News

POST TYPE

PERSPECTIVE

စစ်ပွဲ ရပ်၏ မရပ်၏
20-Feb-2017

စစ်ပွဲတွေဖြစ်လာရင် ပထမဦးဆုံး ကြုံတွေ့ရတာကတော့ စစ်ဆင် ရေးအသုံးစရိတ် ကုန်ကျခြင်းပါပဲ။ ဒုတိယကတော့ စစ်ပွဲဖြစ်ရာ ဒေသအတွင်းက ပြည်သူများ အတိဒုက္ခရောက်ခြင်း၊ တတိယအနေနဲ့ နှစ်ဦးနှစ်ဖက် စစ်သားများ၊ ဒေသတွင်းပြည်သူများ သေကျေပျက်စီးခြင်း ဖြစ်ပွားပါတယ်။ ပြည်ပကျူးကျော်စစ် ဆိုရင်တော့ တိုင်းပြည်ရဲ့ သဘာဝ သယံဇာတ၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ အမျိုးသားရေးစရိုက် လက္ခဏာ၊ ပညာရေး များ ဆုံးရှုံးရပါတယ်။ ပြည်တွင်းစစ်ပွဲဆိုရင် တိုင်းရင်းသား လူမျိုးစုများ စည်းလုံးမှု ပြိုကွဲခြင်း၊ ကာလကြာရှည်လာတာနဲ့ အမျှ လမ်းပန်းဆက်သွယ်ရေးများ ဆိုးဝါးလာခြင်း၊ ဒေသအတွင်းလိုအပ်တဲ့ အခြေခံအဆောက်အဦနဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ဒေသတွင်းမတိုးတက်ခြင်းနဲ့ နေရာဒေသအလိုက် တိုးတက်မှုကွာဟချက် ကြီးမားလာခြင်း၊ နယ်စပ်ဒေသ ကုန်သွယ်မှုထိခိုက်ခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ နိုင်ငံရေးမတည် ငြိမ်ခြင်း၊ စစ်ဖြစ်ပွားရာ ဒေသအတွင်း ပညာရေး နိမ့်ကျနေမှုကြောင့် လူသားအရင်းအမြစ် ပြုန်းတီးမှုဖြစ်ခြင်း၊ နိုင်ငံတကာ ပုံရိပ်ကျဆင်းခြင်းနဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ တိုးတက်မှု နှေးကွေးခြင်းများ ဖြစ်စေပါတယ်။

ဒီနေ့ခေတ် နိုင်ငံတကာမှာ စစ်ဆင်ရေး အသုံးစရိတ်တွေ ဘယ်လိုမျိုးသုံးနေလဲဆိုတာ သိရဖို့ နိုင်ငံတကာ အတွေ့အကြုံရှိတဲ့ သူငယ်ချင်းတစ်ဦးကို မေးမြန်း ကြည့်မိပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ စစ်တိုက်ရာမှာ သမ္မတအနေနဲ့ လွှတ်တော်မပါဘဲ ဆုံးဖြတ်ခွင့်ရှိပါတယ်။ သို့ပေမယ့် စစ်ဆင်ရေး သီးသန့် အသုံးစရိတ်ကို လွှတ်တော်က ခွင့်ပြုရတာဖြစ်လို့ သမ္မတဟာ စစ်တိုက်တော့မယ်ဆိုရင် လွှတ်တော်ကို အကျိုးအကြောင်း ဆီလျော်စွာ ရှင်းလင်းတင်ပြဖို့ တာဝန်ရှိပါတယ်။ လက်ရှိ ပြည်တွင်းစစ်ဖြစ်နေဆဲ အိန္ဒိယ၊ နီပေါနဲ့ သီရိလင်္ကာနိုင်ငံများကို ကြည့်မယ်ဆိုရင် စစ်ဆင်ရေး အသုံးစရိတ်ဟာ ပုံစံတစ်မျိုးနဲ့ ရှိနေပါတယ်။ ပြည်နယ်တစ်ခုမှာ သူပုန်ထပြီဆိုရင်၊ ပြည်တွင်း သောင်းကျန်းမှု ဖြစ်ပြီဆိုရင် နှိမ်နင်းဖို့ရာအတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရမှာ တာဝန်ရှိပါတယ်။ ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ အခြား လုံခြုံရေးတပ်ဖွဲ့များကိုသုံးပြီး ပြည်တွင်း သောင်းကျန်းမှုကို နှိမ်နင်းပါတယ်။ ဒီလိုနှိမ်နင်းလို့ မအောင်မြင်ဘူးဆိုရင် ပြည်နယ် အစိုးရဟာ သမ္မတမှတစ်ဆင့် လွှတ်တော်ကိုတင်ပြပြီး တပ်မတော်ကို အသုံးပြုဖို့ ခွင့်တောင်းရပါတယ်။ တချို့နိုင်ငံတွေမှာတော့ သမ္မတဆီကို တိုက်ရိုက်တင်ပါတယ်။

ဒီလိုမျိုး တပ်မတော်ကို အသုံးပြုမယ်ဆိုရင် အင်အား ဘယ်လောက်ကို ဘယ်ကာလအထိ သုံးမလဲဆိုတာကို တစ်ခါတည်း အတည်ပြုကြရပါတယ်။ ဥပမာအနေနဲ့ တင်ပြရရင် တပ်မ ၃ ခုနဲ့ တစ်နှစ်တိုက်မယ် စသဖြင့် ဖြစ်ပါတယ်။ လွှတ်တော်မှာ စစ်တိုက်ဖို့ အတည်ပြုပြီးမှာ ၎င်းပြည်နယ်မှာ တိုက်မယ့် စစ်ဆင်ရေးအတွက် သီးသန့် အသုံးစရိတ်ကို ချမှတ်ခွင့်ပြုပေးပါတယ်။ တပ်မတော်ရဲ့ သာမန် အသုံးစရိတ်ထဲကနေ စစ်မတိုက်ပါဘူး။ စစ်တိုက်ချင်ရင် သီးခြား အသုံးစရိတ်တင်ရမှာ ဖြစ်ပါတယ်။ လွှတ်တော်က နေခွင့်ပြုပြီဆိုရင် အသုံးပြုမယ့်တပ်တွေကို သက်ဆိုင်ရာ ပြည်နယ်ကိုစေလွှတ်ပါတယ်။ သတ်မှတ်ကာလအတွင်း ပြည်တွင်း သောင်းကျန်းမှု မချုပ်ငြိမ်းသေးရင် လွှတ်တော် သို့တည်းမဟုတ် သမ္မတကိုပြန်လည်တင်ပြပြီး သက်တမ်းတိုးရပါတယ်။ ဒါဟာ သာမန် လုပ်ရိုးလုပ်စဉ်ဖြစ်ပါတယ်။ နိုင်ငံ တစ်ခုနဲ့တစ်ခု ကွဲပြားနိုင်ပေမယ့် အခြေခံအားဖြင့်တော့ ဒီသဘောပါပဲ။

မြန်မာနိုင်ငံမှာကတော့ ဒီမိုကရေစီနိုင်ငံ ကူးပြောင်းခါစဖြစ်တဲ့အပြင် ပြည်နယ်အစိုးရများရဲ့ အတွေ့အကြုံအရ ပြည်နယ်တွင်း သောင်းကျန်းသူ ချေမှုန်းရေးကို သီးခြား မလုပ်နိုင်သေးပါဘူး။ ဒီလိုမျိုးပဲ လက်ရှိအနေအထားအရ သောင်းကျန်းသူ ချေမှုန်းရေးအတွက် တပ်မတော်ကို သီးခြား စစ်ဆင်ရေး အသုံးစရိတ် ချပေးနေတာမျိုးလည်း မရှိသေးပါဘူး။ ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့လို ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်း အများကြီးရှိ နေတဲ့နိုင်ငံအတွက် တစ်ခုလည်းကောင်းသလို တစ်မျိုးလည်း ဆိုးနေပါတယ်။ တိုက်ပွဲတိုင်းမှာ သူများနိုင်ငံများလောက် စစ်ဆင်ရေး အသုံးစရိတ် ကုန်ကျမှုမများဘဲ ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းကို ရင်ဆိုင်ထိန်းချုပ်ထားနိုင်တဲ့တစ်ချက်ဟာ ကောင်းပါတယ်။ သို့ပေမယ့် စစ်ဆင်ရေးတစ်ခုမှာ လုံလောက်တဲ့ အသုံးစရိတ် မဟုတ်တဲ့အတွက် စစ်သည်များရဲ့ အတိုက်စွမ်းအား လျော့ကျတာမျိုး ဖြစ်တာမို့ ပြည်တွင်းသောင်းကျန်းမှုဟာ အမြစ်မပြတ်ဘဲ ရှည်ကြာနေတာမျိုး ဖြစ်တတ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ တိုက်ပွဲစစ်ဆင်ရေး အသုံးစရိတ် ကုန်ကျမှုဟာ စစ်ဆင်ရေးတစ်ခုအတွက် နိုင်ငံတကာနဲ့ယှဉ်ရင် နည်းပါးပေမယ့် နှစ်ကြာလာတာနဲ့အမျှ စစ်ဆင်ရေးစရိတ် ထောင်းနေတာကိုလည်း ငြင်းပယ်လို့ မရနိုင်ပါဘူး။ အစိုးရတစ်ရပ်အနေနဲ့လည်း ပိုက်ဆံကုန်ကျမှု ရှိနေပါတယ်။ ဒီလိုမျိုးပဲ လက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့လည်း ပိုက်ဆံ ကုန်ကျမှု ရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ အစိုးရရော လက်နက်ကိုင် အဖွဲ့အစည်းပါ လိုအပ်တဲ့ငွေကြေးကို သဘာဝ သယံဇာတပေါ်မှာ မှီခိုအားထားနေရတာ ဖြစ်တာမို့ ပြည်တွင်းစစ် ရှည်ကြာလာခြင်းဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆုတ်ယုတ်မှု ကြီးမားပါတယ်။ ဒါကြောင့် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အရေးကြီးတဲ့ နိုင်ငံတော် တည်ဆောက်မှု တစ်ခုပါပဲ။

နိုင်ငံတော် တည်ဆောက်ရာမှာ အမျိုးသားရေး စရိုက်လက္ခဏာ၊ စိတ်ပိုင်းဆိုင်ရာ၊ သမိုင်းနောက်ခံ၊ လူမှုရေးဆိုင်ရာ၊ ခေါင်းဆောင်မှု အရည်အသွေး၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်မှုပိုင်းဆိုင်ရာ အခြေခံအချက်၊ သံတမန်ကိစ္စတို့ဟာ အရေးကြီးပါတယ်။ ဒီအချက်တွေကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ရင် ပြည်တွင်း သောင်းကျန်းမှု ပေါ်ပေါက်လာတတ်ပါတယ်။ သောင်းကျန်းသူ ပေါ်ပေါက်လာရခြင်းရဲ့ အခြားသော အကြောင်းအရင်းများအနေနဲ့ ဘာသာရေး ကွဲပြားမှု၊ ကျဉ်းမြောင်းသော အမျိုးသားရေး စိတ်ဓာတ်များ၊ အယူသည်းသော နိုင်ငံရေးဝါဒစွဲများ၊ အုပ်ချုပ်မှုရေးရာ မမျှတမှု၊ နယ်မြေခွဲဝေရာတွင် အငြင်းပွားမှု၊ စီးပွားရေး ကျပ်တည်းမှု အစရှိသည်တို့ဖြစ်ပါတယ်။

မြန်မာတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များ ပေါ်ပေါက်လာပုံကို ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) အဖွဲ့ဟာ နိုင်ငံရေးဝါဒကိုအခြေခံပြီး ပေါ်ပေါက်လာပါတယ်။ ဒီအချိန်တုန်းက တရုတ်နိုင်ငံအနေနဲ့ ပါတီချင်း ဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေး အစရှိသဖြင့် ခွဲခြား ဆက်ဆံခဲ့တာကြောင့် ဗကပ လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ခိုက်ရတာ ကြာရှည်ခဲ့ပါတယ်။ ဒီအချက်ဟာ သံတမန်နည်းနာ အရေးကြီးကြောင်းကို သတိပြုမိစေပါတယ်။ နောက်တစ်ဖွဲ့အနေနဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် (KNU) အဖွဲ့ကို တင်ပြချင်ပါတယ်။ ကရင်တိုင်းရင်းသား လက်နက်ကိုင် ပေါ်ပေါက်လာပုံကတော့ သမိုင်းကြောင်း ရှည်ပါတယ်။ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ ဘာသာရေး၊ လူမျိုးရေး ခုတုံးလုပ်မှုနဲ့လည်း သက်ဆိုင်ခဲ့ပါတယ်။ အင်္ဂလိပ်များဟာ ကရင်၊ မြန်မာသွေးခွဲရေးကို အဓိကထား ဆောင်ရွက်ခဲ့ကြပြီး ကရင်အမျိုးသား အချင်းချင်းကိုပါ သွေးခွဲခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ ဗုဒ္ဓဘာသာကရင်ကို စာမည်းကရင်၊ ခရစ်ယာန်ကရင်ကို စာဖြူကရင်၊  ထို့အပြင် ကရင်လူမျိုးများကို ကျမ်းစာထဲတွင် ပျောက်ဆုံးနေတဲ့လူမျိုးအဖြစ် ဖော်ဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်တို့နှင့် မျိုးနွယ်တူပြီး ၎င်းတို့ကိုကာ ကွယ်ပေးမည့်သူများအဖြစ် ဝါဒဖြန့် စည်းရုံးခဲ့ကြပါတယ်။

ခရစ်ယာန်ကရင်များကို စစ်ပုလိပ်တပ်၊ စစ်တပ်၊ သစ်တောဌာန၊ ကျောင်းဆရာ၊ တရားဟောဆရာ၊ ဆေးဝန်ထမ်းသူနာပြု အစရှိသဖြင့် ပညာသင်ကြားပေးခြင်း၊ အလုပ်အကိုင်နေရာ အခွင့်အလမ်းများ ပေးခဲ့ပါတယ်။ ကရင်အမျိုးသား အစည်းအရုံး (ခ) ဒေါကလုဟာ ၁၈၈၁ ခုနှစ်မှာကတည်းက စတင်ဖွဲ့စည်းနိုင်ခဲ့သည်အထိ ကရင်တိုင်းရင်းသားများဟာ အမြင်ကျယ် တိုးတက်ခဲ့ပါတယ်။ ကရင်တိုင်းရင်းသားများဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အတူတကွ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ် ဧပြီလမှ (KNU) ဖွဲ့စည်းခဲ့ပြီး နောက်ထပ် ၁၀ ရက်ကြာမှာ (KNDO) စစ်လက်နက်ကိုင်အဖွဲ့ကို ထပ်မံ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါတယ်။ အမျိုးသားရေးဝါဒနဲ့အတူ အင်္ဂလိပ်တို့ရဲ့ သွေးခွဲခဲ့မှု၊ နယ်မြေခွဲဝေရေး အငြင်းပွားမှုများကြောင့် တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ပေမယ့် ဒီနေ့ ဒီအချိန်မှာတော့ ကရင်လက်နက်ကိုင်အဖွဲ့ဟာ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီး တိုင်းပြည် တည်ဆောက်ရေးမှာ ဝိုင်းဝန်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီလိုငြိမ်းချမ်းရေး ရယူဖို့အရေး ပေးဆပ်ခဲ့ရတဲ့ ကရင်တိုင်းရင်းသားတွေ၊ တပ်မတော်အတွင်းမှ တိုင်းရင်းသားများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ ဒေသခံပြည်သူများကို အသိအမှတ်ပြု ကျေးဇူးတင်ရမှာပါ။ 

နောက်ဆုံးတစ်ဖွဲ့အနေနဲ့ လက်ရှိအချိန်ထိ တိုက်ခိုက်နေဆဲဖြစ်တဲ့ (KIA) ကချင်လက်နက်ကိုင်အဖွဲ့ကို တင်ပြချင်ပါတယ်။ ပေါ်ပေါက်လာတဲ့ အကြောင်းအရင်းဟာလည်း လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေခွဲဝေမှု၊ စီးပွားရေး ကျပ်တည်းမှုများပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ပြည်တွင်းစစ် ရှည်ကြာလာပြီဆိုရင် ဖြစ်တတ်တဲ့ အကြောင်းအရင်းများကတော့ ပြည်ပနိုင်ငံကြီးတစ်ခုခုရဲ့ အားပေးကူညီမှု ရရှိနေခြင်း၊ ထိုနိုင်ငံတွင်း စည်းလုံးညီညွတ်မှု ကျဆင်းနေခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းအပေါ် ဒေသတွင်း ပြည်သူများ ထောက်ခံမှု အတော်အသင့်ရှိနေခြင်း၊ ဝေးလံခေါင်းပါးပြီး ဆက်သွယ်မှု ခက်ခဲခြင်းတို့ကြောင့် ရှည်ကြာနေတတ်ပါတယ်။ ပြည်တွင်း သောင်းကျန်းမှု ပေါ်ပေါက်ခြင်းရဲ့ နောက်ခံသမိုင်းဟာလည်း ကျယ်ပြန့်သလို ကြာရှည်နေရခြင်းရဲ့ အကြောင်းအရင်းတွေဟာလည်း များပြားလွန်းလှပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ရယူပြီးရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပိုင်း၊ ငယ်သားပိုင်းရဲ့ အသက်မွေးရပ်တည်မှု၊ လက်ရှိ ရပ်တည်နေသော စီးပွားရေးလုပ်ငန်းများနဲ့ သဘာဝ သယံဇာတ ထုတ်ယူရောင်းချမှုဟာ ရှုပ်ထွေးလာနိုင်ပါတယ်။ ရပိုင်ခွင့်ဆိုင်ရာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။

နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းဖို့က Roadmap တစ်ခု လိုအပ်ပါတယ်။ တစ်ဖက်ကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ပြီး တစ်ဖက်ကလည်း ငြိမ်းချမ်းရေးစားပွဲကိုလာဖို့ လက်နက်ကိုင် အဖွဲ့အစည်းများကို နိုင်ငံရေးနည်းဖြင့်ဖြစ်စေ၊ လူထုထောက်ခံမှုနည်းဖြင့်ဖြစ်စေ၊ စစ်ရေးနည်းဖြင့်ဖြစ်စေ ဖိအားပေးရပါလိမ့်မယ်။ နိုင်ငံတကာအနေနဲ့ ဆီးရီးယားဖြစ်စဉ်ကို တင်ပြချင်ပါတယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ ဆီးရီးယား တပ်မတော်ဟာ ရုရှားတို့ရဲ့ အကူအညီနဲ့အတူ သူပုန်များကို တန်ပြန်ထိုးစစ် ဆင်နွှဲပြီး သူပုန်များ သိမ်းယူထားတဲ့မြို့တွေကို တစ်မြို့ပြီးတစ်မြို့ ပြန်လည် သိမ်းယူခဲ့ပါတယ်။ တစ်နှစ်ကျော် အကြာမှာတော့ အထိနာလာတဲ့ သူပုန်တွေဟာ ငြိမ်းချမ်းရေးစားပွဲကို ရောက်လာခဲ့ပါတယ်။ ISIS အပေါင်းအပါများမှလွဲပြီး ကျန်သူပုန်များနဲ့ အပစ်အခတ် ရပ်စဲနိုင်ခဲ့ပါတယ်။ Syria Arab Republic အစား Republic of Syria အမည်နဲ့ အခြေခံဥပဒေသစ် ရေးဆွဲနေပြီး မကြာခင် ကာလမှာပဲ ငြိမ်းချမ်းသော ဆီးရီးယားကို တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

စစ်ပွဲများအနေနဲ့ မြန်မာနိုင်ငံလူထုမှာ အမြင်နှစ်မျိုး ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တစ်မျိုးကတော့ စစ်ပွဲများ ရပ်ဆိုတဲ့အမြင်ဖြစ်ပြီး၊ တစ်မျိုးကတော့ တရားသော စစ်ဆင်နွှဲပြီး သောင်းကျန်းသူ အမြစ်ပြတ် ချေမှုန်းရေးပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက စစ်ပွဲတိုင်းဟာ မတရားပါဘူး။ တရားသောစစ်ဆိုတာ မရှိပါဘူး။ ဒီလိုမျိုးပဲ နောက်ခံသမိုင်း၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး အစရှိတဲ့ Conflict of Interest ကွဲပြားမှုတွေ များနေတာကို စစ်ပွဲများရပ်ဆိုပြီး လွယ်လွယ်လေး ပြောနေလို့လည်း မရပါဘူး။ ဘယ်လိုပဲ အမြင်ကွဲပြားပါစေ ငြိမ်းချမ်းရေး ရယူလိုကြတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်ချင်း တူညီတာကိုတော့ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကမ္ဘာ့တွေးခေါ်ပညာရှင် ဘာထရန်ရပ်ဆဲလ်ရဲ့ ဖြစ်ရပ်ကို တင်ပြချင်ပါတယ်။ ပထမကမ္ဘာစစ် ဖြစ်တဲ့အခါမှာ ရပ်ဆဲလ်ဟာ စစ်ကို ဆန့်ကျင်ခဲ့ပါတယ်။ သူ့ရဲ့အကြောင်းပြချက် တစ်ခုကတော့ ဇာဘုရင်များဟာ စစ်ပွဲလောက် မဆိုးဘူး။ စစ်မတိုက်သင့်ဘူး။ အများပြည်သူ ဒုက္ခရောက်တယ်။ ကိုလိုနီနိုင်ငံများ အဝေမတည့်ခြင်းဟာ ပြည်သူနဲ့ မဆိုင်ဘူး။ ဒါကြောင့် စစ်ကို ဆန့်ကျင်ကြဆိုပြီး လှုံ့ဆော်ခဲ့ပါတယ်။ သူ့အနေနဲ့လည်း ဒီဖြစ်ရပ်ကြောင့် ပြစ်ဒဏ်ပေးခြင်း ခံခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ် ဖြစ်လာတဲ့အခါမှာတော့ သူဟာ စစ်ကိုတိုက်ဖို့ ဆော်ဩပါတယ်။ သူ့အသက်အရွယ်ဟာ ကြီးရင့်နေတာမို့ ကိုယ်တိုင် ဝင်တိုက်ချင်ပေမယ့် မတိုက်နိုင်ကြောင်း၊ လူငယ်များအနေနဲ့ မဟာမိတ်များဘက်က ဝင်တိုက်သင့်ကြောင်း ကမ္ဘာ့နိုင်ငံများအနေနဲ့ ဟစ်တလာရဲ့ နာဇီနဲ့ အီတလီ၊ ဂျပန်တို့ရဲ့ ဖက်စစ်ဝါဒဟာ စစ်ပွဲထက် ဆိုးဝါးတာမို့ အရွယ်ရှိ လူကုန်စစ်ပွဲကို အောင်နိုင်အောင် တိုက်ရမှာဖြစ်ကြောင်းနဲ့ စစ်ပွဲကို ထောက်ခံခဲ့ပါ တယ်။ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်ကိစ္စနဲ့ တတိယ ကမ္ဘာစစ်ဖြစ်ဖို့  ဦးတည်လာတဲ့အချိန်မှာ ဆိုဗီယက်ခေါင်းဆောင် နီကီတာ ကရုရှော့ဖ်နဲ့ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီဆီကို ကြေးနန်းတွေ တောက်လျှောက်ရိုက်ပြီး စစ်ကို တားဆီးနိုင်ခဲ့ပါတယ်။ သမ္မတကနေဒီဆီကို ပို့လိုက်တဲ့ သူ့ရဲ့ ကမ္ဘာကျော်ကြေးနန်းမှာ ရေးထားတာကတော့ “မင်းရဲ့ ပြုမူမှုဟာ ရမ်းကားလွန်းနေတယ်၊ လူသားများရဲ့ အသက်ကို ကယ်တင်ပါ၊  အကြောင်းအကျိုး မဆီလျော်တဲ့စိတ်ကူးဖြစ်တယ်၊ လူယဉ်ကျေး တစ်ယောက်အနေနဲ့ ဒီဖြစ်ရပ်ကို ရှုတ်ချတယ်၊ ငါတို့ဟာ အစုလိုက် လူသတ်မှုကို ရှောင်ရလိမ့်မယ်၊ ရာဇသံဆိုတာ စစ်ပွဲပဲ၊ ဒီရူးသွပ်မှုကိုရပ်ပါ”လို့ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့လည်း ဒီဖြစ်ရပ်ပေါ်မှာ သုံးသပ်ရရင် စစ်ပွဲများ ရပ်လို့ မျက်စိမှိတ်အော်နေဖို့ မလိုသလို၊ တရားသောစစ်လို့ ဟစ်ကြွေးနေလို့မရပါဘူး။ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကိုလိုက်ပြီး စစ်ပွဲ ရပ်၏ မရပ်၏ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းစစ် ရှည်ကြာနေပြီဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တိကျပြီးပွင့်လင်းမြင်သာမှုရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းလမ်းညွှန် Roadmap ရှိဖို့လိုအပ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုများဟာ မြို့နေ၊ တောနေ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ထိခိုက်လာရင်၊ နိုင်ငံတော်ရဲ့ စီးပွားရေး ကုန်သွယ်မှု လမ်းကြောင်းကို ထိခိုက်လာရင်၊ နိုင်ငံတော်ရဲ့ နိုင်ငံတကာ ပုံရိပ်ကို ကျဆင်းလာပြီဆိုရင်၊ နိုင်ငံတော်ရဲ့ သယံဇာတတွေကို ဆုံးရှုံးလာပြီဆိုရင် အဲဒီလက်နက်ကိုင် အဖွဲ့အစည်းဟာ လူမျိုးရေး၊ ဘာသာရေးထက် ပိုမိုကျော်လွန်လာပြီး အကြမ်းဖက် လှုပ်ရှားမှုပြုခြင်း ဖြစ်ပါတယ်။ စစ်ပွဲများမှာသာ တိုက်သင့် မတိုက်သင့်ရှိတာပါ၊ အကြမ်းဖက်ခြင်းကို လုံးဝ လက်ခံလို့မရဘူးဆိုတာ သတိပြုသင့်ပါတယ်။ 

ကျွန်တော်တို့ နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေး ရရှိပြီးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှိသလို၊ တိုက်ပွဲများဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့များလည်း ရှိနေပါတယ်။ တိုက်ပွဲဖြစ်ပွားဆဲ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များအနေနဲ့ မိမိဒေသတွင်း ပြည်သူများ၊ မိမိတိုင်းရင်းသားများအရေးကို ငဲ့ညှာသင့်ပါတယ်။ ကွန်ဖြူးရှပ်ရဲ့ တပည့်တစ်ဦးက “လူတစ်ဦး တစ်သက်တာ ကျင့်ရမယ့် တစ်ခွန်းတည်းသော စကားဆိုရင် ဘာဖြစ်မလဲ”လို့မေးတဲ့အခါ “ဒီလိုစကားမျိုး ရှိမယ်ဆိုရင် ငဲ့ညှာမှုပဲ ဖြစ်ပါလိမ့်မယ်”လို့ ကွန်ဖြူးရှပ်က ပြန်လည် ဖြေကြားခဲ့ဖူးပါတယ်။ ဒီမိုကရေစီခေတ်မှာ ညှိနှိုင်း ယူတတ်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လက်နက်ကိုင် အဖွဲ့အစည်းတိုင်း တက်ရောက်နိုင်ဖို့အတွက် အစိုးရအနေနဲ့ ကြိုးပမ်းသင့်ပါတယ်။ စစ်ပွဲဆိုတာဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့မရတော့တဲ့ နောက်ဆုံး အခြေအနေအတွက် အဆုံးအဖြတ် ခံယူခြင်းပါပဲ။ စစ်ပွဲဟာ ဆိုးဝါးပါတယ်။ သို့ပေမယ့် စစ်ပွဲထက် ဆိုးဝါးတဲ့အရာ ဖြစ်လာရင် စစ်ပွဲဟာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအနေနဲ့ စဉ်းစားသင့်ပါတယ်။ စစ်ပွဲ ရပ်၏ မရပ်၏ဆိုတာ ကျွန်တော်တို့ရဲ့ အစိုးရခေါင်းဆောင်များနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များရဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားအပေါ်မှာ မူတည်ပြီး ငဲ့ညှာမှု အထူး လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။

ကိုမင်းမောင်

  • VIA