News

POST TYPE

PERSPECTIVE

ဆက်၍ တင်ပြချင်သော ဥပဒေရေးရာများ “နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်း”
14-Jan-2017
ပြည်ထောင်စု လွှတ်တော်က ဥပဒေကြမ်း တစ်ရပ်ကို အတည် မပြုမီ ပြည်သူ အများ သိရှိလေ့လာရန် အကြံပြုချက် တောင်းခံခြင်းသည် လွန်စွာ လိုအပ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ၊ နိုင်ငံတော် လုံခြုံရေးတို့နှင့် သက်ဆိုင်သော ဥပဒေများကို ပြည်သူများအား ချပြအသိပေးရန် ပြည်သူ့သဘောထားကို တောင်းခံခြင်းသည် မဖြစ်မနေ ဆောင်ရွက်သင့်သော လုပ်ငန်းဖြစ်ပါသည်။

ခိုင်မာ တောင့်တင်းသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံသား ဥပဒေ (၁၉၈၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄) သည် ပြည်သူလူထုထံ ချပြ၍ ပြည်သူ့အကြံပြုချက်ဖြင့် ရေးဆွဲခဲ့သော ဥပဒေ ဖြစ်ပါသည်။ အဆိုပါ ဥပဒေကို ရေးဆွဲစဉ်က သုံးနှစ်ကျော် အချိန်ယူခဲ့ပါသည်။ နိုင်ငံတော် သမ္မတဟောင်း ဥပဒေပညာရှင် ဒေါက်တာ မောင်မောင် အပါအဝင် ဥပဒေပညာရှင်များ ပါဝင်ရေးသားခဲ့သော ဥပဒေကိုပင် မိမိ၏နိုင်ငံရေး ရည်မှန်းချက်အတွက် ၁၉၈၂ ခုနှစ်  မြန်မာနိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရန် ဥပဒေကို ပြန်လည် ဆန်းစစ်သင့်သည်ဟု ပြောဆိုသူ၏ အသံကိုလည်း သတိထားရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံသား ဥပဒေနှင့် ထပ်တူ အရေးကြီးသော နိုင်ငံခြားသားများဆိုင်ရာ ဥပဒေများသည်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် သမိုင်း ဖြစ်ပေါ်တိုးတက်မှု၊ လူမျိုးရေး ရပ်တည်နိုင်မှုအပေါ် အဓိကထားပြီး လူ့အခွင့်အရေး စံနှုန်းနှင့်အညီ ဥပဒေကြမ်းကို ရေးဆွဲရန် လိုအပ်ပေသည်။ ဥပဒေရေးဆွဲသူ တစ်ဦးသည် ဦးစန်းလွင် (တရားလွှတ်တော်ရှေ့နေ) ဥပဒေရေးဆွဲခြင်း ပညာစာအုပ်တွင် ဖော်ပြထားသည့်အတိုင်း အဓိကအားဖြင့် (က) “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကြေညက်စွာ သိရှိနားလည်ထားရန် လိုအပ်ပါသည်။”

သို့ဖြစ်ရာ ၃-၁၂-၂၀၁၆ ရက်နေ့နှင့် ၄-၁၂-၂၀၁၆ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသော “နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်း”ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လေ့လာ အကဲဖြတ်ရမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅ တွင် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြု ပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူများသာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများ ဖြစ်သည်ဟု ပြဋ္ဌာန်းထားပါသည်။

တည်ဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂ (င) တွင် “နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသား မဟုတ်သောသူ သို့မဟုတ် ဧည့်နိုင်ငံသား မဟုတ်သောသူ သို့မဟုတ် နိုင်ငံသား ပြုခွင့်ရသူ မဟုတ်သောသူကို ဆိုသည်”ဟု  ပြဋ္ဌာန်းထားပါသည်။ သို့ဖြစ်ရာ ဥပဒေကြမ်းတွင် ဖော်ပြထားသော အမြဲ နေထိုင်ခွင့်ရသူ နိုင်ငံခြားသား ဆိုသည့် အချိန်ကာလ ကန့်သတ်ချက်ဖြင့် နေထိုင်ခွင့်ပေးခြင်းကို သဘောပေါက်သော်လည်း “ပြည်တွင်းနေ အရည်အချင်း ရှိသော နိုင်ငံခြားသား”ဆိုသည့် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်ကို ဥပဒေကြမ်းပြုသူများက ရှင်းလင်းပြရန် လိုအပ်ပါသည်။

နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်းတွင် အခန်း ၁၁ ခန်း ပါဝင်ပြီး ဥပဒေ ပုဒ်မပေါင်း ၅၀ ထည့်ဖွင့်ထားသည်ကို တွေ့ရပါသည်။ “အခန်း (၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း (၂) နိုင်ငံခြားသား မှတ်ပုံတင် လက်မှတ်၊ အခန်း (၃) ယာယီ ခရီးသွားခြင်းနှင့် ပြောင်းရွှေ့နေထိုင်ခြင်း၊ အခန်း (၄) နိုင်ငံခြားသား၏ တာဝန်များ၊ အခန်း (၅) တည်းခိုအိမ်ပိုင်ရှင်၏ တာဝန်များ၊ အခန်း (၆) မှတ်ပုံတင် အရာရှိနှင့် လူဝင်မှု ကြီးကြပ်ရေး အရာရှိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၇) ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အခန်း (၈) ပြည်နှင်ဒဏ် ပေးခြင်းနှင့် ချုပ်နှောင်ခြင်း၊ အခန်း (၉) ပြည်နှင်ဒဏ် အမိန့်ကို ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် အာမခံပေးခြင်း၊ အခန်း (၁၀) သံတမန် များနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်များအား ကင်းလွတ်ခွင့်ပြုခြင်း၊ အခန်း (၁၁)  အထွေထွေ”တို့ ပါဝင်ပါသည်။

နိုင်ငံတော် လုံခြုံရေးအတွက် လွန်စွာ အရေးကြီးသော နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုရန် ဆွေးနွေးသည့်အခါ နိုင်ငံခြားသားများ မြန်မာနိုင်ငံ အတွင်း၌ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက် လုပ်ချင်တိုင်း လုပ်လို့ရသည့် ပုံစံမျိုးကို ထိန်းချုပ် ကြီးကြပ်နိုင်ရန် ဥပဒေ ထိန်းကျောင်းမှုရှိဖို့ လိုအပ်ပါသည်။ ဥပဒေကြမ်း ပုဒ်မ ၅၀ တွင် ရုပ်သိမ်းရန် ဖော်ပြထားသည့် Foreigners Act, (1864)၊ ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေနှင့် Registration of Foreigners Act (1940)၊ ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေတို့သည် ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့သော်လည်း နိုင်ငံခြားသား နေထိုင်သွားလာမှုကို ထိန်းချုပ်ကြီးကြပ်ခြင်း ပြုခဲ့ပါသည်။

သို့ဖြစ်ရာ ဥပဒေပညာရှင် ဒေါက်တာ တင်မေထွန်း (ပါမောက္ခ ဌာနမှူး၊ ဥပဒေပညာဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်)က Foreigners Act (1864) ၁၈၆၄ ခုနှစ် နိုင်ငံခြားသားများ အက်ဥပဒေနှင့် ပတ်သက်ပြီး “ဤဥပဒေတွင် နိုင်ငံခြားသားနှင့် ပတ်သက်သည့် ပုဒ်မပေါင်း ၂၆ ခု ပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၁၁၊ ၁၉၊ ၂၄ တို့မှာ ဖျက်သိမ်းထားပါသည်။ ပြင်ဆင်ထားသည့် ဥပဒေ မရှိပါ။ မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသားများသည် နယ်စပ်ခိုးဝင်မှု၊ ခိုးထွက်မှုများ ရှိနေသည့်အတွက် ဤဥပဒေကို ဆက်လက် ပြင်ဆင် ကျင့်သုံးသင့်ပါသည်”ဟူ၍လည်းကောင်း၊ Registration of Foreigners Act (1940) ၁၉၄၀ ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေနှင့် ပတ်သက်ပြီး “နိုင်ငံခြားသား မှတ်ပုံတင်ခြင်း ပြင်ဆင်မှု ဥပဒေအမှတ် ၂၅/၉၆ အရ ပြင်ဆင် ဖြည့်စွက်ထားသည်။ ဤနိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေတွင် ပုဒ်မပေါင်း ကိုးခု ပါဝင်ကြောင်း တွေ့ရသည်။ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံ အတွင်းသို့ တရားဥပဒေမဲ့ ဝင်ရောက် မလာနိုင်ရေးအတွက် အမျိုးသားရေး အမြင်ဖြင့် ကာကွယ်ရန်အလို့ငှာ ဤဥပဒေကို ဆက်လက် ပြင်ဆင် ကျင့်သုံးသင့်သည်”ဟူ၍လည်းကောင်း သုံးသပ်ထားပါသည်။ လက်တွေ့ ကျင့်သုံးရာ၌လည်း တရားလွှတ်တော်မှ ၇-၃-၁၉၆၀ ရက်စွဲ ညွှန်ကြားလွှာ အမှတ် ၃/၆၀ ဖြင့် “ထိရောက် ဟန့်တားသော ပြစ်ဒဏ်ပေးရန် အောက်ပါအတိုင်း လမ်းညွှန်ထားပါသည်။

“၁၉၄၈ ခုနှစ် နိုင်ငံခြားသား မှတ်ပုံတင်ရေး နည်းဥပဒေအပိုဒ် ၁၇ ကို လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဝန်ကြီးဌာန၏ ၁၉၅၉ ခု မေလ ၂၉ ရက်နေ့စွဲပါ ပြန်တမ်းအမှတ် ၅၆ ဖြင့် ပြင်ဆင်ချက်အရ အဆိုပါ နည်းဥပဒေကို ပျက်ကွက်သူ နိုင်ငံခြားသားများအား တရားရုံးများသို့ တရားစွဲဆို တင်ပို့သောအခါ အမှုများတွင် ပြစ်မှုထင်ရှား တွေ့ရှိပါက အမှုအသွားအလာကို ဆင်ခြင် သုံးသပ်၍ အထက်ဖော်ပြပါ ပြင်ဆင်ချက်၏ ရည်ရွယ်ချက်ကိုပါ ထည့်သွင်း စဉ်းစားပြီးလျှင် လျော်ကန် သင့်မြတ်မည့် ပြစ်ဒဏ်ကိုပေးရန် ညွှန်ကြားခဲ့ပါသည်။

ထို့အတူ ၁၂-၇-၁၉၇၅ ရက်နေ့၌ ညွှန်ကြားချက်အမှတ် ၉ ထုတ်ပြန်ပြီး “နိုင်ငံခြားသား မှတ်ပုံတင် အက်ဥပဒေအရ အရေးယူသော ပြစ်မှုများသည် နိုင်ငံတော်၏ လုံခြုံရေးကို ထိပါးစေသော ပြစ်မှုများဖြစ်သဖြင့် ပြစ်မှုနှင့် လျော်ညီစွာ ထိရောက် ဟန့်တားသော ပြစ်ဒဏ်ချမှတ်ပေးရန်” ညွှန်ကြားခဲ့သည်။ 

ရုပ်သိမ်းမည့် ဥပဒေမှ လက်တွေ့ အသုံးပြုနိုင်သေးသော ဥပဒေ ပြဋ္ဌာန်းချက်များကို အလေး ဂရုပြုရန် လိုအပ်သကဲ့သို့ နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်း၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီသော ဥပဒေ ပြဋ္ဌာန်းချက်များကိုလည်း အသိအမှတ်ပြုမိပါသည်။ တည်ဆဲ ဥပဒေကို ဆန့်ကျင်သော လိုက်နာရန် ပျက်ကွက်သော နိုင်ငံခြားသားများကို ပုဒ်မ ၂၁ ပါ ပြဋ္ဌာန်းချက်အရ မှတ်ပုံတင်အရာရှိနှင့် လူဝင်မှု ကြီးကြပ်ရေး အရာရှိတို့က ဝရမ်းမပါဘဲ စစ်ဆေးခြင်း၊ ဝရမ်းမပါဘဲ ဖမ်းဆီးခြင်းတို့ကို ခွင့်ပြုထားခြင်းသည် ဥပဒေကို လက်တွေ့ နယ်ပယ်၌ အသက်ဝင်စေပါသည်။

ထို့အတူ ပြည်နှင်ဒဏ် ပေးခြင်းနှင့် တည်ဆဲ ဥပဒေတွင် နိုင်ငံတော် သမ္မတက အာဏာ အပ်နှင်းထားခြင်း အဆင့်မှ ဥပဒေကြမ်းတွင် အလုပ်သမားများ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကို အတိအလင်း လွှဲအပ်ခြင်းသည် အခြေအနေနှင့် ဆီလျော်ပါသည်။ ထို့အပြင် လက်တွေ့ ကျင့်သုံးရာ၌ ထိရောက်စေရန် ပုဒ်မ ၃၃ အရ “ပြည်ထောင်စု ဝန်ကြီးသည် ဤဥပဒေအရ ပြည်နှင်ဒဏ် အမိန့်ချမှတ်ရန် ညွှန်ကြားရေးမှူးချုပ်အား တာဝန်ပေးအပ်နိုင်သည်”ကို သဘောတူပါသည်။

ယနေ့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားနှင့် ပန်းဘဲတန်း မြို့နယ် အပါအဝင် မြို့နယ်အချို့၌ အများအားဖြင့် တရုတ်လူမျိုးများက ကြိုက်တာယူ ကျပ် ၅၀၀၀ ဆိုင်များ လာရောက် ရောင်းဝယ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် မီဒီယာများက ထောက်ပြပြောဆို ရေးသားနေပြီဖြစ်ပါသည်။ မြန်မာစကားပင် မတတ်သည့် တရုတ်လူမျိုး အချို့က Business Visa ဖြင့် မဟုတ်ဘဲ Social Visa ဖြင့် အရောင်းအဝယ် ပြုနေခြင်းသည် တည်ဆဲဥပဒေများနှင့် ဆန့်ကျင်နေပါသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၄၉ အရ အလုပ်လုပ်ကိုင်မှု၊ ကုန်သွယ်ရောင်းဝယ် ဖောက်ကားမှု၊ စီးပွားရေး လုပ်ကိုင်မှု စသည်တို့နှင့် ပတ်သက်၍ နိုင်ငံသားများကိုသာ တူညီသော အခွင့်အလမ်း ပေးထားပါသည်။ မည်သည့်ပုံစံဖြင့်မဆို ရောက်နေသော နိုင်ငံခြားသားများကို ပေးထားခြင်း မဟုတ်ပါ။

ချုပ်၍တင်ပြရလျှင် နိုင်ငံတော် လုံခြုံရေးနှင့် ဆက်စပ်နေပြီး မြန်မာ့စီးပွားရေးနှင့်လည်း ပတ်သက်နေသော နိုင်ငံခြားသားများဆိုင်ရာ ဥပဒေကြမ်းကို ဥပဒေ အနှစ်သာရနှင့် ဥပဒေ ဝေါဟာရများဖြင့် ဒီဇိုင်းပုံဖော်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေ အမှတ် ၄၀) ပြဋ္ဌာန်းထားသည့်အတိုင်း ရည်ရွယ်ချက်ကို အခန်း တစ်ခန်း ပြဋ္ဌာန်းပြီး မြန်မာနိုင်ငံသားများကို အကာအကွယ် ရရန်နှင့် နိုင်ငံခြားသားများ ဥပဒေ ဆန့်ကျင်ချိုးဖောက်ခြင်းများကို အရေးယူနိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ ကျယ်ပြန့်သော သဘောထား အကြံဉာဏ်ကို ရှေ့နေရှေ့ရပ် အသင်းအဖွဲ့အစည်းများ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများထံမှလည်း တောင်းခံရန် အချိန် လုံလောက်စွာ ယူသင့်ကြောင်း အကြံပြုအပ်ပါသည်။

မောင်သိန်းညွန့်(ကော့ကရိတ်)


  • VIA