News

POST TYPE

PERSPECTIVE

၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၃)
09-Jan-2017


၂။ ဖြစ်စဉ်များနှင့် ဖြစ်ရပ်များ

(က) ငြိမ်းချမ်းရေးဖြစ်စဉ်

သမ္မတဦးသိန်းစိန် ဦးဆောင်ခဲ့သော ယခင် အရပ်သား တစ်ပိုင်း အစိုးရမှာ လူထုထောက်ခံမှု အပြည့်အဝ မရခဲ့သော်လည်း ကူးပြောင်းရေးကာလ၏ ဖြစ်စဉ်ဖြစ်ရပ်များကိုမူ အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်းခဲ့ဟန် ရှိပါသည်။ အထိုက်အသင့် အောင်မြင်သည်ဟုလည်း ဆိုနိုင်ပါလိမ့်မည်။ အထူးသဖြင့် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းများနှင့် “တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်” (NCA) ချုပ်ဆိုနိုင်ခဲ့ခြင်းမှာ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တစ်ကြိမ်တစ်ခါမှ မရခဲ့ဖူးသေးသော အောင်မြင်မှု ဖြစ်ပါသည်။ မူလက အဆိုပါ NCA စာချုပ်ကို အားလုံး  (နီးပါး) လက်မှတ်ထိုးကြဖို့ ရှိသော်လည်း တကယ့် လက်တွေ့တွင် လူမျိုးစု လက်နက်ကိုင် ရှစ်ဖွဲ့သာ လက်မှတ် ထိုးခဲ့ကြသည်။ (အတည်ပြုဖို့ ခက်ခဲသော သတင်း တစ်ပုဒ်အရ ပါတီကြီး တစ်ခုက ရွေးကောက်ပွဲပြီးမှ လက်မှတ်ထိုးရေးကို စဉ်းစားရန် အကြံပြုခဲ့၍ ဤသို့ ဖြစ်သွားခဲ့ရသည်ဟု ဆိုပါသည်။)

အစိုးရသစ်လက်ထက် ၂၀၁၆ ခုနှစ် ဧပြီ ၂၇ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “၂၁ ရာစု ပင်လုံကွန်ဖရင့်”အမည်ဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆက်လက် ဆောင်ရွက်မည်ဟု ကြေညာခဲ့သည်။ အမှန်စင်စစ် ၂၁ ရာစု ပင်လုံညီလာခံနှင့် NCA စာချုပ်အရ ကျင်းပသော နိုင်ငံရေး ဆွေးနွေးပွဲများမှာ တူသလိုလိုနှင့် မတူပါချေ။ NCA စာချုပ်အရ ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် “နိုင်ငံရေး လမ်းပြမြေပုံ တစ်ရပ်”သဘောတူ ချမှတ်ပြီးဖြစ်သည်။ အားလုံး သဘောတူပြီးဖြစ်၍ ပြင်ခွင့်လည်း မရှိတော့ပါချေ။ အဆိုပါ လမ်းပြမြေပုံတွင် အဆင့် ခုနစ်ဆင့် ပါသည်။ NCA စာချုပ် လက်မှတ်ထိုးပြီးသည့် (အဆင့်-က) မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပသည့် (အဆင့်-ဃ) ထိ အဆင့်  လေးဆင့် ရှိသည်။ အဆင့် (ဃ) မှာ တစ်ကြိမ်နှင့်ပြီးမည် မဟုတ်။ အကြိမ်ကြိမ် ကျင်းပဖို့ လိုလိမ့်မည်။ “နိုင်ငံရေး ဆွေးနွေးမှု မူဘောင်”အရ လေးလ တစ်ကြိမ် ကျင်းပဖို့ သတ်မှတ်ထားသည်။ ဦးသိန်းစိန်လက်ထက်တွင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ခဲ့သည်။ လက်မှတ် မထိုးသူများကို လေ့လာသူအဖြစ် တက်ခွင့်ပေးသော်လည်း မည်သည့်အဖွဲ့မှ မတက်ခဲ့ပါချေ။ 

ဤသို့ အကြိမ်ကြိမ် ဆွေးနွေးပြီး ဘုံသဘောတူညီချက်ရမှ “ပြည်ထောင်စုသဘောတူစာချုပ်”ချုပ်ဆိုသည့်အဆင့် ရောက်မည်။ (အဆင့်-င) ထို့နောက် အဆိုပါ သဘောတူ စာချုပ်ကို လွှတ်တော်တင်ပြီး အတည်ပြုချက် ရယူရမည်။ (အဆင့်-စ) နောက်ဆုံး သဘော တူညီချက်အတိုင်း လက်တွေ့ အကောင်အထည် ဖော်ရမည်။ (အဆင့်-ဆ) အချုပ်ဆိုရလျှင် ၂၀၀၈ အခြေခံဥပဒေကို “ပေးထားချက်”အဖြစ် သဘောယူပြီး ညှိနှိုင်းပြင်ဆင်ကြဖို့ ဖြစ်ဟန်ရှိပါသည်။ 

ဒေါ်အောင်ဆန်းစုကြည် ပြောသော ၂၁ ရာစုပင်လုံနှင့် ပတ်သက်လျှင်မူ တိုင်းရင်းသား လက်နက်ကိုင် တော်တော်များများက ၁၉၄၇ ခုနှစ်က ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” လက်တွေ့ အကောင်အထည်ဖော်ရေးဟု နားလည်ထားကြဟန် တူသည်။ သူတို့၏ အမြင်အရ “၄၇ ပင်လုံ”တွင် ယခုထက်တိုင် ပြီးပြည့်စုံမှု မရှိသေးသော “လစ်ဟာချက်”နှစ်ရပ် ရှိနေသည်။ ပထမအချက်မှာ ပင်လုံညီလာခံသို့ “တောင်တန်းဒေသ” (ထိုစဉ်ကအခေါ် နယ်ခြားဒေသ) သားများသာ တက်ခွင့်ရခြင်း ဖြစ်သည်။ တောင်တန်းဒေသထဲတွင် မပါသော မွန်နှင့်ရခိုင်တို့ တက်ခွင့်မရ။ လက်တွေ့ ညီလာခံ ကျင်းပရာတွင် ကရင်နှင့် ကရင်နီ (ကယား) မှာလည်း လေ့လာသူအဖြစ်သာ တက်ခဲ့ကြသည်။ သို့အတွက် ပင်လုံစာချုပ် လက်မှတ် ရေးထိုးရာတွင် ရှမ်း၊ ကချင်၊ ချင်းနှင့် ဗမာသာ ပါခဲ့သည်။ ယခုခေတ်စကားနှင့်ဆိုလျှင် “All Inclusive” မဖြစ်ဟု ဆိုရပါလိမ့်မည်။ သို့နှင့်အမျှ NCA တွင် လက်မှတ် မထိုးသော လူမျိုးစုလက်နက်ကိုင် အဖွဲ့များက “လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ ကိုယ်စားလှယ် အပြည့်အဖြစ် ၂၁ ရာစု ပင်လုံညီလာခံ တက်ခွင့်ပေးဖို့ တောင်းဆိုလာကြသည်။ အစိုးရကလည်း လက်ခံခဲ့ပါသည်။ 

ဒုတိယ အချက်မှာ တောင်တန်းဒေသသားများ အနေနှင့် ဗမာနှင့်အတူ လွတ်လပ်ရေး ယူမည်ဟု ဆုံးဖြတ်ခဲ့ကြသော်လည်း မည်သို့သောပုံစံဖြင့် စုဖွဲ့ကြမည်ကို ယခုထက်တိုင် မသတ်မှတ်နိုင်သေးခြင်းပင် ဖြစ်သည်။ သို့အတွက် ယခု ကျင်းပမည့် ၂၁ ရာစုပင်လုံတွင် မိမိတို့ လိုလားသော ဖွဲ့စည်းပုံကို တင်ပြခွင့် ရှိရမည်ဟု နားလည်ထားသည်။ ဤရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားများ လိုလားသော ဖွဲ့စည်းပုံကို ညှိနှိုင်းနိုင်ရန် KIO ထိန်းချုပ် နယ်မြေ “မိုင်ဂျာယန်”တွင် စုစည်းခဲ့ကြသည်။ NCA စာချုပ် လက်မှတ်ထိုးသူရော မထိုးသူပါမက တရားဝင် မှတ်ပုံတင်ထားသော လူမျိုးစုပါတီများပါ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။ အဆိုပါ မိုင်ဂျာယန် ညီလာခံကပင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က “ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ”မှ အတည်ပြုပေးခဲ့သော “ဖက်ဒရယ်ပြည်ထောင်စု၊ သမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ”(ဒုတိယမူကြမ်း) ကို အနည်းငယ် ပြင်ဆင်ပြီး ၂၁ ရာစုပင်လုံသို့ တင်ပြရန် ဆုံးဖြတ်ခဲ့ကြသည်။ 

သည်လိုနှင့် သြဂုတ်လကုန်ပိုင်းတွင် “ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ” (၂၁ ရာစုပင်လုံ) အမည်ဖြင့် နေပြည်တော်တွင် ကျင်းပနိုင်ခဲ့ပါ သည်။ NCA လက်မှတ်ထိုးသူများရော မထိုးသူများပါ စုံစုံညီညီ တက်ရောက်ခဲ့ကြသည်။ သို့တစေ TNLA, MNDAA နှင့် AA တို့ကား မတက်ရောက်နိုင်ခဲ့ပါ။ “ဝ” အဖွဲ့ကမူ တက်ရောက်ပြီးမှ အဆင်မပြေ၍ လှည့်ပြန်သွားခဲ့သည်။ ညီလာခံတွင် စုစုပေါင်း စာတမ်း ၇၆ စောင် တင်သွင်းခဲ့ကြသော်လည်း အများညီ အဖြေရဖို့မူ ခက်ခဲနေဆဲပင် ဖြစ်သည်။ မည်သို့ပင်ရှိစေ ၂၁ ရာစု ပင်လုံညီလာခံကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဟူ၍ကား ကြေညာနိုင်ခဲ့ပါသည်။

ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပဖို့ လျာထားသည်။ ဤအကြိမ်တွင်မူ လူမျိုးစု လက်နက်ကိုင် အားလုံး NCA စာချုပ်တွင် လက်မှတ် ထိုးစေချင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သူမ၏ သဘောထားကို ထုတ်ဖော် ပြောကြားထားသည်။ တပ်မတော်ဘက်ကလည်း လက်မှတ် ထိုးလာစေရန် စစ်ရေးအရ ဖိအားပေးမှုများ လုပ်လာသည်။ ဤတွင် KIA, TNLA နှင့် MNDAA တို့ ပူးပေါင်းပြီး တုံ့ပြန် တိုက်ခိုက်လာသည်။ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျင်းပသော ရှမ်းပြည်နယ် လွှတ်တော်မှ အဆိုပါအဖွဲ့ သုံးဖွဲ့ကို “အကြမ်းဖက် အဖွဲ့အစည်းများ”အဖြစ် ကြေညာခဲ့သည်။ ရန်ကုန်မြို့တွင်ကား “တရားသောစစ် ထောက်ခံပွဲ”ဆိုသော ဆန္ဒပြပွဲကြီး ထွက်ပေါ်လာသည်။ သည်လိုနှင့် ငြိမ်းချမ်းရေးကား လိုက်လေဝေးလေ ဖြစ်နေရတော့သည်။ 

(ခ) ရခိုင်ပြည်နယ်အရေး

တည်ငြိမ်မှုနှင့် အလှမ်းဝေးနေဆဲ ရခိုင်ပြည်နယ်တွင် အောက်တိုဘာ လလယ်လောက်က နောက်ထပ် ပြဿနာသစ် တစ်ရပ် ပေါ်ထွက်လာသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောဒေသရှိ ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် အပါအဝင် ရဲစခန်း သုံးခုကို အာကာလ်မူလ်မူဂျာဟီဒင် အကြမ်းဖက်အဖွဲ့က အောက်တိုဘာ ၁၉ ရက်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသည့် မူဂျာဟီဒင်အဖွဲ့က အရှေ့အလယ်ပိုင်း ဒေသမှ အစွန်းရောက် ပုဂ္ဂိုလ်များ၏ ငွေကြေးထောက်ပံ့မှုဖြင့် မောင်တောဒေသကို သိမ်းပိုက်ရန် စိစစ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ရက်ပိုင်း အတွင်းမှာပင် မောင်တောခရိုင်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ကြေညာ၍ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့သည်။ 

ဤသို့ နယ်မြေရှင်းလင်းရေးလုပ်စဉ် အမျိုးသမီးအချို့ အဓမ္မ ပြုကျင့်ခံရသည်၊ သတ်ဖြတ်ခံရသည်ဆိုသော နိုင်ငံတကာ မီဒီယာအချို့၏ စွပ်စွဲချက်များ ထွက်ပေါ်လာသည်။ “မျိုးတုံးသတ်ဖြတ်မှုများ”ပင် ရှိသည်ဆိုသော အလွန်အကျွံ စွပ်စွဲမှုများပင် ထွက်လာသည်။ ဤကိစ္စကို အကြောင်းခံပြီး မလေးရှားနိုင်ငံတွင် ဝန်ကြီးချုပ်ကိုယ်တိုင် ခေါင်းဆောင်ပြီး မြန်မာ အစိုးရကို ဆန္ဒပြလာသည်။ ၂၀၁၆ နှစ်ကုန်ခါနီးတွင်လည်း မြန်မာရဲများက ဘင်္ဂါလီရွာသားများကို ရိုက်နှက် ကန်ကျောက်နေသော ဗီဒီယိုဖိုင် ထွက်လာသည်။ အဆိုပါကိစ္စ အမှန်ဖြစ်ပါက လိုအပ်သလို အရေးယူမည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

ဤနေရာတွင် စကား အလျဉ်းသင့်လာ၍ ဝါရင့်သံတမန် “ဟင်နရီ ကစ်ဆင်းဂျား”၏ စကားတစ်ခွန်းကို အကိုးအကား ပြုလိုသည်။ သူ့စကား..။ “ယေဘုယျအားဖြင့် နိုင်ငံတကာ ပြဿနာများတွင် နှစ်မျိုး နှစ်စားရှိသည်။ ပထမ တစ်မျိုးမှာ အချိန်တိုအတွင်း ဖြေရှင်းနိုင်သော ပြဿနာများဖြစ်သည်။ ဒုတိယ တစ်မျိုးကား ဤမျှမလွယ်။ အချိန်များစွာယူ၍ စိတ်ရှည် လက်ရှည် စနစ်တကျ ဖြေရှင်းရသော ပြဿနာများ ဖြစ်သည်”ဟူ၏။ ကံမကောင်း အကြောင်း မလှစွာပင် ယနေ့ မြန်မာအစိုးရ ရင်ဆိုင်နေရသော ပြဿနာ တော်တော်များများမှာ ကစ်ဆင်းဂျား ပြောသော ဒုတိယ ပြဿနာမျိုးတွေ ဖြစ်နေခြင်းပင်။ ဥပမာ-ငြိမ်းချမ်းရေးကိစ္စ ... ၊ လွတ်လပ်ရေး သက်တမ်းနှင့်အမျှ ကြာမြင့်ခဲ့ပြီ။ နှစ်ပေါင်း ၆၉ ကျော်ခဲ့ပြီ။ ယခု ရခိုင်ပြည်နယ် အရေး ... အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး (၁၈၂၆) မှ စတင် ရေတွက်လျှင် နှစ်ပေါင်း ၁၀၀ ကျော် ၂၀၀ နီးပါးရှိပြီ။ ဤမျှ သက်တမ်း ရှည်ကြာလှသော အာဃာတ အမုန်း မီးပွားများကို ဘယ်လိုလုပ် အပြီးအပြတ် ဖြေရှင်းနိုင်ပါမည်နည်း။ ပြည်တွင်းလူထု အနေနှင့် နားလည်မှု ကြီးကြီးပေးဖို့ လိုသလို နိုင်ငံတကာဘက်ကလည်း အချိန်ပေးဖို့ လိုပါလိမ့်မည်။

ဆက်လက်ဖော်ပြပါမည်။ 
ကျော်ဝင်း

၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၂) ဖတ်ရန်

၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၁) ဖတ်ရန်



  • VIA

ABOUT AUTHOR

(ကျော်ဝင်း)