News

POST TYPE

PERSPECTIVE

အပြောင်းအလဲတွင်းက အပြောင်းအလဲ
07-Jan-2017 tagged as

၂၀၁၁ လောက်က စတင်ခဲ့သော အပြောင်းအလဲကြီးသည် ၂၀၁၆ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအတက်တွင် နောက်ထပ် အချိုးအကွေ့တစ်ရပ်ကို ရင်ဆိုင်ရသည်။ 

ရာစုနှစ်ထက်ဝက်အတွင်း ဒီမိုကရေစီနည်းဖြင့် တက်လာသော ပထမဆုံး အရပ်သားစစ်စစ် အစိုးရဖြစ်သဖြင့် အာဏာ အလွှဲအပြောင်း ချောမွေ့မည်လား စိုးရိမ်ရသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့် လွှဲပြောင်းနိုင်ခဲ့သည်။ မဲအများစုဖြင့် တက်လာသော အစိုးရဖြစ်သည့် အားလျော်စွာ ပြည်သူ့ထောက်ခံမှု အားကောင်းသည့်အတွက် လူပြိန်းကြိုက် မူဝါဒများကို  ဆောင်ရွက်ရန်မလိုဘဲ ပြည်သူအကျိုးရှိမည့် မူဝါဒများကို ရဲရဲအကောင်အထည်ဖော်ခွင့်ရှိသည်ကို တွေ့ရသည်။ ထောက်ပြဝေဖန်မည့် အတိုက်အခံ ပါတီ မည်မည်ရရ မရှိဘဲ နိုင်ငံရေးပါတီ မဟုတ်သော တပ်မတော်သာ အဓိက ဝေဖန်ထောက်ပြနိုင်သော အဖွဲ့အစည်းအဖြစ် ကျန်ရစ်ခဲ့သည်။ 

၂၀၁၆ မတ်လ ၃၁ ရက်နေ့တွင် စတင်တာဝန်ယူသော အစိုးရသစ်သည် ရာစုနှစ် လေးပုံတစ်ပုံကျော် အတိုက်အခံဘဝနှင့် အသားကျနေသဖြင့်  အစိုးရအဖြစ် နေရာပြောင်းသွားသောအခါ ထိထိရောက်ရောက် အုပ်ချုပ်နိုင်ရန် အချိန်ယူခဲ့ရပြီး နှစ်ကုန်ပိုင်းတွင်မှ အပတ်လည်လာခဲ့သည်။ ဝန်ကြီးရွေးရာတွင်လည်း သူ့နေရာနှင့်သူ စေ့စေ့ငင ရပုံမရှိ၊ အလုပ်တာဝန် များမြောင်လှသော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝန်ကြီးဌာန သုံးလေးခု ကိုင်ခဲ့ရသည်။ ဝန်ကြီးဌာနအချို့ကို ပေါင်းလိုက်ခြင်းဖြင့် ဝန်ကြီးဌာန နည်းသွားအောင် ဆောင်ရွက်ခြင်းမှ ပေါ်ထွက်လာသော ဝန်ကြီးဌာနကြီးအချို့သည် မူလအစတွင် ဝန်ကြီးဌာနများ နာမည်ချင်း ပေါင်းရုံသာ ရှိသည်၊ ၂၀၁၆ ကုန်ခါနီးအထိ ဝန်ကြီးတစ်ပါးတည်းအောက်တွင် သွက်သွက်လက်လက် တစ်စုတစ်စည်းတည်း လှုပ်ရှားနိုင်မှု အားနည်းနေသေးသည်။ 

ငြိမ်းချမ်းရေးကို အဓိက ဦးထိပ်ထားမည်ဟူသော ရည်မှန်းချက်ဖြင့် တက်လာသည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးသည် အကောင်းအဆိုး ရောပြွမ်းနေသည်။ အစိုးရသစ်သည် အုပ်ချုပ်ရေးတွင်သာမက ငြိမ်းချမ်းရေးတွင်လည်း အသစ်အသစ်များကို သင်ယူနေရပုံပေါ်သည်။ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ခြင်း၊ သမ္မတ ဦးသိန်းစိန်လက်ထက်က စတင်ခဲ့သော ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း ရှေ့ဆက်နိုင်ခြင်း၊ ပြည်သူတို့ ငြိမ်းချမ်းရေးကို ပိုစိတ်ဝင်စားလာခြင်းတို့သည် အပေါင်း လက္ခဏာဖြစ်သော်လည်း သေနတ်သံ ပိုညံလာခြင်းသည် ထူးခြားသော အနုတ် လက္ခဏာ ဖြစ်သည်။  ပြည်ထောင်စု တစ်ရပ်လုံးအတွက် အရေးကြီးသော စီးပွားရေး အသက်သွေးကြောဖြစ်သည့် မူဆယ် မန္တလေး လမ်းမကြီး အပါအဝင် မူဆယ်ပါ တိုက်ပွဲတွင် ပါဝင်လာခြင်းသည် ငြိမ်းချမ်းရေးတွင် အလှည့်အပြောင်း ဖြစ်သည်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ရခိုင်ကိစ္စတွင် နေရာပေးလိုက်ခြင်းသည် ထူးခြားသော ဆောင်ရွက်မှုဖြစ်သည်။  တစ်ဖက်တွင် ရဲစခန်းများကိုပင် တိုက်ခိုက်ခြင်းဖြင့် ရခိုင်အရေးသည် ပြည်တွင်းတွင်သာမက နိုင်ငံတကာတွင်ပါ ပိုမို ကျယ်ပြန့်လာခဲ့ကာ နိုင်ငံတကာ အကြမ်းဖက် လှုပ်ရှားမှုများ ပြည်တွင်းသို့ ကူးစက်နိုင်ခြေ မြင့်လာခဲ့သည်။ ပြည်ပ မီဒီယာများသည် ရခိုင်အရေးကို အထူးတလည် စောင့်ကြည့်ရေးသား တင်ဆက်ကြရာ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကိုပင် ထိခိုက်မည့်အသွင် ဆောင်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ထုတ်ဖော်ပြောဆို ဝေဖန်ခြင်းဖြင့် မလေးရှားဝန်ကြီးချုပ် ကိုယ်တိုင် ပါဝင်သည့် ရခိုင်အရေး ဆန္ဒပြပွဲကို မလေးရှားတွင် ကျင်းပခဲ့ရာ အာဆီယံနိုင်င အချင်းချင်းကြားတွင် မကြားဖူးသည့် ဆောင်ရွက်ခြင်းမျိုးဖြစ်ပြီး တာထွက်ကောင်းခဲ့သည့် ၂၀၁၆ နိုင်ငံတကာ ဆက်ဆံရေးတွင် အနုတ်လက္ခဏာ ဆောင်သွားခဲ့သည်။ အာဆီယံ ဝန်ကြီးများကို မြန်မာနိုင်ငံသို့ ဖိတ်ခေါ်ပြီး ရှင်းပြခြင်းသည် သံတမန်ရေးရာ တန်ပြန် တိုက်စစ်ဖြစ်သည်။ အမေရိကန်က အရေးယူ ပိတ်ဆို့မှုများ ဖယ်ရှားပေးလိုက်ခြင်းသည် ထင်ရှားသော အောင်မြင်မှု ဖြစ်သည်။ အနောက်ဘက်သို့ ယိမ်းသည်ဟု အမှတ်အယူ ခံရသော ဒေါ်အောင်ဆန်းစုကြည်သည် အာဆီယံ ပြင်ပနိုင်ငံကြီးများအနက် တရုတ်နိုင်ငံသို့  ဦးစွာ သွားလိုက်ခြင်းဖြင့် နိုင်ငံကြီးများအကြား အထင် မမှားအောင် မြန်မာနိုင်ငံ ၂၀၁၆ အတွင်း ကြိုးစား ရုန်းကန်ရပုံကို ဖော်ပြသည်။ တရုတ်ခရီးစဉ်သည် အောင်မြင်သည်ဟု ဆိုနိုင်သော်လည်း တရုတ်နယ်စပ်အနီး တိုက်ပွဲများ ပြင်းထန်လာခြင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် တရုတ် မပါမဖြစ်သဘော လက်နက်ကိုင်အဖွဲ့ အချို့က တောင်းဆိုလာခြင်းက တရုတ် မြန်မာဆက်ဆံရေးတွင် မြန်မာတို့ တက်ထောင်မိန်းမော မနေသင့်ကြောင်း မြင်ရသည်။ 

မင်းပြောင်းမင်းလွှဲကာလဖြစ်သဖြင့်၂၀၁၆ နှစ်စကတည်းကပင် စီးပွားရေးတွင် မရေရာ မသေချာမှု ကြီးစိုးသည်။ အားလုံးကငြိမ်ပြီး စောင့်ကြည့်နေသဖြင့် စီးပွားရေးအပူချိန် ရေခဲမှတ်အောက် ဆင်းသွားသည်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များရော ပြည်ပရင်းနှီးမြှုပ်နှံသူများပါ စီးပွားရေး မူဝါဒနှင့် ပတ်သက်သည့် စကားတစ်လုံးတစ်ပါဒမျှ ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရယူအပြီး ပထမဦးဆုံး မိန့်ခွန်းတွင် ပါဝင်ခြင်း မရှိသည့်အတွက် စီးပွားရေးသည် အစိုးရသစ်၏ မူဝါဒတွင် ဦးစားပေး နေရာတွင် ရှိ မရှိ ထပ်လောင်း စိုးရိမ်ခဲ့ကြသည်။ ထိုသို့ စိုးရိမ်ကြချိန်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အသစ် ဖွဲ့စည်းမှုကို လနှင့်ချီ စောင့်ဆိုင်းခဲ့ရပြန်သည်။ စီးပွားရေးမူဝါဒများ ထုတ်ပြန်ရာတွင် ယေဘုယျ ဆန်လွန်းသည်ဟူသော မှတ်ချက်များ၊ ပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များအကြား ပျံ့လာပြီး သည့်နောက်တွင် စီးပွားရေးတွင် သံသယများ ပိုကြီးလာသည်။ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး ထိပ်တန်း လက်ထောက်ဝန်ကြီး ဦးကျော်ဝင်းတို့ကပါ စီးပွားရေးသည်  ထင်သလောက် မကောင်းကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ကြသည်။ စီးပွားရေးကို ပစ်မထားကြောင်း နောက်ပိုင်းတွင် အစိုးရက ထုတ်ဖော်ပြောကြားသည်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ထွက်ပေါ်လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အရှိန်ဖြင့် နိုင်ငံခြား ခရီးစဉ်များတွင် ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နိုင်ခြင်း၊ ဂျပန်နိုင်ငံမှ ချေးငွေနှင့် အထောက်အပံ့၊ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ် ဒေါ်လာဘီလီယံချီ ရရှိခြင်းတို့သည် စီးပွားရေး နယ်ပယ်တွင် အောင်မြင်မှုများ ဖြစ်သည်။ ၂၀၁၆ နှစ်ကုန်ပိုင်းတွင် ဒေါ်လာဈေးနှုန်း ဝုန်းဒိုင်းကြဲခြင်းသည် နိုင်ငံ၏ Macroeconomy တွင် ကြီးမားသော  ချို့ယွင်းချက်များရှိကြောင်း ပြည်တွင်းကရော ပြည်ပကပါ သဘောပေါက် သွားစေသည်။ 

၂၀၁၆ သည် အပြောင်းအလဲတွင်းက အပြောင်းအလဲ ဖြစ်သည်။ အငြိမ်အလှုပ် နှစ်မျိုးရောပြွမ်းသည်။ သင်ခန်းစာ များစွာ ရနိုင်သည်။ သမိုင်းတွင် အလေးထား လေ့လာရမည့်နှစ် ဖြစ်သည်။

ဇေယျသူ

  • TAGS