News

POST TYPE

PERSPECTIVE

၈၉ အလွန် လစ်ဘရယ် အစီအစဉ်ပြို ၂၀၁၆ ဥရောပမှာ တစ္ဆေခြောက် ၂၀၁၇ ဒေါသူပုန်လှုပ်ရှားမှုခေတ်ကြီးလော ...
07-Jan-2017 tagged as

စစ်အေးလွန် ကမ္ဘာ့အစီအစဉ် ပြိုပြီ

၂၀၁၆ ခုနှစ်ကား ကမောက်ကမ၊ ကိုးရိုးကားရား ဖြစ်ရပ်များစွာနှင့် ဆုံးခန်းတိုင် သွားခဲ့ချေပြီ။ “၈၉ အလွန် လစ်ဘရယ် ကမ္ဘာ့အစီအစဉ်” (တစ်နည်း “စစ်အေးလွန် ကမ္ဘာ့အစီအစဉ်) မှာ မျက်စေ့အောက်မှာပင် ပြိုကျသွားခဲ့သည်။ ဤအချက်ကို တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားစွာ ဖြစ်ပေါ်နေသည်ဟု ထင်ရသော်လည်း အမှန်တကယ် ဆက်စပ်နေသည့် ဖြစ်ရပ် သုံးခုဖြင့် ဖော်ပြလျက်ရှိသည်။ ဤသည်တို့မှာ -

၁။ နိုင်ငံတကာစနစ်တွင် အနောက်၏အာဏာနှင့် သြဇာတို့ လျော့ပါး ဆုံးရှုံးလျက် ရှိသည်။ (တရုတ်ပြည် အင်အားကြီးလာခြင်း၊ ရုရှားနိုင်ငံ ပြန်လည် အားသစ်လာခြင်း၊ ကမ္ဘာ့နေရာဒေသ အသီးသီးတွင် လက်နက်ကိုင် ပဋိပက္ခများ တစ်ဟုန်ထိုး တိုးပွားလာခြင်းစသော ဖြစ်စဉ်ဖြစ်ရပ်များက ဤအချက်ကို ဖော်ပြလျက်ရှိသည်။)

၂။ အနောက်ပုံစံ ဈေးကွက်နှင့် ဒီမိုကရေစီ စနစ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာ ဆွဲဆောင်မှုများ ဆုံးရှုံးလျက်ရှိသည်။ (ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ကိုယ်စားပြုသော ကျယ်ပြန့်သည့် နိုင်ငံရေး၊ လူမှုရေး တုံ့ပြန်မှုများက ဤအချက်ကို ဖော်ပြလျက်ရှိသည်။)

၃။ အနောက်၏ ကိုယ်ပိုင်လစ်ဘရယ် ဒီမိုကရေစီ အစိုးရများမှာ အတွင်းပိုင်း အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ (အဆိုပါ အတွင်းပိုင်း အကျပ်အတည်းများကို ခြုံငုံပြီး “အများကြိုက် ပေါ်ပြူလာဝါဒ အင်အားကြီးမားလာခြင်း”ဟု အနှစ်ချုပ်ဖော်ပြကြသည်။)

အဆိုပါ စစ်အေးလွန် ကမ္ဘာ့အစီအစဉ်ပြိုကျမှု၏ အဆိုးဝါးဆုံးနှင့် အနက်ရှိုင်းဆုံး ပထဝီဒေသကြီးမှာ ဆိုခဲ့ပါ ကမ္ဘာ့အစီအစဉ်ကို မွေးဖွားပုံပေါ်ခဲ့ရာ ဥရောပတိုက်ကြီးပင် ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ ထွက်ခွာပြီးသည့်နောက်တွင်ကား အီးယူ၏ တစ်စိတ်တစ်ပိုင်း ပြိုကွဲခြင်း၊ သို့မဟုတ် အပြည့်အဝ ပြိုကွဲခြင်းဆိုသည်မှာ မဖြစ်နိုင်သည့်ကိစ္စ မဟုတ်တော့ပါချေ။ ပို၍ ပို၍ အာဏာပိုင် အုပ်စိုးမှုသဘော ဆောင်လာသော တူရကီမှာလည်း NATO အဖွဲ့ကြီးမှ သူ့သဘောနှင့်သူ နုတ်ထွက်မည်လား သို့မဟုတ် နှင်ထုတ်ခံရမည်လား ...။ တစ်ခုခုနှင့် အသေအချာ တိုးတော့မည့်သဘော ရှိသည်။ အမှန်စင်စစ် ပြဿနာ၏ အစမှာ ၂၀၁၅ ခုနှစ်ကတည်းကဟု ဆိုရမလိုရှိသည်။ ဟန်ဂေရီနှင့် ပိုလန်တို့တွင် “မလွတ်မလပ်အစိုးရများ” (illiberal Regimes) အာဏာရလာရာမှ မီဒီယာများကို ထိန်းချုပ်လာသည်။ အရပ်ဘက် အဖွဲ့အစည်းများကို ရန်သူလို သဘောထားလာသည်။ လွတ်လပ်သော တရားစီရင်ရေးကို မထီမဲ့မြင် လုပ်လာသည်။ ပြင်းထန်သော အဖြူ- အမည်း အကွဲအပြဲတွေ ရှေ့ရောက်လာခဲ့သည်။

အထူးသဖြင့် ပိုလန်မှာ အခြေအနေ အဆိုးဆုံးဟု ဆိုရမလိုရှိသည်။ ပြောရလျှင် ပိုလန်မှာ ကွန်မြူနစ်လွန် ဒီမိုကရေစီ အပြောင်းအလဲ၏ အအောင်မြင်ဆုံး စံပြဖြစ်သလို စီးပွားရေးဘက်မှ ဆိုလျှင်လည်း ဥရောပ၏ အသန်စွမ်းဆုံး တစ်ခုဖြစ်သည်။ ဤကဲ့သို့သော နိုင်ငံမျိုးတွင်မှ ကွန်ဆာဗေးတစ် အမျိုးသားရေးဝါဒီ၊ Law and Justice Party (PiS) အံ့သြဖွယ်ရာ အနိုင်ရလိုက်သည်။ (အဆိုပါ ၂၀၁၅ ရွေးကောက် ပွဲပြီးခါစမှာပင် စာရေးသူတို့ ပိုလန် ရောက်သွားခဲ့သည်။) လွန်ခဲ့သော ဆယ်နှစ်မရှိတရှိကပင် အများကြိုက် ပေါ်ပြူလာဝါဒကို ငြင်းပယ်ခဲ့ကြသော ပိုလန် မဲဆန္ဒရှင်များမှာ အဘယ့်ကြောင့် PiS ပါတီကို ရွေးခဲ့ကြပါသနည်း။ စာရေးသူ၏ မေးခွန်းကို ပိုလန်ခရီးစဉ်တွင် ဆုံဖြစ်ခဲ့သော တက္ကသိုလ်ကျောင်းသား တစ်ဦးက ယခုလိုဖြေခဲ့သည်။ “ကျွန်တော်တို့ ဆီက အဒမ်မစ်စနစ်တို့၊ “ချက်”က ဗားကလက်ဟားဗယ်တို့၊ သူတို့ကို ကတ္တီပါတော်လှန်ရေးရဲ့ ခေါင်းကိုင်ဖခင်တွေလို့ ခင်ဗျားတို့က သိထားကြမှာပေါ့ဗျာ။ တကယ်တော့ ၁၉၈၉ လောက်ကတည်းက ငုပ်နေတဲ့ အစွန်းရောက်သမားတွေ ကျွန်တော်တို့ဆီမှာ ရှိတယ်ဗျ ...။”

၁၉၈၉ ကို ပြန်ကြည့်ခြင်း

လွန်ခဲ့သော ရာစုတစ်စိတ်ကျော်၊ ၁၉၈၉ နိုဝင်ဘာလက တစ်ပိုင်း တစ်စ ပြိုကျနေပြီဖြစ်သော ဘာလင်တံတိုင်းကြီးပေါ်တွင် ဘာလင်သားတွေ ပျော်ရွှင်မြူးတူးစွာ ကခုန်ခဲ့ကြဖူးသည်။ ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဌာနမှ အရာရှိငယ် တစ်ဦးမျှသာ ရှိသေးသော ဖရန်စစ်ဖူကူ ယားမားက အဆိုပါ ဘာလင်သားတွေ၏ အပျော်ကို “ထုံကူး”၍ ဆောင်းပါး တစ်ပုဒ်ကို အကောင်းမြင်စွာ ရေးထုတ်ခဲ့သည်။ “သမိုင်းနိဂုံးချုပ်ပြီလော...”ဆောင်းပါး။ ဤဆောင်းပါးတွင် သူက ... “ပြိုင်ပွဲကြီးကား ပြီးသွားခဲ့လေပြီ။ သမိုင်းက အောင်နိုင်သူကို မွေးထုတ်ပေးလိုက်သည်။ အနောက်တိုင်းပုံစံ လစ်ဘရယ် ဒီမိုကရေစီ ဖြစ်ပါသည်...” စသဖြင့် ရေးခဲ့သည်။ “သမိုင်းဆိုသည်မှာ အိုင်ဒီအိုလိုဂျီတိုက်ပွဲ”ဆိုသော “ဟေဂယ်”၏ အယူအဆကိုကိုင်ပြီး ဖူကူယားမားက “လစ်ဘရယ်ဒီမိုကရေစီ”ကို သမိုင်း နိဂုံးဟု အဖြေထုတ်လိုက်ခြင်းပင် ဖြစ်ပါသည်။ ဤစာတမ်းကိုပင် အခြေခံ၍ နောင်တွင် ကျမ်းတစ်စောင် ပြုစုခဲ့သည်။ “သမိုင်းနိဂုံးနှင့် နောက်ဆုံးလူ ...။”

ဖူကူယားမား၏ “သမိုင်းနိဂုံး” အယူအဆကို လက်မခံသူတွေလည်း မနည်းမနော ရှိပါသည်။ သူကိုယ်တိုင်သည်ပင် သူ၏ ပထမ မူလဆောင်းပါး ခေါင်းစဉ်တွင် “မေးခွန်းလက္ခဏာ” (?) တပ်ထားခဲ့သည်။ The End of History?၊ ဤသို့ နိဂုံးဆန့်ကျင်ရေးဂိုဏ်းတွင် ပါဝင်သူတစ်ဦးမှာ အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင် “ကင်းဂျိုးဝစ်”ပင်ဖြစ်သည်။ သူက “စစ်အေးတိုက်ပွဲ” ပြီးဆုံးသွားသည်ကိုမူ လက်ခံသည်။ သို့တစေ ဖူကူ ယားမားပြောသလို “လစ်ဘရယ်ဒီမိုကရေစီအောင်ပွဲ”နှင့်တော့မဟုတ်။ အကျပ်အတည်းများနှင့် စိတ်ဒဏ်ရာများဖြင့်သာ ပွဲပြီးသွားခြင်းဖြစ်သည်။ ဤအနေအထားမှာ “ကမ္ဘာ့အစီစဉ်မဲ့မှုသစ်” (The New World Disorder) ၏ အစပျိုးချက်ဖြစ်နိုင်သည်ဟု မှတ်ချက်ပြုခဲ့သည်။ ကင်ဂျိုးဝစ်က သမိုင်းနိဂုံး ဆိုသည်ကိုလည်း လက်မခံပါ။ “ကွန်မြူနစ်ဝါဒနိဂုံး” (The end of Communism) ဟူ၍သာ သတ်မှတ်သည်။ ဤသည်ကို သူက “လီနင်ဝါဒ မီးငြိမ်းခြင်း” (Leninist Extinction) ဟု အမည်ပေးသည်။

ဤတွင် ပြဿနာမှာ ပြိုကျသွားသော ကွန်မြူနစ်ဝါဒ နေရာတွင် ဘာနှင့် အစားထိုးကြမည်နည်းဆိုသော ပုစ္ဆာပင် ဖြစ်သည်။ အနောက်နိုင်ငံများ လျှောက်ခဲ့သော လမ်းကြောင်းအတိုင်း ပုံတူကူးချကြလျှင် “တရားသေဝါဒ”နှင့် လှလှကြီး တိုးလိမ့်မည်ဟု ကင်ဂျိုးဝစ်က သတိပေးသည်။ ဤနေရာတွင် “လစ်ဘရယ်ဒီမိုကရေစီကို စိန်ခေါ်နိုင်မည့် အိုင်ဒီအိုလိုဂျီ အသစ်ပေါ်နိုင်ဖွယ်ရာမမြင်”ဆိုသော ဖူကူယားမား၏ ကောက်ချက်ကိုမူ သူက သဘောတူသည်။ သို့တစေ ယခုထက်တိုင် သက်တမ်း ရှိနေသေးသော အိုင်ဒီအိုလိုဂျီဟောင်းတို့၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရဖို့ ရှိသည်ဟု အလေးအနက် သတိပေးခဲ့သည်။ လူမျိုးရေး၊ မျိုးတူစုရေးနှင့် ဘာသာရေး အခြေခံ အမှတ်အသား သရုပ်များ (အချုပ်ဆိုရလျှင်) “အမှတ်အသား နိုင်ငံရေး” (Identity Politics) ခေတ်ကြီးနှင့် ရင်ဆိုင်ရဖို့ရှိလိမ့်မည်ဟု ကြိုတင် နိမိတ်ဖတ်ခဲ့သည်။ အထူးသဖြင့် အားနည်းသော နိုင်ငံများ၏ ပြာပုံပေါ်တွင် “ဒေါသူပုန် လှုပ်ရှားမှုများ” (Movements of Rage) ထွက်ပေါ်လာနိုင်စရာရှိသည်ဟု သတိပေးခဲ့သည်။

ကမ္ဘာပတ်တော့မည့် - တစ္ဆေကြီး

၂၀၁၆ ခုနှစ် အောက်တိုဘာလထုတ် “ဒီမိုကရေစီ ဂျာနယ်”တွင် အယ်ဒီတာများက ယခုလို အမှာစကားပါးထားသည်။ အယ်ဒီတာ့အာဘော်၏ ခေါင်းစဉ်မှာ “ဥရောပကို ခြောက်လှန့်နေသော တစ္ဆေကြီး”ဟူ၏။ (အဆိုပါ ဒီမိုကရေစီ ဂျာနယ် (JOD) မှာ သုံးလ တစ်ကြိမ်ထုတ်ဖြစ်သည်)

“၁၈၄၈ ခုနှစ်က ကား(လ်)မာ့က်ခ်တစ်ယောက် လူသိများ ထင်ရှားစွာ ထုတ်ဖော် ကြေညာခဲ့သော သူ၏နာမည်ကျော် “ကွန်မြူနစ်ကြေညာစာတမ်း”တွင် “တစ္ဆေကြီး တစ်ကောင်မှာ ဥရောပကို ခြောက်လှန့်လျက်ရှိနေပေပြီ”ဆိုသော ထင်ရှားသည့် စာကြောင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုစဉ်ကတော့ ချက်ချင်းဆိုသလိုပင် အဆိုပါတစ္ဆေကြီးကို မာ့က်ခ်က အမည်ပေးခဲ့သည်။ “ကွန်မြူနစ်ဝါဒ တစ္ဆေကြီးပင် ဖြစ်ပါသည်။ ယနေ့အခါတွင်လည်း တစ္ဆေကြီး တစ်ကောင်မှာ ဥရောပကို ခြောက်လှန့်လျက် ရှိနေပြန်ချေပြီ။ သို့တိုင်အောင် အဆိုပါ တစ္ဆေကြီးကို ရှင်းရှင်းလင်းလင်း တိတိကျကျ သတ်မှတ်မဖော်ထုတ်နိုင်သေး။ (တစ္ဆေကြီးကိုယ်တိုင်က ကိုယ်ထင်အမျိုးမျိုး ပြနေသောကြောင့်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။) ဥရောပ၏ လစ်ဘရယ်ဒီမိုကရေစီကို ခြိမ်းခြောက် စိန်ခေါ်နေဟန်ရှိသော ယနေ့နိုင်ငံရေး တိမ်းညွှတ်မှုကို ဝေါဟာရမျိုးစုံဖြင့် ဖော်ပြနေကြရသည်။ “အများကြိုက် ပေါ်ပြူလာဝါဒ၊ အမျိုးသားရေးဝါဒ၊ ဒေသစွဲဝါဒ၊  မလွတ်မလပ်ဝါဒ၊ နိုင်ငံခြားကြောက်ရောဂါ စသဖြင့်....”

“လက်ဝဲဘက်ရော၊ လက်ယာဘက်တွင်ပါ တွေ့နေရသည့် အဆိုပါဝါဒ၏ ယေဘုယျ လက္ခဏာများမှာ “အခြေခိုင်ပြီး အယူအဆ အားလုံးကို ဆန့်ကျင်ခြင်း”၊ “ရေကြည်ရာ မြက်နုရာ ရှာဖွေသူများကို ဆန့်ကျင်ခြင်း”၊ “ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်ခြင်း”၊ “အီးယူဆန့်ကျင်ရေး”၊ “အမေရိကန် ဆန့်ကျင်ရေး”နှင့် တစ်ခါတစ်ရံတွင် “ဒီမိုကရေစီဆန့်ကျင်ရေး”ကိုပါ ဗြောင်ဖော်ထုတ်လာသည်...”အဆိုပါ အယူအဆများ၏ မူလအစမှာ ၂၀၁၅ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ပိုလန် ရွေးကောက်ပွဲတွင် မလွတ်မလပ် အစိုးရအာဏာ ရလာသည်မှ အစပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ဗြိတိသျှတို့ အီးယူမှ နုတ်ထွက်လိုက်ရာမှ အမြင့်ဆုံးသို့ ရောက်လာသည်ဟု ဆိုပါသည်။ ၂၀၁၆ ကုန်ခါနီး ကျင်းပခဲ့သော အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အံ့သြဖွယ်ရာ အနိုင်ရလိုက်သောအခါ ဥရောပ တစ္ဆေကြီးမှာ အမေရိကသို့ ရောက်လာလေတော့သည်။

ပြီးခဲ့သည့် နှစ်သစ်ကူးညက ဆိုခဲ့ပါ အယ်ဒီတာ့အာဘော်ကို အွန်လိုင်းပေါ်တင်ခဲ့ရာ မိတ်ဆွေ တစ်ဦး (ကိုစိုင်းထွန်းအောင်လွင်)က ယခုလို Comment ပေးသည်။ Perhap Myanmar?... ။ အမှန်စင်စစ် အဆိုပါစာသားများကို အွန်လိုင်း တင်ခဲ့သည်မှာ မိမိတိုင်းပြည်အတွက် စိုးရိမ်စိတ်ကြောင့်ပင် ဖြစ်သည်။ စာရေးသူက လက်ရှိအာဏာရပါတီ ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို “ရှားရှားပါးပါး လစ်ဘရယ်စိတ်အခံရှိသူ ခေါင်းဆောင်တစ်ဦး”ဟု ယခင်ကတည်းက မြင်ထားသည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ နောက်ပိုင်းနှင့် ယခုအာဏာရပါတီ ဖြစ်ပြီးသောအခါတွင်မူ “လက်တွေ့ကျကျ ဆုံးဖြတ်တတ်သူ ခေါင်းဆောင်”ဟူ၍လည်း ဖြည့်စွက် မြင်ထားသည်။ အစဉ်အလာအရ လစ်ဘရယ်ဝါဒကို အစွန်းနှစ်ဖက်လုံးက မကြိုက်။ လက်တွေ့ဝါဒကိုလည်း ရယ်ဒီကယ်အစွဲက မကြိုက်။ ထို့ထက် ရွေ့နေသော အကြမ်းဖက်ဝါဒများကို မာတိကာ စဉ်ကြည့်လိုက်ရာ (အယ်လ်ကိုင်းဒါး၊ ISIS၊ ပြီးတော့ ရခိုင်ပြည်နယ်ရေး) စိုးရိမ်မကင်း ဖြစ်မိသည်မှာ အမှန်ပင်ဖြစ်သည်။ လာတော့မည့် ၂၀၁၇ သည် ကင်ဂျိုးဝစ် ပြောခဲ့ဖူးသော “ဒေါသူပုန်လှုပ်ရှားမှုခေတ်ကြီး” မဖြစ်ပါစေနှင့် ဟူ၍သာ ဆုတောင်းနေရတော့သည်။ 

ကျော်ဝင်း
၂ ဇန်နဝါရီ၊ ၂၀၁၄

  • TAGS