News

POST TYPE

PERSPECTIVE

ကလေးငယ် နှစ်ဦးကို မဖွယ်မရာ ပြုလုပ်သူ ထောင်အနှစ် ၄၀ ချမှတ်ခံရ
မန္တလေး၊ ဇန်နဝါရီ ၁၆

အောင်မြေသာစံမြို့နယ်အတွင်းရှိ ကလေးငယ် နှစ်ဦးကို မဖွယ်မရာ ပြုလုပ်ခဲ့သူအား အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် အနှစ် ၄၀ ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း မန္တလေးခရိုင်တရားရုံးထံမှ သိရသည်။

“သက်ငယ်မုဒိမ်းမှုတွေ မြင့်တက်နေချိန်လည်း ဖြစ်နေတဲ့အတွက် သူ့(မဖွယ်မရာ ပြုလုပ်သူ) ကို စံနမူနာပြအဖြစ်နဲ့ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်ခဲ့တာ။ ကျူးလွန်ခံရတဲ့သူတွေကလည်း အရမ်း ငယ်နေသေးတဲ့ ကလေးတွေ ဖြစ်နေတာကြောင့်လည်း ပါတယ်”ဟု ခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးအောင်မော်က ပြောကြားသည်။

အောင်မြေသာစံမြို့နယ် ၃၄ လမ်းနှင့် ၇၉ လမ်းထောင့် မီးရထားဘူတာအနီးရှိ ကျူးကျော်နေအိမ် တစ်ခုတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ခုနစ်နှစ်အရွယ် ယောက်ျားလေး တစ်ဦးနှင့် လေးနှစ်အရွယ် မိန်းကလေးတ စ်ဦးကို အသက် ၄၀ နှစ်အရွယ်ရှိ လှထွေး (ခ) ကျင်ဝှက်က မဖွယ်မရာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ကလေးငယ် နှစ်ဦးအား မဖွယ်မရာ ပြုလုပ်ခဲ့သူကို ဘေးပတ်ဝန်းကျင်မှ ဒေသခံများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး လှထွေး(ခ) ကျင်ဝှက်ကို မီးရထား ရဲစခန်းက (ပ) ၅၃/ ၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆၊ ၃၇၇ တို့ဖြင့် အမှုဖွင့်ခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ခရိုင်တရားရုံး၌ ရာဇဝတ်ကြီး အမှတ် ၁၈၇/၁၆ ဖြင့် အမှုစွဲတင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သည်ဟု သုံးသပ်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြစ်မှု နှစ်ခုလုံးအတွက် အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောင်ဒဏ် ၂၀ နှစ်စီ ချမှတ်ခဲ့ခြင်းသည်။

မန္တလေးခရိုင်တွင် ၂၀၁၆ ခုနှစ်အတွင်း မုဒိမ်းမှု ၃၅ မှု ဖြစ်ခဲ့ပြီး ၃၂ မှုကို တရားစွဲတင်ထားနိုင်ပြီဖြစ်၍ တရားစွဲတင်ရန် သုံးမှု ကျန်ရှိနေသေးကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

M-04