News

POST TYPE

PERSPECTIVE

၂၀၁၇ ပြဿနာကြီး သုံးရပ်
14-Jan-2017
၂၀၁၇ ရောက်ပြီ။ နှစ်သစ်သို့ ရောက်သည်နှင့်အမျှ မျှော်လင့်ချက် အသစ်တို့ တိုးပွားလာသည်။ ၂၀၁၆ က တက်ခဲ့သော အရပ်သားအစိုးရအတွက် ၂၀၁၇ သည် ဒုတိယမြောက် ပြက္ခဒိန်နှစ်ဖြစ်သည်။ ကလပ်အသစ်သို့ ပြောင်းသော ဘောလုံးသမားတို့တွင် ဒုတိယနှစ်သည် သူ၏ကြမ္မာကို ဆုံးဖြတ်သကဲ့သို့ ၂၀၁၇ သည် အစိုးရကို အဆုံးအဖြတ် ပေးမည့်နှစ် Make or Break year ဖြစ်သည်။ အစိုးရအတွက်ချည်းသာလော။ မဟုတ်ပါ။ နိုင်ငံအတွက် ပြည်သူအတွက်လည်း ဖြစ်သည်။

မြန်မာပြည်သည် တိုင်းပြည် ဆင်းရဲသော်လည်း ပြဿနာ ချမ်းသာသည်။ ပြဿနာများခြင်းကို ပြဿနာပေါင်း သောင်းခြောက်ထောင်ဟု ရည်ညွှန်းလေ့ရှိရာ မြန်မာပြည်တွင် “ပြဿနာပေါင်း သောင်းခြောက် ထောင် + တစ်” ဖြစ်သည်။ ပြဿနာမှာ “ပြဿနာ အားလုံးသည် အရေးကြီးသော်လည်း အဆင့်အတန်းချင်း မတူပါ”။ “All anmials are equal but some are more equal than others”။ ထို့ကြောင့် ပြဿနာ များစွာအနက်မှ ဦးထိပ်ထားရမည့် ပြဿနာများကို အစိုးရသည် ရွေးချယ်ရပေလိမ့်မည်။ ရွေးချယ်ထားပြီးလည်း ဖြစ်ပေလိမ့်မည်။ သို့သော် နောက်ထပ် ပြဿနာမှာ ကိုယ်ဖြေရှင်းမည့် ပြဿနာကို ကိုယ်က ရွေးသလား၊ သို့မဟုတ် ပြဿနာ ကိုယ်တိုင်က ရွေးသလားဟု ဖြစ်သည်။ နှစ်ခုစလုံး ပြိုင်တူ ဖြစ်နေနိုင်သည်။

၂၀၁၇ အတွက် စာရေးသူအကြိုက် ဦးထိပ် အထားသင့်ဆုံး ပြဿနာ သုံးရပ်ကို ရေးသားလိုက်ပါသည်။

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးကို ရွေးရသည်မှာ လွယ်သည်။ နှစ်စဉ် ရွေးရမည်ဆိုလျှင် လွတ်လပ်ရေး ရပြီးကတည်းက ငြိမ်းချမ်းရေးကိုသာရွေး။ ကန့်ကွက်နိုင်မည့်သူ နည်းသည်။ လွတ်လပ်ရေး မရမီကတည်းက သေနတ်သံ မစဲခြင်း၊  ငြိမ်းချမ်းရေးကို လိုလားသူသည် လူနတ်သာဓုခေါ်မည့် လူကောင်းဖြစ်ခြင်းတို့ကြောင့် သာမက ငြိမ်းချမ်းရေး ရလိုက်လျှင် မြန်မာ့ပြဿနာ အများအပြား ပြေလည်သွားမည် ဖြစ်ခြင်းကြောင့်ဖြစ်သည်။ နောက်တစ်ချက်မှာ မအောင်မြင်လျှင်လည်း ပြဿနာမရှိ။ အစိုးရ အစဉ်အဆက် မဖြေရှင်းနိုင်ခဲ့သည့်အတွက် ကိုယ့်အလှည့်တွင် မဖြေရှင်းနိုင်လျှင်လည်း အထူးအထွေ အပြစ်တင်ခံရမည်မဟုတ်။

ငြိမ်းချမ်းရေးကို ၂၀၁၇ အတွက် ရွေးရခြင်းမှာ အထက်ပါ အချက်များနှင့် ပြည့်စုံသော အမြဲစိမ်း ပြဿနာကြီး ဖြစ်ရုံကြောင့်လား။ မဟုတ်ပါ။ ၂၀၁၇ အတွက် သီးသန့် အကြောင်းများ ရှိပါသည်။ ငြိမ်းချမ်းရေးသည် အာဏာရယူအပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မိန့်ခွန်းတွင် အတော်များများ နေရာယူထားသည်။ ဒေါ်အောင်ဆန်းစုကြည်သည်  ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း နောက်ပိုင်းတွင်  မြန်မာနိုင်ငံကို စည်းလုံး ညီညွတ်စေသူအဖြစ် ဖခင်၏ မပြီးပြတ်သေးသော တာဝန်ကို ဖြည့်ဆည်းလိုဟန် တူသည်။ ၂၀၁၆ တာစထွက်ကတည်းက ငြိမ်းချမ်းရေးကို နှုတ်ကရော လက်ကပါ ကြိုးစားသော်လည်း ရလဒ်များမှာ အားလုံး သိကြသည့်အတိုင်း အပေါင်း အနုတ် ရောထွေးနေသည်။ အဘက်ဘက်တွင် တင်းမာလာရာ ၂၀၁၆ ကုန်ခါနီးလေလေ ပေါက်ကွဲလုနီးလေလေ ဖြစ်လာသည်။ ၂၀၁၇ တွင် ငြိမ်းချမ်းရေး ဒီရေကို လမ်းကြောင်း မပြောင်းနိုင်လျှင် ဒုံရင်းပြန်ဆိုက်မည့်သဘော မြင်ရသည်။ ငြိမ်းချမ်းရေးတွင် အများကြိုက် သဘောတရားများကို စွဲကိုင်ရုံသာမက လူရှေ့သူရှေ့တွင်  ထုတ်ပြောရခက်သည့် ခါးသီးသော အမှန်တရားများ၊ Player များ နောက်တွင်ရှိသည့် သန့်ရှင်းသော၊ ညစ်ထေးသော အကျိုးစီးပွားများကိုပါ  ကိုင်တွယ်နိုင်ပါမှသာ ၂၀၁၇ တွင် ငြိမ်းချမ်းရေးရွေ့မည်ဖြစ်သည်။  ငြိမ်းချမ်းရေးဆိုရာတွင် ရခိုင်ကိစ္စလည်း ပါဝင်သည်။

စီးပွားရေး

ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ စာရင်းဝင်အောင် ကိုယ့်ဘာသာကိုယ် ခက်ခက်ခဲခဲ လျှောက်လဲခဲ့ရသော မြန်မာနိုင်ငံ၊ အရှေ့တောင် အာရှတွင်ပင် အမွဲဆုံး စာရင်းဝင်နိုင်ငံ မြန်မာနိုင်ငံအတွက် စီးပွားရေးသည် ထူးထူးထွေထွေ  စဉ်းစားစရာ မလိုဘဲ ငြိမ်းချမ်းရေး ကဲ့သို့ပင် နှစ်စဉ် ချရေးနိုင်သော နောက်ထပ် ပြဿနာကြီး ဖြစ်သည်။ သို့တိုင်အောင် စီးပွားရေးကို လက်ရှိအစိုးရ တာဝန်ယူစက ဦးထိပ်ထားခဲ့ခြင်း မရှိဘဲ နှေးကွေးခဲ့ပြီး ပြည်တွင်းပြည်ပ ဝေဖန်ချက်များ၊ မျှော်မှန်းသည်ထက် လျော့နည်းသော ကိန်းဂဏန်းများအပြီးတွင်မှ အစိုးရ၏ စားပွဲပေါ်သို့ တစ်လှမ်းချင်း တစ်လှမ်းချင်း တက်လှမ်းလာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး မိန့်ခွန်းတွင် စီးပွားရေး မူဝါဒအကြောင်း မပါဝင်ခဲ့သည်မှာ အစိုးရ၏ စီးပွားရေးအပေါ် ကနဦး ထားခဲ့သော  သဘောကို လှစ်ဟပြသည်။

၂၀၁၇ အတွက် ထိပ်ဆုံး စီးပွားရေး ရည်မှန်းချက် အချို့မှာ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတည်းဟူသော စီးပွားရေး Institutions ကြီး သုံးရပ်ကို ပြုပြင်ပြောင်းလဲရေး (ဆောင်းပါး သီးသန့် ဖော်ပြခဲ့သဖြင့် အကျယ် မရေးတော့ပါ)၊ စီးပွားရေး ရေခံမြေခံ ပြုပြင်ရေးနှင့် ဒေါ်လာဈေး တည်ငြိမ်ရေးတို့ ဖြစ်သင့်သည်။ စင်ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်မည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ တိုက်ပွဲခေါ်သံ အောင်မြင်ရေးဆိုလျှင် အထက်ပါအချက် သုံးချက်ကို ၂၀၁၇ အတွင်း အာရုံစိုက်သင့်သည်။ 

တရုတ်

တတိယ ပြဿနာသည် “နိုင်ငံ”ဖြစ်နေခြင်းက ပထမနှင့် ဒုတိယတို့နှင့် ကွာခြားသည်။ သို့သော် တတိယသည် ပထမ၊ ဒုတိယတို့နှင့် တိုက်ရိုက် ချိတ်နေသည်။ တိုက်ပွဲများသည် တရုတ်နယ်စပ်တွင်သာ ညံသည်ဟု လေ့လာသူအချို့က သုံးသပ်သည်။ တရုတ်သည် ထိပ်တန်း ရင်းနှီးမြှုပ်နှံသူများ၊ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံများစသော မြန်မာ့ စီးပွားရေး ကိန်းဂဏန်းများတွင် နံပါတ် တစ်နေရာကို ယူထားသည်မှာ  အတန်ငယ် ကြာပြီဖြစ်သည်။ တရုတ်သည် ဒေါ်အောင်ဆန်းစုကြည် တက်အပြီးတွင် မြန်မာကို စဉ်းစားပုံ ပြောင်းလာခြင်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အာဏာကို ခိုင်မြဲအောင် တည်ဆောက်နိုင်ပြီဖြစ်ခြင်း၊  တရုတ်သည် မဟာအင်အားကြီးနိုင်ငံဖြစ်ရန် နောက်တစ်ဆင့် နီးလာခြင်း၊  အမေရိကန်တွင် Trump တက်လာအပြီး ကမ္ဘာအနှံ့ အင်အားချိန်ခွင်လျှာ ပြောင်းနိုင်ခြင်းတို့နှင့် ပေါင်းလိုက်လျှင် တရုတ်သည် ၂၀၁၇ တွင် အရပ်သားအစိုးရ အာရုံစိုက်ရမည့် ပြဿနာကြီး သုံးရပ်တွင် အလွယ်တကူ ပါဝင်လာသည်။ ပြဿနာဟုဆိုခြင်းမှာ “အရေး”ကို မြင်လွယ်အောင် ပြောခြင်းဖြစ်သည့်အတွက် အဆိုးအကောင်း တွဲပါသည်။ တရုတ်ကို  အန္တရာယ်အဖြစ်သာ ကြည့်ခြင်းသည် အမြင်တစ်ခြမ်းစောင်းသည့်အတွက်  အန္တရာယ်ကြီးသည်။ မြန်မာတို့သည် ခံခဲ့ရသည်များရှိရာ ယင်းသို့ကြည့်ခြင်းကို အပြစ် မပြောသင့်သော်လည်း နိုင်ငံအတွက် အဆိုးဖြစ်စေသည်ကား သေချာသည်။ တရုတ်ကို အခွင့်အလမ်းကြီးအဖြစ် အခွင့်အလမ်းများ လျှံနေသော နိုင်ငံများက ကြည့်နေကြရာ အခွင့်အလမ်း ရှားသေးသော  မြန်မာက သေသေချာချာ မကြည့်သည်မှာ အံ့ဩစရာ ဖြစ်သည်။ အသစ် ခန့်လိုက်သော National Security Advisor သည် တရုတ်ကို  အန္တရာယ်အဖြစ်ရော အခွင့်အလမ်းပါကြည့်ပြီး တာဝန် ထမ်းဆောင်မည်ဟု  မျှော်လင့်သည်။

၂၀၁၇ အတွက် များများ မမျှော်လင့်ပါ။ ထိုပြဿနာ သုံးရပ်ကို ကိုင်လျှင် လုံလောက်ပြီ။

ဇေယျသူ


  • VIA