POST TYPE

PERSPECTIVE

၂၀၁၆ အလွန် တစေ့တစောင်း
07-Jan-2017 tagged as

အခုဆိုရင် ၂၀၁၆ ခုနှစ်ကုန်ပြီး ၂၀၁၇ ခု နှစ်ဦးကူးနေတဲ့အချိန် ဖြစ်တယ်။ နှစ်သစ်ကို ကြိုဆိုတဲ့အခါ နှစ်ဟောင်းကို ပြန်လည်သုံးသပ်ပြီး ရလာတဲ့ သင်ခန်းစာတွေကို ဆင်ခြင်ပြီး နှစ်သစ်မှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို မျှော်လင့်ချက် အပြည့်နဲ့ ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။

၂၀၁၆ ခုနှစ်ကို ပြန်ပြီးစဉ်းစားရင် ကာလ နှစ်ခုကို ခွဲခြားပြီး မြင်နိုင်ဖို့ လိုအပ်တယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး မတ်လ ၃၁ ရက်နေ့အထိ တစ်ပိုင်း၊ ဧပြီလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ တစ်ပိုင်းခွဲပြီး မြင်ဖို့လိုအပ်မှာ ဖြစ်တယ်။ ကျွန်တော့်အနေနဲ့ ဒီပထမပိုင်းဟာ အလွန် စိတ်ဝင်စားစရာ ကောင်းတဲ့ကာလဖြစ်တယ်လို့ မြင်မိပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အပြတ်အသတ် အနိုင်ရရှိခဲ့တယ်။ အခုလို အနိုင်ရပေမယ့် နိုင်ငံရေးအာဏာလက်ထဲ ရောက် မရောက်ဆိုတာက မသေချာတဲ့သဘော အားလုံးက စိတ်ပူနေကြရတာ။ အတိတ်က အရိပ်ကလည်း လွှမ်းမိုးခဲ့တာ။ ၁၉၉၀ ပြည့်နှစ်တုန်းကလည်း အခုလိုပဲ အနိုင်ရခဲ့ပေမယ့် နောက်ဆုံး နိုင်ငံရေး အာဏာကို လွှဲပြောင်း မပေးခဲ့ဘူး။ ဒါကြောင့်လည်း အခုတစ်ကြိမ်မှာလည်း ဒီလိုဖြစ်မှာကို စိုးရိမ်ကြတယ်။

၂၀၁၆ ခုနှစ် ပထမ သုံးလမှာ ယခင်အစိုးရဟာ နိုင်ငံရေးအရ (Lame Duck) ခြေမသန်တဲ့ဘဲငန်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ သမ္မတအိုဘားမားဟာ အခုလိုပဲ ခြေမသန်တဲ့ ဘဲငန်းဖြစ်ခဲ့တယ်။ အာဏာလက်ဝယ် ရထားပေမယ့် သုံးလအတွင်း ရထားတဲ့အာဏာကို စွန့်လွှတ်ရမှာ သေချာနေတာမို့ အနေအထိုင် ခက်ခဲ့မှာ သေချာပါတယ်။ နောင်တက်လာမယ့် အစိုးရအတွက် အခက်အခဲ အနှောင့်အယှက်တွေ မဖြစ်ဖို့လည်း သတိထားရမှာသာ ဖြစ်တယ်။ အနိုင်ရထားတဲ့သူတွေ အနေနဲ့ ထီပေါက်တာ သေချာပေမယ့် ထီလက်မှတ် မပျောက်အောင်လည်း သတိထားနေရပြန်တယ်။ ဒီသုံးလကာလကို ပြင်ဆင်ချိန်ကာလလို့ ယူဆနိုင်ပေမယ့် သေချာမှုရာနှုန်း ၁၀၀ မဖြစ်တာမို့ စိုးရိမ်မကင်းနဲ့ လှုပ်ရှားနေရတယ်။ အခုလို လိပ်ခဲတည်းလည်းကာလမှာ နိုင်ငံရဲ့ စီးပွားရေးဟာလည်း တဖြည်းဖြည်း အရှိန်အဟုန် လျော့လာခဲ့တယ်။ အစက အစိုးရနဲ့ ပတ်သက်တဲ့ စီမံချက်တွေကို မစဉ်းစားဖို့ စဉ်းစားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခြေအနေတွေက ပြောင်းလဲလာခဲ့တယ်။ ပြည်သူ အားလုံးကလည်း ဧပြီလ ၁ ရက် မြန်မြန်ရောက်ပါစေလို့ ဆုတောင်းနေကြပြန်တယ်။

ဒီကာလမှာ နိုင်ငံတာဝန်တွေကို ဘယ်သူတွေ ယူမလဲ ပေးမလဲ ဆိုတဲ့ မေးခွန်းမျိုးစုံ ကြားနေရတယ်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ မဖြစ်နိုင်တာမို့ ဒီတောင်ကြီးကို ဘယ်လို ကျော်လွှားနိုင်မယ် ဆိုတာကိုလည်း လူတိုင်းက မျှော်တလင့်လင့်နဲ့။

ဧပြီလ ၁ ရက်နေ့မှာတော့ မမျှော်ရဲတဲ့ မမျှော်လင့်ခဲ့တဲ့ မြင်ကွင်းကို တွေ့မြင်ခဲ့ရတယ်။ ဒါကတော့ သမ္မတကြီး ဦးထင်ကျော်က ယခင်သမ္မတ ဦးသိန်းစိန်ထံမှ နိုင်ငံခေါင်းဆောင် တာဝန်ကို လွှဲပြောင်းယူခဲ့တယ်။ ဒီရှုခင်းဟာ မျှော်လင့်ချက် အပြည့်နဲ့ စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေအတွက် ရင်ထဲအေးမြစေခဲ့တယ်။ အထူးခြားဆုံးဖြစ်ရပ်က ကျွန်တော်တို့ နိုင်ငံမှာ တစ်ချိန်တစ်ခါမှ မရှိခဲ့ဖူးတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဒေါ်အောင်ဆန်းစုကြည် ရယူနိုင်ခြင်း ဖြစ်ပါတယ်။ ကျွန်တော့် အမြင်ကတော့ နိုင်ငံရေးအရ လှပလွန်းတဲ့ အကွက် တစ်ကွက်ဖြစ်တယ်။ နိုင်ငံတော် သမ္မတရာထူးကို ယူစရာ မလိုဘဲ နိုင်ငံတော်ကို ဦးစီးနိုင်တဲ့ အာဏာကို ရယူနိုင်ခဲ့တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘောင်အတွင်းက လုပ်နိုင်ခဲ့တာမို့ ဒီအခြေခံဥပဒေကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ခဲ့သူများအဖို့ အခက်အခဲ ကြုံခဲ့ရတယ်။ ပုံစံအမျိုးမျိုးနဲ့ စီမံထားခဲ့ပေမယ့် ယခုလို မမျှော်လင့်တဲ့ ကွက်လပ်ကို ရှာဖွေနိုင်မှုဟာ နိုင်ငံရေးအရ ထူးခြားမှု တစ်ရပ်ဖြစ်တယ်။

ဒါကြောင့်လည်း ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင် (Head of State) နဲ့ အစိုးရအကြီးအကဲ (Head of  Government) နှစ်ဦး ပေါ်ပေါက်ခဲ့တယ်။ သမ္မတကြီး ဦးထင်ကျော်ဟာ နိုင်ငံ့ခေါင်းဆောင် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရအကြီးအကဲ တာဝန်ယူခဲ့တယ်။ အိန္ဒိယ၊ အင်္ဂလန်မှာ ကျင့်သုံးတဲ့ ပုံစံဖြစ်တယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ဒီရာထူး နှစ်ခုကို သမ္မတ တစ်ဦးတည်းက တာဝန်ယူထားတော့ ဒီအပြောင်းအလဲဟာ ၂၀၁၆ ခုနှစ်အတွင်း အထူးခြားဆုံး နိုင်ငံရေး ပြောင်းလဲမှု ဖြစ်တယ်။ တက်လာတဲ့အစိုးရဟာ ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေးခဲ့တယ်။ နိုင်ငံအေးချမ်းမှ တိုင်းပြည်တိုးတက်နိုင်မှာကို လက်ခံထားတယ်။ အမှန်တော့ အမျိုးသား ဒီမိုကရေစီ အစိုးရဟာ စိန်ခေါ်မှု သုံးရပ်ကို ရင်ဆိုင်ခဲ့ရတယ်။ ပထမစိန်ခေါ်မှုက ပြည်တွင်းငြိမ်းချမ်းရေးဖြစ်တယ်။ လွတ်လပ်ရေး ရပြီးချိန်ကစပြီး လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။

တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့မကျေနပ်မှုတွေကို လက်နက်နဲ့ ဖြေရှင်းတဲ့ လမ်းစဉ်ကို လိုက်ခဲ့ကြတယ်။ ကနဦး ပဋိပက္ခတွေဟာ နိုင်ငံရေး အခြေခံတွေ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လူမျိုးရေး ပုံစံပြောင်းလဲခဲ့တယ်။ ခေတ်အဆက်ဆက် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ငြိမ်းချမ်းရေးကို အခွင့်အရေးတွေပေးပြီး ဖန်တီးခဲ့တယ်။ ဒါပေမဲ့ ဒီ ဆောင်ရွက်မှုတွေဟာ တာရှည်မခံခဲ့ဘူး။ ဦးသိန်းစိန် လက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ကြိုးစားခဲ့တယ်။ အပစ်ခတ်ရပ်စဲရေး စာချုပ်တွေကို ချုပ်ဆိုနိုင်ခဲ့တယ်။ အစိုးရအသစ်ဟာ ယခင်ခေတ်က ဆောင်ရွက်ချက်တွေကို အခြေခံပြီး ခြေလှမ်း အသစ်တွေနဲ့ ဒုတိယပင်လုံ ငြိမ်းချမ်းရေး ညီလာခံကြီးကို ကျင်းပနိုင်ဖို့ ကြိုးပမ်းခဲ့တယ်။ နိုင်ငံက မအေးချမ်းတာမို့ ဖွံ့ဖြိုးရေးကို ထိခိုက်စေခဲ့တယ်။ အိမ်နီးနားချင်း နိုင်ငံတွေမှာ အလားတူ ပဋိပက္ခတွေ ဖြစ်ခဲ့ပေမယ့် ဒီဟာတွေ အားလုံး ချုပ်ငြိမ်းခဲ့တာမို့ ဖွံ့ဖြိုးရေးကို အာရုံစိုက်ပြီး အဘက်ဘက်က တိုးတက်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ ပဋိပက္ခတွေကြားမှာ ရှင်သန်ခဲ့ရတာမို့ ဖွံ့ဖြိုးမှုအတွက် အာရုံမပြုနိုင်ခဲ့ဘူး။

အခုလို ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးမှု စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာမို့ ဒီမိုကရေစီဟာလည်း ပျောက်ဆုံးခဲ့ရပြန်တယ်။ ဒါကြောင့်လည်း အစိုးရအသစ်ဟာ ငြိမ်းချမ်းရေးကို ဦးစားပေးပြီး အာရုံပြုခဲ့တယ်။ ငြိမ်းချမ်းရေး အသီးအပွင့်တွေကြောင့် ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားပြီး ဖွံ့ဖြိုးမှုကိုလည်း အာမခံနိုင်မှာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ဟာ ကျွန်တော်တို့ နိုင်ငံအတွက် အထူးခြားဆုံး နေ့ရက် တစ်ရက် ဖြစ်တယ်။ နေပြည်တော်မှာ ဒုတိယ ပင်လုံငြိမ်းချမ်းရေး ညီလာခံကြီးကို ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့တယ်။ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်း ထားတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ပုံရိပ်ကို ညီလာခံကြီးမှာ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ ပြောချင်တာ၊ တင်ပြချင်တာကို အကန့်အသတ်မရှိ တင်ပြခွင့်ပြုခဲ့တာမို့ အသံမျိုးစုံကို ကြားခဲ့ရတယ်။ ရပ်တည်ချက် အမျိုးမျိုး၊ ရှုထောင့် အမျိုးမျိုးက ဆွေးနွေးကြတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက် သူ့ရဲ့ ရူပါရုံကို ဖော်ထုတ်ပေးခဲ့တယ်။

အခုလို နိုင်ငံရေးမှာ အောင်မြင်မှုတွေ ရခဲ့ပေမယ့် ကျွန်တော် စိတ်ဝင်စားတဲ့ စီးပွားရေး နယ်ပယ်မှာတော့ စိန်ခေါ်မှုတွေမျိုးစုံ ရင်ဆိုင်ခဲ့ရတယ်။ အများ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဟာ မှန်းဆထားသလောက် မဝင်လာတာ တွေ့ရတယ်။ ထူးခြားတဲ့ ပြောင်းလဲမှုက အမေရိကန် ပြည်ထောင်စု ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့လိုက်တဲ့ ကိစ္စဖြစ်တယ်။ အမှန်တော့ နိုင်ငံရေး ဖိအားပေးမှု တစ်ရပ်အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် စီးပွားရေးကို ထိခိုက်ခဲ့တယ်။ အခုလို ပိတ်ဆို့မှုတွေ ဖြေလျှော့မှုဟာ အခွင့်အရေး တစ်ရပ်ဖြစ်တယ်။ ဒါပေမဲ့ အခွင့်ရေးဆိုတာက ယူတတ်မှဖြစ်တာကို သတိပြုရတယ်။ မယူတတ်ရင် ရနိုင်မှာ မဟုတ်ဘူး။

စီးပွားရေးပညာနဲ့ သုံးသပ်ရင် ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံ တစ်နိုင်ငံ မဖြစ်သင့်ဘူး။ ၁၉၆၀ ပြည့်နှစ်များမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ စီးပွားရေးအရ တိုးတက်မှုမြင့်မားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ခဲ့တယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ တစ်ဦးကျဝင်ငွေထက် လေးဆများခဲ့တယ်။ ဒါပေမဲ့ စီမံအုပ်ချုပ်မှုမှာ အားနည်းခဲ့တာမို့ ဆင်းရဲခဲ့တယ်။ ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပေမယ့် စနစ်တကျ ဆောင်ရွက်နိုင်ခြင်း မရှိတာမို့ ခရိုနီအရှင်းရှင် စီးပွားရေးစနစ်ကို ဖော်ထုတ်ခဲ့တယ်။ စီးပွားရေး စိန်ခေါ်မှုတွေကြောင့် ပို့ကုန်သွင်းကုန် မျှတမှုမရှိဘဲ မြန်မာငွေကျပ်ရဲ့ တန်ဖိုးဟာ သိသိသာသာ လျော့ပါးလာတယ်။ ကုန်ဈေးနှုန်းတွေဟာလည်း တရိပ်ရိပ် တက်လာတယ်။ အခုလိုဖြစ်ပေမယ့် ကိုယ် ရွေးချယ်ထားတဲ့ အစိုးရမို့ ပြည်သူ အများစုက သည်းခံကြတယ်။ နားလည်မှု ပေးကြတယ်။ ဒီစေတနာတွေကို အားယူပြီး အမြန်ဆုံး စီးပွားရေး တိုးတက်လာအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီအနေအထားအရ တိုင်းပြည်ရဲ့ စီးပွားရေးကို သိပ်စိတ်မပူလှဘူး။ အိမ်နီးနားချင်း နိုင်ငံတွေရဲ့အား၊ ပြည်တွင်းမှာရှိမယ့်အားတွေနဲ့ ပေါင်းစပ်ပြီး အမြန်ဆုံး ဖွံ့ဖြိုးမှုရလဒ်တွေ ရနိုင်မယ်လို့ တစ်ထစ်ချယုံကြည်မိပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်က ထုတ်တဲ့ မေးခွန်းကို ပြန်ပြီး မေးနေရသလို ဖြစ်နေတာ တွေ့ရတယ်။ ဒါကတော့ “လူတော်လူကောင်း”ပြဿနာ၊ အစိုးရအသစ်မှာ တာဝန်ယူကြသူတွေဟာ ရိုးသားကြတယ်။ အဂတိ ကင်းတယ်။ ဒီအခြေခံနဲ့ ထူးချွန်ပြောင်မြောက်လာအောင် ကြိုးစားရမယ်။ အချိန်ယူရမှာသာ ဖြစ်တယ်။ ဒီနေရာမှာ ကျွန်တော်ကတော့ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြားပြီး သုံးသပ်ချင်တယ်။ လက်ရှိ အနေအထားမှာ ခေါင်းဆောင်မှု အားကောင်းတယ်။ လူထု ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်တယ်။ နိုင်ငံရဲ့ အနာဂတ်ခရီးကို ကြည်လင်ပြတ်သားစွာ ထုတ်ဖော်ပေးနိုင်တယ်။ ခေါင်းဆောင်မှုဟာ ပဓာနကျတာမို့ တစ်ဖက်မှာ စီမံခန့်ခွဲမှု လိုအပ်တယ်။ စီမံခန့်ခွဲမှု အားနည်းမှုကို ဖြေရှင်းနိုင်ဖို့ လိုအပ်မှာဖြစ်တယ်။

ကျွန်တော်ကတော့ ၂၀၁၆ ခုနှစ်အလွန်လို့ စဉ်းစားရင် ၂၀၁၇ ခုနှစ်အတွက်သာ မစဉ်းစားဘဲ ၂၀၃၀ ပြည့်နှစ်အထိ စဉ်းစားစေချင်တယ်။ နောင် ၁၅ နှစ်အတွင်း မြန်မာနိုင်ငံ ဘယ်လိုဖြစ်လာမလဲဆိုတာကို အိပ်မက်တွေ မက်ကြရမယ်။ ဒါကြောင့် ကျွန်တော်ဟာ “ပိုမိုကောင်းမွန်တဲ့ မြန်မာပြည်၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်” ခေါင်းစဉ်နဲ့ ရန်ကုန်မြို့ အပါအဝင် မန္တလေးနဲ့ ကျန်တဲ့မြို့တွေမှာ ဟောပြောပွဲတွေကို ၂ နှစ် ဆက်တိုက် လုပ်ပေးခဲ့တယ်။ ဒီဟောပြောပွဲတွေကတစ်ဆင့် လူငယ်တွေကို ခွန်အားပေးခဲ့တယ်။  ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ လှပလှပါတယ်။ ဒီလှပတဲ့အနာဂတ်ကို လူငယ်တွေက ဖော်ထုတ်သွားရမှာသာ ဖြစ်ပါတယ်။

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်

  • TAGS