News

POST TYPE

PERSPECTIVE

ကံအကြောင်း နားမလည်တဲ့ မိုးပြာဦးဉာဏ
ဧရာဝတီသတင်းဌာန Facebook Page မှာ မိုးပြာဦးဉာဏကို အင်တာဗျူး လုပ်ထားတဲ့ ဗီဒီယိုဖိုင် တစ်ခု တင်ပါတယ်။ အမေးတွေကို ထည့်ပေး မထားဘဲ မိုးပြာဦးဉာဏ ဖြေထားတာတွေကိုပဲ တင်ပေးထားတာပါ။ စိတ်ဖောက်ပြန်နေပြီး ထင်ရာမြင်ရာတွေ လျှောက်ပြောနေတဲ့ မိုးပြာဦးဉာဏကို တုဖက်ပြီး ပြန်ရေးချင်စိတ် မရှိတော့ပါဘူး။ စိတ်ဖောက်ပြန်နေတဲ့သူ လုပ်သမျှက ဘာကများ မှန်နိုင်မှာတဲ့လဲ။ သို့သော်လည်း သူပြောသွားတာတွေက ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေရဲ့ အသိအမြင်တွေကို ထွေပြားဝေဝါး သွားစေနိုင်လို့ ရှင်းပြပေးရပြန်ပါဦးမယ်။ မိုးပြာဦးဉာဏ ပြောသွားတဲ့ထဲက အယူဝါဒရေးရာနဲ့ ပတ်သက်ပြီးတော့ ပြန်ရှင်းရမှာတွေကိုပဲ တင်ပြပေးပါတော့မယ်။ အခြား သူ့ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကတော့ ရှေးဆောင်းပါးများမှာလည်း ရေးခဲ့ပြီးဖြစ်လို့ ဒီမှာ ထပ်မရေးတော့ပါဘူး။ အယူဝါဒ ရေးရာများနဲ့ ပတ်သက်ပြီးတော့ ပြန်ရှင်းပြရမယ့် မိုးပြာဦးဉာဏ ပြောသွားတာတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

မိုးပြာဦးဉာဏရဲ့ ပြောဆိုချက်များ

(က) “တကယ်တမ်းတော့ ရှိတာက ဝဋ်က သုံးခုရှိတာ။ ကမ္မဝဋ်၊ ဝိပါကဝဋ်၊ ကိလေသဝဋ်ဆိုပြီးတော့။ အခု ကံနဲ့ဝိပါက်ပဲ သူတို့ ပြောတယ်။ ကိလေသာတောင် မပြောဘူး။ ဝိပါက်အရ ကောက်တာလည်း မမှန်ဘူးဗျ။ ဥပမာ-ကျုပ်တို့က ခင်ဗျားတို့ကို နာအောင် ရိုက်မယ်ဆိုရင် ကျုပ်ဝိပါက် လည်မယ်တဲ့။ ဘယ်လို ဝိပါက်လည်မလဲဆိုရင် ကျုပ်လည်း သူများ ရိုက်တာ ခံရပြီး နာလိမ့်မယ်တဲ့။ ကျုပ်က သူများ ရိုက်တာပဲဗျ ကျုပ်က နာပါ့မလား။ ကျုပ်က သူများ မျက်စိကို ဖောက်ပစ်တယ် ကန်းအောင် လုပ်လိုက်တယ်။ ကျုပ်မျက်စိ ကန်းလိမ့်မယ်တဲ့။ အဲဒါ ဝိပါက်ပဲလို့ ပြောတာ။ ဟယ် ငါက သူများ မျက်စိဖောက်တာ သူများ မျက်စိကန်းမှာပေါ့။ ငါ့မျက်စိ ဘယ်လိုလုပ်ကန်းပါ့မတုံး။ ကျုပ်က ပြောတယ်။ အဲဒါ ဝိပါက် မဟုတ်ဘူး။ ဝိပါက်ကို မသိလို့ ဝိပါက်ကို ယူကြတာ။ တကယ် ဝိပါက်က ကျုပ်က သူများ မျက်စိ ဖောက်တယ် ဆိုရင် သူများ မျက်စိဖောက်တဲ့သူ ဖြစ်တာ။ ကျုပ်က အိမ်ဆောက်တဲ့သူ ဆိုရင် အိမ်ဆောက်တတ်သူ ဖြစ်သွားတာ။ ကျုပ်က ကားမောင်းလိုက်လို့ ရှိရင် ကားမောင်းတတ်သူ ဖြစ်သွားပြီ။ အဲဒီအဖြစ် ဖြစ်တာကို လုပ်တာကြောင့် ဖြစ်တဲ့အဖြစ် ဖြစ်တဲ့အတွက် အဲဒါကို ဝိပါက်လို့ ပြောတာ။ အခုတော့ မဟုတ်ဘူး။ ကျုပ်တို့ကနေ သူများလက်ကို ချိုးလိုက်ရင် ကျုပ်တို့လက်လည်း အကျိုးခံရမယ်လို့ အားလုံး ကျုပ်တို့ ဗုဒ္ဓဘာသာတွေ ဒီလို သိနေအောင် အသွန်သင် ခံထားရတယ်ဗျာ။ ဟာ ဘယ်လက်ကျိုးမလဲလို့ သူများလက်ကို ငါချိုးတာနဲ့ ငါ့လက် ဘယ်လိုလုပ်ပြီး ကျိုးမှာလဲလို့။ သူများ မျက်စိကန်း လုပ်တာ ဒီအကျိုးဖြင့် ဘာဖြစ်မှာ မှတ်လို့လဲဆိုရင် ဒီအကျိုးက တော်တော်ကို ဆိုးတယ်လို့။ သူများမျက်စိ ကန်းအောင်လုပ်လို့ ကိုယ့်မျက်စိ ကန်းသွားတယ် ဆိုရင်တောင် အဲဒီအကျိုး နည်းတယ်လို့။ သူများမျက်စိ ကန်းအောင် လုပ်လို့ မျက်စိကန်းအောင် လုပ်တဲ့သူ ဖြစ်သွားတာကတော့ တော်တော့ကို ဆိုးတယ်လို့။ မျက်စိတစ်ခါ ကန်းအောင်လုပ်ရင် နောက်တစ်ခါလည်း ကန်းအောင်လုပ် နောက်တစ်ခါလည်း ကန်းအောင် လုပ်မှာလို့။ သူက လုပ်တတ်သွားပြီကိုး”

“ကျုပ်တို့နဲ့ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ ကွဲတယ်ဆိုတာ ကျုပ်တို့ကနေ သာမန်ခါလေး ကွဲချင်လို့ ကွဲလိုက်တာ မဟုတ်ဘူး။ လူ့လောကကြီးရဲ့ မွဲတေနေတဲ့ ဖြစ်ရပ်။ ဥပမာဗျာ အခုဆိုရင် လူတွေ မွဲနေတယ်။ ဘာဖြစ်လို့မွဲမှန်း ကျုပ်တို့ သိတယ်။ ခင်ဗျားတို့လို မီဒီယာတွေကနေ ပြောလို့ သိတာ။ ဘယ်လို ပြောတုံးဆိုရင်ဟာ ခရိုနီတွေက ဘယ်လိုလုပ်တယ်။ အာဏာရှင်တွေက ဘယ်လိုလုပ်တယ်။ သူတို့ကလည်း အချက်နဲ့အလက်နဲ့ ကွက်ကွက်ကွင်းကွင်း ပြောတဲ့အခါကျ ဘယ်သူတွေက သစ်တောတွေလည်း တုံးကုန်ပြီ။ ရေထဲက ငါးတွေလည်း ကုန်လုနေပြီတဲ့ ဆိုတာမျိုးပေါ့ဗျာ။ ဘယ်သူတွေ ဘယ်လို လုပ်လိုက်တယ် ဆိုတာမျိုး။ ဘယ်သတ္တုတွေလည်း ကုန်လုနေပြီ။ သူတို့က လက်ညှိုးထိုး ရောင်းတာနဲ့။ အဲတော့ ရောင်းတော့ သူတို့တော့ ချမ်းသာတာပေါ့။ ဟာ ဒီလိုဆိုရင် သူတို့ ချမ်းသာပြီး တို့မွဲတယ်လို့ ဆိုတာဟာ သူတို့ကြောင့် မွဲတာ။ သူတို့ကြောင့် မွဲတာလို့ဆိုတာ ဒီလိုဆိုရင် သူတို့ အခုမှလားလို့မေးတော့ အရင်တုန်းက ရှင်ဘုရင်တွေဆိုတာ ဦးသန်းရွှေထက် အာဏာ ပိုရှိတယ်။ ဦးသန်းရွှေက ဒီတိုင်းပြည်ကြီး သူပိုင်တယ်လို့ မပြောဘူးလို့။ ရှင်ဘုရင်တွေက သူ ပိုင်တယ်လို့ ပြောတာလို့။ ဒီလိုဆိုရင် သူ့ထက် ဦးသန်းရွှေထက် အဆပေါင်း များစွာ ရှင်ဘုရင်ဆိုတာ ဆိုးရမယ်လို့။ အဲလိုရင် သူ့နား ကပ်တဲ့ လူတွေကိုလည်းပဲ သူဖေဘာပေးရမယ်လို့။ ဖေဘာပေးရင်လည်း အဲဒီသူတွေပဲ ရပြီးတော့ ကျန်တဲ့သူတွေကတော့ နင်းပြား ဖြစ်ရမယ်လို့ မွဲရမယ်လို့။ အဲတော့ အဲဒီလိုမွဲတာကို ရှင်ဘုရင်နဲ့ ခုနတုန်းက ပစ္စည်းရှိတဲ့သူတွေက လုပ်လို့မွဲတယ်ဆိုရင် ဒါလေးလောက် မသိဘူးဆိုရင်ထား။ မသိတဲ့ အတိုင်းနေ။ မဖိနဲ့။ အဲဒါကို ဘာသာရေးက ဖိပေးတယ်။ မင်းတို့မွဲတာ နောက်ဘဝက ကံကြောင့်မွဲတာလို့ ပြောတယ်။ ဒါဆိုရင် ဒီအာဏာရှင်ကြောင့် မွဲတယ်၊ ခရိုနီကြောင့် မွဲတယ်လို့ဆိုတဲ့ အသိက ဒီလူတွေဆီ ဘယ်လိုလုပ်ဝင်တော့မလဲ။ မင်းတို့ ဒါ မင်းတို့ နောက်ဘဝက ကံကြောင့်မွဲတာလို့  ပြောလိုက်တော့ ဟိုလူတွေက အကြိုက်ပေါ့။ ဟာ တို့သူတို့ကို ဖိပေမယ့် ဘယ်လောက်ဖိဖိ သူတို့ မသိဘူးဟ။ သူတို့ ကံဆိုးလို့ မွဲတာလို့ ဆိုတာမျိုးလို ထင်မှာလို့ဆိုတော့ အဲဒီတော့ ဒီလူတွေ အမြီးစားဖက် ခေါင်းစားဖက် ဖြစ်တာကိုး။ ဒါ ငါတို့ ဘုရားကြောင့် မဟုတ်ဘူး။ ကျုပ်တို့ကတော့ လွတ်လပ်နေတဲ့သူတွေပါ။ လွတ်လပ်နေတဲ့သူ ဆိုတာကတော့ ဗုဒ္ဓဘာသာတွေပါ။ ဗုဒ္ဓဘာသာမှ တကယ့်ဘုရားကိုသိတဲ့ ဗုဒ္ဓဘာသာ အစစ်ပါလို့ ပြောချင်တယ်ပေါ့ဗျာ”

ရှင်းလင်းချက်

မိုးပြာဦးဉာဏ ပြောထားတဲ့ အပိုဒ်(က)ရဲ့ ဆိုလိုရင်းက သုံးချက်ရှိတယ်။ ၁။ ထေရဝါဒ ရဟန်းတော်များဟာ ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် ဆိုတဲ့ ဝဋ်သုံးမျိုးမှာ ကမ္မဝဋ်နဲ့ ဝိပါကဝဋ်ကိုပဲ ပြောနေကြတယ်။ ကိလေသဝဋ်ကို မပြောပဲ ချန်ထားကြတယ်။ ၂။ ထေရဝါဒ ရဟန်းတော်များဟာ ဝိပါကဝဋ်ကို မှန်မှန်ကန်ကန် နားမလည်ကြဘူး။ အဓိပ္ပာယ် ကောက်ယူတာ မှားနေတယ်။ ကိုယ်က လုပ်ပြီး ကိုယ်ပြန်ခံရမယ်ဆိုတာ မဟုတ်ဘူး။ ဒီတော့ ဒီနှစ်ချက်ကို တစ်ချက်ချင်း ရှင်းပြပေးပါမယ်။

၁။ ထေရဝါဒ ရဟန်းတော်များဟာ ကမ္မဝဋ်၊ ကိလေသဝဋ်၊ ဝိပါကဝဋ် ဆိုတဲ့ ဝဋ်သုံးမျိုးမှာ ကမ္မဝဋ်နဲ့ ဝိပါကဝဋ်ကိုပဲ ပြောနေကြတယ်။ ကိလေသဝဋ်ကို မပြောဘဲ ချန်ထားကြတယ်ဆိုတာကို အရင် ရှင်းပြပေးပါ့မယ်။ 

ဝဋ်ဆိုတဲ့စကားက ဝဋ္ဋဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာတဲ့ ပါဠိသက် ဝေါဟာရဖြစ်ပါတယ်။ ဝဋ္ဋ-ဝဋ်= အဆက်မပြတ် တရစပ် လည်ပတ်နေသော သဘောတရားလို့ အဓိပ္ပာယ် ရရှိပါတယ်။ ဝဋ်က ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဆိုပြီးတော့ သုံးမျိုး ရှိပါတယ်။ အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုတဲ့ တရားသုံးပါးကို ကိလေသဝဋ်လို့ ခေါ်ပါတယ်။ သင်္ခါရ ကမ္မဘဝလို့ ခေါ်တဲ့ လောကီကုသိုလ် စေတနာကံ အကုသိုလ် စေတနာကံတွေကို ကမ္မဝဋ်လို့ ခေါ်ပါတယ်။ အကုသိုလ် စေတနာကံ ကုသိုလ် စေတနာကံတွေရဲ့ အကျိုးဖြစ်တဲ့ ဘဝသစ် ရုပ်နာမ်ခန္ဓာ (ဝိညာဏ် နာမ်ရုပ် သဠာယတန စသည်များ)ကို ဝိပါကဝဋ်လို့ ခေါ်ပါတယ်။ 

ရဟန္တာ မဖြစ်ကြတဲ့သူတွေရဲ့သန္တာန်မှာ အဝိဇ္ဇာ-မသိနားမလည်မှု၊ တဏှာ-လိုချင်မှု၊ ဥပါဒါန်-ပြင်းပြင်းထန်ထန် လိုချင်မှုဆိုတဲ့ ကိလေသဝဋ်တွေ ရှိနေတဲ့အတွက်ကြောင့် သူတို့တစ်တွေဟာ ကုသိုလ် စေတနာကံ အကုသိုလ် စေတနာကံဆိုတဲ့ ကမ္မဝဋ်တွေကို ပြုလုပ်ကြပါတယ်။ ထိုကမ္မဝဋ်တွေကြောင့် ဘဝသစ် ရုပ်နာမ်ခန္ဓာဆိုတဲ့  ဝိပါကဝဋ် ဖြစ်ရပြန်ပါတယ်။ ဘဝသစ်မှာလည်းပဲ ကိလေသဝဋ် ရှိနေခြင်းကြောင့် ကမ္မဝဋ်ကို ပြုလုပ်၊ ကမ္မဝဋ် ပြုလုပ်မိလို့ ဝိပါကဝဋ်ပြန်ဖြစ်။ ဒီလိုနဲ့ အဆက်မပြတ် လည်ပတ်နေပါတော့တယ်။ ဒီဝဋ်လည်ပတ်နေမှုကို ရပ်တန့် သွားချင်ရင် ကိလေသ ဝဋ်ကို ပယ်ဖျက်ကြရမယ်လို့ ဘုရားရှင်က ပဋိစ္စသမုပ္ပာဒ် ပါဠိတော်မှာ ဟောကြားတော်မူခဲ့ပါတယ်။ 

ဝဋ် သုံးပါးမှာ ကိလေသဝဋ်က ပစ္စုပ္ပန်ကာလ ဖြစ်ပါတယ်။ ကမ္မဝဋ်က အတိတ်ကာလ ဖြစ်ပါတယ်။ ဝိပါကဝဋ်က အနာဂတ်ကာလ ဖြစ်ပါတယ်။ အတိတ်ကာလ ဆိုတာ ကျော်လွန်ခဲ့ ပြီးမြောက်ခဲ့ပြီးဖြစ်လို့ ပြန်ပြင်လို့ မရတော့ပါဘူး။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် ရပ်ချင်ရင် ကမ္မဝဋ်ကို ချိုးဖျက်ပစ်လို့ မရပါဘူး။ အနာဂတ် ကာလဆိုတာ ဖြစ်မလာသေးတဲ့ အရာပါ။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် ချားရဟတ်ကို ရပ်တန့်ချင်တဲ့သူက ဝိပါကဝဋ်ကိုလည်း ချိုးဖျက်ပစ်လို့ မရပါဘူး။ အလုပ်ဆိုတာ လက်ရှိ ပစ္စုပ္ပန်တည့်တည့် အချိန်မှာပဲ လုပ်လို့ရတာပါ။ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ် ချားရဟတ်ကို ရပ်တန့်ချင်တဲ့သူက ပစ္စုပ္ပန်ကာလမှာ ဖြစ်နေတဲ့ ကိလေသဝဋ်ကို ချိုးဖျက်ပစ်ကြရမှာပါ။ 

အင်္ဂုတ္တိုရ်ပါဠိတော် တိကနိပါတ်မှာ ဧဝံ မေ သုတံ အရင်းခံထားတဲ့ ဘဝသုတ်ဆိုတာ ပါရှိပါတယ်။ ဘဝမှာသုတ်မှာ ကိလေသဝဋ် ဖြစ်တဲ့ တဏှာက အစေးဩဇာနဲ့ တူတယ်။ ကမ္မဝဋ် ဖြစ်တဲ့ကံက မြေလွှာနဲ့တူတယ်။ ဝိပါကဝဋ်ဖြစ်တဲ့ ဝိညာဏ်က မျိုးစေ့နဲ့တူတယ်လို့ ဟောကြားထားပါတယ်။ ဘုရားရှင်က ဒီသုံးမျိုးပေါင်းဆုံလို့ ဘဝသစ် တစ်ခု ဖြစ်လာတာလို့ ဟောကြားထားပါတယ်။ ဘာရေအစေး ဩဇာဓာတ်မှ မရှိဘဲ ခြောက်သွေ့နေတဲ့ ကျောက်စလစ်ကုန်း ကြတ်တီးကုန်းပေါ်ကို မျိုးစေ့ကြဲချရင် အပင် မပေါက်နိုင်ပါဘူး။ အဲဒီလိုပဲ အတွယ်အတာ လိုချင်တပ်မက်မှု-တဏှာဆိုတဲ့ ကိလေသဝဋ် မရှိတော့ရင် ကမ္မဝဋ်နဲ့ ဝိပါကဝဋ် မဖြစ်တော့ပါဘူး။ ဒါကြောင့် ဘဝသံသရာကို ရပ်တန့်ချင်ရင် ကိလေသဝဋ်ကို ချိုးဖျက်ပစ်ကြရမှာပါ။

ယနေ့ မြန်မာနိုင်ငံမှာ ကိလေသဝဋ်ကို ချိုးဖျက်နိုင်ဖို့အတွက် ဖွင့်လှစ်ထားတဲ့ ရိပ်သာပေါင်း သောင်းဂဏန်းမျှ ရှိပါတယ်။ ဒါကြောင့် မိုးပြာဦးဉာဏ ပြောဆိုတဲ့ “တကယ်တမ်းတော့ ရှိတာက ဝဋ်က သုံးခုရှိတာ။ ကမ္မဝဋ်၊ ဝိပါကဝဋ်၊ ကိလေသဝဋ် ဆိုပြီးတော့။ အခု ကံနဲ့ဝဋ်ပဲ သူတို့ ပြောတယ်။ ကိလေသာတောင် မပြောဘူး”ဆိုတဲ့စကားဟာ မုသာဝါဒစကား သက်သက်သာ ဖြစ်ပါတယ်။ ငါ့စကား နွားရပြောတဲ့ စကားသာ ဖြစ်ပါတယ်။

မိုးပြာဦးဉာဏက “ကျုပ်တို့က ခင်ဗျားတို့ကို နာအောင် ရိုက်မယ်ဆိုရင် ကျုပ်ဝိပါက် လည်မယ်တဲ့။ ဘယ်လိုဝိပါက် လည်မလဲဆိုရင် ကျုပ်လည်း သူများ ရိုက်တာခံရပြီး နာလိမ့်မယ်တဲ့။ ကျုပ်က သူများ ရိုက်တာပဲဗျ ကျုပ်က နာပါ့မလား။ ကျုပ်က သူများ မျက်စိကို ဖောက်ပစ်တယ် ကန်းအောင် လုပ်လိုက်တယ်။ ကျုပ် မျက်စိကန်းလိမ့်မယ်တဲ့။ အဲဒါ ဝိပါက်ပဲလို့ ပြောတာ။ ဟယ် ငါက သူများ မျက်စိဖောက်တာ သူများ မျက်စိကန်းမှာပေါ့။ ငါ့ မျက်စိ ဘယ်လိုလုပ် ကန်းပါ့မတုံး။ ကျုပ်က ပြောတယ်။ အဲဒါ ဝိပါက် မဟုတ်ဘူး။ ဝိပါက်ကို မသိလို့ ဝိပါက်ကို ယူကြတာ။ တကယ်ဝိပါက်က ကျုပ်က သူများ မျက်စိဖောက်တယ်ဆိုရင် သူများ မျက်စိဖောက်တဲ့သူ ဖြစ်တာ။ ကျုပ်က အိမ်ဆောက်တဲ့သူဆိုရင် အိမ်ဆောက်တတ်သူ ဖြစ်သွားတာ။ ကျုပ်က ကားမောင်းလိုက်လို့ ရှိရင် ကားမောင်းတတ်သူ ဖြစ်သွားပြီ။ အဲဒီအဖြစ် ဖြစ်တာကို လုပ်တာကြောင့် ဖြစ်တဲ့အဖြစ် ဖြစ်တဲ့အတွက် အဲဒါကို ဝိပါက်လို့ပြောတာ”စသဖြင့် မိုးပြာဦးဉာဏက ပြောသွားပါသေးတယ်။

မိုးပြာဦးဉာဏရဲ့ ထိုစကားဟာ ဘုရားဟောအဖြစ် ယုံကြည်ပါတယ်လို့ သူကိုယ်တိုင် ဝန်ခံ ပြောကြားထားတဲ့ ဥပရိပဏ္ဏာသပါဠိတော်လာ ဧဝံ မေ သုတံ အရင်းခံထားတဲ့ စူဠကမ္မဝိဘင်္ဂသုတ်ကို မျက်နှာပြောင်တိုက် ဆန့်ကျင်ပြီးတော့ ပြောထားတာ ဖြစ်ပါတယ်။ စူဠကမ္မဝိဘင်္ဂသုတ်မှာ ဘုရားရှင်က အောက်ပါတိုင်း ဟောကြားတော်မူထားပါတယ်။

“လုလင် ဤလောက၌ မိန်းမဖြစ်စေ ယောက်ျားဖြစ်စေ အချို့သော သူသည် အသက်ကို သတ်လေ့ရှိ၏၊ ကြမ်းကြုတ်၏၊ သွေးစွန်းသောလက် ရှိ၏၊ သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စား၏၊ အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့၏၊ ထိုအသက်ကို သတ်လေ့ရှိသူသည် ဤသို့ ပြည့်စုံသော ဤသို့ မှားယွင်းဆောက်တည်သော ထိုကံကြောင့် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ ကပ်ရောက်ရ၏၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းရာ မကောင်းသောလားရာ ဖရိုဖရဲကျရာ ငရဲသို့ အကယ်၍ မကပ်ရောက်ဘဲ လူအဖြစ်သို့ ရောက်ခဲ့လျှင် ထိုထို ဖြစ်လေရာရာအမျိုး၌ အသက် တိုရ၏၊ လုလင် ထိုအသက်ကိုသတ်ခြင်း ကြမ်းကြုတ်ခြင်း သွေးစွန်းသော လက်ရှိခြင်း သတ်ပုတ်ညှဉ်းဆဲမှု၌ စိတ်ဝင်စားခြင်း အလုံးစုံသော သတ္တဝါတို့၌ သနားခြင်း ကင်းမဲ့ခြင်းသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော အကျင့်တည်း”

မိုးပြာဦးဉာဏဟာ ဧဝံ မေ သုတံ အရင်းခံထားတဲ့ သုတ်ကို ဘုရားဟောအဖြစ် လက်ခံ ယုံကြည်တယ်လို့ တရားဝင် ထုတ်ပြောထားပေမယ့် သူ့ဝါဒ မထောက်ခံတဲ့သုတ်ဆိုရင် မျက်နှာပြောင်တိုက်ပြီး မျက်ကွယ်ပြုထား ပစ်ပယ်ထားတယ်ဆိုတာ ဒါကို ထောက်ဆပြီးတော့ သိရှိနိုင်ပါတယ်။ တကယ်တော့ ဦးဉာဏဟာ ဓမ္မရေးရာမှာသာ နားမလည်တာ မဟုတ်ပါဘူး။ လောကရေးရာမှာလည်းပဲ နားမလည်ဘူးဆိုတာ အထက်ပါပြောစကားနဲ့ ထင်ရှားနေပါတယ်။ အရင်ခေတ်ကနဲ့ လက်ရှိတချို့နိုင်ငံတွေမှာ သေစား သေစေ စတဲ့ ပြစ်ဒဏ်တွေ အခုထိ ရှိသေးတယ်ဆိုတာ သူမသိလို့ အထက်ပါအတိုင်း ပြောကြားလိုက်တာပါ။ သေစား သေစေ မဟုတ်ရင်တောင် အချုပ်အနှောင် ခံရခြင်းစတဲ့ ပြစ်ဒဏ်တွေကိုတော့ ကျခံရသေးတာပါပဲ။ ဒါဟာ မကောင်းတာလုပ်လို့ လက်ရှိ ဘဝမှာလည်းပဲ မကောင်းတာ ပြန်ခံရတဲ့ သာဓကပဲ ဖြစ်ပါတော့တယ်။

ကံအကြောင်း သိကောင်းစရာ

စကား ဆက်စပ်နေပြီး ကံအကြောင်းကို ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေ သေသေချာချာ နားလည်ထားကြဖို့ လိုအပ်တာကြောင့်ရယ်၊ အပိုဒ်(ခ) ကို ရှင်းပြတဲ့အခါမှာ နားလည်လွယ်ကူစေဖို့ရန်အတွက်ရယ် ကံနဲ့ပတ်သက်ပြီးတော့ ရှင်းပြပေးပါဦးမယ်။

ကံက ဒိဋ္ဌဓမ္မဝေဒနီယကံ၊ ဥပပဇ္ဇဝေဒနီယကံ၊ အပရာပရိယ ဝေဒနီယကံ၊ အဟောသိကံ ဆိုပြီးတော့ အပိုင်းငယ် လေးပိုင်း ရှိပါတယ်။

လက်ရှိ မျက်မှောက်ဘဝမှာ အကျိုးပေးတဲ့ ပဌမဇော စေတနာကံကို ဒိဋ္ဌိဓမ္မဝေဒနီယကံလို့ ခေါ်ပါတယ်။ လက်ရှိဘဝကနေ သေပြီးတော့ ဖြစ်လာမယ့် ဒုတိယဘဝမှာ အကျိုးပေးတဲ့ သတ္တမဇောစေတနာကံကို ဥပပဇ္ဇ ဝေဒနီယကံလို့ ခေါ်ပါတယ်။ တတိယဘဝကနေ နိဗ္ဗာန် မရမချင်း အကျိုးပေးဖို့ အခွင့်သာတဲ့ဘဝမှာ အကျိုးပေမယ့် ဒုတိယဇော တတိယဇော စတုတ္ထဇော ပဉ္စမဇော ဆဋ္ဌမဇော စေတနာကံဆိုတဲ့ အလယ်ဇော ငါးချက်ကို အပရာ ပရိယဝေဒနီယကံလို့ ခေါ်ပါတယ်။ အကျိုးပေးရမယ့်အချိန်မှာ အကျိုးပေးဖို့ အခွင့်အရေး မရလို့ အကျိုး မပေးတော့ဘဲ ချုပ်ပျက်သွားတဲ့ ကံတွေကို အဟောသိကံလို့ခေါ်တယ်။

အဇာတသတ်မင်း ဖခင်ဖြစ်တဲ့ ဗိမ္ဗိသာရမင်းကြီးကိုသတ်ပြီး ထီးနန်း လုယူပါတယ်။ တထိတ်ထိတ် တလန့်လန့်နဲ့ အိပ်မပျော်ပါဘူး။ သူ့သားက သူ့ကိုသတ်ပြီး ထီးနန်းလုမှာကိုလည်းပဲ စိုးရိမ် ပူပန်ပါတယ်။ ဒါက ဒိဋ္ဌဓမ္မ ဝေဒနီယကံပါ။ သေတဲ့အခါမှာ ငရဲကျပါတယ်။ ဒါက ဥပပဇ္ဇဝေဒနီယကံ ပါ။ ဒီခေတ်မှာလည်း လူတွေက မကောင်းမှုတွေကို ကျူးလွန်ပြီးရင် အချုပ်အနှောင် ကျခံရခြင်း ဒဏ်ငွေ ပေးဆောင်ရခြင်း နာမည်ဆိုးနဲ့ ကျော်စောခြင်း တထိတ်ထိတ် တလန့်လန့်နဲ့ နေရခြင်း စတဲ့ ဒိဋ္ဌဓမ္မဝေဒနီယကံတွေကို ခံယူ ရရှိနေကြတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါလိမ့်မယ်။ မိုးပြာဦးဉာဏက ဒိဋ္ဌဓမ္မဝေဒနီယကံကိုတောင်မှ တစ်ဝက်တစ်ပျက်သာ လက်ခံထားတာပါ။ ကျန်ကံသုံးမျိုးကိုတော့ လုံးဝ ပစ်ပယ်ထားတဲ့သူဆိုတာ ဒီဖြစ်ရပ်ကြောင့် ပေါ်လွင် ထင်ရှားနေပါတယ်။

မှတ်ချက်။  ။ ကံအကြောင်းကို ပြည့်ပြည့်စုံစုံ သိရှိပါလိုပါက မိုးသု (မန္တလေး) ခေတ်သုံး မြန်မာစကားပြေနဲ့ ရေးသားထုတ်ဝေ ဖြန့်ချိထားပြီးဖြစ်တဲ့ မူကြိုအဆင့် ပဋ္ဌာန်းစာအုပ် ကမ္မပစ္စယောတွင် ဖတ်ရှုပါရန်။

မိုးပြာဦးဉာဏက ကုသိုလ်ကံ အကုသိုလ်ကံ မရှိ။ ကုသိုလ်ကံ အကုသိုလ်ကံရဲ့ အကျိုးဆိုတာမရှိ။ ကုသိုလ်ကံ အကုသိုလ်ကံ မလုပ်ရ။ သူဟာ ကုသိုလ်ကံ အကုသိုလ်ကံတွေကို မပြုလုပ်တော့၊ ထို့ကြောင့် သူသည် ကံတွေကနေ လွတ်လပ်နေတဲ့ ဘုရားအစစ်ကိုသိတဲ့ မြင်တဲ့သူ တစ်ယောက် ဖြစ်တယ် စသဖြင့် ဟောပြောလေ့ ရှိပါတယ်။ ဒီတော့ ကိလေသဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်တယ်။ ကမ္မဝဋ်ကြောင့် ဝိပါကဝဋ် ဖြစ်တယ်ဆိုရင် ကမ္မဝဋ်ဖြစ်တဲ့ အကုသိုလ် အလုပ်ကိုသာမက ကုသိုလ်အလုပ်ပါ မလုပ်ရတော့ဘူးလားလို့ တွေဝေယုံမှား သံသယ ဖြစ်လာစရာ ရှိပါတယ်။ မိုးပြာဦးဉာဏ ပြောတာက မှန်များနေသလားလို့ တွေဝေနိုင်စရာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်လို့ မဟာစည် ဆရာတော်ဘုရားကြီး ဟောကြားရေးသားတော်မူထားတဲ့ ပဋိစ္စသမုပ္ဗါဒ် တရားတော်ကြီးကနေ ကောက်နုတ်တင်ပြ ပေးပါမယ်။

မဟာစည် ဆရာတော်ဘုရား၏ ဟောကြားချက်

တချို့က ရဟန္တာပုဂ္ဂိုလ်မှာ ကုသိုလ်လည်းမရှိ အကုသိုလ်လည်း မရှိဘူးဆိုတာနဲ့ ကုသိုလ်ကိုလည်း ပယ်ရမယ်လို့ အလွဲအမှားကို ယူဆပြီး ပြောတတ်ကြတယ်။ ပုထုဇဉ် ပုဂ္ဂိုလ်မှာ ကုသိုလ်ကို ပယ်လိုက်ရင် အကုသိုလ်တွေချည်း မပြတ် ဖြစ်နေတော့မှာပဲ။ ဘယ်လိုလဲဆိုရင် မြို့ ရွာ တစ်ခုမှ လူ လိမ္မာ သူတော်ကောင်းတွေကို နှင်ထုတ်လိုက်ရင် လူမိုက်တွေချည်း ကျန်နေသလိုဖြစ်မှာပဲ။ တစ်နည်းအားဖြင့် သစ်ပင်ကြီးတွေကို ပယ်ရှင်းပစ်လိုက်ရင် အဲဒီနေရာမှာ အသုံးမကျတဲ့ မြက်ပင် ဆူးပင်တွေ ပေါက်လာသလိုလည်း ဆိုနိုင်ပါတယ်။ အဲဒီလို ကုသိုလ်တွေကိုမပြုပဲ ပယ်တဲ့သူမှာ အကုသိုလ်ချည်း မပြတ်ဖြစ်ပြီး အပါယ် လေးပါးသွားဖို့ပဲ ရှိတယ်။ လူ့ဘဝကိုတောင် တစ်ဖန် ပြန်ရောက်ဖို့ ခဲယဉ်းပါလိမ့်မယ်။ အဲဒါ အထူး သတိပြုကြရမယ်။

အမှန်မှာတော့ “ရဟန္တာပုဂ္ဂိုလ်မှာ ကုသိုလ် မရှိဘူး”ဆိုတာက ကုသိုလ်အမှုကိုပြုပေမယ့် အဝိဇ္ဇာ မရှိတဲ့အတွက် အကျိုး ပေးတတ်တဲ့ ကုသိုလ် မဖြစ်ဘဲ အကျိုး မပေးတတ်တဲ့ ကြိယာမျှ ဖြစ်တာကိုသာ ဆိုလိုပါတယ်၊ ရဟန္တာပုဂ္ဂိုလ်များလည်း ကောင်းတဲ့ကုသိုလ် အမှုမျိုးတွေကို ပြုကြတာပါပဲ၊ ဘုရားကို အရိုအသေ ပြုကြတယ်၊ ထေရ်ကြီး ပုဂ္ဂိုလ်တွေကို အရိုအသေ ပြုကြတယ်၊ တရားဟောကြတယ်၊ တရားနာကြတယ်၊ တရား နှလုံးသွင်းကြတယ်၊ ဝေယျာဝစ္စ အလုပ်တွေကို လုပ်ကြတယ်၊ ဆင်းရဲဒုက္ခ ရောက်နေတဲ့ သတ္တဝါကို တတ်နိုင်ရင် ကယ်ဆယ်ကြတယ်၊ ဆွမ်း သင်္ကန်း စသည် ပိုနေလျှင် ပေးသင့်တဲ့သူများအား ပေးလှူကြတယ်၊ သီလသိက္ခာ ပုဒ်တွေကို ရိုရိုသေသေ စောင့်ရှောက်ကြတယ်၊ ဒီလို ကုသိုလ်အလုပ်တွေကို ထိုက်သည်အားလျော်စွာ ပြုလုပ်ကြပါတယ်၊ ဒါပေမဲ့ သစ္စာလေးပါးကို အကြွင်းမဲ့ သိပြီးဖြစ်နေတဲ့အတွက် အဝိဇ္ဇာက လုံးဝ မရှိတော့ဘူး၊ ဒါကြောင့် အဲဒီကုသိုလ် အမှုတွေကို ပြုတိုင်း ပြောတိုင်း ကြံတိုင်း အကျိုး မပေးတတ်တဲ့ ကြိယာစိတ်တွေသာ ဖြစ်တယ်၊ အကျိုးပေးတတ်တဲ့ ကုသိုလ်စိတ်ကတော့ မဖြစ်တော့ဘူး၊ ဒါကြောင့် ရဟန္တာမှာ ကုသိုလ်လည်း မရှိဘူးလို့ ဆိုပါတယ်၊ ကုသိုလ် အမှုမျိုးတွေကို မလုပ်တော့ဘူးလို့တော့ မဆိုလိုပါဘူး။

မှတ်ချက် ။  ။ ရဟန္တာတို့သည် ကောင်းသော အလုပ်များကို ပြုကြပါသည်။ သို့သော် ၎င်းတို့ သန္တာန်၌ ကိလေသဝဋ် မရှိတော့။ ထို့ကြောင့် ကမ္မဝဋ် မဖြစ်တော့။ ကမ္မဝဋ် မဖြစ်တော့သည့်အတွက် ဘဝသစ် အကျိုး ဖြစ်တဲ့ ဝိပါကဝဋ်ကို မဖြစ်စေတော့၊ ဘဝသစ် မဖြစ်တော့သည့်အတွက် ကောင်းသော အလုပ်သည် တစ်ဖန်ပြန်၍ ကောင်းသောအကျိုးကို မပေးနိုင်တော့။ အကျိုး မပေးနိုင်တော့သည့်အတွက် ကောင်းသော အလုပ်သည် လုပ်ကာမျှမတ္တဟု ဆိုအပ်သော ကြိယာစိတ်သာ ဖြစ်သွားတော့၏။ အမှန်မှာ ကောင်းသောအလုပ်ကို ကိလေသဝဋ် ရှိနေသော ပုထုဇဉ် ပုဂ္ဂိုလ်ပြုလုပ်ပါက ကုသိုလ်ဟုခေါ်ဆို၍ ကိလေသဝဋ် မရှိသော ရဟန္တာ ပုဂ္ဂိုလ်ပြုလုပ်ပါက ကြိယာဟု ခေါ်ဆိုရတော့၏။ (စာရေးသူ)

ဆက်လက် ဖော်ပြပါမည်။ 
မိုးသု (မန္တလေး)