News

POST TYPE

PERSPECTIVE

အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို စိစစ်ရန် စံပြုရမည့် အချက်များ ရေးဆွဲ
မန္တလေး၊ ဖေဖော်ဝါရီ ၁၉

အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို လေ့လာစိစစ်နိုင်ရန် စံပြုရမည့် အချက်များ ရေးဆွဲနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ထံမှ သိရသည်။

“လွှတ်တော်မှာ မေးမြန်းမှု၊ ပါဝင်ဆွေးနွေးမှုစတဲ့ သူတို့ရဲ့ စွမ်းဆောင်မှုတွေပေါ့။ မဲဆန္ဒရှင် ပြည်သူလူထုနဲ့ တွေ့ဆုံမှု ရှိမရှိ၊ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သလား စတဲ့ အချက်အလက်တွေ စုဆောင်းနေပြီ။ တိုင်းအစိုးရအဖွဲ့တွေကျတော့ တစ်နှစ်အတွင်း ဘာတွေလုပ်နိုင်ခဲ့သလဲပေါ့။ ဒါတွေစုဆောင်းနေပြီ” ဟု လေ့လာစိစစ်ရေး အဖွဲ့ဝင် မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို လေ့လာစိစစ်နိုင်ရန် လေ့လာစိစစ်ရေးအဖွဲ့ကို အဖွဲ့ဝင် ခြောက်ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လုပ်ငန်းစွမ်းဆောင်ရည်ကို လေ့လာစိစစ်နိုင်ရန်အတွက် စံပြုရမည့် အချက်အလက်များ စုဆောင်းသတ်မှတ်နိုင်ရန် ဖေဖော်ဝါရီလ ၅ ရက်နေ့က အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ရရှိလာသည့် အချက်အလက်များပေါ် မူတည်၍  လိုအပ်ချက်များ ထပ်မံဖြည့်စွက်ကာ စိစစ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ စိစစ်မည့်အချိန်ကို အတိအကျ မပြောနိုင်သော်လည်း အမြန်ဆုံး  လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးတင်ထွဋ်ဦးက ထပ်လောင်းပြောကြားသည်။

အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဗဟိုအလုပ်အမှုဆောင် (အရန်) အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်၊ မန္တလေးတိုင်း အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး၊ ဗဟိုကော်မတီဝင် ဒေါ်လဲ့လဲ့ စသည်တို့ဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်တွင် ၄၇၅ နေရာနှင့် ပြည်နယ်နှင့်တိုင်း တိုင်းရင်းသား လူမျိုးရေးရာ နေရာတွင် ၂၁ နေရာ ရွေးကောက်တင်မြှောက် ခံခဲ့ရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။       
M-05