News

POST TYPE

PERSPECTIVE

ကိုလံဘီယာ သမ္မတဟောင်း၏ ပေးစာ
16-Feb-2017 tagged as

ကိုလံဘီယာ သမ္မတဟောင်း၏ ပေးစာ

(၁)

ကိုလံဘီယာနိုင်ငံ သမ္မတဟောင်း မစ္စတာ ဆီဇာဂေဗီးရီးယား (Mr. Cesar Gavaria) ၏ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ အထူးသဖြင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေး (Mr.Rodrigo Duterte) ထံသို့ ပေးစာတစ်စောင်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ထုတ် နယူးယောက်တိုင်းသတင်းစာတွင် ကျွန်တော်တို့ ဖတ်လိုက်ကြရပါသည်။ သူသည် ၁၉၉၀ မှ ၁၉၉၄ ခုနှစ်အထိ ကိုလံဘီယာနိုင်ငံ၏ သမ္မတဖြစ်ခဲ့ပြီး နောက်ထပ်ဆယ်နှစ်မှာ အမေရိကတိုက်နိုင်ငံများ အသင်းကြီး၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါသည်။

(၂)

တစ်ချိန်က ကိုလံဘီယာနိုင်ငံမှာ မူးယစ်ဆေးဝါး (ကိုကင်း) အများဆုံး ထုတ်လုပ်ရာနိုင်ငံဖြစ်ခဲ့ပြီး တစ်ကမ္ဘာလုံး၏ ၈၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်သည်ဟု မှတ်တမ်းများ ရှိခဲ့ပါသည်။ ၁၉၉၃ ခု သူ့လက်ထက်တွင် မူးယစ်ဆေးဝါးရာဇာ (Mr. Pablo Escobar) ပါဘလိုအက်စကိုဘားကို အသေ ဖမ်းမိခဲ့ပါသည်။ အက်စကိုဘား၏ မူးယစ်ဆေး ထုတ်လုပ်သော လုပ်ငန်းမှဝင်ငွေမှာ တစ်ပတ်လျှင် ဒေါ်လာသန်း ၄၂၀ အထိ ရှိခဲ့သည်။ ပိုက်ဆံထုပ်များ ချည်နှောင်သည့် ရော်ဘာကွင်းများပင်လျှင် တစ်လတွင် ဒေါ်လာ ၂၅၀ဝ ဖိုးကုန်သည်ဟု ဆိုသည်။ တစ်ခါက သမီးဖြစ်သူ ချမ်းနေသဖြင့် မီးလှုံနိုင်ရန် ဒေါ်လာ၂ သန်းကျော်တန် ငွေစက္ကူများကို မီးရှို့ခဲ့ဖူးသည်။

သမ္မတဟောင်း ဂေဗီးရီးယားက သူမှားသလို ထပ်ဆင့် မမှားရအောင် ဖိလစ်ပိုင်သမ္မတကြီး ဒူတာတေးကို သတိပြုနိုင်စေရန် တိုက်တွန်း ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ သူက မူးယစ်ဆေး ပြဿနာသည် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေသည့် ပြဿနာဖြစ်ပါသည်။ သို့သော် ၎င်းသည် လူမှုရေး ပြဿနာသာ ဖြစ်ပါသည်။ ဤပြဿနာကို ရဲနှင့်စစ်တပ်များဖြင့် အင်အားသုံး၍ မဖြေရှင်းနိုင်ပါ။ ပိုမိုများပြားသော ရဲသားနှင့်စစ်သားများကို တာဝန်ပေး နှိမ်နင်းခိုင်းခြင်းမှာ ပိုက်ဆံကို ဖြုန်းတီးရာ ရောက်သည်။ အကြမ်း မဖက်တတ်သော ဆေးသုံးစွဲသူများကို ထောင်သွင်း အကျဉ်းချခြင်းမှာ ဆိုးကျိုးများကို ဖြစ်စေသည်။ အုပ်စုဖွဲ့ အကြမ်းဖက်ခြင်းများကို ဖြစ်စေသည်။ ပြဿနာကို တိုင်းပြည်၏ လူနေမှု အဆင့်အတန်း မြင့်မားအောင် ပြုလုပ်ခြင်း၊ ပညာပေးခြင်းတို့ဖြင့်သာ ဖြေရှင်းရပါမည်ဟု ဆိုသည်။

မူးယစ်ဆေး ပြဿနာကို ဖြေရှင်းရန်အတွက် ကိုလံဘီယာ အစိုးရသို့ အမေရိကန်နှင့် ဥရောပနိုင်ငံ အများအပြားက ဒေါ်လာ ဘီလီယံချီ၍ ထောက်ပံ့ခဲ့ကြပါသည်။ ငွေကုန်ကြေးကျ များလွန်းလှသည့်တိုင် တိုင်းပြည်၏လုံခြုံရေးမှာ အနည်းငယ်သာ တိုးတက်မှု ရရှိခဲ့ပါသည်။ ဘိန်းစိုက်ခင်းများကို ဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ချိသူ၊ သုံးစွဲသူများကို ဖမ်းဆီး ထောင်ချခြင်း စသည်ဖြင့် အမျိုးမျိုး နှိမ်နင်းခဲ့ကြသည့်တိုင် သူတို့နိုင်ငံ အတွင်းတွင် ဆေးဝါးသုံးစွဲသူ ပပျောက်မသွားသည့်အပြင် အန္တရာယ်မှာ အိမ်နီးချင်းနိုင်ငံ အများအပြားသို့ ပျံ့နှံ့ကူးစက် သွားခဲ့ကြပါသည်။ ထိုနိုင်ငံများသို့ မူးယစ်ဆေးနှင့် ရာဇဝတ်မှုများကို ပို့ပေးသလို ဖြစ်နေသည်။ လူထောင်ပေါင်း များစွာ သေကျေခဲ့ကြသလို နိုင်ငံ၏ ထက်မြက်သော နိုင်ငံရေးသမားကြီးများ၊ တရားသူကြီးများ၊ ရဲအရာရှိများ၊ သတင်းစာ ဆရာ အမြောက်အမြားမှာ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ကြရပါသည်။ အမေရိကသို့လည်းကောင်း။ ဥရောပနိုင်ငံများသို့လည်းကောင်း ဝင်ရောက်နေသည့် မူးယစ်ဆေး ပမာဏမှာ လျော့သွားသည်ဟု မရှိပါ။ ကိုကင်းနှင့် ဟီရိုးရင်း စသည်တို့မှာ ကမ္ဘာအနှံ့ မြို့တိုင်း၊ ရွာတိုင်းမှာ ဝယ်၍ရနေဆဲ ဖြစ်ပါသည်။

မူးယစ်ဆေးဝါး လုပ်ငန်းကို တိုက်ဖျက်ရခြင်းမှာ မိမိတို့၏ ပြည်သူများနှင့် စစ်တိုက်ရခြင်းပင် ဖြစ်ပါသည်။ ယနေ့ ကိုလံဘီယာသမ္မတ စန်တို့စ် (Juan Manuel Santos) က “ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ က သုံးနေကျနည်းတွေနဲ့ပဲ ဒီပြဿနာကို နှိမ်နင်းနေရဆဲပါ”ဟု ပြောခဲ့သည်။ ခေါင်းဆောင် အများအပြားက ဖြေရှင်းရန် နည်းလမ်းအသစ်တွေ လိုနေပြီဟု ယုံကြည်နေကြပါပြီ။

သူတို့အနေနှင့် လက်နက်မျိုးစုံ ကိုင်ဆောင်ထားသည့် တပ်မတော်၊ ကြီးလေးသော အပြစ်ဒဏ်ပေးခြင်းနှင့် ပို၍ကြီးမားသော အကျဉ်းထောင်များကို ဆောက်လုပ်ခြင်းများသည် ဤပြဿနာ၏ အဖြေဟု မယူဆကြပါ။ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုအဆင့်အတန်း မြင့်မားလာရေးနှင့်အတူ မူးယစ်ဆေးမှရသည့် ငွေမည်းကို ငွေဖြူပြုလုပ်ရာတွင် ခြစားနေမှုများ တိုက်ဖျက်ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်ရပါလိမ့်မည်။ မူးယစ်ဆေးဝါး သုံးစွဲခြင်းကို ရာဇဝတ်မှုတစ်ခုလို သဘောမထားဘဲ ဆေးဖြတ်ရန်အတွက် ကူညီခြင်းနှင့် အပျော်သုံးစွဲခြင်းကို ခွင့်ပြုနိုင်သည့် နည်းလမ်းများကို ပြဋ္ဌာန်းသင့်ပါသည်။

အစိုးရများအနေနှင့် ဤအကျင့်ဆိုးကို ပပျောက်စေရန် အကြမ်းဖက်သည့် နည်းလမ်းများကို သုံးစွဲခွင့်ပြုထားခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးများကိုသာ ဖြစ်စေနိုင်ပါသည်။ ၂၀၁၆ ဇွန်လ ၃၀ ရက်နေ့က သမ္မတဖြစ်လာခဲ့သော မစ္စတာ ဒူတာတေး၏ မူးယစ်ဆေး တိုက်ဖျက်ရေး စီမံချက်အရ လူပေါင်း ၇၆၀ဝ ကျော်မျှ သေဆုံးခဲ့ကြရပြီး ထိုအရေအတွက်၏ တစ်ဝက်ခန့်သာ မူးယစ်ဆေး သုံးစွဲသူများ ဖြစ်ကြပါသည်။ လူ ၂၈၀ဝ ကျော်မှာ မြင်လျှင် ပစ်သာပစ်ဆိုသော ပေါ်လစီကြောင့် ရဲက ပစ်ဖမ်းပြီး သေကြရခြင်း ဖြစ်သည်။

လွန်ခဲ့သော အောက်တိုဘာလက တောင်ကိုရီးယား နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှာ ရဲတပ်ဖွဲ့က မူးယစ်ဆေး သုံးစွဲသူဟု စွပ်စွဲပြီး ဖိလစ်ပိုင် ရဲဌာနရုံးချုပ်တွင် ဖမ်းဆီးထားရာမှ လက်လွန်ပြီး သေဆုံးခဲ့ရသည်။ သူ့ဇနီးထံ ရဲတို့က ပြန်လွှတ်စေလိုလျှင် ငွေပေးရမည်ဟု ငွေညှစ်ခဲ့ကြပါသည်။

ဤကိစ္စတွင် ရဲတို့၏ ပါဝင်ပတ်သက်မှုကို သိသွားသော သမ္မတ ဒူတာတေးက ရဲတပ်ဖွဲ့ကို အယုံအကြည် မရှိဟုဆိုပြီး ဖိလစ်ပိုင် တပ်မတော်ကို အသုံးပြု၍ နှိမ်နင်းတော့မည်ဟု ဆိုခဲ့သည်။ ထိုသတင်းကို ကမ္ဘာက သိကြသောအခါ ကိုလံဘီယာ သမ္မတ၏ မေတ္တာရပ်ခံစာ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

၂၀ဝ၃ ခုနှစ်ကလည်း ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်၏ မေတ္တာရပ်ခံချက်အရ ဝန်ကြီးချုပ်ဖြစ်သူ သက်ဆင်က (Mr. Thaksin Shinawatra) မူးယစ်ဆေး လုပ်ငန်းကို အပြုတ်တိုက်မည်ဟု စီမံချက်ချခဲ့ဖူးသည်။ မြင်လျှင် ပစ်သတ်ခွင့် ရှိသည်ဟူသော အမိန့်ကြောင့် သုံးလအတွင်း လူပေါင်း ၂၈၀ဝ ကျော် သေဆုံးခဲ့ကြသည်။ ၎င်းလူဦးရေ၏ တစ်ဝက်ကျော်မှာ မူးယစ်ဆေးနှင့် ပတ်သက်မှုမရှိဟုဆိုသည်။ တစ်ရက်လျှင် လူ ၃၀ ကျော် သေဆုံးခဲ့ကြရခြင်း ဖြစ်ပါသည်။ လူပေါင်း ၇၃,ဝ၀ဝ ကျော် ဖမ်းဆီးခံရပြီး ယာဘဆေးပြားပေါင်း၂၃ သန်းကျော် ဖမ်းဆီးမိခဲ့သည်။ လူ ၃ သိန်း၂ သောင်းက တရားဝင် ဆေးဖြတ်ပါမည်ဟု စာရင်းပေးခဲ့ကြသည်။ ဘိန်းစိုက် ဧရိယာဟက်တာ ၃၂၀ ကျော်ကို ဖျက်ဆီးပစ်ခဲ့နိုင်ကြသည်။ ၎င်းမှာ ဘိန်းသီးနှံ အားလုံး၏ ၉၀ ရာခိုင်နှုန်းမျှ ရှိပါသည်။

ဤနှိမ်နင်းချက်ကြောင့် ယာဘဆေးပြားမှာ အဆမတန်ဈေးတက်သွားပြီး Ice (သို့မဟုတ်) Methamphetamine ခေါ် မက်ဆေးပြားကို ပြောင်းလဲ သုံးစွဲလာကြသည်။ ၂၀၁၀ ပြည့်နှစ်က ဘိန်းချက်စက်ရုံ ၂ ခုသာ ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် ၁၉၁ ရုံအထိ တိုးပွားခဲ့သည်။ ကုလသမဂ္ဂသို့ ထိုင်းအစိုးရက အစီရင်ခံရာတွင် မူးယစ်ဆေးဝါး တိုက်ပွဲကိုနိုင်အောင် မတိုက်နိုင်ပါ။ မက်ဆေးပြား သုံးစွဲခြင်းကို တရားဝင်ခွင့်ပြုနိုင်ရန် နည်းလမ်းများကို စဉ်းစားနေပါသည်ဟု အစီရင်ခံခဲ့ကြပါသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ခြင်းကို လူထုက ထောက်ခံခဲ့ကြပါသည်။ ဝန်ကြီးချုပ်သက်ဆင်၏ လုပ်ရပ်ကို ပြည်သူလူထု ၉၀ ရာခိုင်နှုန်းက ထောက်ခံကြပါသည်။ ဖိလစ်ပိုင်သမ္မတ၏ လုပ်ရပ်များကိုလည်း ပြည်သူ အများစုက ထောက်ခံကြပါသည်။

အုပ်စုဖွဲ့ပြီး အကြမ်းဖက်မှုများကို အကြမ်းနည်းဖြင့်သာ နှိမ်နင်းနိုင်သည်ဆိုလျှင် မှန်ပါ၏။ သို့ပါသော်လည်း ဥပဒေပြင်ပမှ လူသတ်ခွင့် ပေးလိုက်သောအခါ မိမိကိုယ်ကိုယ် ပြုပြင်ပြီး ဆေးကုသလိုသူများအတွက် တရားဝင် ဆေးကုသမှု ခံယူရန် များစွာ ခက်ခဲသွားစေပါသည်။ သူတို့၏ဒုက္ခမှာ ဆိုးသထက်ဆိုးပြီး လူတို့၏ ဘဝပေါင်း များစွာမှာ အကျိုးမဲ့ ဖြစ်ကုန်ကြပါသည်။ ကိုလံဘီယာ သမ္မတဟောင်းက အကြံပြုနေသည်မှာ ဆေးသုံးစွဲသူများကို သက်ညှာစွာ ကိုင်တွယ်စဉ်းစားပြီး ဆေးကုသရေးအတွက် အခွင့်အရေးများ ဖန်တီးပေးရန် ဖြစ်ပါသည်။ ဤအစီအစဉ်မှာ ကောင်းမြတ်သည်ဆိုစေ။ ကိုလံဘီယာအစိုးရက ယခုတိုင် မဆောင်ရွက်နိုင်သေးပေ။ ဖိလစ်ပိုင် သမ္မတကြီးကိုလည်း သူလိုအမှားမျိုး မကြုံကြိုက်စေရန် သတိပေးရခြင်း ဖြစ်ပါသည်ဟု စာကို အဆုံးသတ်ထားပါသည်။

(၃)

တိုက်ခိုက်ခြင်း မပါသော တိုက်ခိုက်မှု (Fighting without a fight) ဟု တရုတ်ဆိုရိုးစကားတစ်ခု ရှိပါသည်။ ရန်သူကို အောင်နိုင်ရေးအတွက် အကြမ်းဖက်ဖို့ကို မဆိုထားဘိ။ ဆန့်ကျင်တိုက်ခိုက်ခြင်း သဘောပင် မပါဝင်ဘဲ အနိုင်ယူနိုင်ရမည်ဟု ဆိုလိုပါသည်။ အလွန် သဘောထားကြီးသော ဆုံးဖြတ်မှုများကို အမြော်အမြင်ရှိသော ခေါင်းဆောင်ကြီးများကသာ ဆုံးဖြတ်ချက် ချမှတ်နိုင်ကြပါသည်။

မူးယစ်ဆေးဝါး ဆိုသည်မှာ မရှိလျှင် အကောင်းဆုံး ဖြစ်ပါသည်။ လက်ရှိ အနေအထားများအရ လုံးဝ ပပျောက်သွားရေးမှာ မဖြစ်နိုင်သေးပါ။ ထိုဆေးဝါးများနှင့်အတူသာ နေထိုင်ကြရပါလိမ့်မည်။ တိုင်းပြည်အတွက် ဆိုးကျိုးများစွာ မရှိစေရန် ပေါ်လစီများကို သတိကြီးစွာ ချမှတ်ရမည်ဖြစ်ပါသည်။

ကိုသန်းလွင်

  • TAGS