POST TYPE

PERSPECTIVE

၁။ အမျိုးသား ပြန်လည်သင့်မြတ်ရေး

(က) တပ်မတော်နှင့် ဆက်ဆံရေး

အမှန်စင်စစ် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာ နိုင်ငံရေးအရ အပြန်အလှန် ကျေးဇူးပြုမှုများ လိုအပ်နေကြသည်သာ ဖြစ်ပါသည်။ တပ်မတော်၏ ထောက်ခံမှုသာ မရလျှင် (သို့မဟုတ်) အနိမ့်ဆုံး သဘောတူညီမှုသာ မရှိလျှင်) ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တိုင်းပြည်ကို ထိထိရောက်ရောက် အုပ်ချုပ်ဖို့ပင် လွယ်လိမ့်မည် မဟုတ်ပါ။ အပြန်အလှန် အနေနှင့် တပ်မတော်ဘက်မှလည်း ပိုမိုကောင်းမွန်သော ပြည်တွင်းပြည်ပ ဂုဏ်သိက္ခာ ရရှိစေရန် အနောက်နိုင်ငံ တပ်မတော်များနှင့် ဆက်ဆံရေး တိုးတက်စေရန် လက်ရှိတပ်မတော်ကို ‘Standard Army’ အဖြစ် အဆင့်မြှင့်ရန် စသော ၎င်း၏ ရည်မှန်းချက်များ အောင်မြင်စေရေးမှာ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီအမှန်ပင် လိုပါသည်။ ဤသို့သော အပြန်အလှန် လိုအပ်ချက်ကို နှစ်ဖက်လုံးမှလည်း သဘောပေါက် နားလည်ထားကြဟန် တူပါသည်။ 

သို့နှင့်တိုင် ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်၏ ရှည်ကြာခက်ခဲသော ခရီးရှည် ခရီးကြမ်းကြီးကို ဖြတ်သန်းရင်း အပြန်အလှန် နားလည်မှု လွဲကြသည်များ ရှိသလောက်ရှိခဲ့ရာ NLD အစိုးရခေတ်၏ ကနဦး ကာလများတွင် အဖုအထစ်အချို့နှင့် ကြုံခဲ့ရပါသည်။ အထူးသဖြင့် ဧပြီ ၅ ရက်နေ့က ကျင်းပခဲ့သော ဥပဒေပြု လွှတ်တော်အစည်းအဝေးတွင် ‘နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဥပဒေကြမ်း’ ကို ဆွေးနွေးကြစဉ်က ဖြစ်သည်။ ဤဥပဒေကြမ်းအရ အုပ်ချုပ်ရေးအာဏာရော၊ ဥပဒေပြု အာဏာတွင်ပါ တရားဝင် အကြံပေးခွင့် ရှိသလို ဖြစ်နေရာ အခြေခံဥပဒေက တရိုတသေ ထိန်းထားသည့် အာဏာခွဲဝေ ကျင့်သုံးမှုကို ထိပါးရာ ရောက်သည်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ယူဆထားကြဟန် ရှိသည်။ ‘လူများစုနှင့် ဒီမိုကရေစီ အနိုင်ကျင့်မှု’ ဆိုသော လူသိရှင်ကြား စွပ်စွဲမှုများ ရှိခဲ့သော်လည်း တင်းတင်းမာမာ ထိပ်တိုက်တွေ့ကြသည်မျိုးကား မရှိခဲ့ပါ။ ‘အခြေခံဥပဒေခုံရုံး’ ရွေးချယ်ရာတွင် တစ်ကြိမ်၊ ‘ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ’ ရွေးချယ်ရာတွင် နောက်တစ်ကြိမ် အလားတူ အငြင်းပွားစရာများ ဖြစ်ခဲ့ရသည်။ 

သို့တစေ ငြိမ်းချမ်းရေးဖြစ်စဉ် အရှိန်ရလာပြီး နောက်ပိုင်းတွင်မူ ဤသို့သော ထိပ်တိုက်တွေ့မှုများ မတွေ့ရ မကြုံရတော့ပါချေ။ ၂၀၁၇ ဖေဖော်ဝါရီတွင် ကျင်းပဖို့ လျာထားသည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် လူမျိုးစု လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင် လက်မှတ်ထိုးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒရှိနေသလို တပ်မတော်ကလည်း လက်မှတ်ထိုးကြရန် စစ်ရေးဖိအားပေးမှုများ လုပ်လာသည်။ နောက်ပိုင်း မြောက်ပိုင်းမဟာမိတ်များနှင့် စစ်ရေးတင်းမာမှုများ ရှိလာရာ ဒေါ်အောင်ဆန်းစုကြည်ကိုပင် မကျေမနပ် ဝေဖန်ကြသည့် အသံတချို့ ထွက်လာသည်။ တပ်မတော်နှင့် ဆက်ဆံရေးတွင် သတိကြီးကြီး ထားနေရသော ဒေါ်အောင်ဆန်းစုကြည်၏ အခက်အခဲများကို စာနာနားလည်ဖို့တော့ လိုလိမ့်မည် ထင်ပါသည်။ နှစ်ဆန်း ၁ ရက်နေ့က လူငယ်များနှင့် ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပြောဆိုခဲ့သော ‘ပစ်ရင်းခတ်ရင်းနဲ့တော့ ငြိမ်းချမ်းရေး မရနိုင်’ ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားတွင် သူမ၏ အတွင်းသဘောကို ‘ဆဝါး’ နိုင်ပါလိမ့်မည်။ 

(ခ) လူမျိုးစု အဖွဲ့အစည်းများနှင့် ဆက်ဆံရေး

တပ်မတော်နှင့် NLD ၏ ဆက်ဆံရေးမှာ အရေးကြီးသလို ၎င်းနှင့်အပြိုင် အရေးကြီးသည့် နောက်တစ်ခုမှာ NLD နှင့် လူမျိုးစုပါတီ အဖွဲ့အစည်းများ၏ ဆက်ဆံရေးပင် ဖြစ်သည်။ အားလုံးသိပြီး ဖြစ်သည့်အတိုင်း NLD မှာ ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှ ထွက်ပေါ်လာသောပါတီ ဖြစ်သည်။ တပ်မတော်နှင့် လူမျိုးစုပါတီ တော်တော်များများမှာ တိုင်းပြည်လွတ်လပ်ရေးရစဉ် ၁၉၄၈ ခုနှစ် ကတည်းက (အချို့ဆိုလျှင် လွတ်လပ်ရေးမရမီ ကတည်းက) ရှိနှင့်ခဲ့သော အဖွဲ့အစည်းများ ဖြစ်သည်။ တစ်နည်းဆိုရလျှင် မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြီး၏ အဓိက ဇာတ်လိုက်ကြီးများ ဖြစ်သည်။ သူတို့အချင်းချင်း ဖြစ်နေကြသော လက်နက်ကိုင် ပဋိပက္ခမှာလည်း နှစ်ပေါင်း ၇၀ နီးပြီ ဖြစ်ရာ NLD အနေနှင့် ဆိုခဲ့ပါ ပဋိပက္ခကြီးတွင် ဘယ်ဘက်မှ မရပ်မိဖို့ အထူးအရေးကြီးပါသည်။ လူမျိုးစုနှင့်နီးလျှင် တပ်နှင့် ဆက်ဆံရေး ထိခိုက်နိုင်သလို တပ်နှင့် နီးပြန်လျှင်လည်း လူမျိုးစုတို့၏ အထင်လွဲမှုနှင့် ကြုံရနိုင်သည်။ အကောင်းဆုံးမှာ ‘ကြားဝင်စေ့စပ် ဖျန်ဖြေသူအခန်း’ ဖြစ်ပါလိမ့်မည်။ 

လာမည့် ဖေဖော်ဝါရီ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေ စုံစုံညီညီ တက်ရောက်ကြစေဦး၊ အများညီ အဖြေတစ်ခုကို အလွယ်နှင့် ရနိုင်ဦးမည် မဟုတ်ပါ။ စိတ်ရှည်လက်ရှည် သို့သော် အကြိတ်အနယ် ဆွေးနွေးညှိနှိုင်း အဖြေရှာရဦးမည့် သဘောရှိသည်။ ဤသို့သော ‘မာရသွန်’ ဆွေးနွေးပွဲမျိုးတွင် ‘Moderator’ ကောင်း တစ်ယောက်ရှိဖို့ အမှန်ပင် လိုပါသည်။ အဆိုပါ ‘Moderator’ ကောင်းသည် ဘယ်ဘက်မှ မလိုက်သော ကြားလူဖြစ်ရမည်။ ‘ရေတိုရည်မှန်းချက်’ (Mission) နှင့် ‘ရေရှည်ရည်မှန်းချက်’ (Vision) ကို ခွဲခြားနိုင်ရမည်။ လက်တွေ့ကျသော ‘ကြားအဖြေ’ ကို ဖော်ထုတ်ပေးနိုင်ရမည်။ မြန်မာ့နိုင်ငံရေးတွင် ‘ထီးလိုမင်းလို’ ဖြစ်နေသော  NLD သည်သာModerator အခန်းနှင့် အသင့်တော်ဆုံးဟု သဘောရပါသည်။ 

ပြီးခဲ့သော ရွေးကောက်ပွဲအတွင်းက NLD မှာ မိမိကိုယ်ကိုယ် ‘ပြည်ထောင်စုပါတီ’ ဟု ကြွေးကြော်ခဲ့ဖူးသည်။ ‘ပြည်ထောင်စုပါတီ’ ဟု ဆိုရာတွင် အဓိပ္ပာယ်နှစ်မျိုး ရသလား စဉ်းစားမိသည်။ တစ်ပြည်လုံး အတိုင်းအတာ (တစ်နည်း ပြည်ထောင်စု တစ်ဝန်းလုံး) ပါဝင်ယှဉ်ပြိုင်သည့် ပါတီဟု နားလည်နိုင်သလို ပြည်ထောင်စု တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် ပါတီဟုလည်း ယူဆနိုင်စရာ ရှိသည်။ ပထမ အဓိပ္ပာယ်အရ ပြောစရာ မရှိသော်လည်း ဒုတိယအဓိပ္ပာယ်အရ ဆိုလျှင်မူ ပြောစရာ ရှိသလောက် ရှိသည်။ သက်ဆိုင်ရာပြည်နယ်တွင် (ဥပမာ- မွန်ပြည်နယ်) သက်ဆိုင်ရာ လူမျိုးစု (ဥပမာ- မွန်အမျိုးသား) NLD ပါတီဝင်ကို ကိုယ်စားလှယ်ရွေးသည်။ သို့အတွက် ‘ပြည်ထောင်စုပါတီပါ’ ဟု ဆိုသည်။ အမှန်စင်စစ် ဤအပြုအမူမျိုးကို ဦးနေဝင်း၏ ‘မဆလ’ လည်း လုပ်ခဲ့ဖူးသည်။ ‘ဗကပ’ လည်း လုပ်ဖူးသည်။ ရွေးကောက်ပွဲကာလ အတွင်းမှာပင် ပါတီဥက္ကဋ္ဌ ကိုယ်တိုင်က ‘USDP လည်း လူမျိုးစုဒေသတွေမှာ ဝင်ပြိုင်တာပဲ။ ဒါကြောင့် NLD လည်း ဝင်ပြိုင်မယ်’ ဟု ပြောခဲ့ဖူးသည်။ တကယ်တော့ NLD မှာ USDP လုပ်တိုင်း လိုက်လုပ်ရမည် မဟုတ်။ ဗိုလ်ချုပ် ဦးဆောင်ခဲ့သော ဖဆပလ လမ်းကြောင်းအတိုင်း လိုက်သင့်သည်သာ ဖြစ်သည်။ (ဤအကြောင်းကိုတော့ ရှေ့လာမည့် ခေါင်းစဉ်ငယ်တွင် ဆွေးနွေးသွားပါမည်။)

(ဂ) ဒီမိုကရက်တစ် အင်အားစုများနှင့် ဆက်ဆံရေး

မြန်မာနိုင်ငံ၏ ခေတ်သစ် နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်လျှင် အမျိုးသား သွေးစည်းခိုင်မာရေး အားအကောင်းဆုံး ကာလမှာ ဖက်ဆစ်တော်လှန်ရေး အကြိုကာလပင် ဖြစ်သည်။ ‘ဘာကြောင့် အားအကောင်းဆုံး ဖြစ်ရသလဲ’ ဆက်လက်ဆန်းစစ်ကြည့်ရာ နိုင်ငံရေးအင်အားစု အားလုံးကို တပ်ပေါင်းစု အလံတစ်ခုအောက်တွင် ဆွဲစုထားနိုင်သောကြောင့် ဖြစ်သည်ကို တွေ့ရသည်။ ဤညီညွတ်မှု အင်အားဖြင့်ပင် ဖက်ဆစ်ဂျပန်ကို အနိုင်တိုက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ NLD ပါတီကို စတင်ထူထောင်သူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သော ဦးထွေးမြင့် မကွယ်လွန်မီက 7 Day ဂျာနယ်နှင့် လုပ်ခဲ့သော အင်တာဗျူးတွင် ဤသဘောမျိုးကိုပင် ပြောသွား သည်။ “ကျွန်တော်တို့တစ်တွေ NLD ကို စ Found လုပ်တုန်းက ရည်ရွယ်ခဲ့တာ ‘ပါတီ’ မဟုတ်ဘူးဗျ။ ‘တပ်ပေါင်းစု’ လုပ်ဖို့” ဟူ၏။ သူပြောသည်မှာ သမိုင်းတွင် ရှိခဲ့ဖူးသော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ‘ဖဆပလအဖွဲ့ချုပ်’ သဘောမျိုးဟု နားလည်ရပါသည်။ 

၁၉၄၇ ဧပြီလက ကျင်းပခဲ့သော တိုင်းပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ထိုစဉ်က ရှိခဲ့သော လူမျိုးစုပါတီ အဖွဲ့အစည်းများမှာ ဖဆပလ အလံတော်အောက်မှပင် ညီညီညွတ်ညွတ် ယှဉ်ပြိုင်ခဲ့ကြရာ ဖဆပလပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ အကယ်၍ ဦးထွေးမြင့် ပြောသလို NLD သာ တပ်ပေါင်းစု ဖြစ်ခဲ့လျှင် ရွေးကောက်ပွဲများတွင် လူမျိုးစုပါတီတွေနှင့် ထိပ်တိုက်တိုးစရာ မရှိ။ လူမျိုးစုပါတီများ ကိုယ်တိုင်ကလည်း သူတို့ကိုယ်တိုင် ပါဝင်နေသော NLD ကို ပြည်ထောင်စုပါတီကြီး အဖြစ် အသည်းလှိုက်အူလှိုက် ခံယူကြမည်သာ ဖြစ်သည်။ ပြောရလျှင် လူမျိုးစုပါတီရယ်မှ မဟုတ်၊ အခြားဒီမိုကရက်တစ် ပါတီများကိုလည်း တပ်ပေါင်းစု နိုင်ငံရေးလမ်းကောင်းဖြင့် စုစည်းဆွဲခေါ်သင့်သည်။ သို့မှသာ ရွေးကောက်ပွဲတိုင်း အနိုင်သေချာစေမည့် လူထုကိုယ်စားပြု အင်အားစုကြီး ဖြစ်လာပါလိမ့် မည်။ တစ်ခုတော့ ရှိသည်။ အောင်မြင်သော တပ်ပေါင်းစုတစ်ခု တည်ဆောက်နိုင်ရေးအတွက် အနိမ့်ဆုံး စောင့်ထိန်းလိုက်နာရမည့် မူအချို့ကိုတော့ လေးနက်ဖို့ လိုပါလိမ့်မည်။ သိပ်များများစားစားတော့လည်း မဟုတ်ပါ။ သုံးချက်မျှသာ ဖြစ်ပါသည်။ ၁။ ပါတီကြီးဉာဉ်နှင့် လူမျိုးကြီးဝါဒကို အထူးဆင်ခြင်၊ ၂။ ပါတီအကြီးအငယ်မခွဲ အားလုံး တန်းတူရည်တူ ဖြစ်ရမည်။ (ဤနေရာတွင် အကြွင်းမဲ့ တန်းတူရေးကို မဆိုလို၊ နိုင်ငံရေးအရ တန်းတူရေးသာ ဖြစ်သည်။)၊ ၃။ တစ်သွေးတစ်သံတစ်မိန့် မလုပ်ရ၊ ဒီမိုကရေစီနည်းကျ စုပေါင်းခေါင်းဆောင်မှုကို ထူထောင်။ တစ်လုံးတည်း ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကြီးမှုကို နမူနာယူကြဖို့ပင် ဖြစ်ပါသည်။ 

ရှေ့အပတ်တွင် ဆက်လက်ဖော်ပြပါသည်။ 
ကျော်ဝင်း
၂၀၁၆ နိဂုံး ၂၀၁၇ နိဒါန်း (၁) >>


ABOUT AUTHOR

(ကျော်ဝင်း)