News

POST TYPE

PERSPECTIVE

ရာဇဝင်ကို ခြေရာခံခြင်း
16-Feb-2017 tagged as

(၁)

အချို့သောဇာတ်၊ နိပါတ်၊ ပုံပြင်၊ ဇာတ်လမ်း၊ ရာဇဝင်သမိုင်း၊ သီချင်း စာသား စသည်တို့၌ စာရေးသူ အနေနှင့် ရှေးကဖြစ်ခဲ့ဖူးသော မှတ်တမ်းရာဇဝင်တို့နှင့် ချိတ်ဆက်ဖော်ပြ ရေးသားလေ့ ရှိကြသည်။ ထိုသို့ရေးသားဖော်ပြရာတွင် အများသိပြီးဖြစ်သည်ဟု မျှော်လင့်၍တစ်ကြောင်း၊ အကျယ်တဝင့် ရှည်လျားစွာ ဖော်ပြရန် မသင့်သည်ကတစ်ကြောင်း၊ အကြောင်းကြောင်းတို့ကြောင့် အတိုချုံ့၍ အကျဉ်းမျှသာ ဖော်ပြတတ်လေရာ မြှုပ်ကွက်အချို့ ပါရှိနေတတ်သည်။ ထိုအခါ စာဖတ်သူ အနေနှင့် ယင်းမြှုပ်ကွက်ကို ရှင်းလင်းစွာ နားလည် သဘောပေါက်မှသာ စာရေးသူ၏ ဆိုလိုရင်း အနှစ်သာရ၊ ပေးလိုသော သတင်းစကားကို ခြုံငုံမိနိုင်မည်ဖြစ်၏။ သို့မှသာ စာရေးသူကို ရင်ပေါင်တန်းနိုင်သော စာဖတ်သူ ဖြစ်လာနိုင်ပေလိမ့်မည်။

ယင်းအချက်နှင့် စပ်လျဉ်း၍ ကျွန်တော်ကိုယ်တိုင် ပက်ပင်းကြုံခဲ့ရသော ရာဇဝင်တစ်စောင်ထဲက မြှုပ်ကွက်တစ်ခုကို တင်ပြလိုပါသည်။ အောက်ပါစာပိုဒ်ကိုရှုပါ။

“အကျွန်ုပ်တို့သတိုးသည် ယခုပြုမည့်သစ္စာမှန်၏လောဟု မေးရာတွင် ကျွန်ုပ်စိတ်တွင် အောက်မေ့မိထည့်သည်။ အင်းဝစစ်သည်တို့ မျိုးရိက္ခာ ကုန်၍ငတ်မွတ်လျှင် ခွာ၍ပြေးမည်။ သို့လျှင်နိုင်မည်ကို အနိုင်မခံ၊ သစ္စာပြုပြီးမှနိုင်အောင် ပြုမည်ကြံသော အကြံသည် ရှေးက အသားမင်းသားသည်သိကြားသမုတ်သည့် ဟံသာဝတီသည်ရန်စစ်ရောက်လျှင် အောင်နိုင်တော့သည်ကို ယင်းသို့ကား မအောက်မေ့။ မင်းစဉ်းလဲအားဖြင့် နိုင်အောင်ပြုသောကြောင့် သိကြားသမုတ်သည့် ဟံသာဝတီဟူသော အမည်ပျောက်ခဲ့၍ ဥပါယ်နှင့်ရသောကြောင့် ဥပါယ်ခိုးဟုတွင်ပြန်သည်ကို ရှည်သောအားဖြင့် ပဲခူးဟုတွင်သည်။ ယခုတို့သခင်သည် သူရိက္ခာကုန်၍ ပြန်တော့မည်ကို သစ္စာခံမှ ဖောက်ပြန်၍ အနိုင်ယူတော်မူသော် ပဲခူးဟူသည့်အမည်ကို နောက်ပဇာ အမည်ခေါ်ပြန်တုံ့အံ့ဟု အောက်မေ့၍ စစ်ထိုးရာတွင်ကို သစ္စာမှန်ဖူးသလောဟု သတိုးကို ဆိုပေသည်မှန်၏”(မူရင်းသတ်ပုံအတိုင်း)

(၂)

အထက်ပါစာပိုဒ်သည် မွန်ပညာရှိအမတ်ကြီး ရေးသားစီရင်အပ်သော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှဖြစ်ပြီး မွန်-မြန်မာ အနှစ်လေးဆယ် စစ်ပွဲကို အသေးစိတ် ရေးဖွဲ့ထားသည်။ လဂွန်းအိမ်သည် သုရှင်ရာဇာဓိရာဇ်၏ အမတ်သူရဲကောင်းဖြစ်၏။ လဂွန်းအိမ်ကား နှယ်နှယ်ရရ သူရဲကောင်းမဟုတ်။ ခြေလျင်တပ်၊ မြင်းတပ်၊ ဆင်တပ်နှင့် လှေတပ်တိုက်ပွဲတို့တွင် အောင်ပွဲ အလီလီ ရခဲ့သူဖြစ်၏။ သုရှင်၏တိုက်စစ်အား ခံတပ်အတွင်းမှ ကြံ့ကြံ့ခံနေခဲ့သော သံမောင်မြို့စား မဂြိုင်း၏ဦးခေါင်းကို ခံတပ်အတွင်း တစ်ကိုယ်တော် ဝင်ရောက်၍ ဖြတ်ယူလာနိုင်သည်အထိ လက်ရုံးရည်စွမ်းပကားကြီးသူ ဖြစ်၏။

သူ၏တိုက်ပွဲ မှတ်တမ်းများအရ သူသည် သူရသတ္တိအရာတွင် ပြောင်မြောက်ရုံမျှမက အမှန်တရားကို ချစ်မြတ်နိုးတတ်သော ဗျတ္တိနှင့်လည်း ပြည့်စုံသူဖြစ်ကြောင်း အောက်ပါသမိုင်းမှတ်တမ်းက သက်သေခံလျက် ရှိသည်။

တစ်ခါသော် သုရှင်၏တပ်နှင့် အင်းဝတပ်တို့ ပန်းကျော်အရပ်တွင် ရင်ဆိုင်မိကြသည်။ အင်းဝတပ်တို့ စစ်ပန်းကာ ရိက္ခာပြတ်လုဆဲဆဲအချိန်တွင် သုရှင်က ဥပါယ်တံမျဉ်ဖြင့် အနိုင်ရအောင် အစီအမံတစ်ရပ် ကြံစည်ခဲ့၏။ ယင်းမှာ နှစ်ဖက်တပ်တို့ မြသီတင်းဘုရားရင်ပြင်တွင် သစ္စာပြုကြမည့်လေဟန် ဟန်ဆောင်၍ မြသီတင်းဘုရားသို့သွားရာ လမ်းခုလတ် သဲသောင်ပြင်တွင် ဓားများကိုမြှုပ်ထားပြီး အချိန်းအချက်ပြသည်နှင့် မြန်မာသူရဲကောင်းအမတ်တို့အား လက်စတုံးရန်ဖြစ်၏။ လိုရင်းကိုဆိုရသော် သုရှင် ကိုယ်တော်တိုင်စီမံသော ယင်းအကြံအစည်သည် လဂွန်းအိမ်၏ ဖွင့်ဟချက်ကြောင့် ပျက်ပြားသွားခဲ့ရလေသည်။ သုရှင် အမျက်ပြင်းစွာ ထွက်တော်မူသည်ဖြစ်၍ အမတ်ဒိန်မဏိရွတ်ထံအပ်နှံ၍ လဂွန်းအိမ်ကို စစ်မေးစေရာ ရည်ညွှန်းပါစာပိုဒ်တွင် ဖော်ပြထားသည့်အတိုင်း လဂွန်းအိမ်က ပြန်လည်ရှင်းလင်း လျှောက်ထားခဲ့ခြင်းဖြစ်လေသည်။

(၃)

ဤစာပိုဒ်တွင် ကျွန်တော့်အား အကျပ်ရိုက်စေခဲ့သည်မှာ “ရှေးက အသားမင်းသားသည် သိကြားသမုတ်သည့် ဟံသာဝတီသည် ရန်စစ်ရောက်လျှင် အောင်နိုင်တော့သည်ကို ယင်းသို့ကား မအောက်မေ့။ မင်းစဉ်းလဲ အားဖြင့် နိုင်အောင်ပြုသောကြောင့် သိကြားသမုတ်သည့် ဟံသာဝတီဟူသော အမည်ပျောက်ခဲ့၍ ဥပါယ်နှင့်ရသောကြောင့် ဥပါယ်ခိုးဟုတွင်ပြန် သည်ကို ရှည်သောအားဖြင့် ပဲခူးဟုတွင်သည်”ဟူသောစာပိုဒ် ဖြစ်၏။

လဂွန်းအိမ်၏ လျှောက်တင်ချက်သည် စစ်သူရဲကောင်းပီပီ မလိမ့်တပတ်နည်းဖြင့် အနိုင်မယူလိုဟု ဆိုလိုရင်းဖြစ်ကြောင်းကိုမူ ရိပ်ဖမ်းသံဖမ်းမျှ ကျွန်တော်သိပါ၏။ သို့သော် အသားမင်းသားသည် မည်သူနည်း။ အသား မင်းသားသည် မည်သည့်တိုက်ပွဲကို မည်သို့သော ဥပါယ်တံမျဉ်ဖြင့် တိုက်ခဲ့ပါသနည်း။ အဘယ်အချက်ကြောင့် အသားမင်းသားအား မင်းစဉ်းလဲဟု ယိုးစွပ်နိုင်ပါသနည်း။ အသားမင်းသား၏ ရာဇဝင်ကို ခိုင်လုံစွာ မသိရှိသောကြောင့် ကျမ်းပြုဆရာအမတ်ကြီး ဗညားဒလ ပေးလိုသော သတင်းစကားကို ကျွန်တော် တိကျသေချာစွာ မစောကြောနိုင်ခဲ့ချေ။ နားဝေတိမ်တောင်ဖြစ်ရ၏။

၎င်းအပြင် ထိုအသားမင်းသား၏ ရာဇဝင်သည် ရာဇာဓိရာဇ်၏ လျှို့ဝှက်စစ်ဆင်ရေး အစီအမံကို ဖျက်နိုင်ရလောက်အောင် လဂွန်းအိမ် ထုချေ ကိုးကားခဲ့သော မှတ်တမ်းဖြစ်၍ အလွန်အရေးပါသော အချက်ဟု ကျွန်တော် မြင်သည်။

ထို့ကြောင့် ကျွန်တော်သည် လဂွန်းအိမ်၏ လျှောက်တင်ချက်ထဲမှ အသားမင်းသား၏ ရာဇဝင်ကို ရှာပုံတော်ဖွင့်ခဲ့ရာ တစ်ခုသော အွန်လိုင်း စာမျက်နှာတွင် ဖော်ပြထားသော အမျိုးသားပညာဝန် ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ၌ အောက်ပါအတိုင်းတွေ့ရှိရသည်။

“မွန်လူမျိုး အသားမင်းသား”

ယခု ပဲခူး ဟံသာဝတီနေရာတွင် ဟိုအလွန်ရှေးကျသော အခါကာလက ပင်လယ်ရေ လွှမ်းမိုးလျက်ရှိသည်။ နောက် ကျွန်းငယ်ကလေးတစ်ခု ပေါ်လာသည်။ ထိုကျွန်းငယ်မှာ အလွန်သေးငယ်၍ ဟင်္သာ “ဖို မ”နှစ်ကောင် မနားလောက်သောကြောင့် ဟင်္သာဖို၏ ကျောထက်တွင် ဟင်္သာမ နားရသည်ဆိုသည်။ ဤသို့ ဟင်္သာ“ဖို မ”နားသော ကျွန်းအရပ်ဖြစ်၍ “ဟံသာဝတီ”ဟု တွင်လေသည်။ ဤနေရာသည် မွန်တို့၏ နယ်တွင်းဖြစ်၏။ သို့ရာတွင် အိန္ဒိယတိုင်းသား ကုလားများ ရောက်လာ၍ ထိုကျွန်းကိုတွေ့ရှိပြီး မိမိတို့ ပိုင်လိုသည်နှင့် သံတိုင်ကို စိုက်မှတ်ထားလိုက်လေ၏။

သထုံဘုရင်၏ သားတော်များဖြစ်သော သမလနှင့် ဝိမလညီနောင် နှစ်ပါးတို့သည် အသက် ၁၇ နှစ်ခန့်၌ မြို့သစ် အသစ်တည်ထောင်ရန် လှည့်လည် ရှာဖွေခဲ့ရာ ထိုဟံသာဝတီကျွန်းကို တွေ့လေ၏။

သို့တွေ့သောအခါ၌ “ကုလားတို့ သံတိုင်စိုက်၍ အစောင့်ထားသည်မှာ အနှစ် ၉၀ ရှိလေပြီ။ သို့ရာတွင် မွန်မင်းသားတို့က ငါတို့ မွန်နယ်ဖြစ်သည်။ ငါတို့သာ ပိုင်ထိုက်သည်”ဟု ဉာဏ်ကူ၍ အမှတ်မဲ့ ထိုကုလားသံတိုင်အောက်က သံကောက်ကိုးစင်း မြှုပ်ထားလိုက်၏။ ပြီးမှ မိမိတို့က အလျင်ကျကြောင်း၊ ဦးကြောင်းဆို၍ တူးကြည့်ကြရာ ပြောသည့်အတိုင်း သံကောက် ကိုးစင်းတွေ့ရှိ၊ မွန်မင်းသားတို့က ကျွန်းကို ရလေ၏။

(၄)

ထိုအခါမှ “ဟံသာဝတီ”ဟု သမုတ်၍ သမလကမင်းပြု၍ ဝိမလကို အိမ်ရှေ့ပေးထား၏။ ထိုဟံသာဝတီ တည်သောသက္ကရာဇ်ကား ၅၀ဝ ကျော် ဖြစ်လေသည်။ သမလမင်းသည် မယ်ကပီထော်ဆိုသူကို မိဖုရား မြှောက်၏။ ထိုမိန်းမ၏ ဖမိများမှာ ဖရုံစိုက်ပျိုး စားသောက်သူများ ဖြစ်၏။

၎င်းတို့၏သမီးပျို အလွန် လှပချောမောသဖြင့် မင်းကတောင်းရာ ကြောက်၍ ပြေးပုန်းသောကြောင့် ရှာဖွေသောအခါ ဖရုံရုံထဲက တွေ့လေ၏။ သို့ကြောင့် “မယ်ကပီထော်”ခေါ်သည်။ မြန်မာဘာသာဖြင့် “ရွှေဖရုံမယ်”ဟု ခေါ်နိုင်၏။

ထိုမိဖုရား မယ်ကပီထော်မှ သားတော်တစ်ပါး ဖွား၍ ငါးလ၊ ခြောက်လခန့်တွင် သမလမင်း နတ်ရွာစံလေ၏။ ထိုအခါ ညီတော်ဝိမလသည် ထီးနန်းတက်၍ ထိုမရီးတော်ကိုပင် မိဖုရားမြှောက်ပြန်၏။ သားတော်ကလေးကိုကား ရန်သူဖြစ်မည်စိုး၍ နယ်စွန်နယ်ဖျားသို့ သွား၍ပစ်ရမည်ဟု မိန့်လေ၏။ သို့အတိုင်း ပေါင်းလောင်းမြစ် အရှေ့ဘက် “ကွမ်အပ်သား” (ဝါ) “ကွမ်အသား”ရွာ၊ မွန်ကရင်လူမျိုး မုဆိုးမ မိနန်းကလိုင်း (မိနန့်ကလိုင်း) ၏ ကျွဲခြံဝ၌ ညအခါ ကလေးကို စွန့်ပစ်ခဲ့လေ၏။

နံနက်စောစော ကျွဲတို့ကိုလွှတ်ရာ ကျွဲမကြီးတစ်ကောင်သည် အလျင်ထွက်၍ ခြံဝရှိကလေးကို ခွ၍ရပ်နေ၏။ ကျွဲရှင်မိနန်းကလိုင်း (မိနန့် ကလိုင်း)က တွေ့ရှိကာ မွေးစားထားလေ၏။ ဤသူငယ်သည် ကြီးလာသော် ကျွဲများ၊ နွားများကို ကျောင်းရ၏။ ကျွဲတို့ကို အလွန် ယုယလေသဖြင့် ကျွဲတို့ကလည်း အလွန် ခင်မင်ယဉ်ပါးလေသည်။ ထိုသူငယ်မှာ ထွားကျိုင်း၊ သန်မာ၊ လျင်မြန်၊ ပေါ့ပါး၏။ ကျွဲတို့အပေါ်၌တက်စီး၊ တစ်ကောင်မှတစ်ကောင် ကူး စသည်ဖြင့် ချိုကြားတို့၌ပင် ခုန်လွှား ကစားနေလေ့ရှိ၏။ ဤသို့ သန်စွမ်းကျင်လည်ကြောင်း အနီးအဝေး ကျော်စောလေသည်။

ဝိမလမင်း နန်းစံရှစ်နှစ်တွင် ကုလားတို့သည် မကျေနပ်၍ အရပ် ခုနစ်တောင်မြင့်သော လန်ဘားဆိုသူ ကုလားကြီးက ဗိုလ်ပြုလျက် သင်္ဘော ခုနစ်စင်းနှင့် လာရောက်ကြပြန်၏။ ထိုကုလားရန်ကို ဖြိုဖျက်နိုင်သူ မရှိ၍ ဖြိုဖျက်နိုင်သူ လူစွမ်းကောင်းကို ရှာစေတော်မူ၏။

(၅)

ထိုအခါမှ ထိုကျော်စောသော သူငယ်ကိုတွေ့ရှိပြီး ကျွဲကြီးကိုစီး၍ လိုက်လာခဲ့၏။ ရောက်မှ တူတော်ဖြစ်ကြောင်း သိရှိ၍ ကုလားရန်ကို ဖြိုဖျက်စေ၏။ ကုလားလန်ဘားနှင့် မွန်မင်းသားတို့ နှစ်ယောက်ချင်း တိုက်ကြမည်ဟု သဘောတူကြ၏။ ကုလားကြီးသည် သံချပ်ဝတ်လျက် ငှက်ပျောရွက်ခန့်ရှိ ဓားကြီးကို ထမ်းလာ၏။ မင်းသားကလည်း ငှက်ပျောရွက်ခန့်ရှိ လှံ နှစ်စင်းကိုဆွဲ၍ ထွက်လာ၏။ နှစ်ဦးနှစ်ဖက်လူတို့လည်း ဘေးက ကြည့်နေကြကုန်၏။

နှစ်ယောက်ယှဉ်၍ တိုက်မည့်ဆဲဆဲတွင် မွန်မင်းသားက ဉာဏ်ကူ၍ “ငါတို့နှစ်ယောက်ချင်း တိုက်မည်ဟု ကတိထားလျက် အဘယ်ကြောင့် နောက်လိုက် အကူအညီ ခေါ်ခဲ့သနည်း”ဟု ဆိုလိုက်၏။ ထိုအခါ ကုလားကြီးက “ငါ့မှာ အဖော်မပါတကား”ဟုဆို၍ နောက်သို့ လှည့်ကြည့်လိုက်၏။ ထိုသတိလစ်သောခဏ၌ မွန်မင်းသားက လှံဖြင့်လည်မျိုကိုထိုးလိုက်ရာ ကုလားကြီးကျလေ၏။ ကုလားတို့လည်း ပြေးကြရလေကုန်၏။ ကုလားတို့ကို ဥပါယ်တံမျဉ်ဖြင့် နိုင်ရလေသည်ဟု “ဥပါယ်ခိုး” နောက်စကားရွေ့၍ “ပဲခိုး”၊ “ပဲခူး”တွင်သည် ဆိုသည်။

(ရှေးက ထိုပင်လယ်တိမ်အရပ်ရေတွင် များစွာသော ဝမ်းဘဲများ ကူးသန်းစားသောက် ရှိနေကြသဖြင့် “ဝမ်းပဲကူး”၊ “ပဲကူး”၊ “ပဲခူး”ခေါ်တွင် လာဟန်ကိုလည်း အချို့ ကြံဆကြသည်)

ဝိမလမင်းသည် တူတော်အား အိမ်ရှေ့ပေး၏။ ဝိမလမင်း နတ်ရွာစံသော် တူတော်နန်းတက်၍ အနှစ် ၂၀ မျှ မင်းပြုပြီးမှ အနိစ္စရောက်လေသည်။ “ကွမ်အသား”ရွာတွင် ကြီးပြင်းခဲ့ရသူဖြစ်၍ “အသားမင်းသား”၊ “အသားမင်း”ဟု ယခုတိုင် ကျော်စော ထင်ရှားလေသတည်း။

(၆)

သို့လျှင် အသားမင်းသား၏ ရာဇဝင် ဆုံးခန်းတိုင်သည်တွင်မှ ကျွန်တော် ကောင်းကောင်းဇာတ်ရည်လည်တော့သည်။ မွန်သူရဲကောင်း လဂွန်းအိမ် လျှောက်တင်ချက်၏ အနှစ်သာရကို ထဲထဲဝင်ဝင် သိမြင်ခံစားနိုင်တော့သည်။ လဂွန်းအိမ်၏ လျှောက်တင် ထုချေချက်နှင့် အသားမင်းသား၏ ရာဇဝင်ကို ကောင်းစွာ ချိတ်ဆက်မိသည့်အခါ ကျမ်းပြုပုဂ္ဂိုလ်၏ ဆိုလိုရင်းကို ပြည့်စုံစွာ သိရှိသည့်အခြေသို့ ဆိုက်၏။ ဤလောကကြီးတွင် အနိုင်ရသည်ဆိုသည်နှင့်မပြီး၊ အမှန်တရားတည်းဟူသော သစ္စာထိုက်မှသာ အောင်ပွဲဟုဆိုနိုင်ကြောင်း ပြက်ပြက်ထင်ထင် ဆင်ခြင်သုံးသပ်နိုင်တော့သည်။

အချို့သော ဇာတ်၊ နိပါတ်၊ ပုံပြင်၊ ဇာတ်လမ်း၊ ရာဇဝင်သမိုင်း၊ သီချင်း စာသား စသည်တို့၌ စာရေးသူအနေနှင့် ရှေးကဖြစ်ခဲ့ဖူးသော မှတ်တမ်း ရာဇဝင်တို့နှင့် ချိတ်ဆက် ဖော်ပြရေးသားလေ့ ရှိကြသည်။ ထိုသို့ရေးသား ဖော်ပြရာတွင် အများသိပြီးဖြစ်သည်ဟု မျှော်လင့်၍ တစ်ကြောင်း၊ အကျယ်တဝင့် ရှည်လျားစွာ ဖော်ပြရန် မသင့်သည်ကတစ်ကြောင်း၊ အကြောင်းကြောင်းတို့ကြောင့် အတိုချုံ့ အကျဉ်းမျှသာ ဖော်ပြတတ်လေရာ မြှုပ်ကွက်အချို့ပါရှိနေတတ်သည်။ ထိုအခါ စာဖတ်သူအနေနှင့် ယင်းမြှုပ်ကွက်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်မှသာ စာရေးသူ၏ဆိုလိုရင်း အနှစ်သာရ၊ ပေးလိုသော သတင်းစကားကို ခြုံငုံမိနိုင်မည်ဖြစ်၏။ သို့မှသာ စာရေးသူကို ရင်ပေါင်တန်းနိုင်သော စာဖတ်သူ ဖြစ်လာနိုင်ပေလိမ့်မည်။    ။

မင်းဒင်

  • TAGS