ ကြုံကြိုက်တိုက်ဆိုင်ပါမူ ဝယ်ယူခဲ့မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားရင်း အင်ဒိုနီးရှားနိုင်ငံ ခရီးစဉ်ကို စတင်လိုက်သည်။ မိခင်ကလည်း အချိန် အခက်အခဲ ရှိပါက မဝယ်ယူရန်၊ စိတ်ထဲ မထားရန် ပြောကြားလေသည်။ ဒီလိုနှင့် ဂျာကာတာမြို့တော်သို့ ရောက်ရှိ၊ အင်တာဗျူး ဖြေဆို၊ ဂျာကာတာမှ ရန်ကုန်မြို့သို့ ပြန်ရန် ပြင်ဆင်လေသည်။ အင်တာဗျူးသည် နံနက်ပိုင်း နေ့တစ်ဝက်သာ ကြာမြင့်သည် ဖြစ်ပေရာ ကျန်နေ့လယ်ခင်းတစ်ဝက်မှာ အားလပ်နေသည်ဖြစ်၍ တက္ကစီတစ်စင်းဖြင့် ဂျာကာတာမြို့တော် အစိတ်အပိုင်းအချို့အား သွားရောက် လည်ပတ်ပြီးနောက် ဟိုတယ်သို့ ပြန်လည် ရောက်ရှိသည်။ 

ဟိုတယ်သို့ ပြန်လည် ရောက်ရှိပြီး လမ်းတစ်ဖက်ရှိ ကုန်တိုက်ကြီးတစ်ခုသို့ သွားရောက်၍ ပါတိတ် ရှာပုံတော်ဖွင့်ရာ ဒုတိယမြောက် အထပ်တွင် ခန်းလုံးပြည့် အင်ဒိုနီးရှား ပါတိတ်များ ခင်းကျင်းထားသည်ကို တွေ့ရှိရလေသည်။ ဤသို့ဖြင့် အမေမှာသော ပါတိတ်များအား ဝယ်ယူဖြစ်လေသည်။ ပါတိတ် ဈေးနှုန်းများအား မေးမြန်းရာ ဈေးနှုန်းများမှာ သုံးမျိုး ရှိလေသည်။ ပါတိတ်တစ်ထည်လျှင် ဒေါ်လာ ၁၀ ကျော်၊ ဒေါ်လာ ၂၀ ကျော်နှင့် ဒေါ်လာ ၃၀ ကျော်တို့ ဖြစ်သည်။ အင်ဒိုနီးရှား ငွေဖြင့် ပေးလည်း ရသည်။ ဒေါ်လာဖြင့် ပေးချေ၍လည်းရသည်။ အင်ဒိုနီးရှား အရောင်းစာရေးမလေးက အင်ဒိုနီးရှား ပါတိတ်များ ဖြန့်ခင်းပြသလျက် မည်သည်က စက်ယက်အထည်၊ မည်သည်က လက်ရက်အထည် စသဖြင့် ရှင်းပြလေသည်။ စာရေးသူက ဒေါ်လာ ၃၀ ကျော်တန် အင်ဒိုနီးရှားပါတိတ် သုံးထည်ကို ရွေးချယ်လိုက်သည်။ ပန်းပွင့်များပါရှိသည့် အမည်းရောင်တစ်ထည်နှင့် ပန်းရောင် ၂ ထည်ဖြစ်သည်။ စုစုပေါင်း ၁၀၆ ဒေါ်လာ ကျသင့်သည်။ ဟိုတယ် ပြန်ရောက်သော် ပါတိတ်သုံးထည်အား ထုပ်ပိုးပြင်ဆင်၍ နောက်တစ်နေ့ ရန်ကုန်သို့ ပြန်ရန် အသင့်ဖြစ်လေသည်။ 

နောက်တစ်နေ့ ၂၈ ဖေဖော်ဝါရီလ ၂၀၁၇ တွင် ဂျာကာတာမှ ဘန်ကောက်သို့ (TG 434)၊ ထို့နောက် ဘန်ကောက်မှ ရန်ကုန်သို့ (TG 305) ထိုင်းလေကြောင်းဖြင့် ပြန်လည် ရောက်ရှိသည်။ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှအထွက် မြို့ထဲရှိ နေအိမ်သို့ အငှားယာဉ်ဖြင့် ပြန်လာစဉ် အိမ်မရောက်မီ နယ်ရှိဆွေမျိုးများရှိရာသို့ ရောက်ရှိ လည်ပတ်နေသော မိခင်ဖြစ်သူထံ ရန်ကုန်သို့ ပြန်လည် ရောက်ရှိပြီဖြစ်ကြောင်း၊ အင်ဒိုနီးရှား ပါတိတ်သုံးထည် ဝယ်ယူခဲ့ကြောင်း၊ တန်ဖိုးများကြောင်း၊ သုံးထည်ကို ဒေါ်လာ တစ်ရာကျော် ကျသင့်ကြောင်း ပြောကြားရာ မိခင်က ကောင်းမွန်စွာ ပြန်လည်ရောက်ရှိသဖြင့် ဝမ်းသာကြောင်း၊ ဈေးကြီးသည့်ပါတိတ်များ မဝယ်ဘဲ အသင့်အတင့် ဆိုလျှင်ဖြစ်ကြောင်း ပြောဆိုလေသည်။ အိမ်ရောက်သော် ခေတ္တအပန်းဖြေကာ ပါလာသည့် ပစ္စည်းများ စိစစ်ရာ အင်ဒိုနီးရှားပါတိတ် သုံးထည် ထည့်ထားသည့် ပလစ်စတစ်အိတ်မှာ ပါရှိမလာဘဲ လေယာဉ်ပေါ်တွင် မေ့ကျန်နေခဲ့ကြောင်း သတိရမိလေသည်။ သို့ဖြင့် ရန်ကုန်လေဆိပ်ရှိ ထိုင်းလေကြောင်းရုံးခွဲသို့ ဖုန်းဆက်ကာ ယခု ညနေတွင် ဘန်ကောက်မှ ရန်ကုန်သို့ ဆိုက်ရောက်သည့် ထိုင်းလေကြောင်း လေယာဉ်အမှတ် TG 305 ခုံအမှတ် 38 A တွင် အင်ဒိုနီးရှား ပါတိတ် ၃ ထည် ကျန်ခဲ့ပါကြောင်း၊ စိစစ်ပေးစေလိုပါကြောင်း ဖုန်းဖြင့် အကြောင်းကြားရာ ထိုင်းလေကြောင်းရုံးမှ စိစစ်မှုများ ပြုပြီးနောက် စိစစ်ပြီးဖြစ်ကြောင်း၊ ခုံအမှတ် 38 A ဝန်းကျင်တွင် မည်သည့်မေ့ကျန်ပစ္စည်း တစ်စုံတစ်ရာမှ မတွေ့ရှိကြောင်း ပြန်ကြားလေသည်။ သို့ဆိုလျှင် ပါတိတ်သုံးထည်သည် ဘန်ကောက်လေဆိပ် (Suvarnabhumi Airport) တွင် ကျန်ရစ်ခဲ့လေသလော။ သို့မဟုတ် ဂျကာတာလေဆိပ် (Soekarno–Hatta Airport) တွင် ကျန်ရစ်ခဲ့လေသလော။ သို့မဟုတ် လေယာဉ်မှာ နှစ်ဆင့်စီးရသဖြင့် ဂျာကာတာမှ ဘန်ကောက်သို့အသွား ထိုင်းလေကြောင်း လေယာဉ်အမှတ် TG 434 ခုံအမှတ် 54 K တွင် ကျန်ခဲ့သလော၊ စိတ်ထဲတွင် ရောထွေးသွားလေသည်။ တက္ကစီပေါ်တွင် မကျန်ခဲ့သည်မှာတော့ သေချာလေသည်။ 

ညဘက် အမေ့အား ထပ်မံ ဖုန်းဆက်၍ စကားပြောဆိုရင်း အမေမှာသော ပါတိတ်များ ထိုင်း သို့မဟုတ် အင်ဒိုနီးရှားလေဆိပ်တွင် မေ့ကျန်ရစ်ခဲ့ကြောင်း ပြောဆိုရာ အမေက မထိုက်၍ ကျန်ခဲ့သည် မှတ်ပါ၊ စိတ်ထဲတွင် မထားလေနှင့်ဟု ပြောဆိုကာ အခြား အကြောင်းအရာများကို ပြောဆိုလေသည်။ စာရေးသူမှာမူ စိတ်ထဲမှ အခဲမကျေလှပေ။ စာရေးသူ အကြိမ်ပေါင်းများစွာ ပြည်ပ ခရီးများ သွားခဲ့ဖူးလေရာ ယခုကဲ့သို့ ပစ္စည်းမေ့လျော့ ကျန်ခဲ့ခြင်းမျိုး မဖြစ်ခဲ့ဖူးပေ။ သို့ဖြင့် ရန်ကုန် ပြန်ရောက်ပြီး နောက်တစ်နေ့ တွင် ဂျာကာတာလေဆိပ်နှင့် ဘန်ကောက်လေဆိပ်များသို့ ပါတိတ်သုံးထည် မေ့ကျန်ပျောက်ဆုံးကြောင်းကို စာရေးသူ၏ ဂျာကာတာမှ ဘန်ကောက်၊ ဘန်ကောက်မှ ရန်ကုန်သို့ လေယာဉ်ခရီးစဉ် မှတ်တမ်း အသေးစိတ် ဖော်ပြလျက် အီးမေးလ် ပေးပို့မေးမြန်းခဲ့သည်။ လေဆိပ် တာဝန်ရှိသူများက သူတို့ စာရေးသူ၏ အီးမေးလ်ကို လက်ခံရရှိပါကြောင်း၊ ရှာဖွေစိစစ်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း အီးမေးလ်များ ပြန်လည်ပေးပို့ အကြောင်း ပြန်ကြသည်။ ဂျကာတာလေဆိပ်မှ တာဝန်ရှိသူများဆိုလျှင် သူတို့ လေဆိပ် ကောင်တာများအတွင်း မည်သို့ ရှာဖွေသည်ကို အချင်းချင်း အပြန်အလှန် အီးမေးလ် ပေးပို့ကြသည်များကို စာရေးသူအား မိတ္တူပေးလျက် အချိန်နှင့်တစ်ပြေးညီ အသိပေးလေသည်။ သို့သော် နောက်ဆုံး အဖြေကမူ “No” ဖြစ်သည်။ ဘန်ကောက် လေဆိပ်မှ အဖြေကလည်း “No” ပင် ဖြစ်တော့သည်။ လေဆိပ်နှစ်ခုစလုံးမှာလည်း မတွေ့၊ ဘန်ကောက်မှ ရန်ကုန်သို့ စီးနင်းခဲ့သည့် TG 305 မှာလည်း မတွေ့ဟုဆိုသဖြင့် နောက်ဆုံး ဖြစ်နိုင်ခြေကား ဂျကာတာမှ ဘန်ကောက်သို့ စီးနင်းခဲ့သည့် TG 434 တစ်ခုသာ ကျန်ရှိပေတော့သည်။ 

နောက်ဆုံးကျည်ဆန်အဖြစ် TG 434 တွင် ရှာဖွေပေးပါရန် “No”ဟု ပြန်ကြားခဲ့သော ဘန်ကောက်လေဆိပ်သို့ အကူအညီ တောင်းခံလိုက်သည်။  ဘန်ကောက်လေဆိပ်က စာရေးသူထံ ထိုင်းလေကြောင်းအား တိုက်ရိုက် ဆက်သွယ်ရန် အီးမေးလ်လိပ်စာတစ်ခု ပေးပို့လျက် အကြောင်း ပြန်ကြားသည်။ ဘန်ကောက်ရှိ ထိုင်းလေကြောင်းအား ရန်ကုန်လေဆိပ်ရှိ ထိုင်းလေကြောင်းရုံးခွဲမှ အီးမေးလ် ပေးပို့မေးမြန်းပြီး ဖြစ်သော်လည်း နောက်ဆုံး အားထုတ်မှုအဖြစ် ထိုင်းလေကြောင်းသို့ ဘန်ကောက်လေဆိပ်မှပေးပို့လာသော အီးမေးလ်မှတစ်ဆင့် ပါတိတ်သုံးထည် ပျောက်ဆုံးကြောင်း၊ အသေးစိတ် အချက်အလက်များ ပေးပို့လိုက်သည်။ ပျောက်ဆုံး ပါတိတ်များအား အဆုံးဟု သတ်မှတ်ထားသဖြင့် မေ့မေ့ပျောက်ပျောက်ပင် ရှိတော့သည်။ နောက်တစ်နေ့ အီးမေးလ် စိစစ်သောအခါ ထိုင်းလေကြောင်း Lost and Found Baggage Services မှ စာရေးသူ ပျောက်ဆုံးခဲ့သော အင်ဒိုနီးရှားပါတိတ် သုံးထည်အား တွေ့ရှိထားပြီဖြစ်ကြောင်း၊ ဘန်ကောက်လေဆိပ် ဒုတိယထပ်တွင် လာရောက် ယူဆောင်နိုင်ပါကြောင်း အကြောင်း ပြန်ကြားလေသည်။ စာရေးသူက ရန်ကုန်လေဆိပ်သို့ ပေးပို့ပါရန် မေတ္တာရပ်ခံရာ နောက်ဆုံး အဆိုပါ ပါတိတ်သုံးထည်သည် ထိုင်းလေကြောင်း (TG 305) ဖြင့် ဘန်ကောက်မှ ရန်ကုန်လေဆိပ်သို့ ဝ၄ မတ်လ ၂၀၁၇ တွင် ရောက်ရှိလာပြီး နောက်တစ်နေ့ ရန်ကုန်လေဆိပ်၊ ထိုင်းလေကြောင်းရုံးခွဲတွင် သွားရောက် ရွေးယူဖြစ်လေသည်။  

ပါတိတ်သုံးထည်ပြန်ရသဖြင့် ဝမ်းသာမှု ဖြစ်ရသည်ထက် စာရေးသူ ပေးပို့သည့် အီးမေးလ်များကို တလေးတစား ပြန်ကြားပေးသော ဂျာကာတာ လေဆိပ် တာဝန်ရှိသူများ၊ ဘန်ကောက်လေဆိပ် တာဝန်ရှိသူများနှင့် Thai Airways Public Company Limited ပိုင် ထိုင်းလေကြောင်းလိုင်း (Thai Airways International) တို့အား ကျေးဇူး အထူးတင်မိသည်။ ကိုယ့်အတွေ့အကြုံအရဆိုပါမူ မြန်မာ့အိမ်နီးချင်းတို့၏ လူထုဆက်ဆံရေး (Public Relations) သည် ကောင်းမွန်လှပေစွ။ စာရေးသူ စာတမ်းတစ်စောင် ရေးသားပြုစုစဉ် မြန်မာအစိုးရ ဝန်ကြီးဌာနအချို့သို့ ဝန်ကြီးဌာန အီးမေးလ်များမှတစ်ဆင့် ပေးပို့မေးမြန်းဖူးသည်။ မည်သူကမျှ အရေးတယူ ပြန်လည်တုံ့ပြန် အကြောင်းပြန်ကြားခြင်း မပြုကြချေ။ စာရေးသူ အတွေ့အကြုံအရ မြန်မာနာမည်ကြီး ပုဂ္ဂလိက ကုမ္ပဏီကြီး အချို့ပင်လျှင် အီးမေးလ်မှ မေးမြန်းသော သိလိုသည့် အကြောင်းအရာများကို တုံ့ပြန်ဖြေဆိုခြင်း မရှိတတ်ကြပေ။ မြန်မာတို့၏ လူထုဆက်ဆံရေး (Public Relations) သည် ညံ့ဖျင်းလှပေစွ။ 

စာရေးသူ၏ စာသင်ကြားခြင်း အတွေ့အကြုံများအရ၊ လုပ်ငန်းခွင် အတွေ့အကြုံများအရ မြန်မာလူငယ် အများအပြားတွင် ဆက်သွယ်ရေးဆိုင်ရာ အားနည်းချက်များ ရှိကြသည်။ မမေးမြန်းတတ်ကြပေ။ တစ်ဖက်၏ တုံ့ပြန်မှုရလိုလျှင် တစ်ဖက်ကို သတင်းအချက်အလက် အပြည့်အစုံ ပေးအပ်ရန်လိုသည်။ တချို့က တိုတိုတုတ်တုတ် ရေးသည်။ ဆိုကြပါစို့။ မည်သည့်နေ့၊ မည်သည့် လေယာဉ်ပေါ်တွင် ပါတိတ်သုံးထည် ပျောက်သွားသည်။ ပျောက်ဆုံးပစ္စည်း အချက်အလက်၊ ခုံနံပါတ်၊ လေယာဉ် ထွက်ခွာချိန်၊ ထွက်ခွာသည့် ဂိတ်အမှတ် အသေးစိတ်ကိုမူ မဖော်ပြကြပေ။ တစ်ဖက်က ပြန်မေးနေရသည်။ ဒီမှာတင် ဆက်သွယ်ရေးက အောက်သွားသည်။ တချို့က ရှည်ရှည်လျားလျား ရေးသည်။ ဇာတ်လမ်းတွေ အစအဆုံး ရေးသည်။ လိုရင်းကို မရောက်။ တစ်ဖက်က အစအဆုံး မဖတ်နိုင်ပေ။ မရှင်းသည်များကို ပြန်မေးနေရသည်။ ဒီမှာတင် ဆက်သွယ်ရေးက အောက်သွားပြန်သည်။ 

စာရေးသူ လုပ်ကိုင်ခဲ့သော နိုင်ငံတကာ အဖွဲ့အစည်းများ အတွေ့အကြုံအရ အလုပ်လာရောက် လျှောက်ထားကြသော လူငယ်များတွင် ဆက်သွယ်ရေး အားနည်းသည်ကို မကြာခဏ တွေ့ရတတ်သည်။ အချို့ဆိုလျှင် မေးချင်တာမေးပြီး သိရှိပြီးပါက ပြန်လည် သတင်းပို့ခြင်း မရှိတတ်ကြပေ။ ကျေးဇူးတင်စကား မဆိုတတ်ကြချေ။ မြန်မာ့လူ့အဖွဲ့အစည်းတွင် ကျေးဇူးစကား ဆိုရသည်ကိုပင် အားနည်းမှုအဖြစ် ရှုမြင်ကြသော လူအများအပြား ရှိပါသည်။ နောက်လိုအပ်မှ ပြန်မေးသည်။ တစ်ဖက်က မတုံ့ပြန်တော့ပေ။ စာရေးသူထံ လေဆိပ်များမှ ပျောက်ဆုံး ပါတိတ်အထည်များ မတွေ့ရှိကြောင်း အကြောင်း ပြန်သောအခါ စာရေးသူက ထိုသူတို့ထံ မိမိအတွက် ကောင်းသောသတင်း မဟုတ်ကြောင်း၊ သို့သော် အချိန်ပေးရှာဖွေပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း အကြောင်း ပြန်ခဲ့သည်။ စာရေးသူက ထပ်မံ မမေးမြန်းဘဲ သူတို့က မည်သည့်နေရာများတွင်ကော ရှာပြီးပြီလား၊ အကြောင်း ကြားပြီးပြီလား စသဖြင့် သတင်းပေး ထပ်ဆောင်း ကူညီကြသည်။ လူသား အချင်းချင်း အနည်းဆုံး အပြန်အလှန် အီးမေးလ်များဖြင့် ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့သည်။

အမှန်တော့ ဤဆောင်းပါးတွင် အဓိက ဆိုလိုရင်းမှာ ပါတိတ်လုံချည်အကြောင်း မဟုတ်ပေ။ အလုပ်တစ်ခုလုပ်ပါက အစအဆုံး လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ နောက်ဆုံးအချိန်အထိ မျှော်လင့်ချက် ရှိကြောင်း၊ အပြန်အလှန် အသိအမှတ်ပြုရန် လိုအပ်ကြောင်း၊ ဆက်သွယ်ရေး တည်ဆောက်တတ်ရန် လိုအပ်ကြောင်း ရေးသားထောက်ပြလိုခြင်း ဖြစ်သည်။ အမှန်တော့ ပါတိတ်သုံးထည်သည် မပျောက်ဆုံးခဲ့ပါက ဆောင်းပါးတစ်ပုဒ် ရေးသားရန်အကြောင်း ဖြစ်ပေါ်လာမည် မဟုတ်ပေ။ ဤဆောင်းပါး ဖြစ်တည်လာရန် ပါတိတ်များ ပျောက်ဆုံးပေးခဲ့ရသည်။ ပါတိတ်များ ရှာဖွေရန် အီးမေးလ်များ ပေးပို့ရ၊ ရန်ကုန်လေဆိပ်သို့ အပြန်အလှန် ဖုန်းများခေါ်ဆိုရ၊ လေဆိပ်သို့ တက္ကစီဖြင့် ပါတိတ်များ သွားရောက် ယူငင်ရ၊ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းလေသည်။ သို့သော် ယခုကဲ့သို့ ကြိုးစားအားထုတ် ရှာဖွေမှုများမှ အိမ်နီးချင်းနိုင်ငံ လေဆိပ်အဖွဲ့အစည်းများ၏ တုံ့ပြန်ဆောင်ရွက်ပုံများ သိရှိရသည်မှာ အဆိုးထဲမှ အကောင်းဟုပင် ဆိုရမည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သည်လည်း ယခုအခါ နိုင်ငံတကာ အဆင့်အတန်းနှင့်အညီ ပြင်ဆင်ပြုပြင် တိုးချဲ့ လုပ်ဆောင်လျက်ရှိသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ဝန်ဆောင်မှုများ၊ အကူအညီ လိုအပ်နေသူများအပေါ် တုံ့ပြန်ဆောင်ရွက်မှုများ မည်မျှ မြန်ဆန် ကောင်းမွန်မှု ရှိမည်ဆိုသည်ကို အများက လေ့လာ စောင့်ကြည့်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

အောင်အောင် (IR)

  • VIA