News

POST TYPE

PERSPECTIVE

၈ လေးလုံးကာလ မျှော်မှန်းချက်တွေ တကယ်ရပြီလား
08-Aug-2016
၈ လေးလုံးရဲ့ အာဇာနည်များ

ဒီနေ့ သြဂုတ်လ ၈ ရက်နေ့ဟာ ၂၈ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ၂၈ နှစ်ဆိုတာ နည်းတဲ့အချိန်ကာလ မဟုတ်။ မျိုးဆက်တစ်ခုစာလို့ ပြောနိုင်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၈ နှစ်က အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ ဆိုတာကို  အဲဒီအရေးတော်ပုံအတွင်း ပါဝင်ခဲ့သူတွေက ပြန်မပြောပြဘူးဆိုရင် အသက် ၂၈ နှစ် အရွယ်နဲ့ အဲဒီထက်ငယ်တဲ့ လူငယ်မျိုးဆက်သစ်တွေ သိဖို့ခက်သွားနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့ရောက်တိုင်း ၈၈ မျိုးဆက်တွေက ၈ လေးလုံး နှစ်ပတ်လည် အခမ်းအနား ကျင်းပလာခဲ့တာ အခု ၂၈ နှစ် ရှိသွားခဲ့ပါပြီ။ ဒီလိုပြောလိုက်လို့ ၈ လေးလုံး အခမ်းအနားတွေ နှစ်စဉ်နှစ်တိုင်း မြို့တော်ခန်းမမှာ ကျင်းပခွင့် ရနေတယ်လို့ မထင်လိုက်ပါနဲ့။ စာရေးသူ မှတ်မိသလောက်ဆိုရင် ၁၉၈၉ တစ်နှစ်ပဲ ရန်ကုန်မှာ ကျင်းပခဲ့ပြီး ကျန်နှစ်အားလုံး နယ်စပ်ဒေသနဲ့ ပြည်ပမှာပဲ ကျင်းပလာခဲ့ကြတာ ၂၀၁၃ ခုနှစ် ၈ လေးလုံး ငွေရတု အထိပါပဲ။

၂၀၁၃ မှာတော့ ၈၈ (ငြိမ်း-ပွင့်) အဖွဲ့က ဦးဆောင်ပြီး ၈ လေးလုံး ငွေရတု အခမ်းအနားကို ပထမဆုံးအကြိမ်ဖြစ် ရန်ကုန်မှာ ကျင်းပခွင့် ရခဲ့ပါတယ်။ ၈ လေးလုံး ကာလက ကျဆုံး၊ ပျောက်ဆုံးစာရင်းတွေကို မှတ်တမ်းယူမယ်လို့ အဲဒီငွေရတုပွဲမှာ ကြေညာခဲ့ပေမယ့် အခုချိန်အထိတော့ ပြခန်းငယ်တစ်ခု ဖွင့်ထားတာကလွဲရင် အသေအချာ ဆောင်ရွက်နိုင်တာ မတွေ့ရသေးပါ။

ဒီနှစ်ကတော့ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရသစ် လက်ထက်မှာ ၈ လေးလုံး အခမ်းအနားတွေ နိုင်ငံတစ်ဝန်း ပထမဆုံးအကြိမ် ကျင်းပခွင့် ရတော့မှာပါ။ ဘယ်နေရာတွေမှာ ကျင်းပမလဲဆိုတာ အသေးစိတ် မသိနိုင်သေးပေမယ့် ပြည်နယ်-တိုင်းအားလုံးရဲ့ မြို့တော်တွေနဲ့ မြို့ကြီး၊ ရွာကြီး အတော်များများမှာ ကျင်းပဖို့ ရှိနေပါတယ်။ ဒီလိုမြို့တိုင်း၊ နယ်တိုင်းမှာ လွတ်လပ်ကျယ်ပြန့်စွာ ကျင်းပကြမှာမို့ ၈၈ တုန်းက သက်ဆိုင်ရာ ဒေသတွေမှာ အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲ၊ ဘယ်သူတွေ ဘယ်မှာကျဆုံးခဲ့သလဲ စသဖြင့် အရင်က ကောက်ယူဖို့မလွယ်ခဲ့တဲ့ စာရင်းဇယားတွေ အတော်များများ ရလာနိုင်ပါတယ်။

သမိုင်းလေ့လာသူတွေရဲ့ အဆိုအရ ၁၉၈၈ အရေးတော်ပုံ ဆန္ဒပြပွဲအတွင်း သေဆုံးသူ ၃၀၀၀ (သုံးထောင်) ကျော် ရှိတယ်လို့ သိရပေမယ့် ဘယ်သူတွေလဲ၊ ဘယ်မှာသေတာလဲ စသဖြင့် အသေးစိတ် ထုတ်ပြန်နိုင်ခြင်းတော့ မရှိသေးပါ။ အရင် စစ်အစိုးရ လက်အောက်မှာ မလုပ်နိုင်ခဲ့တာကိုတော့ ထားလိုက်ပါတော့။ အခု ရွေးကောက်ခံ အစိုးရသစ် လက်ထက်မှာကော ၈၈ ကျဆုံး၊ ပျောက်ဆုံးစာရင်းကို အသေအချာ ထုတ်ပြန်ပေးနိုင်လေမလား၊ အနည်းဆုံးတော့ ဒီလိုထုတ်ပြန်ပေးနိုင်ဖို့ ကော်မတီတစ်ခုခု ဖွဲ့ပေးတဲ့ အဆင့်ထိတော့ လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 

၈ လေးလုံးမှာ ပါခဲ့သူတွေ အခု ဘာလုပ်နေကြသလဲ

အရေးတော်ပုံအတွင်း ကျဆုံးသွားသူတွေ၊ အရေးတော်ပုံရဲ့အဆက် အကျဉ်းထောင်တွေအတွင်း ကျဆုံးသွားသူ၊ တောတောင်တွေထဲ ကျဆုံးသွားသူတွေကို စာရင်းဇယားလုပ်ပြီး ဂုဏ်ပြုမှတ်တမ်းတင်ဖို့ လိုသလို မသေမပျောက်ဘဲ ကျန်နေတဲ့ ရဲဘော်တွေကော အခု ဘယ်ရောက်ပြီး ဘာတွေလုပ်နေကြသလဲ ဆိုတာကိုပါ ဒီလိုနှစ်ပတ်လည်နေ့မှာ မေးခွန်းထုတ်သင့်ပါတယ်။ 

အသစ်တက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဝန်ကြီးတွေထဲမှာ ၈ လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ခဲ့ဖူးသူတချို့ ပါနေတယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမဲ့ အရေးတော်ပုံအတွင်း အရေးကြီးတဲ့နေရာက ဦးဆောင်လှုပ်ရှားခဲ့သူတွေ၊ အထင်ကရ နာမည်ကြီးခဲ့သူတွေ၊ အကျဉ်းထောင်တွေ၊ တောတောင်တွေထဲ မသေမပျောက် ကျန်ခဲ့သူတွေ အစိုးရအဖွဲ့အတွင်း ပါဝင်မှုနှုန်းကတော့ အတော်နည်းနေပါသေးတယ်။

၈၈ တုန်းက လျှမ်းလျှမ်းတောက် ထင်ရှားခဲ့ပြီး နှစ်ရှည်ဖမ်းဆီးခံခဲ့ရတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ထင်ရှားသူ အားလုံးနီးပါး အစိုးရအဖွဲ့ရဲ့ အပြင်စည်းမှာ ဒီအတိုင်း ကျန်နေဆဲပါ။ တခြား ပြည်နယ်တိုင်းအသီးသီးရှိ ၈၈ နယ်ခေါင်းဆောင်တွေဟာလည်း ၈၈ (ငြိမ်း-ပွင့်) အဖြစ် ဆက်လက်ရပ်တည်နေပြီး အစိုးရ အဝန်းအဝိုင်းရဲ့ အပြင်မှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါက ပြည်တွင်းအခြေအနေ။

နယ်စပ်ဒေသနဲ့ ပြည်ပဘက်ကို ကြည့်မယ်ဆိုရင်တော့ ၈၈ တုန်းက လျှမ်းလျှမ်းတောက် ထင်ရှားခဲ့ပြီး နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်၊ ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်ဆိုရင် ပြည်ဝင်ခွင့်ဗီဇာတောင် မရလို့ အမေရိကားမှာ သောင်တင်နေဆဲပါ။ စာရေးသူ အပါအဝင် ၈၈ မှာ အောက်ခြေကနေ ပါခဲ့သူတွေကလည်း ထောင်နဲ့ချီ ရှိပါသေးတယ်။ ဒီလူတွေလည်း အခုချိန်အထိ အိမ်ပြန်ခွင့် (ဗီဇာနဲ့ ပြန်လည်ခွင့်ရတာကို မဆိုလို) မရကြသေးပါ။

ဒါဟာ မြန်မာ့ဒီမိုကရေစီ အသွင်ပြောင်းရေး လုပ်ငန်းစဉ်မှာ တစ်ခုခု လွဲချော်နေတာလား၊ အဆင့်ကျော်နေတာလား။ ဒီလိုနှစ်ပတ်လည်နေ့မှာ အသေအချာ ပြန်သုံးသပ်သင့်ပါတယ်။ ဘာကြောင့်လဲဆို တခြားနိုင်ငံတွေရဲ့ အသွင်ပြောင်းလုပ်ငန်းစဉ်ကို ကြည့်မယ်ဆိုရင် စစ်ပွဲတွေရပ်မယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးမယ်၊ သူပုန်တွေ၊ နိုင်ငံခြားရောက် (Exile) တက်ကြွလှုပ်ရှားသူတွေ ပြန်လာကြမယ်၊ ရွေးကောက်ပွဲလုပ်မယ်၊ အစိုးရသစ်ဖွဲ့မယ်၊ ဒီလူတွေအားလုံး ပါဝင်လက်တွဲ ဆောင်ရွက်ကြမယ် စသဖြင့် ဒီလိုမျိုး သွားလေ့ရှိပါတယ်။

အဝေးကြီးကို သွားကြည့်စရာ မလိုပါ။ အာဆီယံ အဖွဲ့ဝင်သစ် ဖြစ်လာတဲ့ အရှေ့တီမောကိုပဲ ကြည့်ပါ။ ၂၀၀၂ ခုနှစ်မှာ အပြောင်းအလဲတွေ စဖြစ်တော့ ပထမဆုံး သမ္မတ ဖြစ်လာသူ Xanana Gusmão ဟာ သူပုန်ခေါင်းဆောင်ပါ။ ဝန်ကြီးချုပ် ဖြစ်လာသူ José Ramos-Horta ဟာ ပြည်ပကနေ ပြန်လာသူပါ။ မာနယ်ပလော အပါအဝင် မြန်မာသူပုန်စခန်းတွေ၊ ဘန်ကောက်က နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ဒီခေါင်းဆောင်တွေနဲ့ မြန်မာသူပုန်တွေ အတူလက်တွဲ ဆောင်ရွက်ခဲ့တဲ့ ကာလက ဆယ်စုနှစ်တစ်ခု ကျော်ပါတယ်။ ဒါပေမဲ့ မြန်မာ့အပြောင်းအလဲက အရှေ့တီမော အပြောင်းအလဲလို ပွင့်လင်းမြင်သာမှု မရှိပါ။ အရင်အာဏာရှင်ဟောင်းတွေရဲ့ သြဇာကို မလွန်ဆန်နိုင်ဘဲ အရင်ခေတ်က ရေးဆွဲထားခဲ့တဲ့ ခြေချုပ်ဥပဒေတွေထဲ ပိတ်မိနေသလို ဖြစ်နေပါတယ်။

အပြင်ရောက်သွားသူတွေ လွတ်လပ်စွာ ပြန်လာပြီး နိုင်ငံရေးထဲ ပါဝင်ခွင့် ပိတ်ပင်ထားတဲ့အပြင် နယ်စပ်ကနေ ပြန်လာသူတွေကိုတောင် မြန်မာနိုင်ငံအတွင်း ၁၀ နှစ်ဆက်တိုက် နေထိုင်ထားခြင်း မရှိဘူးဆိုရင် ရွေးကောက်ပွဲဝင်ခွင့် မပေးဘူးဆိုပြီး ပိတ်ပင်ထားပြန်ပါတယ်။ ဒါတွေဟာ ဒီလို ၈ လေးလုံး နှစ်ပတ်လည်နေ့တွေမှာ ပြန်လည်သုံးသပ်သင့်တဲ့ ကိစ္စပါပဲ။ ပြည်တွင်း-ပြည်ပ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် နားလည်ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ လိုနေပါတယ်။ ဒီလိုလုပ်နိုင်မှသာ မြန်မာ့အပြောင်းအလဲဟာလည်း နိုင်ငံတကာ အပြောင်းအလဲတွေလို အားလုံးပါဝင်ခွင့်ရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ် ဖြစ်လာနိုင်မှာပါ။

၈ လေးလုံးကာလ မျှော်မှန်းချက်ကို အစိုးရသစ်က ဖြည့်ဆည်းပေးနိုင်မလား 

အစိုးရက ဘာတွေဖြည့်ဆည်းပေးနိုင်မလဲ ဆိုတာကို မပြောခင် ၈ လေးလုံးတုန်းက ဘာတွေမျှော်မှန်းခဲ့တာလဲ ဆိုတာကို အရင်မေးဖို့လို မယ်ထင်ပါတယ်။ မှတ်မိသလောက် ကြွေးကြော်သံတွေကတော့ ‘လမ်းစဉ်ပါတီ တော်ပါပြီ’၊ ‘တစ်ပါတီစနစ် ဖျက်သိမ်းပစ်’၊ ‘ဒီမိုကရေစီပညာရေး ချက်ချင်းပေး’၊ ‘ကျောင်းသားသမဂ္ဂ ပြန်ဖွဲ့ရေး တို့အရေး’ စသဖြင့် ပါဝင်ပါတယ်။ အချုပ်ပြောမယ် ဆိုရင်တော့ တစ်ပါတီ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ပါတီစုံ ဒီမိုကရေစီစနစ် ရရှိရေးကို တောင်းဆိုတာပါပဲ။

အခု ၂၈ နှစ် ကြာပြီးတဲ့ အခါမှာတော့ ပါတီစုံစနစ်အရ ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီပါတီတစ်ခု ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရ ဖြစ်နေပါပြီ။ ဒါဟာ ၈၈ တုန်းက မျှော်မှန်းတဲ့အတိုင်း ဖြစ်လာပြီလို့ ပြောနိုင်ပါသလား။ ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင် ၅၀ ရာခိုင်နှုန်း ကျော်တော့ ဖြစ်လာပြီလို့ ပြောနိုင်မယ် ထင်ပါတယ်။ ဒါဖြင့် ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကျော်က ဘာတွေလဲ။ 

ရှေ့မှာပြောခဲ့တဲ့အတိုင်း စစ်အာဏာရှင်စနစ် ဖြုတ်ချပြီး ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေး လုပ်ငန်းစဉ်မှာ ပါတီစုံ ဒီမိုကရေစီ ထွန်းကားလာပေမယ့် စစ်အာဏာရှင်စနစ် ပြုတ်ကျသွားပြီလို့ ပြောဖို့ခက်နေပါသေးတယ်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ ခုကို စစ်တပ်က ဆက်လက်ချုပ်ကိုင်ထားသလို လွှတ်တော်အသီးသီးမှာလည်း စစ်တပ်အမတ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေဆဲ ဖြစ်ပါတယ်။ တစ်ခါ နေ့စဉ်အုပ်ချုပ်ရေးကို ကိုင်ထားတဲ့ ထွေ-အုပ်ဌာနတွေကိုလည်း စစ်တပ်နဲ့ အရင်အစိုးရ လူဟောင်းတွေက ကိုင်ထားဆဲ ဖြစ်ပါတယ်။

စစ်တပ်က နှစ် ၅၀ ကျော် အုပ်ချုပ်လာတဲ့ နိုင်ငံတစ်ခုရဲ့ အပြောင်းအလဲဟာ ဒီလိုပဲ အဆင့်ဆင့် သွားရမှာပေါ့လို့ လက်ရှိ အစိုးရ တာဝန်ရှိသူတွေက ဆင်ခြေပေးနိုင်ပါတယ်။ သူတို့ကို မဲပေးထားသူတွေကလည်း ဒီလိုပဲ လက်ခံထားသူ များပါလိမ့်မယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲဟာ တစ်ဆင့်ပြီးတစ်ဆင့် စနစ်တကျနဲ့ ၁၀၀ ရာခိုင်နှုန်း အရပ်သား အုပ်ချုပ်ခွင့် ရတဲ့အထိ ဆက်သွားဖို့တော့ လိုပါတယ်။

ဒါက စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်း ကိစ္စကို ပြောတာပါ။ ၈၈ တုန်းက ကျောင်းသားတွေရဲ့ ကြွေးကြော်သံထဲမှာ မပါပေမယ့် နောက်ထပ်အရေးတကြီး ဖြေရှင်းဖို့ လိုနေတဲ့ ပြဿနာတစ်ခုက ပြည်ထောင်စုအရေး၊ တိုင်းရင်းသားအရေး ဖြစ်ပါတယ်။ ဝေဖန်ဆန်းစစ်သူတွေရဲ့ အဆိုအရ စစ်အာဏာရှင်စနစ် ပြုတ်ကျသွားရင် မြန်မာ့နိုင်ငံရေး ပြေလည်သွားလိမ့်မယ်လို့ အစောပိုင်းက ထင်ခဲ့ကြပေမယ့် အခုတော့ ဒီမိုကရေစီအရေးအပြင် တိုင်းရင်းသားအရေးက အရေးကြီးတဲ့ နေရာဆီ ရောက်လာနေပြီလို့ ဆိုကြပါတယ်။ 

၈၈ ကျောင်းသားတွေ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ABSDF အဖွဲ့ရဲ့ စကားလုံးကို ငှားသုံးရမယ် ဆိုရင်တော့ “ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးဟာ ခေါင်းနဲ့ပန်းလို တွဲနေတဲ့အတွက် နှစ်ခုစလုံးကို တစ်ပြိုင်တည်း ဖြေရှင်းဖို့လိုနေ” တဲ့ သဘောပါ။ ဒီနှစ်ခုကို ဖြေရှင်းနိုင်မယ် ဆိုရင်တော့ လက်ရှိအစိုးရက ၈၈ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ပြီလို့ ပြောနိုင်ပါတယ်။ 

ဒါပေမဲ့ လတ်တလော မြင်နေရတဲ့ နိုင်ငံရေး အခင်းအကျင်းတွေ အရတော့ သိပ်မလွယ်သေးပါ။ စစ်အာဏာရှင် လက်ကျန်အတွေးအခေါ် ရှိနေသူတွေကို ဒီမိုကရေစီ အတွေးအခေါ် ဝင်လာအောင် စည်းရုံးရမယ့်အစား အာဏာရ ဒီမိုကရေစီခေါင်းဆောင်ပိုင်း တချို့မှာ အာဏာရှင် အတွေးအခေါ် ကူးစက်လာတာမျိုးတောင် မြင်နေရပါတယ်။ Institutional အဖွဲ့အစည်း သဘောအပြောင်းအလဲ မဟုတ်ဘဲ လူပုဂ္ဂိုလ်ပေါ် အခြေခံတဲ့ အပြောင်းအလဲမျိုးကိုသာ တွေ့လာနေရပါတယ်။

တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးကို ဖြေရှင်းတဲ့ အခါမှာလည်း အစိုးရဟောင်းက ချမှတ်ထားတဲ့လမ်းအတိုင်း၊ တစ်နည်းအားဖြင့် စစ်တပ် ကသဘောတူတဲ့ ဘောင်ထဲကသာ သွားမယ့် လမ်းဟောင်းကိုသာ ဆက်ရွေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ရစေချင်တဲ့ စေတနာပိုင်းမှာတော့ အစိုးရသစ်က အစိုးရဟောင်းထက် အများကြီး သာတယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြောထားတာကြောင့် မျှော်လင့်ချက်ကတော့ အရင်အစိုးရထက် ပိုကောင်းနေဆဲပါ။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ၈ လေးလုံးရဲ့ အသီးအပွင့်တစ်ခုအဖြစ် ဒီမိုကရေစီအစိုးရ အာဏာပလ္လင်ပေါ် ရောက်နေပါပြီ။ ဒါပေမဲ့ ၈ လေးလုံးကာလ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင် မပေးနိုင် ဆိုတာကတော့ ရှေ့မှာတင်ပြခဲ့တဲ့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအရေးအပေါ်  ဒီအစိုးရက ဘယ်လောက်အထိ ဟန်ချက်ညီ ဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်အပေါ် မူတည်နေပါတယ်။ 

ဒီလိုလုပ်နိုင်ဖို့အတွက် အာဏာရှင် လက်ကျန်အတွေးအခေါ် ရှိနေသူတွေကို ဒီမိုကရေစီ အတွေးအခေါ် ဝင်လာအောင် စီမံကိန်းချ ဆောင်ရွက် ဖို့လိုပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင်တွေ ကြားမှာလည်း ပုဂ္ဂိုလ်ရေး ဦးစားပေး တည်ဆောက်မှုအစား Institutional အဖွဲ့အစည်းသဘော အပြောင်းအလဲ ဖြစ်လာအောင် တည်ဆောက်ဖို့ လိုပါတယ်။ 

တစ်ချိန်တည်းမှာပဲ ပါတီအပေါ် သစ္စာရှိသူတင်မက ဒီမိုကရေစီအရေးနဲ့ ဖက်ဒရယ်အရေးအပေါ် သစ္စာရှိသူတွေကိုလည်း အစိုးရ အဝန်းအဝိုင်းထဲ၊ အနည်းဆုံးတော့ သူတို့ရဲ့ အကြံဉာဏ်တွေကို ပေးပိုင်ခွင့်ရှိတဲ့ အဝန်းအဝိုင်းထဲ ခေါ်သွင်းဖို့ လိုပါတယ်။ ဒီအတွက် ပြည်တွင်း-ပြည်ပ ၈၈ မျိုးဆက်တွေ၊ လက်နက်ကိုင်-လက်နက်မကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လက်ရှိအစိုးရ အခုထက်မက ပူးပေါင်းဆောင်ရွက်ဖို့ လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။      

ထက်အောင်ကျော်


ABOUT AUTHOR

(ထက်အောင်ကျော်)