News

POST TYPE

PERSPECTIVE

၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၄)
10-Jan-2017 tagged as


(ဂ) စီးပွားရေး

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် လူထုမဲဖြင့် NLD အစိုးရ တက်လာခဲ့ရာ တရားနည်းလမ်းကျမှုဘက်မှ အားကောင်းလာပြီဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လှိမ့်ဝင်လာလိမ့်မည်ဟု တော်တော်များများက မျှော်လင့်ခဲ့ကြသည်။ သို့တိုင်အောင် အစိုးရ သက်တမ်း ၉ လအကြာတွင်ကား မျှော်မှန်းသလို ဖြစ်မလာခဲ့ပါချေ။ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် မျှော်မှန်းထားသည့် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ခြောက်သန်းခန့် ဖြစ်သော်လည်း လက်တွေ့တွင်မူ သုံးသန်းကျော်မျှသာ ရှိသေးသည်။ အမှန်စင်စစ် ဤသို့ ဖြစ်ရသည်မှာလည်း ဘာမှ မဆန်း။ “ရင်းနှီးမြှုပ်နှံမှု ဥပဒေ”ကို အစိုးရသက်တမ်း ရှစ်လကြာမှ ပြဋ္ဌာန်းနိုင်ခဲ့သလို “ရင်းနှီးမြှုပ်နှံမှုကော်မရှင်”ကိုလည်း ဇွန်လအတွင်းကသာ အသစ် ပြန်လည် ဖွဲ့စည်းနိုင်ခဲ့သည်။ နိုင်ငံခြား အရင်းအနှီးများအတွက် “ဝင်ပေါက်”တစ်ခု ဖြစ်နိုင်သော “ရန်ကုန်စတော့အိတ်ချိန်း”မှာလည်း ကုမ္ပဏီ သုံးခုမျှဖြင့်သာ ရုန်းကန်နေရဆဲ ဖြစ်သည်။

“ကုန်သွယ်ရေး ရှင်းတမ်း”မှာလည်း အစိုးရ သက်တမ်း ၉ လအတွင်း အမေရိကန်ဒေါ်လာ နှစ်ဘီလီယံကျော် လိုငွေပြနေသည်။ အစိုးရသစ်လက်ထက် အခြေအနေ အဆိုးဆုံးကား “ငွေကြေးဖောင်းပွမှု”ပင်ဖြစ်သည်။ အစိုးရသစ် တာဝန်ယူခါစက အမေရိကန်ဒေါ်လာ တန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၁၆၀ ကျပ်ခန့်အထိ ကျဆင်းသွားခဲ့သည်။ သို့တစေ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၄၄၀ ကျပ်ကျော် မြင့်တက်သွားခဲ့သည်။ ကိုးလအတွင်း ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း မြင့်တက်သွားသည့် သဘောဖြစ်ပါသည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကမူ ငွေကြေး ဖောင်းပွမှုမှာ ၁၂ ဒသမ ၄ ရာခိုင်နှုန်း ရှိသည်ဟု တရားဝင် တွက်ချက်ထားသည်။ ဤသို့ ကုန်ဈေးနှုန်း တက်နေသော်လည်း လူတစ်ဦးချင်း ဝင်ငွေ မြင့်တက်လာမှု မရှိသောကြောင့် “ဝယ်လိုအား”မှာလည်း သိသိသာသာ လျော့ကျလာရသည်။ အကျိုးဆက်ကား အစိုးရသစ်လက်ထက် ပြန်လည် ရေးဆွဲသည့် ဘတ်ဂျက်တွင် လိုငွေ ကျပ်ဘီလီယံ ၃၀၉၀ ရှိလာခြင်းပင် ဖြစ်သည်။

အစိုးရသစ် တက်လာပြီး ရက်ပေါင်း ၁၂၀ ခန့်အကြာ ဇူလိုင် ၂၉ ရက် ရောက်တော့မှ “နိုင်ငံတော်၏ စီးပွားရေးမူဝါဒ”ကို ထုတ်ပြန် ကြေညာနိုင်ခဲ့သည်။ “အသေးစိတ် မပါဘဲ ယေဘုယျသဘော ဆန်လွန်းသည်”ဆိုသော ဝေဖန်ချက်များ လျှံကျလာသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရော၊ စီမံ ဘဏ္ဍာဝန်ကြီး ပြောသည့်မိန့်ခွန်းတွင်ပါ “မည်သည့်စီးပွားရေး မူဝါဒနှင့် သွားမည်”ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြမထား။ မြန်မာနိုင်ငံအနေနှင့် “လွတ်လပ်သော ဈေးကွက်စနစ်”ကို မည်မျှပင်သွားလိုသည်ဖြစ်စေ၊ လက်တွေ့တွင် လူလတ်တန်းစား အားနည်းလှသည်ဖြစ်ရာ အစိုးရကဏ္ဍ ကြီးကြီးမားမား ရှိနေဦးမည်သာ ဖြစ်သည်။ သို့နှင့်အမျှ အစိုးရ အင်စတီ ကျူးရှင်းများ၏ စွမ်းဆောင်ရည်မှာ ထက်မြက်အားကောင်းနေဖို့ အထူး အရေးကြီးသည်။ မြန်မာနိုင်ငံ၏ အင်စတီကျူးရှင်း အခြေအနေမှာ အားနည်းရသည့်အထဲတွင် စီးပွားရေးနှင့်ဆိုင်သော ဝန်ကြီးဌာန နှစ်ခုမှာ အားအနည်းဆုံး ဖြစ်နေသည်။ 

(ဃ) နိုင်ငံခြားရေး

အစိုးရသစ်၏ လုပ်ဆောင်မှု အသီးသီးတွင် အအောင်မြင်ဆုံးဟု ဆိုနိုင်သည်မှာ “နိုင်ငံခြားရေး”ပင်ဖြစ်သည်။ ဤသည်မှာလည်း သူ့အကြောင်းနှင့်သူဟု ဆိုရပါလိမ့်မည်။ NLD အစိုးရ လက်ခံတာဝန်ယူရသော ကဏ္ဍ အသီးသီးမှာ ယခင်အစိုးရ အဆက်ဆက်၏ ဆိုးမွေကို ဆက်ခံရခြင်းဖြစ်သည်။ (ဥပမာ-စီးပွားရေး၊ ငြိမ်းချမ်းရေး စသဖြင့်) သို့နှင့်တိုင် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာအစိုးရ အဆက်ဆက်မှာ “နိုင်ငံခြားရေးမူဝါဒ”နှင့် ပတ်သက်လျှင်မူ ဆိုးဆိုးဝါးဝါး မမှားခဲ့ဟု ဆိုနိုင်ပါလိမ့်မည်။ ဦးနုအစိုးရ တစ်လျှောက်လုံး စစ်အေးတိုက်ပွဲတွင် ကြားမညပ်စေရန် ထိန်းထားနိုင်ခဲ့သည်။ အမေရိကနှင့်ရော တရုတ်ပြည်နှင့်ပါ မိတ်ဖက်မပျက် ဆက်ဆံနိုင်ခဲ့သည်။ ဦးနေဝင်း အစိုးရလက်ထက်တွင်လည်း တရုတ်-ဗမာ အဓိကရုဏ်းမှလွဲပြီး နိုင်ငံခြားရေး မူဝါဒပိုင်းတွင် ဦးနုဖောက်ခဲ့သည့် လမ်းအတိုင်းသာ လိုက်ခဲ့သည်က များသည်။ (နောက်ပိုင်း တပ်မတော် အစိုးရလက်ထက် အမေရိက၏ စီးပွားရေး ဒဏ်ခတ်မှုနှင့် တရုတ်ပြည်နှင့် စီးပွားရေးအရ နီးသွားခြင်းတို့မှာကား အခြားကိစ္စဖြစ်သည်) ဤသို့ အမှားနည်းလှသော ယခင်အစိုးရ အဆက်ဆက်၏ နိုင်ငံခြားရေး ပေါ်လစီကို ဆက်ခံရ၍လည်း မြန်မြန်ဆန်ဆန်နှင့် လွယ်လွယ်ကူကူ အောင်မြင်မှုရခြင်း ဖြစ်နိုင်သည်။ 

ဤနေရာတွင် အထူး အမှတ်ပေးကြရမည်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်များပင် ဖြစ်သည်။ တရုတ်နှင့် အမေရိကကြားတွင် ဟန်ချက်ညီအောင် ထိန်းနိုင်ခဲ့သလို အိန္ဒိယနှင့်ဂျပန်တို့ကလည်း အစိုးရသစ်ကို အပြည့်အဝ ထောက်ခံပြီး ပူးပေါင်း ဆောင်ရွက်မှုများကို အရှိန်မြှင့်နိုင်ခဲ့သည်။ ထိုင်းနှင့်စင်ကာပူ ခရီးစဉ်များမှာလည်း သူ့အတိုင်းအတာနှင့်သူ အောင်မြင်မှုများ ရခဲ့သည်သာ ဖြစ်သည်။ အမေရိကမှလွဲ၍ ဒေါ်အောင်ဆန်းစုကြည် ရောက်လေရာ နိုင်ငံတိုင်းက နိုင်ငံအကြီးအကဲ တစ်ယောက်လို ကြိုဆိုခဲ့ကြသည်။ ဤသို့ဆိုသည်နှင့် အမေရိကန် ခရီးစဉ်ကိုလည်း မအောင်မြင်ဟု ပြောလို့ မရပါ။ ဤခရီးစဉ်အတွင်း စီးပွားရေး အရေးယူ ပိတ်ဆို့မှု အားလုံးနီးပါး ဖယ်ရှားပေးခဲ့သလို “ကုန်သွယ်ရေး အထူးခံစားခွင့်” (GSP) ကိုလည်း ပြန်လည် ရရှိခဲ့ပါသည်။ 

(င) မီဒီယာနှင့် အရပ်ဘက် အဖွဲ့အစည်းများ

ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် “ဖြေလျှော့မှု”အချို့ကို စတင် လုပ်ဆောင်ခဲ့သည်များ ရှိသည်။ အားနည်းချက်များ ရှိသလောက် ရှိသည့်တိုင် ငြိမ်း/စု/စီဥပဒေ၊ မီဒီယာ ဥပဒေ၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဥပဒေ စသည်တို့မှာ ဦးသိန်းစိန်လက်ထက်တွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခု လူထုမဲဖြင့် တက်လာသော NLD အစိုးရခေတ်တွင် အဆိုပါ အခြေခံ လူ့အခွင့်အရေးများ တိုးပွားအားကောင်းလာဖို့ လိုပါလိမ့်မည်။ “ငြိမ်း/စု/စီ ဥပဒေ”ကို ပြင်နိုင်ခဲ့သော်လည်း အချို့သော ကိစ္စများမှာဆိုလျှင် နောက်ပြန်ဆုတ်မှုများပင် ရှိသလောက် ရှိသည်။ လွှတ်တော် အဆောက်အအုံကြီးတွင် မီဒီယာခန်းများ ထည့်သွင်း ဆောက်လုပ်ထားသော်လည်း မီဒီယာသမားများမှာ တီဗီကြည့်၍ သတင်းယူနေရဆဲဖြစ်သည်။ အမှန်စင်စစ် ဤကိစ္စမှာ ယခင်လွှတ်တော် အဆုံးပိုင်းက စခဲ့သည်ဖြစ်ရာ ယခုဆိုလျှင် ပုံမှန် သတင်းယူခွင့် ပေးသင့်ပြီ ထင်ပါသည်။ ထို့ထက် မီဒီယာသမားများ အနေနှင့် ပုဒ်မ ၆၆(ဃ) ကို သတိကြီးကြီးထားနေရရာ ဒီမိုကရေစီ အပြောင်းအလဲ ကာလတွင် “မပြောရဲ မဆိုရဲများ” တစ်ကျော့ပြန်လာနိုင်စရာ ရှိပါသည်။ အရပ်ဘက် အဖွဲ့အစည်းများကို ထိန်းချုပ်ဖို့ လုပ်လာသည်များလည်း ရှိသလောက် ရှိသည်ဟု ကြားရသည်။ အထူးသဖြင့် နိုင်ငံတကာ ကူညီထောက်ပံ့ငွေများကို အစိုးရ ဖွဲ့စည်းပေးသော အဖွဲ့အစည်းမှတစ်ဆင့်သာ စီမံခန့်ခွဲမည်ဟု သတင်းတွေ ဖြစ်နေသည်။ သို့တစေ ဤကိစ္စမှာ ယခုချိန်ထိတော့ တရားဝင်အကောင်အထည် ဖော်သေးဟန် မရှိပါချေ။ 

ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရလိုက်သော အစိုးရများအနေနှင့် လွှတ်တော်တွင်း အတိုက်အခံ အားနည်းနိုင်သည်ဖြစ်ရာ မီဒီယာနှင့် အရပ်ဘက် အဖွဲ့အစည်းများကို ပို၍ လွတ်လပ်မှု ပေးသင့်သည်ဟု ခေတ်ပြိုင်ပညာရှင် “လာရီဒိုင်းမွန်း”က ထောက်ပြထားပါသည်။ 

၃။ အနှစ်ချုပ်

၂၀၁၆ တစ်နှစ်လုံးကို ခြုံကြည့်လိုက်မည်ဆိုလျှင် One Lady Show ပွဲတော်ကြီးဟူ၍ပင် ဆိုရမလို ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် စိတ်ကြိုက် သမ္မတ ရွေးချယ်နိုင်ခဲ့သည်။ “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်”ဆိုသော ဥပဒေကြမ်းကို ဒေါ်အောင်ဆန်းစုကြည် အမည်နှင့်တွဲ၍ အတည်ပြုနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် စိတ်ကြိုက်ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် စိတ်ကြိုက် NLD ပါတီဝင်များဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ရွေးချယ်နိုင်ခဲ့သည်။ ထိုမျှမက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်လည်း “နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်”၊ “နိုင်ငံခြားရေးဝန်ကြီး”၊ “သမ္မတရုံးဝန်ကြီး”၊ “ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရခိုင်ပြည်နယ် အရေးဆိုင်ရာ အဆင့်မြင့် ကော်မတီများ၏ အကြီးအကဲ”စသည့်တာဝန်များ ယူထားသည်။ သူမ၏ အသက်အရွယ်နှင့် မလိုက် အပင်ပန်းခံနိုင်မှုကိုကား ချီးကျူးရပါလိမ့်မည်။ သို့တစေ ဤမျှ ကြီးမား လေးလံလှသော ဝန်ထုပ်ဝန်ပိုးကြီးကို ရေရှည် ထမ်းထားနိုင်ပါ့မလား အလေးအနက် စဉ်းစားဖို့ လိုပါလိမ့်မည်။ ထို့ထက် လူတစ်ယောက် အနေနှင့် အရာရာ ကျွမ်းကျင် ပိုင်နိုင်ဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်သလောက်ပင် ခဲယဉ်းပါသည်။ သို့အတွက် “အောင်မြင်မှုမှာ အလေးအနက် ညှိနှိုင်းတိုင်ပင်သော ချဉ်းကပ်မှုအပေါ်တွင် သာမက တာဝန်ခွဲဝေပေးနိုင်စွမ်း အပေါ်တွင်ပါ တည်မှီနေပါလိမ့်မည်”ဟု အိုင်စီဂျီအဖွဲ့ကြီးက သတိ ပေးခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ 

ဆက်လက်ဖော်ပြပါမည်။ 
ကျော်ဝင်း

  • TAGS