News

POST TYPE

PERSPECTIVE

ပဲခူးတိုင်း အစိုးရအဖွဲ့ကို တိုင်းလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဝေဖန်
05-Mar-2017 tagged as လွှတ်တော်

ပြည်၊ မတ် ၎

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများ အနေနှင့် အောက်ခြေဝန်ထမ်းများနှင့် ထိတွေ့မှု အားနည်းနေပြီး အစိုးရအဖွဲ့ ကတိကဝတ်များဖြင့် လုပ်ဆောင်ရန် လိုအပ်နေကြောင်း ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်က ဝေဖန်ပြောကြားသည်။

အဆိုပါ ပြောဆိုမှုကို မတ်လ ၃ ရက်နေ့က ပြည်မြို့သို့  လူငယ့်ရိပ်မြုံ ဖြစ်မြောက်ရေး အလှူငွေပေးအပ်ပွဲသို့ ခေတ္တရောက်ရှိသော ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက မီဒီယာအချို့နှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

မြို့နယ်အဆင့်ရှိ ကိစ္စရပ်များကို ပဲခူးတိုင်းဒေသကြီး အစိုးရအဆင့်မှ ဝန်ကြီးတစ်ဦးဦးက  ဌာနဆိုင်ရာအလိုက် အဆင့်ဆင့် အချက်အလက်ရယူရာတွင် အချက်အလက်များ လွဲချော်မှုများ ရှိနေကြောင်း၊ ယင်းအခြေအနေကြောင့် အောက်ခြေဝန်ထမ်းများနှင့် ထိစပ်မှု အားနည်းနေသည်ကို  တွေ့ရကြောင်း ၎င်းက ရှင်းပြသည်။ 

“အစိုးရအဖွဲ့က ကတိကဝတ်ပေးထားပြီး လုပ်ဆောင်ပြီးတာ၊ မလုပ်ရသေးတဲ့ ကိစ္စတွေ၊ ခွဲခြားသတ်မှတ်ပြီး လာမည့်လွှတ်တော်မှာ ကတိကဝတ် ကော်မတီကနေ အဆိုတင်ဖို့ ရှိတယ်” ဟု ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်က ပြောဆိုသည်။ 

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်တစ်ခုတွင် နှစ်ဦးစီ ရှိပြီး၊ ပါတီရုံးများမှာလည်း ကျေးလက်အထိ ရှိသောကြောင့် လွှတ်တော်အနေနှင့် တင်ပြသည့် အချက်အလက်များ လွဲ မလွဲ သိနိုင်ကြောင်း ၎င်းက ပြောကြားသည်။  

“အစိုးရအဖွဲ့တွေက အောက်ခြေနဲ့ ထိတွေ့မှု နည်းတာကို လက်ခံပါတယ်၊   လွှတ်တော်ကိုယ်စားလှယ်ကတော့ ကိုယ့်ဒေသအလိုက် လုပ်စရာတွေ တင်ပြတယ်၊  အစိုးရ အနေနဲ့ကတော့ ရတဲ့ဘတ်ဂျက်ပေါ် မူတည်ပြီး ဒေသအလိုက် ခွဲဝေပေးရတာ ရှိတယ်၊ လွှတ်တော်ကိုယ်စားလှယ်က ဒေသအတွက် တောင်းတယ်၊ အစိုးရက မျှတတဲ့အချိုးနဲ့ ဘဏ္ဍာငွေ ခွဲပေးရတော့ မလောက်ဘူး၊ လွှတ်တော်နဲ့ တိုင်းအစိုးရကြား ပွတ်တိုက်မှုလေးတွေ ရှိတယ်” ဟု ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ပြောသည်။

မတ်လ ၂၀ ရက်နေ့တွင် စတင်မည့် ပဲခူးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် အစိုးရက ကတိကဝတ်ပြုပြီး လုပ်ဆောင်ပြီးသည်များ၊ လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်များ ခွဲခြားပြီး လုပ်ဆောင်ရန် အဆိုတင်မည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။