News

POST TYPE

PERSPECTIVE

အမြစ် မထိသေးသော မူးယစ်ဆေး
06-Aug-2016
နံနက်က ဖမ်းသော်လည်း ညနေတွင် ပြန်လည် ရောင်းချနေပါသည်။ စည်ပင်တာဝန်ရှိသူများက ဖမ်းဆီးသည့် ကျူးကျော် ဈေးသည်များဟု မထင်လိုက်ပါနှင့်။ မန္တလေးမြို့ ကမ်းနားလမ်းရှိ မူးယစ်ဆေး ရောင်းချနေသူများ ဖြစ်သည်။

နာမည်ကျော် ကမ်းနားလမ်း အပါအဝင် မန္တလေး၏ မူးယစ်ကျော်ဇော ပုဂ္ဂိုလ်များ ရှိရာသို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ကိုယ်တိုင် ဇူလိုင်လ ၂၅ ရက်နေ့က ဦးစီးကာ ဖမ်းဆီးခဲ့သည့် သတင်းက လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့သွားခဲ့သည်။

ရဲတပ်ဖွဲ့ဝင် ၃၅၀ ဦးခန့်ဖြင့် မူးယစ်ကျော်ဇော နေရာ ၁၃ နေရာကို ဝင်ရောက် စီးနင်းခဲ့သော်လည်း တရားခံမှာ ခြောက်ဦးသာ ဖမ်းမိခဲ့ကြောင်း ဖမ်းဆီးပြီး နောက် တစ်ရက်တွင် တရားဝင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

"တကယ်တမ်းက ဒီအဲဘက်မှာ မူးယစ်ဆေး နာမည်ကြီးနေတာက ကြာပြီ။ ဘယ်သူတွေ လုပ်တယ်ဆိုတာ ဒီက အကုန်သိ ကြတယ်။ ဒါပေမဲ့ အဖမ်း မခံကြရဘူး"ဟု အဆိုပါ ကမ်းနားလမ်းနေ ကာယလုပ်သား တစ်ဦးက ဆိုသည်။

ယင်းဇာတ်လမ်း၏ အစမှာလည်း  လူမှုကွန်ရက် စာမျက်နှာမှ ဖြစ်သည်။ ယင်းကဲ့သို့ အလုံးအရင်းဖြင့် ဖမ်းဆီးခြင်း မပြုမီ တစ်ပတ်ခန့်အလိုက မန္တလေးမြို့တော်၏ သတင်း အချက်အလက်နှင့် ပတ်သက်သည့် Facebook Group စာမျက်နှာအချို့တွင် ၁၉ လမ်းနှင့် ၂၂ လမ်းကြား၊ ကမ်းနားလမ်း တစ်လျှောက်ရှိ မူးယစ်ဆေး ရောင်းဝယ်သူများ၊ သတင်းပေးများကို နာမည်စာရင်း အတိအကျဖြင့် ဖော်ပြ ခဲ့ကြသည်။ 

ယင်းစာရင်းတွင် မူးယစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့ထံ ငွေကြေးများ ပံ့ပိုးနေသည့် ရောင်းချနေသည့် ဘိန်းဘုရင်များ၊ လက်ခွဲများ၊ ရဲနှင့် ချိတ်ဆက်ပေးသူများ စသည့်ဖြင့်  နာမည်စာရင်းများနှင့် ကိုယ်ရေး အချက်အလက် အချို့ပါ ပါဝင်သည်။ 

သို့သော်လည်း ထိုသူများကို တစ်ဦးတလေမျှ ဖမ်းမိခြင်း မရှိဘဲ ဆေးသုံးစွဲသူ အချို့နှင့် အရက်ပုန်း ရောင်းသူကိုသာ ဖမ်းဆီးခဲ့မှုကို မြို့ခံတို့က ဝေဖန်ခဲ့သည်။ 

"သူတို့ကို ငွေပေးထားတော့ မဖမ်းတာပေါ့။ အင်တာနက်မှာ တက်လာသလိုပဲ၊ ဒီကရဲတွေ ဖမ်းရင်တော့ မိမှာ မဟုတ်ဘူး"ဟု ကာယလုပ်သား တစ်ဦးက ပြောပြသည်။ 

တိုင်းရဲတပ်ဖွဲ့မှူးကမူ ပင်မ ရောင်းချသူများကို ဖမ်းဆီး ရမိခြင်း မရှိသဖြင့် "အားမရ"ဟု ဝန်ခံ ပြောဆိုသည်။

"ကျွန်တော်တို့အနေနဲ့ သုံးစွဲရန် ရောက်ရှိနေတဲ့ သူတွေကိုပဲ ဖော်ထုတ်ဖမ်းဆီး နိုင်သေးတဲ့အတွက် တကယ်တမ်းဆိုတော့ အားမရပါဘူး။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့က ပင်ရင်းဖြစ်တဲ့ ဖြန့်ဖြူး ရောင်းချတဲ့သူတွေ အဓိက ထားပြီးတော့ ဖမ်းဆီး အရေးယူ ချင်ပါတယ်"ဟု တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဟန်ထွန်းက ညည်းတွား ပြောဆိုသည်။

"အဲဒီလိုဖြစ်ဖို့က ကျွန်တော်တို့မှာက သတင်းရရှိဖို့ လိုအပ်ပါတယ်"

ယင်းကဲ့သို့ ဖမ်းဆီး လိုက်ခြင်းကြောင့် မူးယစ်ဆေးဝါးမှာ ဈေးကွက်ပျက်မည့် အနေအထားဟု ရဲမှူးကြီးက ယူဆသည်။ ထိုနေရာများတွင် ရောင်းချ သုံးစွဲနေမှုများကို ရဲတပ်ဖွဲ့ အကြီးအကဲများ သိရှိသည်ကို ပြသခြင်း ဖြစ်၍ ရောင်းချ သုံးစွဲမှုကို တိုက်ဖျက်နိုင်သည်ဟု မိမိအနေဖြင့် ယူဆကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

မန္တလေးခရိုင်အတွင်း ပြည်ကြီးတံခွန်၊ အောင်မြေသာစံနှင့် ပုသိမ်ကြီးမြို့နယ်တို့သည် မူးယစ်ဆေးနှင့် ပတ်သက်၍ သတင်း မွှေးလှသည်။ တိုင်းဒေသကြီး အစိုးရမှ ထုတ်ပြန်သည့် ဖမ်းဆီးစာရင်းများအရ ပင်ရင်း လက်ကြီးသမားတွေက လွတ်မြောက်နေဆဲ ဖြစ်သည်။

ယခုပြုလုပ်ခဲ့သည့် မူးယစ်ဆေးနှိမ် နင်းမှု၌ ပြည်ကြီးတံခွန် ဘက်တွင် ပစ်မှတ် လေးခု ရှိသည့်အနက် သွားရောက် ရှာဖွေရာတွင် လူနေထိုင်ခြင်း မရှိဘဲ အိမ်တံခါး ပိတ်ထားခြင်း၊ နေအိမ်တစ်ခုမှာ ခြံစည်းရိုးနှင့် နေအိမ်ကိုပါ ဖျက်သိမ်းထားခြင်းမျိုး တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ အောင်မြေသာစံ ဘက်တွင် ပစ်မှတ် ခြောက်နေရာ ရှိပြီး နှစ်နေရာတွင် မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသည့် သူများနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ၍ အမှုဖွင့် အရေးယူခဲ့ပြီး အခြား နေရာများတွင်လည်း ဆေးသုံးစွဲသည့် သူများကိုသာ တွေ့ရှိခဲ့ရသည်။

ယင်းတို့ကို ကြည့်ခြင်းအားဖြင့်  ရဲတပ်ဖွဲ့အတွင်း သတင်း ပေါက်ကြားမှုများ ရှိနေသည်ကို သက်သေပြလျက် ရှိသည်။

မန္တလေးတိုင်း၏ မူးယစ်ဆေး ရက်တစ်ရာ စီမံချက်မှာ မေလ ၁ ရက်နေ့က စတင်ခဲ့ပြီး  ဇူလိုင်လကုန် အချိန်ထိ မူးယစ် အမှုပေါင်း ၁၇၇ မှု ဖမ်းဆီးနိုင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးနိုင်ခြင်းမှာ တိုး၍ ဖမ်းဆီးနိုင်ခြင်းလည်း ဖြစ်သည်ဟု ရဲမှူးကြီး ဟန်ထွန်းက ဆိုသည်။

"အရင်ကဆို တစ်လကို လေးမှုလောက်ပဲ မိတဲ့ အနေအထားကနေ အခုက တစ်လကို ငါးမှုလောက် မိလာတယ်"ဟု ၎င်းက ရှင်းပြသည်။ 

ယင်းကဲ့သို့ ဖမ်းဆီးမိခဲ့သည့် အမှုပေါင်း ၁၇၇ အတွက် အမျိုးသား တရားခံ ၂၅၂ ဦး၊ အမျိုးသမီး တရားခံ ၃၈ ဦး၊ စုစုပေါင်း ၂၉၀ ဦးကို ဖမ်းဆီး အရေးယူခဲ့ပြီး အမှုအတွက် ကျပ်သိန်းပေါင်း တစ်သိန်းရှစ်သောင်းခုနစ်ထောင်ကျော်ဖိုးရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းအထဲတွင် ပြည်ကြီးတံခွန် မြို့နယ်အတွင်း နာမည်ကြီးနေသည့် စိုးမင်း (ခေါ်) အဗ္ဗဒူလာ၏ နေအိမ်ကို ရှာဖွေစစ်ဆေးခဲ့ရာ ဆေးပြားပေါင်း နှစ်သောင်း တစ်ထောင်သုံးရာ့သုံးဆယ်ပြား ဖော်ထုတ်နိုင်ပြီး ကွင်းဆက်အဖြစ် ၎င်းပိုင်ဆိုင်သည့်  မိတ္ထီလာမြို့မှ ခြံဝင်း တစ်ခုအတွင်း ဆေးပြား အလုံးရေ သိန်းပေါင်းသုံးဆယ်နှင့် ကိုးသောင်းပြား၊ တန်ဖိုးအားဖြင့် သိန်းတစ်သိန်းခွဲတန်ဖိုးကို ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ကြောင်း အဆိုပါရုံးမှ ထပ်မံ သိရှိရသည်။

မူးယစ်ဆေးဝါးများကို ဖမ်းဆီးရခြင်းမှာ ယင်းသို့ ဆောင်ရွက်မှုမှာ ပြည်သူလူထု၏ လိုလားချက် ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့၏ ရည်မှန်းချက်လည်းဖြစ်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်ချက်ဖြစ်ကာ ရတနာပုံ စစ်ဆင်ရေးကို အကောင်အထည် ဖော်ခြင်းလည်းဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ရှင်းပြသည်။

တပ်မတော် အစိုးရလက်ထက်က မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ မူးယစ်ဆေးဝါး ကင်းစင်ရမည်ဟု မျှော်မှန်း ဆောင်ရွက် ခဲ့သော်လည်း အောင်မြင်မှု မရသည့်အပြင် တရားမဝင် စိုက်ပျိုးထုတ်လုပ် ရောင်းဝယ် ဖောက်ကားမှုများ ပိုမို တိုးလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အမှတ် (၉) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ဆိုသည်။

သြဂုတ်လ ၁ ရက် အမျိုးသားလွှတ်တော်  အစည်းအဝေးတွင် ရှမ်းပြည်နယ် အမှတ် (၃) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်း၏ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူးယစ်ဆေးဝါး ပြဿနာများနှင့် စပ်လျဉ်းသည့် အဆိုကို ထောက်ခံ ဆွေးနွေးရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ  တစ်နှစ်ထက် တစ်နှစ် ပိုများလာသော်လည်း တရားဥပဒေ စိုးမိုးမှု မရှိသေးသည့် နေရာများနှင့် မငြိမ်းချမ်းသေးသည့် ဒေသများတွင်  မူးယစ်ဆေးဝါး စိုက်ပျိုး ထုတ်လုပ်နေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင် ပတ်သက်နေခြင်း စသည့် အကြောင်းများကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှု မအောင်မြင်ရခြင်း ဖြစ်သည်ဟု ဦးမောင်မောင်လတ်က သုံးသပ်သည်။

"မူးယစ်ဆေးဝါး အန္တရာယ်ဟာ မြန်မာနိုင်ငံ မြို့ကြီးမြို့နယ်တွေ သာမက ကျေးရွာ ဇနပုဒ်အထိ ပျံ့နှံ့ ရောက်ရှိနေပါပြီ။ တရားမဝင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ် သယ်ဆောင် ရောင်းဝယ်မှုတွေမှာ ဥပဒေ စိုးမိုးရေး အဖွဲ့ဝင်များ၊ ပါဝင် ပတ်သက်နေတာကြောင့် ပြဿနာကို ပိုမို ကြီးထွားစေသလို တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ကြီးကြီးမားမား ထိခိုက်စေပါတယ်"ဟု ၎င်းက ဆိုသည်။ 

ဖမ်းဆီးမိသည့် အမှုများတွင် ဆေးသုံးစွဲသူများနှင့် လက်လီ ရောင်းချသူများ၊ ပမာဏ အနည်းငယ်ကိုသာ သယ်ဆောင်သူများကို ဖမ်းဆီးရမိပြီး ပါဝင် ပတ်သက်ခဲ့သည့် ဥပဒေ ဘက်တော်သားများကို အရေးယူ အပြစ်ပေးခဲ့သော်လည်း နာမည်ကြီး မူးယစ်ရာဇာ၊ ဂိုဏ်းခေါင်းဆောင်များကို ယနေ့အထိ ဘာကြောင့် မဖမ်းဆီး နိုင်သေးတာလဲ ဆိုတာကို ပြည်သူတွေက မေးခွန်း ထုတ်နေကြကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

မူးယစ် လက်ကြီးသမားများ ဖြစ်သည့် ရောင်းချသူများကို မဖမ်းဆီးနိုင်သည့် အကြောင်းတစ်ခုမှာ ရက်တစ်ရာ စီမံချက်ကြောင့် တင်းတင်းကျပ်ကျပ် လုပ်ဆောင်မည်ကို သိရှိသည့်အတွက် ကြိုတင် တိမ်းရှောင်ခြင်းများကြောင့် ဖြစ်နိုင်ကြောင်း ရဲမှူးကြီး ဟန်ထွန်းက ဆိုသည်။

"ကျွန်တော်တို့ သွားရှာဖွေတဲ့ နေရာတချို့မှာဆိုရင် နေအိမ်ကော ခြံဝင်းကော ဖျက်သိမ်းထားတာတွေ တွေ့ရတယ်။ သတင်းပေါက်ကြားမှု မရှိအောင်တော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး လုပ်ခဲ့တယ်။ အခုဟာဆိုရင် လိုက်ပါမယ့် တပ်ဖွဲ့ဝင်တွေကို ကြိုတင် အသိပေး ထားတာမျိုး မရှိဘူး။ ဘောလုံးပွဲကလည်း ရှိနေတော့ လုံခြုံရေး ယူပေးရမယ့် သဘောမျိုးနဲ့ ခေါ်ဆောင်သွားတာ"ဟု ၎င်းက ရှင်းပြလေသည်။

သတင်း ပေါက်ကြားမှု မရှိစေရန်အတွက် မူးယစ် ရောင်းဝယ်မှုများ သတင်းပေးလိုလျှင် မိမိထံ တိုက်ရိုက် စာရေးသား ပေးပို့ကြစေလိုပြီး တိုင်ကြားသူကို လျှို့ဝှက် ပေးထားမည်ဖြစ်ကာ တိုင်စာရောက်သည်နှင့် တစ်ပြိုင်နက် အသင့် စုဖွဲ့ထားသည့် တပ်ဖွဲ့ဝင်များဖြင့် အမြန်ဆုံး ဖမ်းဆီးရှာဖွေ နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ရဲမှူးကြီး ဟန်ထွန်းက ကတိပြု ပြောဆိုသည်။

လက်ရှိ မြေပြင် အခြေအနေတွင်မူ နံနက်က ဖမ်းသော်လည်း ညနေတွင် ပြန်လည် ရောင်းချနေသည်။

မြတ်(ကလေး)


  • VIA