News

POST TYPE

PERSPECTIVE

တကသ အဆောက်အအုံ ပြန်ဆောက်ရေး ကျောင်းသားမျိုးဆက်အားလုံး ယခုလကုန် တွေ့မည်
23-Feb-2017

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ဦးနေဝင်း အစိုးရလက်ထက် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ရေးကော်မတီ ဖွဲ့စည်းရန် ယခုလကုန်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းသားမျိုးဆက် အားလုံး တွေ့ဆုံမည် ဖြစ်ကြောင်း ကျောင်းသားမျိုးဆက်များထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်တွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးများ၊ ကျောင်းသားမျိုးဆက်များ၊ ယင်းပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ယင်းကိစ္စ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ကော်မတီကို ဖွဲ့စည်းနိုင်ရေး ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကျောင်းသားမျိုးဆက် အားလုံး တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

တကသကျောင်းသား ကိုဇေယျာလွင်က “အဲဒီနေ့မှာ အဓိက မိန်းကော်မတီကို ဖွဲ့ပါလိမ့်မယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ တစ်ကျောင်းချင်းစီဆိုင်ရာ ဖွဲ့ထားတဲ့ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အားလုံးကို ဖိတ်ကြားရေး ကော်မတီကိုယ်စား ကျွန်တော်တို့ လက်ရှိမျိုးဆက်က ဖိတ်သွားမှာပါ။ တစ်ကျောင်းချင်းဆိုင်ရာ မဟုတ်တဲ့ တခြားကျောင်းသားသမဂ္ဂ အဖွဲ့အစည်းတွေကိုတော့ ကော်မတီက ဖိတ်သွားမှာပါ” ဟု ပြောကြားသည်။

ယင်းကော်မတီသည် ပြန်ဆောက်မည့် တကသ အဆောက်အအုံပုံစံ၊ တင်ဒါကိစ္စ၊ တည်ဆောက်မည့်နေရာ၊ ဘဏ္ဍာရေး ကိစ္စများကို ဆွေးနွေးမည် ဖြစ်ပြီး ပြန်ဆောက်ရာတွင် အစိုးရအနေနှင့် ဝင်ရောက်ထိန်းချုပ်မည် မဟုတ်ဘဲ ပံ့ပိုးကူညီရုံသာ ဖြစ်ကြောင်း ဆွေးနွေးရာတွင် ပါဝင်သည့် ၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးက ပြောကြားသည်။

“ဒါကိုဆောက်တဲ့အခါ အစိုးရတစ်ရပ်ရပ်ရဲ့ ထောက်ပံ့ငွေနဲ့ဆောက်မှာ မဟုတ်ပါဘူး။ ပြည်သူလူထုရဲ့ ထည့်ဝင်ငွေ၊ လက်ရှိလုပ်ကိုင်နေတဲ့ ကျောင်းသားတွေရဲ့ လိုလားချက်နဲ့အတူ ဒါကိုဆောက်မှာပါ” ဟု ဦးမြအေးက ပြောသည်။

ထိုအစည်းအဝေးသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကိုလည်း ဖိတ်ကြားမည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ရေးကိစ္စအပေါ် လက်ရှိ ကျောင်းတက်နေသည့် ကျောင်းသားများ၏ သဘောထားကို ဦးစားပေးမည် ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက် အစည်းအဝေးတွင် တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေး ဖွဲ့စည်းရေးအဖွဲ့ကို အဖွဲ့ဝင် စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း တက်ရောက်ဆွေးနွေးခဲ့သည့် ကျောင်းသားမျိုးဆက် အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သူများထံမှ သိရှိရသည်။                                 

J - 09