News

POST TYPE

PERSPECTIVE

မော်တော်ယာဉ် ဥပဒေက အာဏာတည်ပြီလား
12-Jan-2017
ယခုရက်ပိုင်း လူအများ ပြောလာကြသည့် ကိစ္စရပ် တစ်ခုမှာ ရန်ကုန်မြို့တော်ကြီးအတွင်း ပြေးဆွဲနေကြသော ခရီးသည်တင် အချို့သော ယာဉ်လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်အကူများမှ ပြည်သူများအပေါ် ဆက်ဆံသည့် ရိုင်းပျသည့် အပြုအမူများ အကြောင်းပင် ဖြစ်သည်။ ထိုသို့ ရိုင်းပျသည့် အပြုအမူများအပေါ် တာဝန်ရှိသူများက ထိရောက်စွာ မဖြေရှင်းနိုင်သည့်အပေါ် ပြည်သူများက ထိုကိစ္စ ဖြစ်ပေါ်လာပါက ဝိုင်းဖွဲ့၍ တန်ပြန် လက်တုံ့ပြန်ကြရန် အကြောင်းများလည်း ယခင် ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာများထက်တွင် အတော် ဆူညံခဲ့ဖူးသည်။ အချို့က ထိုသို့သော ဖြေရှင်းနည်းသည် တရားနည်းလမ်း မကျ၊ ရန်ကိုရန်ချင်း တုံ့နှင်းခြင်းဖြစ်သဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် မကောင်းကြောင်း ဝေဖန်ထောက်ပြခဲ့ကြသလို အချို့ကဖြင့်မူ ထိုဖြေရှင်းနည်းအတွက် အားပေးအားမြှောက် ပြုခဲ့ကြလေသည်။ ထိုသတင်းများနှင့်အတူ ယခု ရက်ပိုင်းတွင်လည်း အဆိုပါ ယာဉ်အကူများနှင့် ခရီးသွား ပြည်သူများ၊ လမ်းပေါ်ရှိ အခြား ယာဉ်ငယ်မောင်းနှင်သူများနှင့် ပြဿနာ ဖြစ်ပွားနေသည့် သတင်းများကိုလည်း ရက်ခြားဆိုသလို တွေ့မြင်နေရပြန်သည်။ ဖြစ်စဉ်တစ်ခုကို တင်ပြရလျှင် ယခု ရက်ပိုင်းအတွင်းတွင် အင်းစိန်၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကိုပင် အနီးစပ်ဆုံး ပြောပြရမည် ထင်သည်။ ဖြစ်စဉ်မှာ တစ်လမ်းမောင်းအတွင်း လမ်းပြင်နေသဖြင့် ယာဉ်တစ်စီးချင်းသာ ဖြတ်၍ သွားနေရသည့် လမ်းအတွင်း အိမ်စီးကား တစ်စီးမှာ လမ်းဘေး၌ ရပ်နားရန်အတွက် အချက်ပြပြီး နောက်မှ ကပ်ပါလာသည့် ဘတ်စ်ကားကို ခဏစောင့်ရန် ပြောသည်ကို ဘတ်စ်ကားပေါ်ရှိ ကားစပယ်ယာများ၊ ယာဉ် အကူများက မစောင့်နိုင်ဘဲ ဆင်းပြီး ရိုက်မည်ပြုသည်ကို ဘေးဝန်းကျင်ရှိ နယ်ခံပြည်သူများက မခံမရပ်နိုင်ဖြစ်ပြီး အဆိုပါ ကားစပယ်ယာများကို တန်ပြန်ဝိုင်းရိုက်ခဲ့ကြသည့်ဖြစ်စဉ် ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်မျိုးလိုပင် ယခင်လ၊ ယခင်သီတင်းပတ် အတွင်းတွင် ရန်ကုန်မြို့တော် အတွင်း၌ အတော် ဖြစ်ခဲ့ဖူးသည်။ ဖြစ်စဉ်ဖြစ်ပွားတိုင်း တာဝန်ရှိသူများထံ တင်ပြကြရာတွင် ထိရောက်သည့် ဖြေရှင်းပေးမှုမျိုး မရရှိကြဟု ဆိုခဲ့ကြသည်။ တာဝန်ရှိ ယာဉ်ထိန်းရဲများ အနေနှင့်လည်း ထိုကိစ္စအပေါ် ထိထိရောက်ရောက် ကိုင်တွယ်မှု မပြုနိုင်သေးသည်မှာလည်း ထင်ရှားသည်။ သို့အတွက် ပြည်သူများအဖို့ ကူရာကယ်ရာ မဲ့ပြီး ဥပဒေမဲ့ လုပ်ရပ်များအတွက် ထိုကိစ္စများနှင့် ဆိုင်သည့်ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များ ပြဋ္ဌာန်းထားခြင်း မရှိသဖြင့် ဥပဒေ၏ အကာအကွယ်ကို မရရှိကြခြင်းလား၊ သို့တည်းမဟုတ် ဥပဒေရှိသော်လည်း ဥပဒေအရ အရေးယူရန် လက်တွန့် နေကြခြင်းလား ဆိုသည်ကို တွေးတော နေကြသည်ဟု ဆိုခဲ့ကြသည်။ ထိုကဲ့သို့ ခရီးသည်တင် ယာဉ်လိုင်းများ စည်းကမ်း မလိုက်နာကြသည့် ဖြစ်စဉ်များ ဖြစ်ပွားနေမှုမှာ ရန်ကုန်မြို့တော်ကြီး တစ်ခုတည်းတွင်သာ မဟုတ်ဘဲ  ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး (ယခင်လမ်းဟောင်း) တစ်လျှောက်ရှိ မြို့ရွာများတွင်လည်း အဆိုပါ ဖြစ်စဉ်များကဲ့သို့ ဆင်တူ တူသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာဘဲ ဖောက်ဖျက် ကျူးလွန်သည့် ကိစ္စရပ်များ အတော်များများ ရှိနေသည်ဟုလည်း ဆိုခဲ့ကြသည်။

ထိုလမ်းမကြီးကို အသုံးပြုပြီး မောင်းနှင်နေကြသည့် ခရီးသည်တင်ယာဉ် အများစုမှာ ခရီးသည် တင်ဆောင်ရာတွင် လမ်းမပေါ်တွင်သာ ရပ်လျက် တင်ဆောင်နေခြင်း၊ လမ်းစည်းကမ်းကို မလိုက်နာဘဲ မိမိတို့ထင်သလို မည်သူ့ကိုမျှ ဂရုမစိုက်သည့် သဘောဖြင့် ပြုမူနေခြင်း၊ ယာဉ်လိုင်းများ အချင်းချင်း အပြိုင်မောင်းနှင်လျက် ခရီးသည်များကို အလုအယက် တင်ဆောင်နေကြခြင်း၊ မြို့၊ ရွာများအတွင်း သတ်မှတ် အမြန်နှုန်းထက် ကျော်လွန် မောင်းနှင်နေကြခြင်း၊ ယခင်က မြင်တွေ့ခဲ့ကြရဖူးသည့် မြို့၊ရွာအတွင်း တစ်နာရီ မိုင် ၃၀ ထက် မပိုရ၊ ဘာကြောင့်ရပ်ရပ် လမ်းဘေးချရပ်၊ အကွေ့အတက်များတွင် အတက်ကားကို ဦးစားပေးပါ ဟူသည့် ဆိုင်းဘုတ်များမှာလည်း ပျောက်ကွယ်နေခြင်းများကြောင့် ခရီးသွား ပြည်သူများနှင့် မြို့ရွာများနေ ပြည်သူများမှာ စိတ်နှလုံး မသာမယာ ဖြစ်ကြရခြင်းများ ဖြစ်နေကြရသည်ဟု ကြားသိရပြန်သည်။ အဆိုးရွားဆုံး စိုးရိမ်ကြောင့်ကြ နေကြရသည့်ကိစ္စမှာ ဂါလန် ၇၂၀၀ ကျော် တင်ဆောင်ကြသည့် စက်သုံးဆီတင် ထွေလာ၊ ဘောက်ဆာယာဉ်ကြီးများသည်ပင် အမြန်နှုန်းဖြင့် ခေါက်ရေစိပ်အောင် မောင်းနှင်နေကြသဖြင့် မြို့ရွာများအတွင်း ယာဉ်အချင်းချင်း တိုက်ခိုက် တိမ်းမှောက်ပါက ဖြစ်ပေါ်လာမည့် မီးဘေး အန္တရာယ်ကြီးကိုလည်း စိုးရိမ် ထိတ်လန့်နေကြရသည်ဟု ဆိုခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ယနေ့အချိန်တွင် ဖြစ်ပေါ်နေသည့် မော်တော်ယာဉ်များ၊ ယာဉ်မောင်းများ၊ ယာဉ်အကူများနှင့် သက်ဆိုင်သည့် ဖြစ်ပွားနေသည့် ဖြစ်စဉ်ဖြစ်ရပ်များအရသော်လည်းကောင်း၊ မြို့ရွာနယ်အနှံ့တွင် နေ့စဉ် ရက်ဆက် ကြားသိနေကြရသည့် ယာဉ်တိုက်ခိုက် တိမ်းမှောက်ကာ လူအသေအပျောက် ရှိနေကြသည့် ဖြစ်စဉ်များအရလည်းကောင်း အများအားဖြင့် ဥပဒေကို လေးစားလိုက်နာမှု မရှိခြင်းနှင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို  သိရှိရန် အားနည်းနေခြင်းများ ရှိနေသည့် အချက်မှာ ငြင်းမရနိုင်သည့်အချက် ဖြစ်နေကြောင်း ဥပဒေပညာရှင် အသိုင်းအဝိုင်းက သုံးသပ်ခဲ့ကြသည်။

အမှန်ဆိုရလျှင် မော်တော်ယာဉ်နှင့် ယာဉ်မောင်းများ၊ ယာဉ်အကူ (စပယ်ယာ) များ စနစ်တကျ ရှိစေရေးနှင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးအတွက် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ် (၅၅/ ၂၀၁၅) ဖြင့် စက်တင်ဘာလ ၇ ရက်နေ့တွင် မော်တော်ယာဉ် ဥပဒေ တစ်ရပ်ကို ပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်သည်။ အဆိုပါ ဥပဒေကို ပြဋ္ဌာန်း ပေးရခြင်းမှာ မော်တော်ယာဉ်များကို အများပြည်သူဆိုင်ရာ နေရာများတွင် အန္တရာယ် ကင်းသွားလာနိုင်ရန် သတ်မှတ်ချက်များနှင့်အညီ စစ်ဆေးပြီး မှတ်ပုံတင်ပေးရေး၊ မော်တော် ယာဉ် အမျိုးအစားအလိုက် မောင်းနှင်သူများ၊ ယာဉ်အကူများကို သတ်မှတ်ထားသည့် အရည်အချင်းများ ပြည့်မီမှုရှိ မရှိစစ်ဆေးပြီး ယာဉ်မောင်းလိုင်စင် နှင့် ယာဉ်အကူလက်မှတ်များ ထုတ်ပေးနိုင်ရေး၊ လမ်းအသုံးပြုသူများ သွားလာမှု လွယ်ကူချောမွေ့စေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကာကွယ် ဆောင်ရွက်ပေးရေး၊ ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်ပွားအောင် အဆင့်မြင့် နည်းပညာ သုံးပြီး ပို့ဆောင်ရေး စနစ်ကို  ထိရောက်စွာ အသုံးပြုနိုင်ရေးနှင့် မော်တော်ယာဉ်များကြောင့် ဖြစ်ပေါ်လာမည့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများ လျော့နည်းစေရေး ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များ အဓိက ထားခဲ့လေသည်။ 

အဆိုပါ ဥပဒေထဲတွင် ယာဉ်များ မှတ်ပုံတင်ခြင်း အပိုင်းတွင် ယာဉ်ပိုင်ရှင် ကိုယ်တိုင် တာဝန်ယူပြီး လမ်းသွား လမ်းလာနှင့် ပြည်သူများ အန္တရာယ် မဖြစ်စေရန် သတ်မှတ်စံချိန် စံညွန်းများနှင့်အညီ ထိန်းသိမ်း ပြုပြင်ထားရမည့်အပြင် တည်ဆောက်မှု ပုံသဏ္ဌာန်နှင့် တင်ဆောင်နိုင်သည့် ဝန်အားအပေါ် မူတည်ပြီး အမျိုးအစား ခွဲခြားကာ မှတ်ပုံတင်ရန်နှင့် အခြားစပ်ဆိုင်သည့် အကြောင်းအရာများကို အခန်း (၄) တစ်ခန်း အနေဖြင့် အသေးစိတ် ပြဋ္ဌာန်း ထားရှိပေးထားသည်ကို တွေ့ရသည်။ ၎င်းအပြင် ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်အကူ လက်မှတ်ထုတ်ပေးရေး အပိုင်းတွင်လည်း စိစစ်ထုတ်ပေးရန် အသေးစိတ် အချက်အလက်များကို အဆိုပါ ဥပဒေ၏ ပုဒ်မ(၂၂) တွင် ပြဋ္ဌာန်းထားသည်။ ရောဂါ သို့မဟုတ် မသန်စွမ်းမှု (စိတ်ရောဂါ အပါအဝင်) ကြောင့် အများပြည်သူများ နေရာတွင် ယာဉ်မောင်းနှင်ရန်နှင့် ယာဉ်အကူ လုပ်ဆောင်ရန် မသင့်တော်သူ၊ မော်တော်ယာဉ် မောင်းနှင်ခြင်း၊ ပြည်သူများနှင့် ဆက်ဆံခြင်း အပိုင်းတွင် ပြစ်မှု ကျူးလွန်ထားဖူးပြီး အရက် သေရည်စာနှင့် မူးယစ်ဆေးဝါးများ သောက်စားလေ့ရှိသူ၊ ယခင် မှတ်တမ်းများအရ အများပြည်သူတို့အား ဘေးအန္တရာယ် ဖြစ်စေတန်သည်ဟု ယုံကြည်ရန် အကြောင်းရှိသူများကို လက်မှတ်များ ထုတ်ပေးခြင်း မပြုရသည့်အပြင်  ရှိခဲ့ဖူး၊ ဖြစ်ခဲ့ဖူးပါကလည်း ထုတ်ပေးရန် ငြင်းပယ်နိုင်သည်ဟု ပါရှိထားသည်။ ယာဉ်မောင်းလိုင်စင် (သို့မဟုတ်) ယာဉ်အကူ လက်မှတ် ထုတ်ပေးသူ အရာရှိသည်လည်း သတ်မှတ်ထားသည့် စည်းကမ်းကို လိုက်နာရန် ပျက်ကွက်သည့် ထိုသူများကို မှတ်တမ်းထားပြီး လိုင်စင်သက်တမ်း တိုးရန် လျှောက်ထားလာပါက လိုင်စင်များကို ခေတ္တ ရပ်စဲခြင်း၊ ဖျက်သိမ်းခြင်းနှင့် အမြဲတမ်း ရုပ်သိမ်းခြင်းတို့ကို ပြုနိုင်သည်ဟုလည်း အဆိုပါ ဥပဒေ၏ ပုဒ်မ (၂၈) နှင့် (၂၉) တို့တွင် အတိအလင်း ဖော်ပြထားလေသည်။

အများပြည်သူများအတွက် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများကို ဝန်ဆောင်မှုပေးရန် အဓိက တာဝန်ရှိသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန အနေနှင့်လည်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းနိုင်ရန် အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီကို ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ရမည်ဟု ပုဒ်မ(၃၈)တွင် ပြဋ္ဌာန်းထားပေးသည်။ သို့သော်လည်း အဆိုပါ ပြဋ္ဌာန်းချက်အရ ဤဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ကျော် ကြာမြင့်နေချိန် ကာလအထိ ကောင်စီကိုဖွဲ့စည်းပြီး တာဝန်များကို ထိထိရောက်ရောက် ကျေပွန်စွာ ဆောင်ရွက်နိုင်ခြင်း ရှိ မရှိ ဆိုသည့်ကိစ္စမှာလည်း ပြန်လည် ဆန်းစစ်သင့်သည့်အချက် ဖြစ်နေလေသည်။ သက်ဆိုင်ရာ ဦးစီးဌာန အနေနှင့်လည်း ၎င်းတို့ကို ဥပဒေပါ ပုဒ်မ (၄၄)၊ ပုဒ်မခွဲ (ဈ) (ည) (ဋ) (ဌ) (ဏ) တို့ဖြင့် အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များအတိုင်း ပြဿနာများ မကြီးထွားစေရန်နှင့် ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ် ကင်းရှင်းရန် ဆောင်ရွက်ပေးကြရန် အချိန်တန်နေပြီဖြစ်သည်။

မော်တော်ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းများနှင့် ယာဉ်အကူများ အနေနှင့်လည်း အဆိုပါ ဥပဒေ အခန်း (၉)၊ ပုဒ်မ(၄၅) (၄၆) (၄၇) (၄၉)(၅၄) နှင့် (၅၇)တွင် ဖော်ပြထားသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာတွင် ရပ်နားထားခြင်း မပြုရန်၊ သူတစ်ပါး ထိခိုက်မှု အာမခံ မထားရှိဘဲ အများပြည်သူနေရာတွင် အသုံးမပြုရန်၊ လိုင်စင် မရှိဘဲ အများပြည်သူရှိသော နေရာတွင် မောင်းနှင်ခြင်း မပြုရန်၊ မော်တော်ယာဉ်ပိုင်ရှင်ကလည်း ခွင့်မပြုရန်၊ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ တင်ဆောင်နိုင်မှုထက် ပိုမတင်ရန်၊ ယာဉ်မောင်းနှင့် ခရီးသည်များ အားလုံး ထိုင်ခုံခါးပတ် ပတ်ထားရန် စသည့် တားမြစ်ချက်များကို ပြောင်းလဲလာသည့် နိုင်ငံရေး အခြေအနေများနှင့်အညီ လိုက်လျောညီထွေ ဖြစ်ရန် လေးလေးစားစား လိုက်နာကြရန် တာဝန်ရှိလာနေပြီ ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ထိုအချက်များ လိုက်နာခြင်း ရှိ မရှိ တာဝန်ရှိသူ နိုင်ငံ့ဝန်ထမ်းများက စောင့်ကြည့်ခြင်း၊ လေ့လာခြင်းနှင့် ဖြစ်ပွားလာပါက ဥပဒေနှင့်အညီ အရေးယူ အပြစ်ပေးရမည်လည်း ဖြစ်သည်။ မော်တော်ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခရီးသွား ပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာမောင်းနှင် စီးနင်းလိုက်ပါပြီး ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားဘဲ လိုရာခရီးကို ရောက်နိုင်ရေးအတွက် အပြန်ပြန် အလှန်လှန် သူ့ဘက်ကိုယ့်ဘက် ဥပဒေပါ ပြဋ္ဌာန်းချက်များဖြင့် ထိန်းညှိပေးကြရမည်သာ ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် အထက်တွင် ဖော်ပြခဲ့သည့် ပြဋ္ဌာန်းထားရှိပြီးသား ဖြစ်သည့် မော်တော်ယာဉ် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တားမြစ်ချက်များ၊ စည်းကမ်းများကို သိရှိကြပြီး ဖောက်ဖျက် ကျူးလွန်မှုများ ရှိလာပါကလည်း ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ရန် အတွက်လည်း အခန်း (၁၀) တွင် အရေးယူရမည့် ပြစ်ဒဏ်များကို ၎င်းတို့ ကျူးလွန်ကြသည့် ပြစ်မှု အတိမ်အနက်အပေါ် လိုက်ပြီး တစ်လထက် မပိုသော ထောင်ဒဏ်၊ ကျပ်သိန်း ၅၀ ထက် မပိုသော ငွေဒဏ်၊ ခြောက်လထက် မပိုသော ထောင်ဒဏ်များ ချမှတ်နိုင်ကြောင်း ပုဒ်မ (၅၈) မှ ပုဒ်မ (၆၆) အထိ တိတိကျကျ ပြဋ္ဌာန်းထားရှိပြီးသား ဖြစ်ပါသည်။ ထို့အပြင် စည်းကမ်း ယိုယွင်းမှုများအတွက် စည်းကမ်း ထိန်းသိမ်းခြင်းနှင့် အရေးယူခြင်းတို့ ပြုလုပ်နိုင်ရေး အတွက်ပါ မျှော်တွေးပြီး အခန်း (၁၂) တွင် အခန်း တစ်ခန်း အနေနှင့် ဝန်ကြီးဌာနနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကို လုပ်ပိုင်ခွင့် အာဏာများ အပ်နှင်းထားပါသေးသည်။ ယာဉ်များပေါ်တွင် တုတ်၊ ဓား လက်နက်များ တင်ဆောင်ခြင်း မပြုရေးအတွက် နည်းဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များတွင် အသေးစိတ် ထည့်သွင်း ပြဋ္ဌာန်းခြင်းများ၊ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်း၊ ယာဉ်အကူများ သိအောင် ညွန်ကြားချက်ထုတ် ပြန်ခြင်းများကိုလည်း ဆောင်ရွက်ကြပြီး အများပြည်သူ သွားလာရေး ဝန်ဆောင်မှု လုပ်ငန်းများကို ဥပဒေဘောင် အတွင်းမှ အေးချမ်းသာယာစွာ စနစ်တကျ ရှိစေရေး အလေးပေး ဆောင်ရွက်ရန် အချိန်တန်နေပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။

ရန်ကြီးအောင် (ဥပဒေ)


  • VIA