News

POST TYPE

PERSPECTIVE

၂၀၁၆ ခုနှစ်အတွင်း ရိုက်ခတ်ခဲ့သော လှိုင်းလုံးများ
14-Jan-2017

နိုင်ငံရေးမှာ Nothing is happened by accident. ဆိုတဲ့ စကားရှိပါတယ်။ မတော်တဆ တိုက်ဆိုင်လို့ဖြစ်သွားတာ တစ်ခုမှ မရှိပါဘူး။ မြန်မာပြည်ဖျက်လှိုင်းတွေဟာ တစ်လုံးပြီးတစ်လုံး ဝင်ရောက်နေတာကို တွေ့ရပါတယ်။ ဘယ်သူတွေ ဖန်တီးပြီး ဘယ်သူ့ကြောင့်ဖြစ်တယ် ဆိုတာကို စိတ်မဝင်စားပါဘူး။ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။ လှိုင်းတွေဟာ ပြည်သူလူထုဆီကိုပဲ နောက်ဆုံး ဦးတည်တာကြောင့်  လက်ရှိ အစိုးရအနေနဲ့ ပြည်သူလူထုကို မထိခိုက်အောင် ဘယ်လို ကာကွယ်မှုတွေပြုမလဲ သိချင်မိပါတယ်။ ပြည်သူလူထုကို ကာကွယ်ပေးခြင်းဟာ  အစိုးရကိုယ်တိုင်ရဲ့ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကို ဖြေရှင်းခြင်းပါပဲ။

(၁) ငွေကြေးကျပ်တည်းခြင်းလှိုင်း

၂၀၁၆ ခုနှစ်မှာ လုပ်ငန်းရှင်များ ဆိုးဆိုးဝါးဝါး ငွေကြေး ကျပ်တည်းမှု ကြုံနေရပါတယ်။ အစိုးရမှာလည်း လည်ပတ်နိုင်ဖို့ ငွေ မရှိဘူး ဖြစ်နေပါတယ်။ ဒါ့အပြင် ဘဏ်များမှာလည်း ချေးငွေ ထုတ်ပေးဖို့ ငွေမရှိသလောက် ဖြစ်နေပါတယ်။ လုပ်ငန်းတွေ တော်တော်များများ ရပ်ဆိုင်းနေပါတယ်။ ငွေကြေး လည်ပတ်မှု အားနည်းနေတာဟာ အောက်ခြေ ပြည်သူလူထုကို ထိခိုက် လာပါတယ်။ ပြည်သူလူထု အဆင်မပြေရင် ဆူပူမှုအထိဖြစ်အောင် လှုံ့ဆော်လို့ရတဲ့ အကြောင်းအရာ တစ်ချက်ပါပဲ။

ငွေကြေး ကျပ်တည်းအောင် ဘယ်သူတွေ လုပ်နေသလဲ။ မြန်မာပြည်ရဲ့ နိုင်ငံခြားငွေဟာ ကျောက်စိမ်း၊ သစ်၊ သဘာဝ ဓာတ်ငွေ့နဲ့ နိုင်ငံခြား  ချေးငွေပေါ်မှာ များစွာ မှီခို အားထားနေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ထဲမှာ ကျောက်စိမ်းဈေးကွက် ပျက်သွားပါတယ်။ သစ်ကိုလည်း အလုံးလိုက် ထုတ်လို့မရတော့တဲ့ စီမံချက် တစ်ခု ရေးဆွဲလိုက်ပါတယ်။ သဘာဝဓာတ်ငွေ့ ရောင်းရငွေတွေဟာလည်း NLD အစိုးရလက်ထဲ ရောက်သံ မကြားသလို ဒီငွေတွေနဲ့ နိုင်ငံတော် Project တွေအတွက် လည်ပတ်နေသံလည်း မကြားရပါဘူး။ နိုင်ငံတကာ ချေးငွေဟာလည်း များပြားလွန်းတဲ့ ပမာဏ ဖြစ်နေပြီး ပြန်ဆပ်နိုင်ဖို့ မတတ်နိုင်သေးသလို ငွေပြန်ပေါ်နိုင်မယ့် နိုင်ငံတော်အဆင့် Project တွေ မရှိဖြစ်နေပါတယ်။

နိုင်ငံတော်အစိုးရ၊ လုပ်ငန်းရှင် တော်တော်များများနဲ့ ပြည်သူလူထုကို ငွေကျပ်တည်းနေအောင် ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်း ကျွန်တော်တို့ နိုင်ငံမှာ ရှိနိုင်သလား။ ရှိနိုင်မယ်ဆိုရင် ဒီအဖွဲ့အစည်းက ငွေကြေးကျပ်တည်းအောင် လုပ်လို့ရသလား။ ကျွန်တော်တို့အနေနဲ့ ဒါမျိုး စဉ်းစားကြည့် ရပါမယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေးသမားကြီး ငါးဦးလောက် အလုပ် မလုပ်တော့ရင် ငွေကြေးလည်ပတ်မှုနဲ့ နိုင်ငံတော် စီးပွားရေးဟာ အကျပိုင်းကို ရောက်သွားမှာ ဖြစ်ပါတယ်။ ဆိုတော့ ငွေကြေး လည်ပတ်မှုနှုန်းနဲ့ လည်ပတ်ငွေကြေးပမာဏ နည်းပါးလာခြင်းဟာ  (၁) နိုင်ငံတော်ကနေ ငွေစိုက်ထုတ်ပေးပြီး အကောင်အထည်ဖော်ရမယ့် Project များ၊ (၂) နိုင်ငံတော်အတွင်းရှိ လုပ်ငန်းရှင်ကြီးများ၏ ငွေကြေးများဖြင့် အကောင်အထည်ဖော်သော Project များ နည်းပါးလာခြင်း သို့တည်းမဟုတ် အရှုံးပြလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

နိုင်ငံတော် Project များ အရှုံးပြနေတာကတော့ အားလုံး သိပြီးဖြစ်ပါတယ်။ ဒီလိုပဲ ဒီနှစ်ပိုင်းမှာ ငွေကြေး လည်ပတ်ဖို့အတွက် အခြေခံ လူတန်းစား အလုပ်ရရှိရေးအတွက် Project များ မလုပ်နိုင်တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ နိုင်ငံတော်အတွင်းရှိ လုပ်ငန်းရှင်ကြီးများဟာလည်း သူတို့ အကောင်အထည် ဖော်နေတဲ့ အလုပ်တွေကို ရပ်ဆိုင်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့ ရပ်နေတာသည် လက်ရှိ အစိုးရရဲ့ မူဝါဒကြောင့် လုပ်ရခက်လို့ ရပ်နေတာလား၊ ရပ်ချင်လို့ ရပ်နေခြင်းလား စဉ်းစားစရာပါပဲ။ ဒါကြောင့်မို့ အောက်ခြေအဆင့် မူဝါဒ အကောင်အထည် ဖော်သူများကို သတိပြုရမှာပါ။

အစိုးရအနေနဲ့ တိုင်းဒေသကြီး အဆင့်မှာ အလုပ်တွေ အကောင်အထည်ဖော်မှုဟာ အစိုးရမူဝါဒနဲ့ ကိုက်ညီနေသလား။ တိုင်းဒေသကြီး အဆင့်မှာ လွဲမှားမှု ရှိနေသလား စိစစ်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ၂၀၁၇ မှ နိုင်ငံတော် လည်ပတ်ငွေအတွက် ပြင်ဆင်ထားရတော့မှာပါ။ ဘယ်ကရမလဲ။ ၂၀၁၆ ခုနှစ် တစ်ခုလုံးမှာ ငွေကြေး ချွေတာပြီး ၂၀၁၇ မှာ လည်ပတ်ဖို့ ပြင်ဆင်ထားတာလား။ ဘယ်လိုပဲဖြစ်ဖြစ် ငွေကြေးကျပ်တည်းမှု ကြုံတွေ့နေပြီဖြစ်ပါတယ်။
 
နိုင်ငံတော် အစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်ထဲမှာ အမည်ပျက် စီးပွားရေး သမားစာရင်း (Black list) ကိုလည်း ပယ်ဖျက်ပေးခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ ငွေမည်းတွေ၊ ငွေသေတွေကို ပြန်လည် ရှင်သန်စေခြင်းပါပဲ။ ဒါဟာ ၂၀၁၇ အတွက် ငွေကြေးလည်ပတ်မှုဆိုင်ရာ အလားအလာကောင်း တစ်ခုပါပဲ။ ဒေါ်လာဈေး တက်ခြင်းနဲ့ ပုဂ္ဂလိကဘဏ်တွေ ငွေချေးငွေ ပြတ်သွားခြင်းဟာလည်း တိုက်ဆိုင်နေပါတယ်။ ဘဏ်ချေးငွေများကို နာမည် အမျိုးမျိုးနဲ့တင်ပြီး ဒေါ်လာ ကစားနေသလားလို့တောင် ယူဆမိပါတယ်။ ဒီလိုဆိုရင် နိုင်ငံတော် အစိုးရအနေနဲ့ ၂၀၁၇ ခုနှစ်အတွက် ဘယ်လိုများ ကိုင်တွယ်မလဲ သိချင်မိပါတယ်။ Black list က ပြန်လည် ဖယ်ရှားပေးခံရတဲ့ လုပ်ငန်းရှင်များကရော အစိုးရကို ပူးပေါင်း ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ လုပ်ငန်းရှင်ကနေ  ပြည်ပဘဏ်တွေကနေ ချေးငွေတင်ခွင့် များများရရှိဖို့ လိုအပ်ပါတယ်။

(၂) နိုင်ငံရေး အကျပ်အတည်းလှိုင်း

ငွေကြေး ကျပ်တည်းခြင်းဟာ နိုင်ငံရေးကို အလိုအလျောက် သတ်ပြီးသား ဖြစ်ပါတယ်။ နိုင်ငံရေးမှာ အရေးကြီးဆုံးက ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှုပါပဲ။ ပြည်သူလူထုမှာ ဆင်ခြင်တုံတရား ပိုင်ဆိုင်ရာမှာ  အားနည်းမှု ရှိနေပါသေးတယ်။ အမုန်းတွေ၊ လတ်တလော အဆင်မပြေမှုတွေအရ NLD ပါတီကို မဲပေးခဲ့ကြပြီး ငွေကြေး အကျပ်အတည်းဟာ  လုပ်ငန်းရှင်တွေကနေတစ်ဆင့် အခြေခံပြည်သူတွေဆီကို ရောက်လာရင် NLD ပါတီကို ပြစ်တင်ငြိုငြင်ခြင်း မရှိလာဘူးလို့ မပြောနိုင်ပါဘူး။  ပြည်သူများဟာ ဒီမိုကရေစီရဲ့ နိုင်ငံရေး ရေချိန်မကိုက်ညီသေးတာကို အသုံးချနိုင်တဲ့ အခွင့်အလမ်းရှိနေပါတယ်။ အမုန်းတွေ၊ လတ်တလော အဆင်မပြေသူတွေရဲ့ မဲပြားဟာ NLD အစိုးရဆီကနေ အခြားကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၂၀၁၇ မှာ အခြေခံ ပြည်သူတွေအတွက်  ငွေကြေး ချောင်လည်မှုကို ဦးစားပေး ဆောင်ရွက်ရမှာပါ။ ဒီလိုဆောင်ရွက်ရာမှာ အသေးစား အလတ်စားအတွက် ချေးငွေမျိုးအပြင် လုပ်ငန်းရှင်ကြီးများအတွက် ချေးငွေကိုပါ အလေးပေး စဉ်းစားသင့်ပါတယ်။

NLD အစိုးရအနေနဲ့ ၂၀၁၆ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ဆောင်ပါတယ်။ သို့ပေမယ့် သောင်းကျန်းသူလို့ ခေါ်ဆိုရမယ့်သူတွေဟာ  ရခိုင်မှာလည်း ဝင်တိုက်ခိုက်ပါတယ်။ ဒီလိုပဲ မုံးကိုးကို အခြေပြုပြီး မူဆယ်ကိုလည်း ဝင်တိုက်ပါတယ်။ ပြန်မတိုက်လို့ မဖြစ်တဲ့ အခြေအနေ ဖြစ်တာမို့  ပြန်တိုက်ရတော့ စစ်ဆင်ရေးစရိတ် ကုန်ကျပါတယ်။ သောင်းကျန်သူဘက်မှာလည်း ကုန်ကျစရိတ်တွေရှိမှာ ဖြစ်ပါတယ်။ ဒီပိုက်ဆံတွေ ဘယ်ကရသလဲ  စဉ်းစားစရာပါ။ ဖြစ်နိုင်တာ စဉ်းစားကြည့်ရင် နိုင်ငံတော် သယံဇာတ၊ တရုတ်ထောက်ပံ့မှုနဲ့ အခြားပြည်တွင်းထောက်ပံ့မှုလို့ စဉ်းစားသင့်ပါတယ်။ မဖြစ်နိုင်ဘူး ထင်ရမယ့်အရာ ဆိုပေမယ့် ထည့်သွင်း စဉ်းစားပြီး ကာကွယ်ထားဖို့ လုပ်ရပါမယ်။ သေချာတာကတော့ စစ်ဆင်ရေး အသုံးစရိတ်ကို နိုင်ငံတော် အစိုးရအနေနဲ့ မဖြစ်မနေ သုံးလိုက်ရတဲ့အတွက် တခြားလုပ်ငန်းတွေမှာ နှောင့်နှေးနေဦးမှာပါပဲ။ နောက်ဆုံးမှာ ပြည်သူလူထုကိုပဲ ထိခိုက်လာဖို့ရှိတာမို့ ပြည်တွင်းငြိမ်းချမ်းရေးဟာ ၂၀၁၇ ခုနှစ်မှာ အရေးတကြီး လိုအပ်ပါတယ်။

ရာဇဝတ်မှု ထူပြောလာခြင်းဟာလည်း ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ တမင် ဦးတည်ပြီး လုပ်နေတယ်ဆိုရင် ပိုဆိုးပါတယ်။  ရာဇဝတ်မှု လျော့ကျရေးဟာ အရေးပါတဲ့လှိုင်း တစ်ခုဖြစ်လာပါလိမ့်မယ်။   ရာဇဝတ်မှုတွေ များပြားလာတာဟာလည်း ဖန်တီးမှု တစ်ခုလေလား။  ရာဇဝတ်မှုဆိုတာ ကျွမ်းကျင်မှုရှိရင် သို့တည်းမဟုတ် ပေါ်အောင်ဖော်လို စိတ်မရှိရင် မပေါ်တတ်ပါဘူး။ မြန်မာပြည် အနေအထားက ပေါ်အောင် ဖော်လိုစိတ် ကင်းမဲ့နေတဲ့အချက်ဟာ နိုင်ငံတော် အစိုးရအတွက် အကျပ်အတည်း တစ်ခုပါ။ 

အကျင့်ပျက် ခြစားတဲ့ဝန်ထမ်းနဲ့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတဲ့  အုပ်ချုပ်သူ အစိုးရယန္တရား ဖြစ်နေရင်လည်း အောက်ခြေမှာ ဗွက်ပေါက်နေတတ်ပါတယ်။ ကိုယ့်လူတွေ ကိုယ် သေချာ ထိန်းကျောင်းနိုင်ဖို့နဲ့ ကိုယ့်လူတွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကို ၂၀၁၇ မှာ ပိုမို တောင်းဆိုရမှာ ဖြစ်ပါတယ်။ အစိုးရခေါင်းဆောင်များ အာဃာတများ ချေဖျက်နိုင်ပြီဆိုသော်ငြား အောက်လူများရဲ့ ရင်ထဲထိ ဝင်ကြည့်နိုင်ဖို့ လိုပါတယ်။ အခု အချိန်ဟာ ရန်ကြွေးဆပ်ရမယ့်အချိန် မဟုတ်ဘူးဆိုတာ နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။ တိုးတက်အောင် မလုပ်ဘဲ ရန်ကြွေးဆပ်နေရင်  ပြည်သူတွေကို မငဲ့ညှာရာ ရောက်ပါတယ်။

(၃) ဘာသာရေး အကျပ်အတည်းလှိုင်း

မြန်မာနိုင်ငံမှာ အရိုးစည်းရိုး ထိုးကာမည်ဆိုတဲ့သူတွေ ရှိနေတာသည် ဘာသာရေး အကျပ်အတည်းလှိုင်းကို ဖန်တီးလို့ အကောင်းဆုံးပါပဲ။ အခုအချိန်ထိ မြန်မာနိုင်ငံမှာ ဘာသာရေး အကဲဆတ်မှုဟာ နိုင်ငံတော် တည်ဆောက်ရာမှာ ဆူးငြောင့် ခလုတ် တစ်ခုဖြစ်လာပါလိမ့်မယ်။ NLD အစိုးရအနေနဲ့ ဘာသာရေး ခွဲခြားမှု မရှိတာကို တွေ့ရပါတယ်။ သို့ပေမယ့်  မွတ်ဆလင် အရေးမှာ တက်ကြွလှုပ်ရှားသူတွေက မြန်မာနိုင်ငံရဲ့ ပုံရိပ်ကို ဖျက်ဆီးနေပြီး နိုင်ငံရေးမှာပါ လာနွှယ်နေပါတယ်။ ပြည်တွင်းက မွတ်ဆလင် ကိုးကွယ်ယုံကြည်သူတွေကို မုန်းတီးရေးတရားများ ဟောခြင်း၊ မဲဆွယ်ကာလမှာလည်း ဘာသာရေးကို အသုံးချခြင်း၊ ဒါတွေ ဘယ်သူတွေ လုပ်ခဲ့ကြသလဲ။ ဘယ်သူတွေ ဆက်လုပ်နေသလဲ။ ဒီအကျိုးဆက်တွေဟာ ပြည်တွင်းပြည်ပ အကျပ်အတည်း ဖန်တီးလို့ရနိုင်တယ်ဆိုတာ ယခုမျက်မြင် လက်တွေ့ပါပဲ။

ခရစ်ယာန်ဝင်းထဲမှာ အတင်းအဓမ္မ ဘုရားသွားတည်၊ ဖျက်ရင်လည်း  မြန်မာပြည်သူတွေနဲ့မိမယ်၊ ခရစ်ယာန်ဆရာတွေ မေတ္တာထားလိုက်နိုင်တာကပဲ ခရစ်ယာန်ကို ရန်သွားစခြင်းကနေ ရှောင်လွဲနိုင်လိုက်တာပါပဲ။ မဟုတ်ရင် ဒီလိုပဲ အိပ်မက်အရဆိုပြီး တခြားဘာသာတွေကိုလိုက်ပြီး ပြဿနာထဲကို ပါအောင် ဆွဲထည့်လို့ ရနေပါတယ်။ ဒါဟာ ဘာသာရေး ကို အသုံးချပြီး ဆူပူမှုဖြစ်စေအောင် လုပ်ဆောင်နေခြင်းပါပဲ။ လှိုင်းတွေ တစ်လုံးပြီးတစ်လုံး လာနေခြင်းပါပဲ။ လှိုင်းတွေဟာ Fatherless Child လား၊ ပျိုးထောင်မှုလား စဉ်းစားစရာပါပဲ။ လက်သည်ကို စိတ်မဝင်စားစေချင်ပါဘူး၊ ဖြေရှင်းဖို့ကိုပဲ ဦးတည်စေချင်ပါတယ်။

မိုးပြာဦးဉာဏကို လွတ်ရက် မစေ့သေးဘဲ ခံဝန်ကတိနဲ့ ထောင်က လွှတ်ပေးလိုက်ခြင်းဟာလည်း စဉ်းစားစရာပါပဲ။ ယုံကြည်မှုကြောင့် အကျဉ်းကျခံရခြင်း မရှိစေရ မူကို လက်ကိုင်ထားတဲ့ အစိုးရကို ယုံကြည် ကိုးကွယ်မှုဆိုင်ရာ ပြဿနာ တစ်ရပ် ဖန်တီးမှုမှာ ပြည်သူနဲ့အစိုးရကို ထိပ်တိုက်တွေ့လာစေပါလိမ့်မယ်။ နိုင်ငံတော် အခြေခံဥပဒေအရ လွပ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်အရ ပြောလာပြီဆိုရင် အစိုးရအနေနဲ့ အခက်တွေ့စေပါလိမ့်မယ်။ ဒီအချိန်မှာ ဆင်ခြင်တုံတရား နည်းပါးသူတွေရဲ့ ထောက်ခံမှုဟာ NLD အစိုးရအပေါ် လျော့ကျလာပါလိမ့်မယ်။

ဘာသာရေးနဲ့ပတ်သက်ပြီး အကျပ်အတည်း ဖန်းတီးခွင့် ရှိနေတာသည် လူတွေရဲ့ ဆင်ခြင်တုံတရား အားနည်းမှုကို ဖော်ပြနေပါတယ်။ စစ်အေးတိုက်ပွဲမှာ ဆိုရှယ်လစ် ကွန်မြူနစ်နဲ့ အရင်းရှင်စနစ် အားပြိုင်တဲ့အခါ စနစ်တစ်ခုချင်းစီရဲ့ ပျော့ကွက်တွေကို ထိုးနှက်ခြင်း ပြုလုပ်ပါတယ်။ ဆိုရှယ်လစ် ကွန်မြူနစ်က လူ့သဘော သဘာဝကို လျစ်လျူရှုထားတယ်။ လူတွေရဲ့ အတ္တစွမ်းရည်ကို ချိုးနှိမ်ထားတယ်။ လူတွေရဲ့ အသိဉာဏ် ယဉ်ကျေးမှုအရ ချုပ်ချယ်မှု၊ အာဏာရှင်ဆန်မှုတွေ လုပ်ရတယ်။ အရင်းရှင်စနစ်ကတော့ လူလူချင်း ခေါင်းပုံဖြတ်ခြင်းဟာ အားနည်းချက်ပါပဲ။ ဒီတော့ ဒီစနစ် နှစ်ခု အားပြိုင်တဲ့အခါမှာ အားနည်းချက်ကိုပဲ အသုံးချတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာလည်း လက်ရှိအခြေအနေမှာ ဒီအတိုင်း ဖြစ်နေသေးပါတယ်။ ပညာရေး နိမ့်ကျခြင်းကြောင့် အတွေးအခေါ်နဲ့ ဆင်ခြင်တုံတရား ကျဆင်းနေတယ်။ ဘာသာရေးဟာ ဝေဖန်ဆန်းစစ်မှုနဲ့ကြုံတိုင်း၊ လှုံဆော်မှု တစ်ခုခုနဲ့ကြုံတိုင်း လှုပ်ခတ်မှု အရှိဆုံးဖြစ်နေတယ်။ နောက်ပြီး မြန်မာနိုင်ငံဟာ ဆိုရှယ်လစ်ခေတ်ဟောင်း အာဏာရှင်စနစ်ကို ဖြတ်သန်းလာတဲ့ ကာလကြာရှည်တာမို့ လူတွေရဲ့ စရိုက်တွေဟာလည်း အာဏာရှင်ဆန်ပြီး သွေးဆူလွယ်ပါတယ်။ ဒါကြောင့် ဒီအားနည်းချက်ကို ကိုင်စွဲပြီး အကွက်ရွှေ့မယ်ဆိုရင် NLD အစိုးရအနေနဲ့ အပ်ကွက်မိသွားနိုင်ပါတယ်။ FB ပေါ်မှာရော ပြင်ပဘဝမှာရော ကိုယ့်ကိုရွှေ့နေလို့ ရွှေ့နေမှန်းမသိတဲ့ ပွန်းတွေများပါတယ်။ ကိုယ်ဟာ အရွေ့တစ်ခုမှာ ပါဝင် အသုံးတော်ခံနေမှန်း မသိဘဲ ကိုယ့်ထမင်း ကိုယ်စားပြီး ဆူပူမှု ကျပ်တည်းမှု ဖြစ်အောင်လုပ်ပေးမယ့် အားနည်းချက်ရှိသူတွေကို မျက်စေ့ကျနေတဲ့သူတွေလည်း ရှိပါတယ်။ ဒီလို လူတွေများသည်ထက် များလာအောင် လက်သပ်မွေးထားတာတွေလည်း ရှိနိုင်ပါတယ်။

မှတ်သားဖြေဆို ပညာရေးနဲ့ ကြီးပြင်းလာသူတွေ ဖြစ်တဲ့အလျောက် စဉ်းစားတွေးခေါ် ပညာရေးကို မနီးစပ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာ အတွေးအခေါ် လွတ်လပ်ခွင့်ဆိုတာ ဘာလဲ နားမလည်သူတွေ အများကြီးပါ။ မှတ်သားဖြေဆို ပညာရေးကြောင့် စာအုပ်ထဲက ပါတာသည် အမှန်ဆိုတဲ့ အစွဲများလည်း ပြင်းထန်နေပါတယ်။ ကိုယ့်ကျင့်တရား၊ စည်းကမ်းလိုက်နာမှု၊ ရင့်ကျက်မှု၊ ပူးပေါင်းဆောင်ရွက်မှု မပေးနိုင်တဲ့ ပညာရေး၊ ဘာသာရေးအဖြစ်သာ ရိပ်စားမိသူတွေရဲ့ အသုံးချခြင်းကို ခံခဲ့ရ၊ ခံနေရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၇ မှာ ဒီအရေးဟာ ကောင်းစွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။

ဘာသာရေးကို သွားပြီးထိတို့မိရင် ဘာသာရေးနဲ့ မဆိုင်ဘူး၊ လူတွေက မလိုက်နာတာ ဒီလို အမြဲပြောတာ ကြားနေရပါတယ်။ မှန်သင့်သလောက်လည်း မှန်ပါတယ်။ ဒါပေမဲ့ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးပါ။ သားသမီးမကောင်း မိဘခေါင်းပါ။ တကယ်လို့များ လူတစ်စု အကျင့်ပျက်နေတယ်၊ လူ့အသိုင်းအဝိုင်းကြီးက အကျင့်ပျက်တာကို လက်ခံနေတယ်ဆိုရင် သူခိုးများလက်တွင်း သက်ဆင်းတဲ့ ကျေးသားလိုများ ဖြစ်နေမလား ဆန်းစစ်ရမှာ။

ဆင်ခြင်တုံတရားနဲ့ သတိရှိပါ ၂၀၁၇ မှာ

၂၀၁၆ မှာတော့ ပြည်ဖျက်လှိုင်းတွေ တစ်လုံးပြီးတစ်လုံး ရိုက်ခတ်နေပါတယ်။ မိမိကိုယ်တိုင်ကရော တစ်ဦးချင်းအနေနဲ့ ပြည်ဖျက်လှိုင်းတွေထဲ မှာ ပါဝင်ကပြအသုံးတော်ခံရင်း မြန်မာပြည်ကြီးကို ပျော်ပျော်ပါးပါး ဖျက်နေခဲ့သူလား။ သတိရှိရတော့မှာပါ။ ဆိုရှယ်လစ်နိုင်ငံ တစ်ခုထူထောင်လို့ မအောင်မြင်ရင် ဒီလိုနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်ပါတယ်၊ ဝါဒရေးရာမှိုင်း တိုက်ခံထားရတဲ့အတွက် ပညာရေး နိမ့်ကျပါတယ်၊ အတွေးအခေါ် လွတ်လပ်ခွင့်ကို ပိတ်ပင်ထားတဲ့စနစ် ဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ ဘာသာရေးဟာ ရောရောထွေးထွေး အမှီသဟဲပြုပါတယ်၊ အာဏာရှင်စရိုက်တွေ ကျန်နေပါတယ်၊ စီးပွားရေးမှာ စွန့်ဦးတီထွင်များ နည်းပါးပြီး ပြည်သူ အများဟာ ဆင်းရဲပါတယ်၊ အာဏာရှင်စနစ် အကူးအပြောင်းမှာ ခေတ်ပျက်သူဌေးများ ပေါ်ပေါက်ပြီး ပြည်သူလူထုကို အကျိုးမပြုတဲ့  စီးပွားရေး လုပ်ငန်းများ ကြီးထွားပါတယ်။ (အိမ်၊ ခြံ၊ မြေ၊ သဘာဝ သယံဇာတ) အစရှိသဖြင့် ဖြစ်ပါတယ်။

တင်ပြထားတဲ့ လှိုင်းလုံးများဟာ မတော်တဆ တိုက်ဆိုင်မှုဆိုရင်တော့ NLD အစိုးရအနေနဲ့ ပြည်သူနဲ့ ယုံကြည်မှု တည်ဆောက်ပြီး အေးအေးသက်သာ ရှင်းလို့ရပါတယ်။ Master Plan ရဲ့ဖန်တီးခံများ ဖြစ်နေရင်တော့ ၂၀၁၇ ဟာ စိုးရိမ်ဖွယ်ပါပဲ။ အစိုးရရော ပြည်သူပါ သတိရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်ရမယ့်နှစ် ဖြစ်ပါတယ်။ ၂၀၁၆ အခြေအနေဟာ အားရကျေနပ်ဖွယ် မရှိပါဘူး။ ဒါကြောင့် အကြောင်းရင်းကို သိဖို့လိုပါတယ်။ အကြောင်းရင်း မသိသူများကတော့ တုတ်နဲ့ ပစ်ရင်တုတ်ကို ရန်လုပ်၊ ခဲနဲ့ပစ်ရင်ခဲကို ရန်လုပ်၊ ရှူးတိုက်ရင်ကိုက် ဆိုတာမျိုး အကျိုးပေါ်မှာ ငြင်းခုန်၊ ဆူပူ၊ သွေးထိုးလို့ လွယ်ပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ ကိုယ်တွေ့တွေပါပဲ။

ဒါကြောင့် နှစ်သစ်မှာ ပျော်ရွှင်မှုနဲ့အတူ ဆင်ခြင်တုံတရားနဲ့ သတိများလည်း ထားကြပါ။ ၂၀၁၇ ဟာ အရေးကြီးတဲ့နှစ် ဖြစ်ပါတယ်။ တစ်ခုခုဖြစ်တာနဲ့ ဆင်ခြင်တုံတရား လက်ကိုင်ထားဖို့ အချင်းချင်း သတိပေးပါ။ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး အကျပ်အတည်း ဖြစ်စေမယ့်အရာများကို မိမိကိုယ်တိုင် ဝင်မပါမိစေဖို့နဲ့ သူများရဲ့ လှုံ့ဆော်မှုကို မလိုက်သွားဖို့ လိုအပ်ပါတယ်။ မိမိသားသမီး၊ မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း ပြောပြထိန်းကျောင်းရင်း ၂၀၁၇ ရဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ တစ်နိုင်တစ်ပိုင် ပါဝင်ပြီး အစိုးရကို ကူညီကြပါစို့။ 

ကိုမင်းမောင်


  • VIA