News

POST TYPE

PERSPECTIVE

အကြိမ်ကြိမ် လုပ်ကြံခံနေရဦးမယ့် ဗိုလ်ချုပ်အောင်ဆန်း
ခုတစ်လော အလုပ်တွေပိနေလို့ စာသိပ်မရေးတော့ဘူးလို့ စိတ်ကူးမိပေမယ့် မွန်ပြည်နယ်၊ ချောင်းဆုံက တံတားအမည်ပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေက အကျယ်အကျယ် ဖြစ်လာနေလို့ ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။ တကယ်တော့ ဒီကိစ္စက ပြဿနာ မဖြစ်ရမယ့် ကိစ္စမျိုး ဖြစ်တယ်။ အခုလို အချိန်ကာလမှာ တိုင်းရင်းသားဒေသတွေမှာ ဘာကိစ္စပဲဖြစ်ဖြစ် အထိမ်းအမှတ် နာမည်ပေးမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းအမည် အသုံးပြုဖို့ကို ရှောင်ရှားသင့်ပါတယ်။ တိုင်းရင်းသား ဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူတာတွေကို ရပ်ဆိုင်းသင့်ပါတယ်။ အရင်အစိုးရတွေ လက်ထက်တုန်းကဆိုရင် ထားတော့ဗျာ။ တမင်သက်သက်များ ကောင်းချင်ယောင်ဆောင်ပြီး သူ့လူကိုယ့်ဘက်သား ဗိုလ်ချုပ်ကို ချစ်ခင်ချင်ယောင်ဆောင်ပြီး ဗိုလ်ချုပ်နာမည် ကျဆင်းအောင် လုပ်သလားလို့ တွေးမိလိမ့်မယ်။ ဗိုလ်ချုပ်နာမည် ကျဆင်းရင် ဒေါ်အောင်ဆန်းစုကြည်လည်း ထိခိုက်တာပဲလေ။ အခု အရပ်သားအစိုးရ လက်ထက်ကျတော့လည်း နိုင်ငံရေးသမားတွေ သင်ခန်းစာ မယူတတ်ဘူးပဲ။ သူတို့ကိုယ်တိုင် ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံမိနေကြပြီ။ ခက်တာက ဒီနိုင်ငံမှာ နိုင်ငံရေးသမားတွေက နိုင်ငံရေး နားမလည်ဘဲ စစ်သားတွေ၊ ဘုန်းတော်ကြီးတွေက နိုင်ငံရေး နားလည်တာမျိုး ဖြစ်နေတယ်။

နိုင်ငံရေးသမားတွေ၊ စစ်သားတွေ၊ ဘုန်းတော်ကြီးတွေ ဆိုတာ ယေဘုယျ ခြုံငုံရေးသားတာပါ။ နိုင်ငံရေးသမားတွေက နိုင်ငံရေး နားမလည်လို့လည်း ဒီနိုင်ငံမှာ အကြိမ်ကြိမ် တိုင်ပတ်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး နားလည်တဲ့သူ ဆိုတာ ဒီအချိန်မှာ နိုင်ငံတော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို မကြိုးစားဘူး။ လက်ထဲ ထိုက်သလောက် အာဏာရနေပြီပဲ။ လုပ်ပိုင်ခွင့် ရှိနေပြီပဲ။ တိုင်းပြည်စီးပွား တိုးတက်ရေးကို အားသွန်လုပ်ဆောင်သင့်တယ်။ တိုင်းပြည်စီးပွား တိုးတက်လာတာနဲ့အမျှ နောက်တစ်ကြိမ် အထွေထွေရွေးကောက်ပွဲမှာ နောက်ထပ်ငါးနှစ် ဆိုတာ သေချာနေပြီ။ ခက်တာက အဲဒီလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာ စီမံအုပ်ချုပ်တတ်ဖို့ လိုတယ်။ စကားလှလှလေးတွေနဲ့ မရဘူး။ လက်တွေ့စွမ်းဆောင်ရည် ဆိုတာ လိုအပ်လာပြီ။ မစီမံ မအုပ်ချုပ်တတ်တော့၊ လက်တွေ့မစွမ်းဆောင်နိုင်တော့ နောက်ဆုံး နိုင်ငံတော် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆီ ရောက်သွားတာပေါ့။ 

နိုင်ငံရေး နားလည်တယ် ဆိုတာ အခြေအနေ အချိန်အခါ ကြည့်ရတယ်။ ကိုယ့်မှာ အင်အားရှိပြီလား။ မရှိဘူး။ မရှိလို့လည်း ၁၉၈၈ မှာ အရေးနိမ့်ခဲ့တာပေါ့။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ နောက်ပိုင်းမှာ အရေးနိမ့်ခဲ့တာပေါ့။ စစ်အစိုးရအဆက်ဆက် ပြည်သူ့တော်လှန်ရေးတိုင်း ကျရှုံးခဲ့တာပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာ တစ်ဖက်သတ် ရေးဆွဲခဲ့တယ်ဆိုတာ မှန်တယ်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲဟာ တစ်ဖက်သတ် လုပ်ဆောင်ခဲ့တယ် ဆိုတာ မှန်တယ်။ အဲဒါ လက်တွေ့နိုင်ငံရေးပဲ။ အဲဒီရွေးကောက်ပွဲ၊ အဲဒီဖွဲ့စည်းပုံ ကြိုက်ကြသလား။ အများစု မကြိုက်ကြဘူး။ သို့သော် ဘယ်သူမှ မတားဆီးနိုင်ခဲ့ဘူး။ ဘာလို့ မတားဆီးနိုင်သလဲ။ ကိုယ့်မှာ အင်အားမှ မရှိပဲ။ အခုတော့ အင်အားအချို့ ရှိလာပြီ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက တစ်ဆင့် ပြည်သူက တွန်းတင်လိုက်တဲ့ အင်အားတွေ ရှိလာပြီ။ သို့သော် ဒီအင်အားတွေက နိုင်ငံတော် ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်လောက်သည် အထိတော့ အင်အားမကောင်းသေးဘူး။ အင်အားဆိုတဲ့ နေရာမှာ ကိုယ်က လက်နက်ကိုင်ထားတဲ့သူ မဟုတ်ဘူး။ လက်နက်ကိုင် တော်လှန်ဖို့လည်း စိတ်ကူးမရှိဘူး။ ဒါကြောင့် အင်အားဆိုတဲ့ နေရာမှာ နိုင်ငံသားတွေရဲ့ ပညာရေး၊ ကျန်းမားရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး ဒါတွေ အားလုံးပါတယ်။ 

နိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်အောင် အရင်လုပ်ဆောင်ရမယ်။ တပ်နဲ့ပေါင်းရမယ်။ အမျိုးသားရေးဝါဒီတွေနဲ့ ပေါင်းရမယ်။ တိုင်းရင်းသားတွေနဲ့ ပေါင်းရမယ်။ ဒီလိုပူးပေါင်းတယ် ဆိုတာ တစ်ဖက်ကို ထောက်ခံတာ မဟုတ်ဘူး။ တိုင်းပြည်အကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်။ တိုင်းပြည်အားဖြစ်စေမယ့် အရာအားလုံး လုပ်ဆောင်ရမယ်။ အားရှိပြီ ဆိုတော့မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလို ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်ရမယ်။ မဖြေရှင်း မဆောင်ရွက်ခင် အားအင်စုဆောင်းရမယ်။ အားအင်တွေက ဘယ်မှာရှိလဲ။ တပ်မှာရှိတယ်။ တပ်ကို စိုးရိမ်စိတ် လျော့ပါးစေရမယ်။ အားအင်တွေ ဘယ်မှာရှိလဲ။ အမျိုးသားရေးဝါဒီတွေမှာ ရှိတယ်။ အမျိုးသားရေးဝါဒီတွေကို စိုးရိမ်စိတ် လျော့ပါးစေရမယ်။ အားအင်တွေ ဘယ်မှာရှိလဲ။ တိုင်းရင်းသားတွေမှာ ရှိတယ်။ တိုင်းရင်းသားတွေကို စိုးရိမ်စိတ် လျော့ပါးစေရမယ်။ အနည်းဆုံး ကိုယ့်အပေါ် ယုံကြည်မှုတွေ တိုးပွားစေရမယ်။ လွယ်တော့ မလွယ်ဘူး။ သို့သော် လုပ်ရင်ဖြစ်တယ်။ တစ်ဖက်ကို ဘယ်လိုစိုးရိမ်စိတ် လျော့ပါးစေမလဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဆိုင်းငံ့ထားရမယ်။ အမျိုးစောင့် ဥပဒေလို အရာမျိုးတွေကို ပြင်ဆင်ဖို့ မကြိုးပမ်းသင့်ဘူး။ တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေ၊ ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးတာတွေ ရပ်ဆိုင်းထားရမယ်။ ဖွဲ့စည်းပုံကို လုံးဝမပြင်ဆင်နဲ့၊ မျိုးစောင့်ဥပဒေကို လုံးဝမထိနဲ့၊ ဗိုလ်ချုပ်အောင်ဆန်း အမည်ကို လုံးဝမသုံးနဲ့လို့ ပြောတာမဟုတ်ဘူး။ အခုက အချိန်မကျသေးဘူးလို့ ဆိုချင်တာ ဖြစ်တယ်။ 

ဒီလိုဆို အဓိကကျတဲ့ တပ်နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။ ပါတီတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ကြိုးစားတဲ့သူတွေကို အလျင်မလိုဖို့ နားချဆွဲဆောင်ရမယ်။ မရရင် သူတို့ကို ပါတီက ထုတ်ပစ်ရမယ်။ ဒီနေ့မှာ ရှင်းဖို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာကို အားလုံးက လက်ခံထားတယ်နော်။ လက်ရှိအစိုးရ၊ တပ်၊ တိုင်းရင်းသား၊ အခြားနိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ အားလုံး ပြောထားပြီးသား။ ဖွဲ့စည်းပုံသည် ပြင်ဆင်ရမယ် ဆိုတာကို။ သို့သော် ဘယ်တော့နဲ့ ဘယ်လောက် အတိုင်းအတာအထိ ပြင်ဆင်မယ် ဆိုတာကတော့ အငြင်းပွားမှုတွေ ရှိနေတယ်။ သေချာတာ တပ်မပါရင် ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ မလွယ်ကူဘူး။ ဆိုတော့ တပ်နဲ့ အဆင်ပြေအောင် ညှိနှိုင်းလုပ်ဆောင်ဖို့ လိုတယ်။ ခေါင်းဆောင်တွေက တပ်နဲ့ အဆင်ပြေအောင် ကြိုးပမ်းတယ်။ အောက်ခြေက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတင်းဝင် ဆောင့်တွန်းနှဲ့နေတယ် ဆိုရင်တော့ မြန်မာ့နိုင်ငံရေး အခြေအနေက နာရီပိုင်း၊ ရက်ပိုင်းအတွင်း အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ 

တကယ်သာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မယ်ဆိုရင် ဒီလိုနာမည် အငြင်းပွားမှု ကိစ္စတွေက ဖြစ်စရာ အကြောင်းကို မရှိဘူး။ ရန်ကုန်မှာ လမ်းတွေ၊ နေရာတွေ အများကြီးရှိတယ်။ တိုင်းရင်းသားနာမည်တွေ ပေးလို့ရတယ်။ တိုင်းရင်းသား ဒေသတွေမှာလည်း မြန်မာနာမည်တွေ ပေးလို့ရတယ်။ အခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ရောယှက်နေကြတာပဲ။ သို့သော် ဒီမှာက ခေတ်အဆက်ဆက် နိုင်ငံရေးစနစ်တွေ မအောင်မြင်တဲ့ အခါကျတော့ တိုင်းပြည်အတွက် အသက်ပေးခဲ့တဲ့ အမျိုးသားခေါင်းဆောင်တွေပါ အပြောခံရတော့တာပေါ့။ ဗိုလ်ချုပ်သာသိရင် အတော်ခံရခက်မယ့် ဖြစ်ခြင်းဗျာ။ ဗိုလ်ချုပ်မကျေနပ်မှာ သူ့နာမည်ပေးတာကို မကျေနပ်လို့ ဆန္ဒပြနေကြတဲ့ မွန်တိုင်းရင်းသား ပြည်သူတွေကို မဟုတ်ဘူးဗျ။ ဒီလိုအကဲဆတ်တဲ့ အခြေအနေမျိုးမှာ တိုင်းရင်းသား ဒေသဘက်မှာ သူ့နာမည်ပေးတဲ့ သူတွေကို ဗိုလ်ချုပ် အတော်မကျေမနပ်ဖြစ်မှာ သေချာတယ်ဗျာ။ 

အင်္ဂလိပ်တွေ အုပ်ချုပ်စဉ် ၁၉၄၇ မှာ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတယ်။ လူသေတယ်။ နာမည်တော့ မသေဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူတွေ စိတ်ထဲ၊ နှလုံးသားထဲမှာ အမြဲရှင်သန်နေခဲ့တယ်။ စစ်အစိုးရလက်ထက်မှာ ၁၉၈၈ ကနေ ၂၀၁၀ လောက်အထိ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြန်တယ်။ စစ်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းပုံတွေကို လူမြင်ကွင်းက ဖယ်ရှားခဲ့သလို မြန်မာငွေစက္ကူတွေပေါ်က ဗိုလ်ချုပ်အောင်ဆန်း ပုံတွေကိုလည်း အစားထိုး ဖယ်ရှားခဲ့တယ်။ အဲဒီကာလ အာဇာနည်နေ့ အခမ်းအနားတွေကို မှေးမှိန်ခြောက်ကပ်စွာ ကျင်းပခဲ့ရတယ်။ အခု ပြည်သူ့အစိုးရဆိုတဲ့ လက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ နောက်တစ်ခါ လုပ်ကြံခံနေရပြန်ပြီ။ ဒီတစ်ခါ လုပ်ကြံသူတွေကတော့ ဗိုလ်ချုပ်ကို ချစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ပါတယ်။ နိုင်ငံရေး နားမလည်တဲ့ နိုင်ငံရေးသမားတွေ ဆိုပါတော့ဗျာ။ သူတို့ကြောင့် အခု မွန်ပြည်နယ် တံတားကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်း အမည်နာမနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေပြီ။ အဲဒီမတိုင်ခင် ဦးသိန်းစိန်လက်ထက် ကတည်းက တိုင်းရင်းသား ဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု စိုက်ထူတာနဲ့ ပတ်သက်ပြီး အချေအတင်တွေ ဖြစ်ခဲ့ပြီးပြီ။ တကယ်တော့ ဒီနေ့ဒီအချိန်က အမည်နာမ ကိစ္စ အငြင်းပွားစရာ မဟုတ်ဘူး။ 

မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စု အပီအပြင် မထွန်းကားသမျှ၊ စစ်မှန်တဲ့ ဒီမိုကရေစီ မရရှိသေးသမျှ တိုင်းရင်းသားဒေသတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနာမည်ကို ခပ်မှိန်မှိန်ပဲ အသုံးပြုရမယ်။ ဆိုတော့ ဒီနိုင်ငံမှာ နိုင်ငံရေးသမားတွေ တွက်ချက်လုပ်ဆောင်မှုတွေ မှားယွင်းနေသရွေ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အကြိမ်ကြိမ် လုပ်ကြံခံနေရဦးမှာ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။ 

အောင်အောင် (IR)