News

POST TYPE

PERSPECTIVE

သူတို့ဆီက ဘတ်စ်ကား
11-Jan-2017
လက်ရှိ မထသကို လာမည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ဖျက်သိမ်းပြီး Yangon Bus Service ယာဉ်လိုင်းတွေနဲ့ စတင် ပြေးဆွဲတော့မယ့် သတင်းကို ဖတ်ရတဲ့အတွက် ဒီစာကို ရေးရခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းမ် သတင်းစာရှိစဉ်ကလည်း ဒီခေါင်းစဉ်နဲ့ပဲ ရုရှားနိုင်ငံက ဘတ်စ်ကားတွေ အကြောင်းကို ရေးခဲ့ပါသေးတယ်။ ဒီတစ်ခါတော့ ပြေးဆွဲမယ့် YBS ကို ဂျပန်က အများကြီး အကူအညီ ပေးထားတာ သိရတဲ့အတွက် ဂျပန်နိုင်ငံ ဆာဂါမြို့က ဘတ်စ်ကားတွေ အကြောင်းကို ပြန်လည် မျှဝေချင်ပါတယ်။ အချို့လည်း သိပြီး ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဘတ်စ်ကား မှတ်တိုင်တွေ အကြောင်းကို ပြောချင်ပါတယ်။ ဘတ်စ်ကား မှတ်တိုင်တွေ သန့်ရှင်းသပ်ရပ်မှု ရှိတာတော့ အားလုံး သိကြပြီးဖြစ်မယ် ထင်ပါတယ်။ ဘတ်စ်ကား မှတ်တိုင်တိုင်းမှာ မှတ်တိုင်ကို ရောက်လာမယ့် ကားလိုင်းနံပါတ်တွေနဲ့ ရောက်လာမယ့် အချိန်တွေကို ရေးထားပေးပါတယ်။ ဒီလို ရေးထားပေးရာမှာလည်း ရုံးဖွင့်ရက်တွေနဲ့ ရုံးပိတ်ရက်တွေအတွက် ခွဲပြီး ရေးထားပေးတာ တွေ့နိုင်ပါတယ်။ ဘတ်စ်ကား စီးမယ့်သူ အနေနဲ့လည်း မိမိ ရောက်နေတဲ့ နေရာကို ကားဘယ်အချိန် ရောက်မယ်ဆိုတာကို တိတိကျကျ သိနိုင်ပါတယ်။ ရေးထားတဲ့အချိန်နဲ့ အနီးစပ်ဆုံး ရောက်တာကိုလည်း တွေ့ရပါတယ်။ မိုးများတဲ့အခါ ငါးမိနစ်ခန့် နောက်ကျတတ်ပြီး ကျန်ရက်များတွင် အတိအကျ ရောက်လာပါတယ်။ သို့အတွက်ကြောင့် ခရီးသွားသူတွေအတွက် အင်မတန် အဆင်ပြေတာကို တွေ့ရပါတယ်။

နောက်တစ်ချက်က ဘတ်စ်ကား အတက်အဆင်းမှာ မသန်စွမ်းတွေ အတွက်လည်း အဆင်ပြေအောင် စီစဉ်ပေးထားတာ တွေ့ရပါတယ်။ ဝှီးလ်ချဲ အတက်အဆင်း လုပ်လို့ရအောင် ဖန်တီးပေးထားပါတယ်။ နောက် ကားပေါ်ရောက်တဲ့ အခါမှာလည်း ဒီဝှီးလ်ချဲကို လိမ့်မသွားအောင် ချည်ထားစရာလေးတွေ တပ်ထားပေးပါတယ်။ အင်မတန် စိတ်ချမ်းသာစရာ ကောင်းပါတယ်။

နောက်တစ်ခုက ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက်လည်း နေရာ သတ်မှတ်ပေးထားပါတယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေ မပါတဲ့အခါမှာတော့ အားလုံး ဝင်ထိုင်တတ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာတော့ အရင်က ကားရှေ့ခန်းတို့၊ ရှေ့ဆုံးတန်းတို့ ကို ရဟန်းတွေအတွက် ထားတတ်ကြသလို ဖြစ်ပါလိမ့်မယ်။ ဒီမှာတော့ စာသေချာ ရေးထားပေးပါတယ်။

နောက်ထပ်တစ်ခုက ထိုင်ခုံတိုင်းရဲ့ဘေးမှာ ဆင်းမယ့်မှတ်တိုင် အချက်ပေးဖို့ ခလုတ်ပါပါတယ်။ ယာဉ်မောင်းကလည်း ဘယ်မှတ်တိုင် ရောက်ပြီ၊ နောက်မှတ်တိုင်က ဘာ စသည်ဖြင့် အမြဲ ပြောပေးနေတာ ရှိသလို၊ အချို့ကားတွေကတော့ အသံ သွင်းထားပြီး ဖွင့်ထားပေးပါတယ်။ ထိုင်နေသူတွေအတွက် သာမကဘဲ မတ်တတ်ရပ် စီးသူတွေအတွက်လည်း လက်ကိုင်တန်းတွေမှာ ခလုတ်တွေ တပ်ပေးထားတဲ့အတွက် အားလုံးအတွက် အဆင်ပြေတာကို တွေ့ရပါတယ်။ ပူချိန်မှာ အဲယားကွန်း အမြဲ ဖွင့်ပြီး အေးချိန်မှာ အပူပေးစနစ်ကို ဖွင့်ထားပေးပါတယ်။

နောက်ထပ် ကျွန်တော် သဘော အကျဆုံး တစ်ခုမှာ ကားရှေ့မှာ မှတ်တိုင်အလိုက် ကျသင့်တဲ့ပိုက်ဆံကို အားလုံး ဖတ်နိုင်အောင် လုပ်ထားပေးခြင်း ဖြစ်ပါတယ်။ မှတ်တိုင်နံပါတ် တစ်ခုချင်းအလိုက် ကျသင့်တဲ့ပိုက်ဆံ ပြောင်းပြောင်း သွားပါတယ်။ ဒီအတွက်ကြောင့် ကိုယ်ဆင်းမယ့် မှတ်တိုင်မှာ ပိုက်ဆံ ဘယ်လောက် ကျသင့်တယ်ဆိုတာ အလွယ်တကူ သိနိုင်တဲ့အတွက် အင်မတန်ကို အဆင်ပြေတာ တွေ့ရပါတယ်။ မိမိတို့ သွားလိုတဲ့မှတ်တိုင် ရောက်လို့ ဆင်းတဲ့အခါ ကားပေါ်တက်စဉ်က ယူခဲ့တဲ့ မှတ်တိုင်နံပါတ်ရယ် ကျသင့်တဲ့ငွေကို ယာဉ်မောင်းဘေးက စက်ထဲကို ထည့်ခဲ့ရုံပါပဲ။

ကျွန်တော်တို့ဆီမှာလို ယာဉ်နောက်လိုက်က အကြွေ ပြန်မအမ်းတာမျိုးဖြစ်မှာ မပူရတော့ပါဘူး။ ဒါဖြင့် အကြွေရအောင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုး စဉ်းစားနေစရာ မလိုအောင် စီစဉ်ထားပေးပါတယ်။ ယာဉ်မောင်းရဲ့ဘေးမှာ အကြွေစေ့ လဲနိုင်ပါတယ်။ ယာဉ်စီးခ ထည့်ပေးရတဲ့ စက်မှာပဲ အကြွေ လဲနိုင်ပါတယ်။ တစ်ထောင်တန် ထည့်ရင် ငါးရာ၊ တစ်ရာ၊ ငါးဆယ်၊ တစ်ဆယ် စသည်ဖြင့် အကုန်ပါအောင် စီမံထားတာဟာလည်း လေးစား အားကျ အတုယူစရာ ကောင်းလှပါတယ်။

မြို့တွင်းသွားတဲ့ ကားတွေတင် မဟုတ်ဘဲ တစ်မြို့နဲ့ တစ်မြို့သွားတဲ့ ကားတွေမှာလည်း ဒီပုံစံအတိုင်းပဲ ဖြစ်ပါတယ်။ ခရီးသွားမယ့် ပြည်သူတွေအတွက် သက်သောင့်သက်သာ ဖြစ်အောင် စီမံပေးထားတာဟာ အင်မတန် စိတ်ချမ်းသာစရာ ကောင်းနေပါတယ်။ ဒီလိုစနစ်ကောင်းကို လုပ်ပေးထားတဲ့အတွက် စီးနင်းသူတွေဘက်ကလည်း သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို အတိအကျ လိုက်နာကြရပါတယ်။
 
အထက်မှာ ဖော်ပြခဲ့တာတွေက သူတို့ဆီက ကောင်းမွန်တဲ့စနစ်နဲ့ စီမံထားတဲ့ဘတ်စ်ကားတွေပါ။ အရှုံးအမြတ်နဲ့ အခြားသော စီမံခန့်ခွဲမှုတွေကတော့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင် အကြံယူလျှင် ရနိုင်ပါလိမ့်မယ်။ ယခု မြန်မာနိုင်ငံမှာ စတင်တော့မယ့် ဘတ်စ်ကား စနစ်ကိုလည်း ဂျပန်နိုင်ငံက အများကြီး ကူညီပေးတာ သိရတဲ့အတွက် အထက်မှာ ဖော်ပြခဲ့သလောက် မကောင်းခဲ့ရင်တောင် အရင်ထက်တော့ ကောင်းမယ်လို့ ရိုးရိုးသားသား မျှော်လင့်မိပါတယ်။ အရင်ကလည်း ကောင်းတဲ့ကားတွေ၊ ကောင်းတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အများစုကတော့ အားလုံး သိကြတဲ့အတိုင်း ဖြစ်ပါတယ်။

လုမောင်းတဲ့အကျင့်၊ ပြိုင်မောင်းတဲ့အကျင့်တွေ ပျောက်သွားရင်ပဲ ပြည်သူတွေ စိတ်သက်သာရာ ရနိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာက မောင်းရမယ့်လမ်းကြောင်း သတ်မှတ်ထားပေးပေမယ့် အများစုက မျဉ်းကိုခွ မောင်းကြပါတယ်။ ကိုယ့်ယာဉ်ကြောကို သတ်သတ်မှတ်မှတ် မမောင်းဘဲ ကျော်တက်နိုင်ဖို့အတွက် မျဉ်းကိုခွပြီး မောင်းတဲ့ အကျင့်ကိုလည်း ပြင်ရပါလိမ့်မယ်။ ပြင်ဖို့ တင်းတင်းကျပ်ကျပ် လုပ်သင့်ပါတယ်။ 

သူတို့ဆီမှာတော့ မျဉ်းကို ခွမောင်းတဲ့ကား မရှိပါဘူး။ ကိုယ့်ယာဉ် မောင်းရမယ့် လမ်းကြောင်းကို စည်းကမ်းတကျ မောင်းခြင်းကလည်း ယာဉ်တိုက်မှုကို လျော့ကျစေပါလိမ့်မယ်။ လမ်းမပေါ်မှာ မီးနီတာပဲဖြစ်ဖြစ်၊ ကားပိတ်တာကြောင့်ပဲဖြစ်ဖြစ် ရပ်လျှင်လည်း တစ်စီးနဲ့တစ်စီး သိသိသာသာ ခွာပြီးရပ်လေ့ ရှိပါတယ်။ မှတ်တိုင်ကသာ စောင့်ပြီး ကားစီးကြတာကိုတော့ အားလုံး သိကြပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ယခု ယာဉ်လိုင်းတွေ စတင်ပြီးရင် သတ်မှတ် မှတ်တိုင်မှာပဲ ခရီးသည် အတင်အချ လုပ်ဖို့၊ ကြားကဖြတ်စီးရင် မတင်ဖို့၊ တင်ခဲ့ရင် ထိထိရောက်ရောက် အရေးယူဖို့ စတဲ့ အသေးအမွှားလို့ ထင်ရတာလေးကိုပါ တိတိကျကျ လိုက်နာအောင် အစကတည်းက လုပ်ဖို့ လိုပါတယ်။ သို့မှသာ အောင်မြင်တဲ့ အပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်။

ဘတ်စ်ကားစီးတဲ့ ကျွန်တော်တို့ ကိုယ်တိုင် လိုရာခရီး မရောက်ခင် ကားပြောင်းစီးရတဲ့အဖြစ်တွေက လွတ်တော့မှာမို့ ပျော်မိပါတယ်။ စီးလာတဲ့ကားက အခြားကားနဲ့ ပြိုင်မောင်းနေတဲ့အတွက် ကြောက်ပြီး အကြိမ်ကြိမ် ကားပြောင်းစီးခဲ့ဖူးပါတယ်။ အစက ရောက်မယ်ပြောပြီး နောက်မှ မရောက်တော့ဘူးဆိုပြီး ကားပြောင်းပေးတာမျိုးလည်း အကြိမ်ကြိမ် ကြုံခဲ့ရပါ တယ်။ ဒါ့အပြင် ကိုယ်မှန်ပါလျက်နဲ့ ယာဉ်နောက်လိုက် ငေါက်တာကိုလည်း ခံခဲ့ရဖူးပါတယ်။ အကြွေ ပြန်မအမ်းတာမျိုးလည်း မကြာခဏ ကြုံခဲ့ရပါ တယ်။ ခုတော့ ဒီလို အခြေအနေတွေကနေ လွတ်တော့မယ် ဆိုတဲ့အတွေးနဲ့ ပျော်မိတာအမှန်ပင်။

မင်းမဲ့စရိုက်ဆန်ဆန် ပြုမူတတ်တဲ့ ယာဉ်နောက်လိုက်အချို့ရဲ့ အပြုအမူတွေ၊ ငါက ဘယ်ယာဉ်လိုင်းကို မောင်းတာကွ၊ ငါ့ကားက ဘယ်သူပိုင်တဲ့ယာဉ်လိုင်းကွ၊ ယာဉ်ထိန်းရဲတောင် မပြောရဲတဲ့ ယာဉ်လိုင်းကွ စသည်ဖြင့် လူမိုက်ဆန်ဆန် အပြုအမူတွေနဲ့ ရင်းနှီးပြီး၊ စိတ်တိုဒေါသထွက်ပြီး ပြောဆိုသံတွေနဲ့ နေ့စဉ်လိုလို ခရီးသွားနေရတဲ့သူတွေအဖို့ စိတ်လက် အေးချမ်းစွာ သွားနိုင်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီလိုပြောလို့ အားလုံးကိုဆိုလိုခြင်း မဟုတ်ဘဲ တကယ့်ကို စေတနာထားတဲ့ ယာဉ်လိုင်း၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေလည်း ရှိပါတယ်။ သို့ပေမယ့် ဆိုးတဲ့ အသံတွေ ထွက်ပါများတဲ့အတွက် ကောင်းတဲ့အသံတွေ တိုးသွားရတာလည်း ဖြစ်ပါလိမ့်မယ်။

ခရီးသည်ကို ဆွဲတင်၊ တွန်းချ၊ ပြွတ်သိပ်နေအောင် ထည့်၊ ငေါက် ပြော၊ ပြန်ပြောလျှင် ရိုက် စတာမျိုးတွေ ပျောက်သွားခဲ့ရင် ပြောင်းလဲသူတို့ကို လေးလေးနက်နက် ကျေးဇူးတင်ရပါလိမ့်မယ်။ အုပ်ချုပ်သူ အစိုးရပိုင်းက အကောင်းဘက်ကို ပြောင်းလဲပေးတဲ့အခါ၊ ပြည်သူတွေကလည်း အလိုက်တသိနဲ့ ပူးပေါင်း ပါဝင်သင့်ပါတယ်။ ပါဝင်ရပါလိမ့်မယ်။ ပြည်သူလို့ ဆိုတဲ့အတွက် ခရီးသွားရော၊ ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ပါ အားလုံးဟာ ပြည်သူဖြစ်လို့ ဒီစနစ် အောင်မြင်ရေးအတွက် အားလုံးမှာ တာဝန်ရှိနေပါတယ်။ အားလုံး ကြိုးစားကြရပါလိမ့်မယ်။ ခရီးသွားသူ၊ ယာဉ် မောင်း၊ ယာဉ်လိုင်း အားလုံးက သတ်မှတ်ပေးထားတဲ့ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ လိုပါတယ်။ လိုက်နာရပါလိမ့်မယ်။ သို့မှသာ အောင်မြင်တဲ့ အပြောင်းအလဲ ဖြစ်လာပါလိမ့်မယ်။

အပြောင်းအလဲတိုင်းမှာ အပြောင်းအလဲနဲ့ မရင်းနှီးသေးတဲ့အခါ အဆင်မပြေမှုလေးတွေ တွေ့ကြုံရနိုင်ပါတယ်။ ဒီလို တွေ့ကြုံလာတဲ့အခါ စိတ်ရှည် သည်းခံဖို့ လိုပါတယ်။ ခဏပျော်ပြီး ရေရှည်နိမ့်ကျနိုင်တဲ့ အရာတွေကို ခဏ စိတ်ရှည်ပြီး ရေရှည် ပျော်ရအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ယာဉ်လိုင်းတွေ ပြောင်းလဲပြေးဆွဲခါစ အချိန်မှာ အဆင်မပြေမှုတွေ ရှိလာခဲ့ရင် အတတ်နိုင်ဆုံး ပူးပေါင်းပါဝင် ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။ သို့မှသာ ကျွန်တော်တို့ လိုချင်တဲ့ အပြောင်းအလဲရဲ့ အရသာကို မြန်မြန်နဲ့ မှန်မှန်ကန်ကန် ခံစားကြရမှာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့  ဂျပန်နိုင်ငံက ဘတ်စ်ကား စနစ်တွေလောက် မကောင်းခဲ့သေးရင်တောင် လက်ရှိ အခြေအနေထက်တော့ ပိုမို ကောင်းမွန်လိမ့်မယ်လို့ ရိုးရိုးသားသား မျှော်လင့်ပါတယ်။ ဒီလိုနဲ့ ခရီးသွားရော၊ ယာဉ် မောင်းရော၊ ယာဉ်လိုင်းတွေပါ စည်းကမ်း လိုက်နာပြီး၊ တိကျထိရောက်တဲ့ ဥပဒေတွေနဲ့ စီမံအုပ်ချုပ်တဲ့အခါ ကျွန်တော်တို့နိုင်ငံက ဘတ်စ်ကားတွေဟာ သူတို့နိုင်ငံက ဘတ်စ်ကားတွေလို ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။

ဖြိုးဝေမြင့် (စက်မှုအင်ဂျင်နီယာ)


  • VIA