News

POST TYPE

PERSPECTIVE

ဝိုင်အသစ်နှင့် ဖန်ခွက်ဟောင်း သမိုင်း၏ သင်ခန်းစာများ
14-Jan-2017
ကဗျာဆရာ ရေးတဲ့မှတ်တမ်း

ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ကျွန်တော်တို့ခေတ်၏သမိုင်း ဖြစ်သည်။ ကျောင်းသားဘဝက ကြုံဖူးဆုံဖူးသော လှုပ်ရှားမှုတွေနှင့်ပင်မတူ။ ထိုစဉ်ကတော့ ကျွန်တော်တို့ တစ်တွေမှာ ဝါရင့်လက်ဝဲပါတီကြီး တစ်ခု၏ အရိပ်အောက်တွင် ရှိနေချိန်။ ဗမာပြည် လွတ်မြောက်ရေးအတွက် “လက်နက်ကိုင်တိုက်ပွဲ”မှတစ်ပါး အခြားမရှိဟု ခံယူထားချိန်လည်း ဖြစ်သည်။ မြို့ပေါ်လူထုတိုက်ပွဲများနှင့် ပတ်သက်လျှင် အဓိက “ညာလက်သီး” (တောတွင်း လက်နက်ကိုင် တိုက်ပွဲ) ကို ထောက်ကူရသည့် “ဘယ်လက်သီး”မျှသာ သဘောယူခဲ့ကြသည်။ ယခုကြုံရသော ရှစ်လေးလုံး အရေးတော်ပုံကြီးကား ဤသို့ မဟုတ်ပြီ။ မြန်မာနိုင်ငံရေး သမိုင်းတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးသေးသော ဂန္ဒီလမ်းကြောင်းဖြင့်သာ ဒီမိုကရေစီကို ဦးတည်ထားသည်။ 

ထို့ထက် လက်ဝဲဝါဒ အစွဲကြီးလှသော မြန်မာနိုင်ငံရေး ခေါင်းဆောင်များကြားတွင် ရှားရှားပါးပါး လစ်ဘရယ်စိတ် အခံရှိသော ခေါင်းဆောင် တစ်ယောက်ကို မွေးထုတ်ပေးလိုက်သည်မှာလည်း ရှစ်လေးလုံး အရေးတော်ပုံကြီးပင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါသည်။ သူမ နိုင်ငံရေးဇာတ်ခုံပေါ် ရောက်ခါစက ပြောခဲ့ဖူးသော စကား တစ်ခွန်းကို ယနေ့ထက်တိုင် မမေ့။ “လက်နက်ကိုင် တိုက်ပွဲဆိုတာကိုတော့ ကျွန်မ မယုံဘူး။ ဒီနည်းနဲ့ အာဏာ ရလာတဲ့သူတွေဟာ ရွေးကောက်ပွဲ လုပ်မပေးချင်ကြဘူး”ဆိုသောစကားပင်။ ထိုစဉ်က ကျွန်တော့်မှာ လက်နက်ကိုင် တော်လှန်ရင်းမှ တစ်ဖက်မှ စစ်အာဏာရှင်စနစ်သာ သန်စွမ်းအားကောင်းလာသည်ကို တွေ့မြင်နေရ၍ “လက်နက်ကိုင် တိုက်ပွဲ”ဆိုသည်ကို သံသယဖြင့် စိစစ်နေချိန် ... ။ ထိုစဉ်ကတည်းက ဆရာ ဒဂုန်တာရာ စတင် ပြောနေပြီ ဖြစ်သော “တကယ့် နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် ကြိုးပမ်းရတဲ့ အနုပညာပါ”ဆိုသည့်စကားကိုလည်း အနုလုံ ပဋိလုံ စဉ်းစားနေချိန် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျွန်တော့်အတွက်တော့ “ရှစ်လေးလုံး”မှာ “နိုင်ငံရေး အာဏာဆိုတာ သေနတ်ပြောင်းဝက ထွက်တာပါ”ဆိုသည့် အနှစ်နှစ် အလလ စွဲလန်း ယုံကြည်ခဲ့သော အယူအဆကို တဖြည်းဖြည်း ချေဖျက်ပေးလိုက်သည့် အရေးတော်ပုံကြီးပင် ဖြစ်တော့သည်။

ယခု ဤအရေးတော်ပုံကြီးနှင့် ဤအရေးတော်ပုံကြီးက အမွေ ချန်ထားခဲ့သော နိုင်ငံရေးပါတီကြီး တစ်ခုအကြောင်းကို ကျွန်တော်တို့ ရှေ့က သွားနှင့်သော အစ်ကိုကြီး တစ်ဦး (မုံရွာအောင်ရှင်) က ပြုစုနေပြီဆိုသောအခါ ကျွန်တော့်မှာ ဝမ်းသာအားရ မျှော်နေမိသည်။ စာအုပ်ထွက်ချင်း အပြေးဝယ်၍ တစ်ထိုင်တည်း ဖတ်ပစ်လိုက်သည်။ သို့တိုင် ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် စိတ်ထဲက ဘဝင်မကျချင်။ ကျွန်တော်က ငယ်ငယ်က ဖတ်ခဲ့ဖူးသော “ဆိုဗီယက် ယူနီယံ ဘော်ရှီဗစ်ရာဇဝင်”လို၊ ကြီးမှ ဖတ်ဖူးသော “စစ်အေးသမိုင်း”လိုမျိုး မျှော်လင့်ထားသည်။ ဖြစ်ရပ်မျိုးစုံ၊ အယူအဆမျိုးစုံကို “ခင်း”ပြပြီးမှ စာဖတ်သူကိုယ်တိုင် စဉ်းစားခွင့် ပေးစေချင်သည်။ အခုတော့ “ဝါဒဖြန့်ချိရေးသက်သက် ဖြစ်နေသလား”စဉ်းစားမိသည်။ သို့တစေ ပျင်းရိငြီးငွေ့ဖွယ်ဟု ထင်စရာရှိသော မှတ်တမ်းကြီးကို လက်က မချတမ်း ဖတ်ဖြစ်အောင် ဆွဲခေါ်သွားသော သူ့အနုပညာကိုမူ စွဲလန်းသွားသည်။ အေးလေ ... သူက ကဗျာဆရာကိုး ... ။

ပျောက်ဆုံးနေဆဲ တပ်ပေါင်းစု နိုင်ငံရေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ၂၇-၉-၁၉၈၈ ရက်နေ့တွင် စတင် ဖွဲ့စည်းခဲ့သည်။ ဤနေ့မှာပင် သတင်း ကြေညာချက် အမှတ် (၁) ကို ထုတ်ပြန် ကြေညာခဲ့သည်။ ကျွန်တော်တို့မှာ National League for Democracy ဆိုသော အမည်က စစိတ်ဝင်စားနေသည်။ “League” ဆိုတော့ ပါတီတွေ ပေါင်းထားသော တပ်ပေါင်းစုလမ်းကြောင်းဟု နားလည်ထားသည်။ လက်တွေ့တွင်လည်း ဦးတင်ဦး ခေါင်းဆောင်သော မျိုးချစ်ရဲဘော်များအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တတ်သိပညာရှင်များအဖွဲ့နှင့် ဦးအောင်ကြီးအဖွဲ့တို့ ပေါင်းစည်းထားရာ တပ်မတော်၊ ကွန်မြူနစ်ပါတီ၊ ပြည်သူ့ အရေးတော်ပုံ ပါတီတို့နှင့် စတင်ခဲ့သော ဖဆပလ အဖွဲ့ကြီးကို အမှတ်ရချင်စရာ ဖြစ်နေသည်။

၁၈-၄-၁၉၈၉ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် နိုင်ငံရေးပါတီ ၄၁ ပါတီတို့ စုစည်းပြီး “ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ”ဖွဲ့ခဲ့ကြရာ လာတော့မည့် တပ်ပေါင်းစုကြီးအတွက် ပထမခြေလှမ်းဟု မျှော်လင့်နေမိသည်။ တိုင်းရင်းသားပါတီ ၂၁ ပါတီ ပေါင်းထားသော “ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ အဖွဲ့ချုပ်”(UNLD) ကလည်း NLD နှင့် လက်တွဲပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးကို ကြိုးပမ်းသွားမည်ဟု ကြေညာခဲ့ရာ ပိုအားတက်လာကြသည်။ ဤအတွင်း ဗိုလ်ချုပ်မှူးကြီး စောမောင်က “ပါတီတွေက နှစ်ရာကျော်၊ ကျွန်တော်က တစ်ယောက်ထဲ၊ ဘယ်လိုလုပ် တွေ့ကြမလဲဗျာ”ဟု ဆိုလိုက်ရာ ပါတီပေါင်းစုံက “ဒေါ်အောင်ဆန်းစုကြည်”ကို မိမိတို့ ကိုယ်စားလှယ်ဟု တညီတညွတ်တည်း ကြေညာခဲ့ကြသည်။

ဆိုလိုသည်မှာ ထိုစဉ်က လူမျိုးစုပါတီများ အပါအဝင် ပါတီတိုင်းလောက်က ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ ခေါင်းဆောင်အဖြစ် ယုံကြည် အားကိုးခဲ့ကြကြောင်း ထင်ရှားစေလို၍ ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မည့် တပ်ပေါင်းစုကြီးကို အားလုံးက လိုလားနေသည့် သဘောပင်ဖြစ်သည်။ သို့တစေ ဘာ့ကြောင့်ရယ်မသိ။ ၁၉၉၀ ရွေးကောက်ပွဲသာ ရောက်သွားသည်။ အများ မျှော်လင့်နေသော တပ်ပေါင်းစုကား ပေါ်မလာ။ ယနေ့ထိအောင်လည်း တပ်ပေါင်းစု နိုင်ငံရေးမှာ ပျောက်ဆုံးနေဆဲပင် ဖြစ်သည်။

အထွေထွေ အာဏာဖီဆန်ရေးသို့

၃-၂-၁၉၈၉ ရက်နေ့တွင် ဦးကိုယုက ဗဟိုဦးစီးအဖွဲ့သို့ စာတမ်း တစ်စောင် တင်သွင်းခဲ့သည်။ “လက်ရှိအခြေအနေနှင့် နောင်အနာဂတ် အလားအလာအတွက် သုံးသပ်တင်ပြချက်”ဆိုသော စာတမ်းဖြစ်သည်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့က “လက်ဝဲသွေဖည်မှု အန္တရာယ်”ကို သတိပေးသည်။ ဤစာနှင့် မရှေးမနှောင်းပင် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ မိုးသီးဇွန်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်သော စာတစ်စောင် ထွက်လာသည်။ ဤစာနှင့် ပတ်သက်သော ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားတွင် သူမ၏ မဟာဗျူဟာ ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။

“နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ အလေ့အထကို ကျွန်မတို့ စပြီးတော့ ထူထောင်ရမယ်။ နိုင်ငံရေးနည်းနဲ့ မဟုတ်ဘဲ လက်နက်နည်း၊ အကြမ်းဖက်တဲ့နည်းနဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းတဲ့ အလေ့အထဆိုတာ နိုင်ငံတစ်ခုအတွက် ကောင်းတဲ့အလေ့အထ မဟုတ်ပါဘူး ...။”
(ကောက်နုတ်ချက် - စာ ၂၀)

ဤအတွင်းမှာပင် အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့က “၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ”ကို ရည်ညွှန်း၍ နိုင်ငံရေး ပါတီများကို ကန့်သတ်ချုပ်ခြယ်ဖို့ လုပ်လာသည်။ သို့တိုင်အောင် ဤဥပဒေမှာပင် နိုင်ငံရေးပါတီများအတွက် “ကင်းလွတ်ရမြဲ အချက်များ” ပါဝင်ပြီးဖြစ်သည်။ သို့အတွက် အစိုးရက နိုင်ငံရေးပါတီများ ကြေညာချက် ထုတ်လျှင် စာမူကြိုတင် တင်ပြရမည်ဟု ကြေညာချက် ထုတ်လာသည်။ ဤတွင် NLD ဦးဆောင်ပြီး “အာဏာဖီဆန်ရေး”လုပ်လာရာ ကျွန်တော်တို့အားလုံး တစ်ခဲနက် ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဤတွင် အစိုးရက တစ်ကြိမ်ထုတ်တိုင်း စာမူတင်စရာ မလို၊ တစ်နှစ်စာ “က.သ” (ကန့်သတ်) တင်လိုက်လျှင် ရပြီဟု ဆိုလာသည်။ ကျွန်တော်၏ အမြင်မှာ ဤအဆင့်မှာပင် အာဏာဖီဆန်ရေးကို အကန့်အသတ်နှင့် ရပ်စေချင်သော်လည်း NLD အပါအဝင် ပါတီအများစုမှာ ဘရိတ်ပေါက်ကုန်တော့သည်။ “၇ ရက် ဇူလိုင်နေ့” “၁၉ ဇူလိုင်နေ့”များလည်း ဆက်တိုက် ရောက်လာရာ “အထွေထွေ အာဏာဖီဆန်ရေးအသွင်” ဆောင်လာတော့သည်။ ဤအချိန်တွင် တပ်မတော် အစိုးရက အင်အားသုံး ဖြေရှင်းရန် အစစ အဆင်သင့် ဖြစ်နေသည်။ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်၏ အမြော်အမြင်ဖြင့် မူလ အစီအစဉ်ကို ဖျက်သိမ်းနိုင်ခဲ့၍သာ သွေးချောင်းစီးမှုကို ကာကွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလနှင့် နောက်ဆက်တွဲ

၁၉၉၀ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဥပဒေကို နိုင်ငံရေး ပါတီ အသီးသီးသို့ ကြိုတင် ဖြန့်ဝေထားသည်။ အဆိုပါ ရွေးကောက်ပွဲ ဥပဒေတွင် အားနည်းချက် တော်တော်များများ ပါသည်။ ဤအထဲမှ အဆိုးဆုံး တစ်ခုမှာ ရွေးကောက်ပွဲ အနိုင်ရပါတီ၏ လုပ်ပိုင်ခွင့်ပင် ဖြစ်သည်။ အခြေခံဥပဒေ ရေးဆွဲခွင့် ရှိမည်လား သို့မဟုတ် အစိုးရဖွဲ့ခွင့်ရှိမည်လား။ ဘာတစ်ခုမှ ရှင်းရှင်းလင်းလင်း ဖော်ပြမထားပေ။ ဤအတွက် အဖြေ တစ်ခုမရမချင်း၊ ရွေးကောက်ပွဲကိစ္စ အဆောတလျင် မဆုံးဖြတ်ကြဖို့ NLD ပါတီ အပါအဝင် ထိုခေတ်က နာမည်ကြီး ပါတီများကို မေတ္တာ ရပ်ခံခဲ့သော်လည်း အကြောင်း မထူးခဲ့ပါ။ အထွေထွေ အာဏာဖီဆန်ရေး မုန်တိုင်းငယ်များကြားဝယ် ကျွန်တော်လည်း ထောင်ထဲသို့ နောက်တစ်ကြိမ် ရောက်သွားရပါတော့သည်။

ရွေးကောက်ပွဲသတင်းကို ထောင်ထဲမှပင် နားစွင့်နေရသည်။ NLD အောင်ပွဲသတင်းကို ရသည်နှင့် “ပတ်ကားဖွဲ့စည်းပုံ ရေးရမယ်၊ ချက်ချင်း အာဏာ လွှဲပြောင်းရေး လုပ်ရမယ်”စသော အသံတွေ၊ ထောင်တွင်း နိုင်ငံရေး အင်အားစုများကြား ကျယ်ကျယ်လောင်လောင် ဖြစ်လာသည်။ လက်တွေ့ မကျဘူးထင်၍ စာရေးသူ အယူအဆ တစ်ခု တင်ကြည့်သည်။ ယခုလို ဖြစ်ပါသည်။

၁။ Popular Vote နှင့် နိုင်တာသာဖြစ်။ Popular Revolution မဟုတ်။ သို့အတွက် လိုချင်တာ အကုန် မရနိုင်။ အာဏာ ခွဲဝေရေး (အာဏာ လွှဲပြောင်းရေး မဟုတ်) အတွက် ကိုယ့်ဘက်မှ အရင်ဆုံး စကမ်းလှမ်းသင့်။

၂။ “အခြေခံဥပဒေအသစ်”ဆိုသည်ကို ယောင်လို့မှ မဟပါနှင့်။ အသစ်ရေးလျှင် ဒါကို အကြောင်းခံပြီး အချိန် ကြာနိုင်သည်။ လက်ရှိအစိုးရလက်ထက် အသစ်ရေးသော အခြေခံဥပဒေသည် ရှိပြီးအဟောင်း နှစ်ခုလုံးထက် မသာနိုင်။ ဆိုးဖို့သာ များလိမ့်မည်။

၃။ ၁၉၄၇ အခြေခံ ဥပဒေနှင့် ဆွေးနွေးမလား။ အစိုးရဘက်မှ ခုခံမှုကြီးနိုင်သည်။ ကိုယ့်အတွက်လည်း အားနည်းချက် ရှိနိုင်သည်။ တစ်ဦးတည်း သဘောနှင့် အာဏာလွှဲနိုင်သော ပုဒ်မ ၁၁၆ ဖြစ်သည်။ သို့အတွက် ၁၉၄၇ ကို အခြေမခံသင့်။

၄။ ၁၉၇၄ ဥပဒေဆိုလျှင် အစိုးရဘက်မှ ခုခံမှုနည်းနိုင်သည်။ ကိုယ့်အတွက်လည်း အားသာချက် ရှိသည်။ နိုင်ငံတော် ကောင်စီကသာ အရေးပေါ် အခြေအနေ ကြေညာနိုင်သော ပုဒ်မ ၇၈ ဖြစ်သည်။ 

၅။ သို့အတွက် ၁၉၇၄ ဥပဒေကို အခြေခံပြီး အာဏာခွဲဝေရေး ဆွေးနွေးရန် မိမိဘက်မှ အမြန်ဆုံး ကမ်းလှမ်းသင့်သည်။
စာရေးသူ၏ အယူအဆကို အားလုံးကို ဝိုင်းဆဲကြတော့သည်။ “လက်နက်ချ အရှုံးပေးရေးလမ်းစဉ်”စသဖြင့် စွပ်စွဲကြသည်။ အပြင်တွင်ကား ကျွန်တော် စိုးရိမ်သည့်အတိုင်း ဖြစ်လာပေပြီ။ NLD က ရေးဆွဲထားသော ယာယီ အခြေခံဥပဒေဖြင့် အာဏာလွှဲပြောင်းရေးကို တောင်းဆိုထားသည့် “ဂန္ဒီကြေညာစာတမ်း” ထွက်ပေါ်လာသည်ဟု ကြားရသည်။ မြန်မာ့ဒီမိုကရေစီရေးကား ကြာသင့်သည်ထက် ပိုကြာပေတော့မည်။ ဘာတတ်နိုင်တော့မည်နည်း ...။

အမှောင်ရိပ်မှ အဝတ်လဲခန်း

ထိုသည်၏ နောက်တွင်ကား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင်များအတွက်ရော မြန်မာလူထု တစ်ရပ်လုံး အတွက်ပါ အမှောင်ခေတ်ကြီး ကျရောက်လာရတော့သည်။ ဤကာလ၏ အဖြစ်သနစ် ပေါင်းစုံကို အမိအရ မှတ်တမ်း တင်နိုင်ခဲ့သော ကိုအောင်ရှင် (မုံရွာ အောင်ရှင်) ကို ကျေးဇူးတင်ကြရပေမည်။ သို့နှင့်တိုင် အဆိုးထဲက အကောင်းဟု ဆိုနိုင်စရာ တစ်ခုတော့ ရှိသည်။ တစ်ခါက ဆရာဒဂုန်တာရာ ရေးဖူးသလို “မျက်နှာဖုံးစွပ်၍ ကရသော ကပွဲကြီးပါတကား။ အဝတ်လဲခန်း ရောက်တော့မှ မျက်နှာအစစ်ကို တွေ့ရတော့သည်”ဆိုသလို ကျွန်တော့် အတွေ့အကြုံအရ “ထောင်”မှာ အဝတ်လဲခန်းလည်း ဖြစ်နေသည်။ အပြင်လောကမှ သူရဲကောင်းဆိုသူများ၏ မျက်နှာအစစ်ကို ဝတ်လစ်စလစ် မြင်လိုက်ရသည်။

အံ့ဩဖို့တော့ အတော် ကောင်းသည်။ အပြင်တွင် စာတော်သော၊ အနေအေးသော လူမျိုးတွေမှာ ထောင်ထဲတွင် တကယ့် သူရဲကောင်း အစစ်တွေ ဖြစ်နေသည်။ ဥပမာ - ယနေ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်။ သူတို့က ဆရာဝန်မျိုးရိုး။ ကျောင်းသား ဘဝကတည်းက စာတော်သည်ဟု နာမည်ကြီးသည်။ ဆရာဝန်ဖြစ်တော့လည်း သဘောကောင်းသည်ဟု သူ့တပည့် ကျွန်တော့်တူတွေ ပြောပြလို့ သိရသည်။ နောက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်။ အပြင်မှာတော့ ပျော်ပျော်နေတတ်သူ။ ထောင်ထဲရောက်တော့ သူရဲကောင်း။ သံဃာ့ အရေးအခင်း မတိုင်မီ သူနှင့်ပြန်ဆုံဖြစ်သည်။ “အေးကွာ မင်းတို့ပါတီ အလံထောင်ပြီး ဝင်ပါမယ့်နေ့ဟာ ဖြိုခွဲခံရမယ့်နေ့ဖြစ်မှာပဲ ...” မှတ်မှတ်ရရ ကျွန်တော် ပြောဖြစ်လိုက်သေးသည်။ နောက်တစ်နေ့ လှည်းတန်းထိပ် ဆန္ဒပြပွဲတွင် သူ့ကို ရှေ့ဆုံးမှ မြင်လိုက်ရသည်။ နောက်တော့ အမှောင်ကမ္ဘာထဲ နောက်တစ်ကြိမ် ငုပ်လျှိုး ပျောက်ကွယ်သွားတော့သည်။

သူတို့တစ်တွေနှင့် နေပြည်တော် စည်ပင်ဝင်းတွင် ပြန်ဆုံဖြစ်ကြသည်။ ကျွန်တော်နှင့် အတန်းတူ ဒေါက်တာမျိုးအောင်လည်း ပါသည်။ နောက် စိုက်ပျိုးရေး တက္ကသိုလ်မှ ကိုအောင်ကြည်ညွန့်။ သူတို့အားလုံး ရိုးရိုးကုပ်ကုပ်ပင်။ အသက် ၆၀ ကျော်မှ ကိုယ့်ထမင်းကိုယ် ချက်စားနေကြရသည်။ သူတို့တစ်တွေ အာဏာရပြီးနောက်တွင်ကား မဆုံဖြစ်ကြတော့ပေ။ ဆုံစရာအကြောင်းလည်း မရှိတော့ပါချေ။

အကွဲအပြဲဇာတ်လမ်း

“- ဥက္ကဋ္ဌ ဦးအောင်ရွှေက သူ၏ သဘောထားကို တင်ပြခဲ့သည်။ ဥက္ကဋ္ဌ၏ သဘောထားမှာ တင်မလား ဝင်မလား ပြဿနာအပေါ် ပြတ်ပြတ်သားသား ရပ်တည်မပြခဲ့ပေ။

- သို့သော် ဦးဝင်းတင်ကမူ မိမိ၏ သဘောထား ဖြစ်သော မတင်ရေး၊ မဝင်ရေး အယူအဆကို လိုင်းပြတ်တင်သည်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးအုံးကြိုင်တို့က အကြွင်းမဲ့ ထောက်ခံသည်။

- ပါတီမှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး အယူအဆကို ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေတို့က အဆိုပြုကြသည်။ ဦးသိန်းညွန့် နှင့် ဒေါက်တာဝင်းနိုင်တို့က ထောက်ခံ ဆွေးနွေးသည်။”
(ကောက်နုတ်ချက် - စာ ၅၇၈/၅၇၉)

ဘေးမှရပ်ကြည့်နေရသော ကျွန်တော်တို့မှာကား ကိုလိုနီခေတ်က ကျင်းပခဲ့သော ၁၉၃၆ ရွေးကောက်ပွဲလို ဖြစ်လိမ့်မည်ဟု ထင်နေကြသည်။ ၁၉၃၅ အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) အရ ကျင်းပခဲ့သော အဆိုပါ ရွေးကောက်ပွဲကို ဒို့ဗမာ အစည်းအရုံးကြီးက သပိတ်မှောက်ခဲ့သည်။ သို့တစေ လွှတ်တော်တွင်း ပြောရေးဆိုခွင့် မဆုံးရှုံးစေရန် “ကိုယ့်မင်း ကိုယ့်ချင်းအဖွဲ့” ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ဝင်စေခဲ့သည်။ အခုလည်း ဒီအတိုင်းပဲ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။” သို့သော် ဤသို့ မဟုတ်။ တကယ့်ကို ကွဲကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတော့လည်း ပြန်ပေါင်းစေချင်သည်။ နှစ်ဖက်လုံးမှ မိတ်ဆွေတွေနှင့် တွေ့တိုင်းလည်း ဤအတိုင်း တိုက်တွန်းခဲ့သည်။ သို့တိုင် “တစ်ဦးချင်း လျှောက်လွှာ တင်ရမည်။ စိစစ်ပြီးမှ လက်ခံမည်”ဆိုသော သတင်းကို ကြားရသောအခါ စိတ်ပျက်မိသည်။ စင်စစ် “တစ်ဦးချင်း လျှောက်လွှာတင်ရမည်”ဆိုသည်မှာ ဗိုလ်ချုပ် အောင်ဆန်း၏မူမဟုတ်။ သခင်စိုးကြီး၏ “မူ” ဖြစ်သည်။

၂၀၁၀ မှ ၂၀၁၂ သို့ (ဝိုင်အသစ်နှင့် ဖန်ခွက်ဟောင်း)

၂၀၁၀ ရွေးကောက်ပွဲကို NLD က အချက် သုံးချက်ဖြင့် သပိတ် မှောက်ခဲ့ပါသည်။ ၎င်းတို့မှာ 

၁။ နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေကို မကျေနပ်သောကြောင့်၊

၂။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုသောကြောင့်၊

၃။ ၂၀ဝ၈ အခြေခံဥပဒေကို လက်မခံနိုင်သောကြောင့် သပိတ် မှောက်သည်ဟုဆိုသည်။

သို့တစေ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင်မူ ဆိုခဲ့ပါ သုံးချက်အနက် နှစ်ချက်ရခဲ့ပြီဖြစ်၍ ရွေးကောက်ပွဲ ဝင်မည်ဟု ဆိုပါသည်။ နံပါတ် တစ်အချက်ဖြစ်သော “နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ”တွင် “လောလောဆယ် ပြစ်ဒဏ်ကျနေလျှင် ရွေးကောက်ပွဲ ဝင်ခွင့်မပြု”ဆိုသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ပေးခဲ့သည်။ အမှန်တော့ မဖျက်လည်း ဘာမှမဖြစ်တော့ပါ။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ပြစ်ဒဏ်မှ လွတ်ခဲ့ပြီး ဖြစ်သည်။ နံပါတ် နှစ်အချက်ဖြစ်သော “၁၉၉၀ ရွေးကောက်ပွဲရလဒ်”နှင့် ပတ်သက်လျှင်မူ ဦးခင်အောင်မြင့်နှင့် ကိုကို (စက်မှုတက္ကသိုလ်) တို့၏ အင်တာဗျူးကို ညွှန်းသည်။ အဆိုပါ အင်တာဗျူးတွင် ကိုကို (စက်မှုတက္ကသိုလ်) က “၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဘာ့ကြောင့် အသိအမှတ် မပြုတာလဲ”ဟု မေးခဲ့ရာ ဦးခင်အောင်မြင့်က “အသိအမှတ် ပြုပါတယ်ဗျာ။ အသိအမှတ်ပြုလို့လည်း သတင်းစာမှာ ဖော်ပြပေးတာပေါ့”ဟု ဖြေသွားသည်။ (ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ဤအချက်ကတော့ ရယ်စရာ ဖြစ်နေသည်။ “သတင်းစာထဲ ဖော်ပြတာကို အသိအမှတ်ပြုတာလို့ ယူဆရင် ဘာ့ကြောင့် သပိတ်မှောက်တာတုန်း ...”) ဤသို့ သုံးချက်တွင် နှစ်ချက်ရခဲ့ပြီးဖြစ်ရာ ကျန်တစ်ချက် (၂၀ဝ၈ အခြေခံဥပဒေ) ကို လွှတ်တော်တွင်းမှ ပြင်မည်ဟု ဆိုပါသည်။

မည်သို့ပင်ဆိုစေ အလုပ် မဖြစ်တော့ဟု ယူဆလျှင် သတ္တိရှိရှိ ပြင်ရဲသော ဒေါ်အောင်ဆန်းစုကြည်ကိုမူ အသိအမှတ် ပြုကြရပါလိမ့်မည်။ သူမမှာ “လက်တွေ့ကျကျ ဆုံးဖြတ်တတ်သူ”ဖြစ်သည်။ ဤအချက်ကို လက်ပံတောင်း ကိစ္စက သက်သေပြနေသည်။ ယနေ့ NLD အစိုးရခေတ်၊ တပ်မတော်နှင့် ဆက်ဆံရေးမှာလည်း သာဓက တစ်ခုပင်ဖြစ်သည်။ ထို့ထက် ၂၀၁၄ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD ပါတီ သောင်ပြို ကမ်းပြိုနိုင်ပြီး ယခုလို အစိုးရဖွဲ့နိုင်သည်မှာ သပိတ်မှောက်ခဲ့သောကြောင့် မဟုတ်။ ရွေးကောက်ပွဲ ဝင်ခဲ့သောကြောင့်ဖြစ်သည် ဆိုသည်ကိုလည်း သိမှတ် လက်ခံကြရပါလိမ့်မည်။

NLD ရွေးချယ်ခဲ့သည်မှာ လက်နက်ကိုင် တော်လှန်ရေးမဟုတ်။ ဂန္ဒီလမ်းကြောင်း ဖြစ်သည်။ NLD သွားနေသည်မှာ ထိပ်တိုက်တိုးရေး မဟုတ်။ စေ့စပ်ညှိနှိုင်းရေး ဖြစ်သည်။ ဆိုရလျှင် ဆရာကြီး ဒဂုန်တာရာ ညွှန်းလေ့ရှိသော “ရန်သူကို မိတ်ဆွေဖြစ်ရေး”ဗျူဟာဖြစ်သည်။ လက်ဝဲ ရယ်ဒီကယ် အယူအဆများ လွှမ်းမိုး အားကောင်းသော မြန်မာပြည်အတွက် “အသစ်”ဖြစ်သည်။ ဝိုင်သစ်ကို ဖန်ခွက်ဟောင်းနှင့် ထည့်သည့်အခါတိုင်း ဖန်ခွက်ကွဲလေ့ ရှိသည်။ ဝိုင်သစ်ကို ဖန်ခွက်သစ်နှင့် ထည့်သည့်အခါတိုင်း အောင်ပွဲရလေ့ ရှိသည်။ ဤသည်ပင် ကျွန်တော်တို့ ခေတ်ပြိုင်သမိုင်းက ပေးလိုက်သော သင်ခန်းစာဟု ယူဆရပါကြောင်း ...။ 

ကျော်ဝင်း
၈ ဇန်နဝါရီ၊ ၂၀၁၇


  • VIA