News

POST TYPE

PERSPECTIVE

ပြောင်းလဲမှုများနှင့် စိတ်ခေါ်မှုများကို ရင်ဆိုင်ကြခြင်း
01-Jul-2016 tagged as

မြန်မာနိုင်ငံ ဆရာများ အစည်းအရုံးသည် အစိုးရဟောင်း လက်ထက်ကတည်းက ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြု သည်ဖြစ်စေ ကျောင်းဆရာများ၏ အခွင့်အရေးကို တစ်ဖက်တစ်လမ်းမှ တိုက်ပွဲဝင်နိုင်ရန် ကြိုးစားအားထုတ်နေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သတိထားမိသည်။ ယနေ့လည်း UTA (University Teacher’s Association) အနေဖြင့် တရားဝင် ရပ်တည် လှုပ်ရှားနိုင်ရန် ကြိုးစားဆောင်ရွက်နေကြသည်။

ဇွန်လ ပထမပတ်ခန့်တွင် UTA အဖွဲ့မှ ဆရာများသည် ကျွန်တော့်ထံ ရောက်လာပြီး စာတမ်းတစ်စောင် ဖတ်ပေးရန် ပြောဆိုလာသည်။ အဆင့်မြင့်ပညာရေးတွင် နည်းပညာ၏ Changes and Challenges များကို ဆွေးနွေးရန်ဟု ပြောလာသောကြောင့် ပိုပြီး စိတ်ဝင်စားသွားသည်။ ကျောင်းဆရာဘဝက အငြိမ်းစား ယူပြီးကတည်းက နည်းပညာအကြောင်း တောက်လျှောက်ရေးနေသူ တစ်ယောက်အဖြစ် အသိအမှတ် ပြုနေကြသေးသဖြင့် ဝမ်းမြောက်ဝမ်းသာ စာတမ်းကိုရေးပေးရန် သဘောတူလိုက်ပါသည်။

ဇွန်လ ၂၀ ရက်နေ့တွင် စာတမ်းပြီးပါသည်။ UTA အဖွဲ့က စာတမ်းများကို ဇွန်လ ၂၅ ရက်နေ့တွင် စာပေဗိမာန်ခန်းမ၌ ဖတ်ရန် စီစဉ်ထားကြောင်း ပြောသည်။ အခမ်းအနားအစီအစဉ် စာရွက် ကျွန်တော့်ထံ ရောက်လာသည့်အခါ စာတမ်းဖတ်ကြားသူ တစ်ဦးကို မိနစ် ၃၀ သာ ပေးထားသည်။ Presentation မိနစ် ၂၀ လုပ်ပြီး ဆွေးနွေးချိန် ၁၀ မိနစ်ဟု ကန့်သတ်လိုက်သည့်အခါ PowerPoint ကို သီးခြား ပြင်ဆင်ရတော့သည်။ ကျွန်တော် ပြုစုထားသည့်စာတမ်းက A4 စာမျက်နှာ ၃၆ မျက်နှာခန့် ရှိသည်။ မိနစ် ၂၀ အတွင်း အပြည့်ဖတ်ကြားရန် မဖြစ်နိုင်။ သို့ဖြစ်ရာ အရေးကြီးစွာဖြင့် ပြောလို့သည့် အကြောင်းအရာကို ရွေးချယ်ရတော့သည်။ စာတမ်းဖတ်ပွဲကို တက္ကသိုလ်ကျောင်းသား အများစုလာမည် ဆိုသောကြောင့် သူတို့အတွက် တစ်ခုခုဆွေးနွေးနိုင်လျှင် ကောင်းမည်ဆိုပြီး PowerPoint ကို စီစဉ်ရသည်။

ဇွန်လ ၂၅ ရက်နေ့သည် စနေနေ့ဖြစ်ပါသည်။ မိုးလင်းသည် ဆိုကတည်းက ရွာလိုက်သည့်မိုးမှာ သည်းကြီးမည်းကြီး ဖြစ်သည်။ အခမ်းအနားက ၈ နာရီခွဲ စတင်မည် ဆိုသောကြောင့် လူတွေရောက်မှ ရောက်လာနိုင်ပါ့မလားဟု စိုးရိမ်သွားသည်။ သို့သော် နေရာက ကုန်သည်လမ်း၊ စာပေဗိမာန်ဆိုသဖြင့် တော်သေးသည်။ မြို့ထဲ အချက်အချာကျသည့် နေရာဖြစ်နေသောကြောင့် သွားလာရေးက အဆင်ပြေနေသည်။

ဆရာများ အစည်းအရုံးက ဆရာတွေ တက်ကြွစွာဖြင့် လှုပ်ရှားနေရသည်ကို မြင်ရသည်မှာ အားရစရာကောင်းလှသည်။ အခမ်းအနားသို့ မန္တလေး၊ နန်းရှေ့မှ ဖောင်တော်ဦးကျောင်း ဆရာတော်ကြီးကိုယ်တိုင် စာတမ်း တက်ဖတ်မည်ဆိုသဖြင့် ပိုပြီး အားတက်မိသည်။ ဆရာတော်ကြီး ဘဒ္ဒန္တနာယကသည် ရဟန်းဖြစ်သော်လည်း ခေတ်မီပညာရေးနှင့် ခေတ်မီ သင်ကြားရေးများကို အထူးဦးစားပေးသည့် ခေတ်မီဆရာတော်ကြီး တစ်ပါး ဖြစ်သည်။ ဆရာတော်တင်ပြမည့် စာတမ်းက ‘Time to Change’ ဖြစ်သည်။

အခမ်းအနားကို နံနက် ၉ နာရီခွဲလောက်မှ စတင်ဖြစ်သည်။ အဖွင့် အမှာစကားကို UTA မှ ဆရာ ဒေါက်တာအာကာမိုးသူနှင့် ဆရာကြီး ဒေါက်တာမင်းသိမ်းတို့က ပြောကြားပေးသည်။ ဆရာကြီး ဒေါက်တာမင်းသိမ်းက တက္ကသိုလ်များတွင် Autonomy ဆုံးရှုံးနေမှုကို အဓိကထားပြီး ပြောသွားသည်။ ခေတ်အဆက်ဆက် အစဉ်အလာရှိခဲ့သော တက္ကသိုလ်များ၏ Autonomy ကို ပြန်ပေးရန် ပြောဆိုသွားသည်မှာ အလေးထားစရာဖြစ်သည်။

အစီအစဉ်အရ ဖောင်တော်ဦးဆရာတော် ဘဒ္ဒန္တနာယကသည် ပထမဆုံးစာတမ်းရှင် အဖြစ် ‘Time to Change’ ကို စတင်ဆွေးနွေး သည်။ ဆရာတော်က တည်ငြိမ်အေးချမ်းစွာဖြင့် မြန်မာနိုင်ငံပညာရေးတွင် စာမေးပွဲစနစ်ကြီး၏ အဓိပ္ပာယ်မဲ့စွာ လွှမ်းမိုးထားမှုများကို ထောက်ပြ သွားသည်။ မလိုအပ်သော၊ ခေတ်မမီသော စာမေးပွဲစနစ်ကြီးကြောင့် မိမိကိုယ်ကိုယ် သတ်သေမှုများ ဖြစ်နေခြင်းကို ထောက်ပြထားသည်။ စာမေးပွဲစနစ်ကို အောက်ခြေ အခြေခံပညာရေးတွင် အကြီးအကျယ် သဘောထားပြီး လုပ်နေကြသော်လည်း အဆင့်မြင့်ပညာရေးနှင့် အချိတ်အဆက် မရှိပုံကို ဝေဖန်သည်။ ဆရာတော်ကြီး နိုင်ငံတကာ ပညာသင် ကျောင်းစနစ်များကို လှည့်လည်လေ့လာစဉ်က စာမေးပွဲမရှိသော၊ စာ မေးပွဲ မသိသောနိုင်ငံများက ကျောင်းသားများနှင့် ဆရာများကို ဆွေးနွေးခဲ့ပုံများအား ဝေဖန်ထောက်ပြသည်။

ဒုတိယစာတမ်းရှင်မှာ ဒေါ်ခင်မမမျိုးဖြစ်သည်။ သာမန်မထင်မရှား အရပ်သူတစ်ဦး ပုံစံဖြင့် စင်မြင့်ပေါ် တက်လာပြီးနောက် ပြောဆိုဆွေး နွေးသွားသည့် ခေါင်းစဉ်မှာ ‘Higher Education Dynamics of the Knowledge Society’ ဖြစ်သည်။ အဖွင့်မှာက တည်းက ဆရာမသည် သူ့ကို နေပြည်တော်က ဟောပြောပွဲတစ်ခုအတွက် ဖိတ်ကြားမှုနှင့် စကားစလိုက်သည်။ နေပြည်တော်က မြန်မာအမျိုးသမီး ဝတ်စုံဖြင့် တက်ရောက်ရန် ပြောလာသည်ကို ပုဂံခေတ် ဝတ်စုံလား၊ အင်းဝခေတ် ဝတ်စုံလား၊ လွတ်လပ်ရေးမရမီခေတ် ဝတ်စုံလားဟု ပြန်မေး လိုက်သောကြောင့် ရစ်သည်ဟု အထင်ခံရပုံကို ပြန်ပြောပြသဖြင့် ပွဲကျသွားသည်။

ဆရာမ ဒေါ်ခင်မမမျိုးက လူငယ်များကို မိမိတို့ဝါသနာမပါသည့် အမှတ် ကောင်းသောကြောင့် ဆရာဝန်ဖြစ်လာရမှုများကို ဝေဖန်ဆွေးနွေးသည်။ တက္ကသိုလ်ဝင်တန်းတွင် ဘာသာစုံ ဂုဏ်ထူးရ၊ အမှတ်ကောင်းပြီး ဆရာဝန်ဖြစ်လာသူတိုင်း ဆရာဝန်အလုပ်ကို လုပ်နေကြပါသလားဟု မေးခွန်းထုတ်သည်။ ထို့ပြင် တက္ကသိုလ်များတွင် ဖြစ်သလို နေထိုင်ခဲ့ကြ ပြီးနောက် အချိန်တန်လျှင် ဘွဲ့လေးတစ်ဘွဲ့ ယူလိုက်ကြရုံဖြင့် တာဝန်ကျေပြီလား။ ကိုယ်ယူထားသည့် ဘွဲ့များသည် ကိုယ်နှင့် တကယ်ထိုက်တန်ရဲ့ လားဟု မေးခွန်းထုတ်ထားသည်။

မြန်မာနိုင်ငံ ပညာရေးစနစ်တွင် ဒေါက်တာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေ ဖောင်းပွလွန်းသည်။ သူတို့နိုင်ငံများတွင် ဘယ်လိုကြိုးစားမှ ဒေါက်တာဘွဲ့၊ ပါရဂူဘွဲ့များကို ရနိုင်ကြောင်း ပြောသည်။ သူကိုယ်တိုင် အင်္ဂလန်တွင် တက်ရောက်သင်ယူခဲ့ရသည့် ဒေါက်တာဘွဲ့အကြောင်း ပြောသည်။ အင်္ဂလန်မှာ ဘွဲ့ယူလာပြီးနောက် မြန်မာနိုင်ငံ ပြန်ရောက်လာသည်။ မြန်မာနိုင်ငံ တက္ကသိုလ်တွင် စာပြသည့်ဆရာမ ဝင်လုပ်လိုသောကြောင့် အလုပ်လျှောက်သည်။ မြန်မာနိုင်ငံမှ ဘွဲ့မရခဲ့သောကြောင့် အလုပ်မခန့်နိုင်။ စာပေးစာယူ ပြန်တက်ပြီး ဘွဲ့တစ်ဘွဲ့ယူရန် ပြောခြင်းခံရသည်ဟု ထောက်ပြသွားသည်မှာ မြန်မာ့ပညာရေးကို အုပ်ထားသည့်အဖုံးအား ဖွင့်ပြလိုက်သလို ဖြစ်စေသောကြောင့် ပွဲကျသွားသည်။

တတိယအလှည့်မှာ ကျွန်တော် ပြောဆိုရမည့်အလှည့် ဖြစ်ပါသည်။ လက်ဖက်ရည်သောက်ချိန် မိနစ် ၂၀ ခန့်နားပြီးလျှင် အခမ်းအနားအစီ အစဉ်ကို ပြန်စတင်သည်။ ကျွန်တော်က ‘Technological Challenges in Higher Education’ ခေါင်းစဉ်ဖြင့် ဟောပြောရပါသည်။

နည်းပညာ အလှည့်အပြောင်းကို နယ်ပယ်တိုင်းတွင် ကြုံတွေ့ရသည်။ ပြောင်းလဲ စိန်ခေါ်လာသည့် နည်းပညာကို လက်တွဲကြိုဆိုခြင်း မပြုနိုင်လျှင် နောက်ကျကျန်ခဲ့မည်သာ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာတွင် အဆင့်မြင့်ပညာရေး၌ ပြုပြင်ပြောင်းလဲမှုများကို အများဆုံး လုပ်ဆောင်နေ ကြသည်။ အများက ပြုပြင်ပြောင်းလဲနေချိန်တွင် မြန်မာနိုင်ငံက ဆင်းရဲသည်ဆိုကာ ကိုယ့်အိုးနှင့်ကိုယ့်ဆန် တန်ရုံမျှ လုပ်ကြရအောင်ဟု သဘောထားပြီး အချိန်ဆွဲနေရမည့်ခေတ် မဟုတ်ပေ။

အစဉ်အလာ သင်ကြားမှုများကို လေ့လာကြည့်လျှင် ဆရာက အတန်းထဲသို့ ဝင်လာပြီး တပည့်တွေကို ရှေ့ဆုံးမှ သင်ကြားပို့ချကြသည်။ တပည့်တွေ လိုချင်မှန်း၊ မလိုချင်မှန်းမသိ။ ကိုယ်သင်ရန် ပြင်ဆင်လာသည့် အကြောင်းအရာများကို မိနစ် ၄၀ မှ တစ်နာရီခန့် တောက်လျှောက်ဟောပြော ပို့ချပြီး အခန်းထဲက ပြန်ထွက်သွားသည်။ သူ့တာဝန်က ဟောပြော ပို့ချရန်၊ ကျောင်းသားများ နားလည်ခြင်း၊ နားမလည်ခြင်းကို စာမေးပွဲဖြင့်သာ စစ်ဆေးလိမ့်မည်။ Critical Thinking သဘောတရားတွေကို သူစိတ်မဝင်စား။ အချိန်တန်လျှင် သူ့တာဝန် ပြီးဆုံးသွားရေးကိုသာ စိတ်ဝင်စားသည်။ အစဉ်အလာ စာသင်ခန်းများ၏ သဘောတရား ဖြစ်သည်။

၂၁ ရာစုသည် Push and Pull သဘောတရားများ ခေတ်စားလာသည်။ ယခင်က Push ဆိုသည်မှာ ကျောင်းသားများကို စာကျက်ရန်၊ စာမေးပွဲဖြေရန် နောက်က တွန်းကြခြင်းဖြစ်သည်။ ကျောင်းသားက စိတ်မဝင်စားလည်း တွန်းအားဖြင့် ပါသွားကြမည်သာ ဖြစ်သည်။ ခေတ်သစ်ပညာရေးမှာ ကျောင်းသားကို တွန်း၍မရ။ ကျောင်းသား အလိုရှိသည်များကို ဆရာက တွန်းပို့ပေးရမည့် ခေတ်ဖြစ်လာသည်။ ကျောင်းသားများ လိုအပ်သည့် သတင်း အချက်အလက်များ၊ အကြောင်း အရာများ၊ ဒေတာများ၊ ဗဟုသုတများကို သူတို့ လိုအပ်ချက်အရ တောင်းဆိုမှုပြုလာလျှင် ဆရာများကို သူတို့လိုအပ်သည်ကို Push လုပ်ပြီး ကျောင်းသားများက လိုအပ်ချက်မှန်သမျှကို Pull လုပ်ကြမည့်ခေတ် ဖြစ်လာသည်။

၂၁ ရာစုတွင် Flipped Classroom များ ခေတ်စားလာသည်။ ယင်းစာသင်ခန်းများသည် အစဉ်အလာ စာသင်ခန်းများကို အသွင် ပြောင်းလိုက်သည်။ နည်းပညာကို စာသင်ခန်းများအတွင်း ထည့်သွင်းလာသည်။ ကွန်ပျူတာများကို ကျောင်းသားတိုင်း ကိုင်ဆောင်လာနိုင်စေရန် အားထုတ်လာကြသည်။ ဆရာတွေကလည်း နည်းပညာ အထောက်အကူဖြင့် သင်ကြားလာသည်။ ကွန်ပျူတာ၊ အင်တာနက်သည် ခေတ်သစ်သင်ကြားမှု သင်ယူမှုဖြစ်စဉ်တွင် မရှိမဖြစ် အရေးပါလာသည်။

ကျောင်းသို့ ယူဆောင်လာရသည့် ကျောင်းသားများ၏ စာအုပ် အလေးချိန်များသည် ၂၅ ပေါင်မှ ပေါင် ၃၀ ခန့်အထိ ရှိသည်။ Laptop တစ်လုံး၏ အလေးချိန်က ၅ ပေါင်ခန့်သာ ဖြစ်သည်။ Laptop ထဲတွင် ကျောင်းသုံးစာအုပ်များ ရာနှင့်ချီ ထည့်သွင်းနိုင်သည်။ အဘိဓာန်များ ထည့်ထားနိုင်သည်။ ကွန်ပျူတာနှင့် အင်တာနက်သုံးပြီး Google Search တွင် အကြောင်းအရာတစ်ခုကို ဝင်ရှာလိုက်လျှင်ပင် အကြောင်းအရာ သိလိုမှုတစ်ခုကို သိန်းသန်းချီပြီး ရှာဖွေဖတ်ရှုနိုင်သည်။ ထို့ကြောင့် ကွန်ပျူတာ အင်တာနက်နှင့် နည်းပညာများကို အဆင့်မြင့်ပညာရေးတွင် မဖြစ်မနေ အသုံးပြုနိုင်ရေး အတွက် ဖော်ဆောင်ပေးရန် လိုအပ်လာကြောင်း တို့ကို အလေးပေး ဆွေးနွေးခဲ့သည်။

ထို့ပြင် ကျောင်းသားသမဂ္ဂ အနေဖြင့် ကျောင်းသားအကျိုးကို အမှန်တကယ် ဆောင်ရွက်လိုသည် ဆိုပါက သမဂ္ဂဆိုသည်မှာ နိုင်ငံရေး တစ်ခုတည်း သီးသန့်လုပ်သည် ဆိုသည့် အစွဲကို ဖျောက်နိုင်စေရန် ကြိုးစားကြရမည်။ ကျောင်းသားကျောင်းသူများ အတွက် သွားလာရေး၊ စားသောက်ရေး၊ နေထိုင်ရေး၊ တီထွင်ဖန်တီးနိုင်ရေးများ အပြင် တက္ကသိုလ်ဌာန အသီးသီးသည် ကိုယ်ပိုင် Website များထောင်ပြီး လေ့လာ ကိုးစားနိုင်သော နေရာများ ထူထောင်ရန် ပြောခဲ့ပါသည်။

တက္ကသိုလ်က ဘွဲ့ရပြီးမှ ကွန်ပျူတာ ပြန်သင်နေကြရသည့်ဘဝ၊ LCCI တက်ရသည့်ဘဝ၊ လုပ်ငန်းခွင်အတွေ့အကြုံ ပြန်ယူနေကြရ သည့်အစား တက္ကသိုလ်မှာကတည်းက လုပ်နိုင်ကိုင်နိုင်ခွင့်များ၊ ပြင်ပလုပ်ငန်းခွင့်နှင့် ဆက်စပ်မှုများ၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးနိုင်မှုများအတွက် နည်းပညာကို အလေးပေးသည့် အဆင့်မြင့်ပညာရေး ဖြစ်ရန် ဆွေးနွေးခဲ့ပါသည်။

ဇွန်လ ၂၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော Changes and Challenges in Higher Education စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်ပေါင်း ၉ ဦးတက်ရောက် ဖတ်ကြားခဲ့ပါသည်။ ကျန်သော စာတမ်းရှင်များ၏ ဟောပြောဆွေးနွေးမှုများကို အလျဉ်းသင့်သလို ဖော်ပြရေးသားရန် ရှိပါသည်။ မြန်မာနိုင်ငံ အဆင့်မြင့်ပညာရေးမှာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးရန် များစွာ လိုအပ်နေပါသေးသည်။ တံခါးကို ဖွင့်ပေးလိုက်လျှင် အမှိုက်များ ဝင်လာမည်ကို အာဏာပိုင်တွေက ကြောက်နေကြသည်။ လေကောင်းလေသန့်လေးတွေ ရှူခွင့်ရမှာပါလား ဆိုသည့် အတွေးအမြင်ဖြင့် ရဲတင်းစွာ ဖွင့်ပေးထားသင့်ပါသည်။

တက္ကသိုလ်တိုင်း ကိုယ်ပိုင်ဆုံးဖြတ် စီရင်ပိုင်ခွင့်များဖြင့် ကျောင်းသားအကျိုး၊ ဆရာဆရာမများ အကျိုး၊ ပညာအကျိုး၊ နိုင်ငံအကျိုးကို အထောက်အကူပြုနိုင်သော ရှေ့တန်း စခန်းကြီးများ ဖြစ်စေချင်ပါသည်။ စိန်ခေါ်မှုများကို အမှန်တကယ် ပြုပြင် ပြောင်းလဲလိုသူများနှင့်သာ ကျော်ဖြတ်နိုင်မည် ဖြစ်သောကြောင့် ပြောင်းလဲလိုစိတ်ဖြင့် ယခုလို စာတမ်းဖတ်ပွဲများကို တတ်နိုင်သည့်ဘက်က ကြိုးစား လုပ်ဆောင်ပေးနေသည့် UTA အဖွဲ့၏ စိတ်ဓာတ်နှင့် စေတနာကို အလေးအမြတ် ပြုလိုက်ပါသည်။

တင်ညွန့်

  • TAGS