News

POST TYPE

PERSPECTIVE

၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၅)
12-Jan-2017
၂၀၁၇ နိဒါန်း

စာရေးသူအနေနှင့် NLD ခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်လျှင် မြန်မာ့နိုင်ငံရေးတွင် ရှားရှားပါးပါး တွေ့ရခဲသော “လစ်ဘရယ်စိတ်အခံရှိသူ”( Liberal Minded) တစ်ဦးအဖြစ် ဟိုးရှေးမဆွကတည်းက မြင်ထားသည်။ ဤနေရာတွင် “လစ်ဘရယ်”ဆိုသည်ကို မြန်မာလက်ဝဲသမား တော်တော်များများ နားလည်ထားကြသည့်အတိုင်း “တွေဝေသော”၊ “ယိမ်းယိုင်သော”၊ “စိတ်မချရသော”စသဖြင့် Negative Sense နှင့် ပြောလိုသည်မဟုတ်။ “အတွေးအခေါ်သစ်များကို လက်ခံသော”၊ “လွတ်လပ်သော”၊ “အစွန်းမရောက်သော” စသည့် အဘိဓာန် ဖွင့်ဆိုချက်အတိုင်း ဆိုလိုရင်း ဖြစ်သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းနှင့် ယခု အာဏာရပြီး နောက်ပိုင်းတွင်မူ လစ်ဘရယ် စိတ်အခံကိုသာမက သူမ၏  “လက်တွေ့ကျကျ ဆုံးဖြတ် လုပ်ကိုင်နိုင်စွမ်း” (Pragmatic Approach) ကိုပါ သတိပြုမိသည်။ မူလလစ်ဘရယ် စိတ်အခံနှင့် လက်တွေ့ကျကျ ဆုံးဖြတ် လုပ်ကိုင်နိုင်စွမ်းတို့ ပေါင်းဆုံမိလျှင် မည်မျှ ခက်ခဲသော စိန်ခေါ်ချက်ကိုမဆို တစ်ချိန် မဟုတ် တစ်ချိန်တွင် အောင်မြင်စွာ ဖြတ်ကျော်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ထားသည်။ လာတော့မည့် ၂၀၁၇ ခုနှစ်မှာ စိန်ခေါ်ချက် များစွာအတွက် “အဖြေ ပေးရတော့မည့်နှစ်”ဟုလည်း ယူဆထားသည်။ ၂၀၁၇ နိဒါန်းအဖြစ် ကြုံရဖွယ်ရှိသည့် စိန်ခေါ်ချက်များကို စုစည်း ဖော်ပြလိုက်ပါသည်။

(က) မြစ်ဆုံ

သမ္မတဦးသိန်းစိန် လက်ထက်က ဆိုင်းငံ့ထားခဲ့သော “မြစ်ဆုံစီမံကိန်း”မှာ NLD အစိုးရလက်ထက်သို့ ရောက်လာသည်။ အစိုးရက “ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင်”ကို ဖွဲ့စည်းထားသည်။ ကော်မရှင်ဖွဲ့အပြီး သုံးလအကြာတွင် “ကြားဖြတ် အစီရင်ခံစာ”ထုတ်ပြန်ခဲ့သည်။ သို့တိုင် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်သော သုံးသပ်ချက်၊ အကြံပြုချက်များကား မပါသေး။ အစီရင်ခံစာ အပြီးသတ် တင်ပြရမည့် ရက်ကိုလည်း မသိရသေး။ ၂၀၁၇ ခုနှစ်အတွင်း တစ်ချိန်ချိန်တွင် အပြီးသတ် အစီရင်ခံစာ ထွက်ရလိမ့်မည် ထင်သည်။ 

အကယ်၍ ကော်မရှင်က “မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သင့်သည်”ဟု အဖြေပေးခဲ့လျှင် လူထု၏ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ရဖို့ ရှိသည်။ အဆင် မသင့်လျှင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာကိုပင် ထိခိုက်ကောင်း ထိခိုက်နိုင်သည်။ အကယ်၍ ကော်မရှင်အနေနှင့် “မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်သင့်”ဟု အဖြေပေးခဲ့လျှင် တရုတ်ပြည်နှင့် ဆက်ဆံရေး မပျက်ပြားစေရန် တစ်စုံတစ်ရာဖြင့် အစားထိုး ဖြေရှင်းဖို့ စဉ်းစားထားသင့်သည်။ မြန်မာနိုင်ငံတွင် တရုတ်ပြည်၏ မဟာဗျူဟာ အကျိုးစီးပွားများရှိနေရာ တရုတ်ပြည်ဘက်ကလည်း မိတ်ပျက်လိုဟန် မရှိဟု ယူဆရပါသည်။

(ခ) ရခိုင်

ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်း နှစ်ရပ်ကြား ပဋိပက္ခမှာ ထိလွယ် ရှလွယ် အနေအထား ရှိနေဆဲပင် ဖြစ်ပါသည်။ ဤအနေအထားမျိုး ရှိနေသရွေ့ ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အကြမ်းဖက်မှု အရိပ်မည်းကြီးအောက်မှ မလွတ်တတ်နိုင်အောင် ရှိနေပါလိမ့်မည်။ နိုင်ငံတကာ မီဒီယာများ၏ စနစ်တကျ တိုက်ကွက်များ ခပ်စိပ်စိပ် ထွက်လာနိုင်ရာ ဤအချက်က မြန်မာနိုင်ငံ၏ ဥပဓိကိုရော ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကိုပါ အနည်းနှင့်အများဆိုသလို ထိခိုက်လာနိုင်ပါသည်။ သို့အတွက် မြန်မာနိုင်ငံဘက်က နည်းလမ်းရှာ တုံ့ပြန်ဖို့ လိုပါလိမ့်မည်။ 

ယခု လောလောဆယ်တွင်တော့ ရခိုင်ကိစ္စ ကိုင်တွယ်နိုင်ရန် အဖွဲ့ သုံးဖွဲ့ ဖွဲ့ထားသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်ထောင်စု ဝန်ကြီးအားလုံး ပါဝင်သည့် ဗဟိုကော်မတီ၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ကိုဖီအာနန် ဦးဆောင်သည့် အကြံပေး ကော်မရှင်နှင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ ဖြစ်သည်။ ကိုဖီအာနန် ကော်မရှင်မှာ ၁၂ လအတွင်း အစီရင်ခံစာကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတစ်ဆင့် အစိုးရသို့ တင်ပြရမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွင်း အဖြေပေးရတော့မည့်သဘော ဖြစ်သည်။ ဤကော်မရှင်၏ အစီရင်ခံစာအပေါ် မူတည်ပြီး ရခိုင်ပြည်နယ် နိုင်ငံရေး အလှုပ်အယမ်း များနိုင်သည်။ 

(ဂ) ကျောင်းသား

“အမျိုးသား ပညာရေးဥပဒေ”ကို ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် အတည် ပြုခဲ့ပါသည်။ ဤဥပဒေကို မကျေနပ်၍ တစ်ပြည်လုံးမှ ကျောင်းသား လူငယ်များ ၂၀၁၅ ခုနှစ်အတွင်း အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။ ကျောင်းသား ဆန္ဒပြပွဲ အတွင်းမှာပင် အမျိုးသား လွှတ်တော်နှင့် ကျောင်းသားအချို့ ညှိနှိုင်းပြီး ကျောင်းသားထု လိုလားချက်အချို့ကို လိုက်လျောပေးခဲ့ပါသည်။ သို့တစေ ဤသို့ လိုက်လျောပေးခဲ့သည်များကိုပင် ပြည်သူ့လွှတ်တော်က ပယ်ချခဲ့ပါသည်။ နောက်ဆုံး ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထုံးစံအတိုင်း အမျိုးသား လွှတ်တော်က ရှုံးပါသည်။ သည်လိုနှင့် ၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်တွင် “အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ”ကို ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးခဲ့ပါသည်။ ကျောင်းသား အများစု ရင်ထဲတွင်ကား “သွေးမတိတ်သေးသော အနာ”လို တဆစ်ဆစ် ကိုက်ခဲဆဲ ဖြစ်နေပါလိမ့်မည်။ 

ပို၍ဆိုးသည်မှာ ဥပဒေတွင် တရားဝင်ပါပြီး ပြဋ္ဌာန်းချက်များကိုပင် အကောင်အထည်ဖော်ဖို့ နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်သည်။ ပထမဆုံး “အဆင့်မြင့် ပညာရေးဥပဒေ”ကို စောင့်နေတာဟု အကြောင်းပြသည်။ နောက် တက္ကသိုလ်အလိုက် ပဋိညာဉ် စာတမ်းတွေ မပြုစုရသေးလို့ဟု ဆိုလာပြန်သည်။ သည်လိုနှင့် တရားဝင် ရရှိပြီးဖြစ်သော ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးရော ပညာရေး ပြုပြင်ပြောင်းလဲမှုပါ အချိန်ကာလ တစ်နှစ်နီးပါး ကြာသည်အထိ ဘာတစ်ခုမှ မည်မည်ရရ မစနိုင် ဖြစ်နေတော့သည်။ ကျောင်းသားထုကြား ပျံ့နှံ့နေသော သတင်းတစ်ပုဒ် အရဆိုလျှင် “အဆင့်မြင့် ပညာရေး ဥပဒေ”တွင် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးကို ထည့်မထား၊ တက္ကသိုလ်အလိုက် ပဋိညာဉ်များတွင်သာ သမဂ္ဂဖွဲ့စည်းရေးကို ထည့်ထားမည်ဟု ဆိုသည်။ ဤအတိုင်းဆိုလျှင် ဥပဒေအရ ခိုင်မာမှု ရှိတော့မည် မထင်။ ဤသတင်းသာ အမှန်ဖြစ်ပါက “ငြိမ်သက်နေသော ရေပြင်”ကို ခဲနှင့် ထုလိုက်သလို ဖြစ်သွားနိုင်သည်။ မြန်မာ့နိုင်ငံရေးတွင် ကျောင်းသားကိစ္စမှာ အကဲဆတ်လှသည်ဖြစ်ရာ တာဝန်ရှိသူများ အနေနှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်စေလိုသည်။

(ဃ) စီးပွားရေး

ကမ္ဘာ့ဘဏ်မှ နှစ်စဉ် ပုံမှန် ထုတ်ဝေနေကျ ဖြစ်သော Doing Business 2017 ကို ယခု စာစုရေးနေစဉ်မှာပင် Online ပေါ်တွင် ဖတ်လိုက်ရသည်။ တိုင်းပြည်များ၏ စီးပွားရေး လုပ်ခင်းကိုင်ခင်းကို ဖော်ပြသော ညွှန်ကိန်းများဟု ဆိုနိုင်ပါသည်။ Good Business Environment ကို ဖော်ညွှန်းသော အညွှန်းများ ဖြစ်သည်။ ယခင်က အချက် ငါးချက်ဖြင့် တိုင်းတာသော်လည်း ယခု ၁၁ ချက်ထိ တိုးသွားသည်။ လျှပ်စစ်မီး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး၊ အခွန်ဆောင်ခြင်း စသောအချက်များ ဖြည့်စွက်ထားသည်။ (ယခင်ကတော့ စီးပွားရေးလုပ်ငန်း တစ်ခုစဖို့ လွယ် မလွယ်၊ အလုပ်သမား ငှားဖို့၊ ဖြုတ်ဖို့ လွယ် မလွယ်၊ ကန်ထရိုက်စာချုပ် ချုပ်ဖို့ လွယ် မလွယ်၊ အရင်း အနှီးရဖို့ လွယ် မလွယ်၊ ဒေဝါလီဥပဒေ ရှိ မရှိ စသော ငါးချက်နှင့်သာ တိုင်းသည်။)

အဆိုပါ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၁၉၀ အနက် အဆင့် ၁၇၀ ဖြစ်သည်။ စီးပွားရေး လုပ်ခင်းကိုင်ခင်း လွန်စွာမှပင် အားနည်းသည့်နိုင်ငံဟု ဆိုရပါလိမ့်မည်။ လာအိုမှာ အဆင့် ၁၃၉၊ အိန္ဒိယမှာ အဆင့် ၁၃၀၊ တရုတ်မှာ အဆင့် ၇၈၊ ထိုင်းက ၄၆၊ မလေးရှားက ၂၃ အသီးသီး ရှိကြသည်နှင့် နှိုင်းယှဉ်ကြည့်ဖို့ ဖြစ်သည်။ မြန်မာက အနှစ် ၂၀ အတွင်း ကျော်တက်မည်ဆိုသော စင်ကာပူမှာ အဆင့် ၂ ဖြစ်သည်။ ၂၀၁၇ မြန်မာ့စီးပွားရေးကို လက်ရှိအဆင့် ၁၇၀ မှ စရမည့် သဘောပင် ဖြစ်ပါသည်။ 

(င) ငြိမ်းချမ်းရေး

NLD အစိုးရ၏ ဦးစားပေး လုပ်ငန်းစဉ်ဟု ဆိုနိုင်သော ငြိမ်းချမ်းရေးကိစ္စမှာ ၂၀၁၆ ခုနှစ်တွင် အစကောင်းခဲ့သယောင် ရှိသော်လည်း နှစ်အကုန်တွင်မူ သေနတ်သံတွေနှင့်သာ အဆုံး သတ်ခဲ့ရသည်။ ၂၀၁၇ ဖေဖော်ဝါရီတွင် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) ခေါ်ဖို့ လျာထားသော်လည်း လူမျိုးစု လက်နက်ကိုင် အင်အားစု အားလုံး စုံစုံညီညီတက်ဖို့ မလွယ်လှပါ။ အကယ်၍ တက်ဖြစ်လျှင်သော်မှ အများညီ အဖြေရဖို့ အကြိတ်အနယ် အကြိမ်ကြိမ် ဆွေးနွေးရပါဦးမည်။ အကယ်၍ နိုင်ငံရေး သဘောတူညီချက် ရလျှင်သော်မှ လုံခြုံရေး ကိစ္စများကို ဆက်လက် ဆွေးနွေး ရပါဦးမည်။ နိုင်ငံတကာ အတွေ့အကြုံများအရ DDR တို့၊ SSR တို့ကို အနည်းဆုံး ဆယ်နှစ် အချိန်ယူ ဆွေးနွေးကြရသည်။ 

ဤတွင် NLD အနေနှင့် မလွှဲမရှောင်သာ စဉ်းစားရတော့မည်ဖြစ်သော ငြိမ်းချမ်းရေးနှင့် ဆက်နွှယ်သည့် မူပိုင်းဆိုင်ရာ ပြဿနာအချို့ ရှိလာပါသည်။ 

၁။ လူမျိုးစု လက်နက်ကိုင် အင်အားစု အားလုံးပါဝင်မှ တစ်နည်း All-inclusive ဖြစ်မှ ငြိမ်းချမ်းရေး ဖြစ်မည်လော...။

၂။ ဖြစ်နိုင်ခြေရှိသော လူမျိုးစု လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး အရင် တည်ဆောက်၊ ကျန်အင်အားစုများနှင့် စိတ်ရှည် လက်ရှည် ဆက်လက် ဆွေးနွေးဆိုသော လမ်းကြောင်းအတိုင်း သွားမည်လော...။

၃။ လူမျိုးစု လက်နက်ကိုင် အင်အားစု အားလုံးနှင့် ငြိမ်းချမ်းရေး ရ၊ ပြည်တွင်းစစ်ကြီး ပြီးဆုံးပါမှ အခြေခံဥပဒေ ပြင်ဆင်ရေးကို စဉ်းစားမည်လော...။ 

၄။ ရနိုင်သမျှ လူမျိုးစု လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး တည်ဆောက်ပြီး တပ်မတော်၏ ပါဝင်မှုကို တဖြည်းဖြည်း လျှော့ချနိုင်ရန် တပ် ခေါင်းဆောင်များနှင့် ညှိနှိုင်း ဆွေးနွေးကြမည်လော...။

အစိုးရ (NLD) နှင့် တပ်မတော်ကြား “နိုင်ငံရေး ပဋိညာဉ်” (Political Pact) တစ်ရပ် ရရှိသည်အထိ ဆွေးနွေး ညှိနှိုင်းနိုင်ရေးမှာ ၂၀၁၇ အောင်မြင်မှု၏ “သော့ချက်”ဟု ထင်မြင်ယူဆရပါကြောင်း...။ 

ကျော်ဝင်း
၅၊ ဇန်နဝါရီ၊ ၂၀၁၇


  • VIA