POST TYPE

PERSPECTIVE

ဖုံးခဲ့လေသမျှ ကုန်းခါမှပေါ်တဲ့ မိုးပြာ
05-Jan-2017 tagged as


“သူကြွယ်တို့ ထိုအယူ နှစ်မျိုးတို့တွင် ပညာရှိသော ယောက်ျား တစ်ယောက်သည် ဤသို့ ဆင်ခြင်၏။ တမလွန်လောကသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤသို့ရှိခဲ့သော် ဤအရှင်ယောက်ျားသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်ရလတ္တံ့။ တမလွန်လောကည် အကယ်၍မရှိပါနှင့် ဦး၊ ထိုအရှင်သမဏဗြာဟ္မဏတို့၏စကားသည် မှန်သည်ပင်ဖြစ်ပါစေဦး၊ ထိုသို့ဖြစ်သော်လည်း ဤအရှင်ယောက်ျားပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် သီလရှိသော မှန်သောအယူရှိသော ကံ ကံ၏အကျိုးကို ယုံကြည်သော ဝါဒရှိသော ယောက်ျားတည်းဟု ပညာရှိတို့ အချီးမွမ်းခံရ၏။ တမလွန်လောကသည် အကယ်၍ ရှိသည်သာလျှင် ဖြစ်အံ့၊ ဤသို့ရှိခဲ့သော် ဤအရှင်ယောက်ျားပုဂ္ဂိုလ်သည် မျက်မှောက် သော ကိုယ်၏အဖြစ်၌ပင်လျှင် ပညာရှိတို့၏ အချီးမွမ်းခံရခြင်း၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ကောင်းသောလားရာဖြစ်သော နတ်ပြည်လောကသို့ ရောက်ရခြင်းအားဖြင့် နှစ်ပါးစုံအောင်မြင်၏။ ဤသို့ ထိုသူ၏ ကောင်းစွာ စွဲယူဆောက်တည်ထားသော ဤဧကန် အကျိုးရှိသော အကျင့်တရားသည် နှစ်ပါးသော အဖို့ကို နှံ့၍တည်၏။ အကုသိုလ်အရာကို ကြဉ်ရှောင်၏”

အထက်ပါ ဘုရားရှင်ရဲ့ ဟောကြားချက်များနဲ့ မိုးပြာဦးဉာဏရဲ့ ဟောကြားချက်များဟာ ဘယ်လောက်တောင် ဆန့်ကျင်ဘက်ဖြစ်နေတယ်ဆိုတာ သေချာ စဉ်းစားကြည့်ပါ။ ဘဝသံသရာမရှိဆိုတဲ့ မိုးပြာဦးဉာဏလို ဥစ္ဆေဒဒိဋ္ဌိသမားတွေဟာ လောကအတွက်၊ လူမှုအသိုင်းအဝိုင်းအတွက် ဘယ်လောက်တောင် ဆိုးကျိုးပေးနေတယ် ဆိုတာ၊ ဘဝသံသရာ မရှိဆိုတဲ့ အယူဝါဒဟာ ဘယ်လောက်တောင် ဆိုးဝါးတယ်ဆိုတာ သေချာ စဉ်းစားကြည့်ပါ။ မိုးပြာဦးဉာဏက အင်တာဗျူးမှာ ထည့်မပြောထားသော်လည်း သူ့ရဲ့ ထွက်ရှိပြီးဟောတရားများ စာအုပ်များမှာဆိုရင် ကုသိုလ်ကံ အကုသိုလ်ကံဆိုတာ မရှိလို့ အတိအလင်း ဟောကြားထားတဲ့သူ တစ်ယောက်ပါ။ အဲဒီလောက်တောင် မိုးပြာဦးဉာဏက ဘုရားရှင်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ပြုလုပ်နေတဲ့သူ တစ်ဦးပါ။

မေးမြန်းသူက “ဘယ်ဟာကတော့ မြတ်စွာဘုရားဟောတာ ဖြစ်တယ်။ ဘယ်ဟာကတော့ မြတ်စွာဘုရားဟောတာ မဟုတ်ဘူးလို့ အဲသလို သတ်မှတ်ဖို့ရာအတွက် အရှင်ဘုရား ဘာနဲ့တိုင်းတာပါသလဲဘုရား”လို့ မေးမြန်းတဲ့အခါမှာ မိုးပြာဦးဉာဏက “မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေဟာ လူပေါ်ကို တင်ကြည့်ရပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင် မြတ်စွာဘုရား ဟောတဲ့တရားတွေက သုတ္တတွေပဲ။ သုတ္တဆိုတာဟာ အရိယာရဲ့ စည်းမျဉ်းတွေပါဗျ။ အရိယာရဲ့ စည်းမျဉ်းဆိုတော့ အရိယာ တရားဆိုတာက ဒီတလံမျှလောက်ဖြစ်တဲ့ အသိစိတ်ဓာတ်နဲ့ အမှတ်သညာရှိတဲ့ ကိုယ်ပေါ်မှာပဲ ဒီအရိယာ သစ္စာတရားက ရှိတာဆိုတော့ အဲဒီ တရားအနက်တွေကို သုတ္တရဲ့ အနက်တွေကို လူပေါ်မှာတင် ကြည့်ရပါတယ်ဗျ။ လူပေါ်မှာ တင်ကြည့်လို့ မရအောင် ဟိုရှေးတွေတို့ နောက်တွေတို့ အထက်တွေတို့ အောက်တွေတို့ ဆိုတာတွေကို ဒါ ပါနေလို့ ရှိရင်ကတော့ မြတ်စွာဘုရား မဟောတာလို့ ဆိုတာကို ကျုပ်တို့က သိရပါတယ်ဗျ”လို့ ဖြေသွားပါတယ်။ ဒီစကားကလည်း ဆိုမိဆိုရာ ပြောဆိုသွားတဲ့စကားပဲ ဖြစ်ပါတယ်။

မိုးပြာဦးဉာဏက သုတ္တကို အရိယာရဲ့ စည်းမျဉ်းလို့ လွဲလွဲမှားမှား ပြောဆိုသွားတယ်။ သုတ္တဆိုတာ “တမျဉ်းချည်၊ ပန်းသီတံ၊ ပန်းသီကြိုး”လို့ အဓိပ္ပာယ် ရှိပါတယ်။ စည်းမျဉ်းလို့ ဆိုမယ်ဆိုရင် ဆိုလို့ရပေမယ့် မိုးပြာ ဦးဉာဏပြောသလို အရိယာတွေရဲ့ စည်းမျဉ်းလို့တော့ ဆိုလို့မရပါဘူး။ မိုးပြာဦးဉာဏက ဗစစူနကို ဖရဲသီးလို့ ဘာသာပြန်လိုက်တဲ့ သဘောပဲဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို ဖရိုဖရဲ မဖြစ်ရအောင် ဟိုတစ်စ သည်တစ်စ ပြန့်ကျဲ မနေအောင် သီကုံးပေးထားတဲ့ကြိုးလို့ အဓိပ္ပာယ် ထွက်ရှိပါတယ်။ မြတ်စွာဘုရားရှင် တရားတော်များကို ဟောကြားတော်မူစဉ်အခါတုန်းက သုတ်နာမည်တွေ မရှိပါဘူး။ ပထမ သင်္ဂါယနာတင်တဲ့အခါကျမှသာ တရားတော်တွေကို စနစ်တကျ စုစည်းပြီးတော့ အရှင်မဟာကဿပ စတဲ့ ရဟန္တာအရှင်မြတ်ကြီးတွေက အပဏ္ဏကသုတ္တစသဖြင့် တရားတော်တွေကို နာမည်တွေ ပေးခဲ့ကြတာ ဖြစ်ပါတယ်။ အပဏ္ဏကသုတ္တ- သေချာသောလမ်းကို ညွှန်ပြပေးထားသော တရားတော်များလို့ အဓိပ္ပာယ် ထွက်ရှိပါတယ်။ အထက်မှာ ဖော်ပြပေးခဲ့တဲ့ တရားတော်ပဲ ဖြစ်ပါတယ်။

ဘုရားရှင် ဟောကြားတော်မူစဉ်က တရားတော်များမှာ သုတ်နာမည်များ မပါရှိဘူး။ ဘုရားရှင်က သုတ်နာမည်ကို ကိုယ်တိုင်ပေးခဲ့တာ မဟုတ်ဘူးလို့ နောက်လာနောက်သားတွေ သိရှိနိုင်အောင်လို့ သုတ်နာမည်တွေပေးစဉ် အချိန်တုန်းက အရှင်မဟာကဿပစတဲ့ အရှင်မြတ်ကြီးတွေက အပဏ္ဏကသုတ္တစသဖြင့် ဝိဘတ် မသက်ဘဲ နာမည် ပေးခဲ့ကြပါတယ်။ ဘုရားရှင်ရဲ့ တရားတော်များက သဒ္ဒါအားဖြင့်ရော အနက်အားဖြင့်ရော ပြည့်စုံပါတယ်။ ဝိဘတ်မသက်တဲ့အတွက် သဒ္ဒါအားဖြင့် ချို့ယွင်းနေပါတယ်။ ချို့ယွင်းနေတာကိုကြည့်ပြီး ဘုရားရှင် ပေးထားတဲ့ နာမည်မဟုတ်ဘူးလို့ သိစေလွယ်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာက ဘုရားရှင်ရဲ့ တရားတော်များကို ထိန်းသိမ်း စောင့်ရှောက်ရာမှာ အဲဒီလောက်တောင် စနစ်တကျ လုပ်ထားခဲ့တာပါ။

မိုးပြာဦးဉာဏတို့လို ပရမ်းပတာပုဂ္ဂိုလ်တွေရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်ပေးတဲ့အနေနဲ့ ဘုရားရှင်က ပရိနိဗ္ဗာန်မစံခင် ရက်ပိုင်းအလိုမှာ သူဟောကြားခဲ့တဲ့တရား ဟုတ် မဟုတ်ဆိုတာကို ဆန်းစစ်တဲ့နည်းလမ်းကို ဟောကြားတော်မူခဲ့ပါတယ်။ မဟာပဒေသ လေးပါးလို့ ခေါ်ဆိုပါတယ်။ မဟာပဒေသ လေးပါးက အောက်ပါအတိုင်းပဲ ဖြစ်တယ်။

“ရဟန်းတို့ ဤသာသနာ၌ တစ်စုံတစ်ယောက်သော ရဟန်းသည် ဤသို့ပြောဆိုငြားအံ့။ ငါ့ရှင်တို့ ငါသည် ဤတရားကို မြတ်စွာဘုရား မျက်မှောက်တော်မှ ကြားနာခဲ့ရ ခံယူခဲ့ရပါ၏။ ဤကား တရားတော်ပါတည်း။ ဤကား ဝိနည်းတော်ပါတည်း။ ဤကား မြတ်စွာဘုရား၏ အဆုံးအမတော်ပါတည်းဟု ပြောဆိုငြားအံ့”

“ရဟန်းတို့ ထိုရဟန်း၏စကားကို အလွယ်တကူနှင့် လက်လည်း မခံသေးဘဲ ပယ်လည်း မပယ်သေးဘဲ ထိုရဟန်း ပြောဆိုသော ပုဒ်ဗျည်းတို့ကို ကောင်းစွာ မှတ်သား၍ သုတ်တရားတော်၌သွင်း၍ ကြည့်ကြရမည်။ ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်ကြရမည်။ ယင်းသို့ သုတ်တရားတော်၌သွင်း၍ ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်းပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း မသက်ဝင်၊ ဝိနည်းတရားတော်၌လည်း မနှီးနှောမိကြလျှင် ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် မဟုတ်ချေ။ ဤရဟန်း၏ မှားယွင်းစွာ သင်ယူထားသော စကားသာ ဖြစ်ချေသည်ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ဤသို့ ဆုံးဖြတ်ပြီးလျှင် ထိုစကားကို ပယ်ကြ စွန့်ကြလေ”

“ထိုသို့မဟုတ် သုတ်တရားတော်၌ သွင်း၍ကြည့်လတ်သော် ဝိနည်းတရားတော်၌ နှီးနှော၍ ကြည့်လတ်သော် ထိုရဟန်း ပြောဆိုသော ပုဒ်ဗျည်းတို့သည် သုတ်တရားတော်၌လည်း သက်ဝင်၊ ဝိနည်းတရားတော်၌လည်း နှီးနှောမိခဲ့လျှင် ဤစကားသည် မြတ်စွာဘုရား၏ စကားတော်စင်စစ် ဖြစ်ပေသည်၊ ဤရဟန်း ကောင်းစွာ သင်ယူထားသော စကားလည်း ဖြစ်ပေသည်ဟု ဤအရာ၌ ဆုံးဖြတ်ကြရမည်။ ရဟန်းတို့ ရှေးဦးစွာသော ဤမဟာပဒေသ လေးပါးကို မှတ်သားထားကြကုန်လော့”

မှတ်ချက်။  ။ကျန်မဟာပဒေသသုံးပါးသည် အကြီးအမှူးသံဃ ထေရ်ထံမှ ကြားနာခဲ့ရသည်ဟု ပြောဆိုလာလျှင်၊ အကြားအမြင် ဗဟုသုတ များပြားသော ပိဋကသုံးပုံဆောင် ရဟန်းတော်တို့ထံမှ ကြားနာခဲ့ရသည်ဟု ပြောဆိုလာလျှင်၊ အကြားအမြင် ဗဟုသုတ များပြား၍ ပရိယတ္တိ ကျွမ်းကျင်တတ်မြောက်သော ရဟန်းတော်ထံမှ ကြားနာခဲ့ရသည်ဟု ပြောဆိုလာလျှင်လည်း အထက်ပါအတိုင်း တိုက်ဆိုင်ညှိနှိုင်း ဆုံးဖြတ်ကြရမည်ဟု ဟောကြားတော်မူထားပါသည်။ (ဒီဃနိကာယ် သုတ်မဟာဝါပါဠိတော် မဟာပရိနိဗ္ဗာနသုတ်)

မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ မြတ်စွာဘုရားရဲ့တရား ဟုတ်မဟုတ် ဆန်းစစ်နည်း အမှန်နဲ့ မိုးပြာဦးဉာဏပြောတဲ့ မြတ်စွာဘုရားရဲ့တရား ဟုတ်မဟုတ် ဆန်းစစ်နည်းက ဆိတ်နဲ့ဆင်လို အရာရာမှာ ကွဲပြား ခြားနားနေပါတယ်။ မိုးပြာဦးဉာဏ ဟောပြောထားတဲ့ တရားတွေကို ဘုရားရှင် ဟောကြားခဲ့တဲ့ မဟာပဒေသ နည်းလမ်းနဲ့ ဆန်းစစ်ကြည့်လိုက်မယ်ဆိုရင် မိုးပြာဦးဉာဏဟာ ရွှံ့ပုပ်ကို ရွှေလုပ်နေတဲ့သူဆိုတာ ရှင်းရှင်းလင်းလင်း သိလာရပါလိမ့်မယ်။ သာသနာရေး ဝန်ကြီးဌာနက ထုတ်ဝေထားတဲ့ မိုးပြာဝိနိစ္ဆယကိုသာ ဝယ်ဖတ်ကြည့်လိုက်ကြပါ။

မိုးပြာဦးဉာဏပြောသလို လူပေါ် တင်ကြည့်လိုက်ရင်လည်း ကိုယ့်သန္တာန်မှာ လောဘ ဒေါ သ မောဟ မာန်မာနတွေ နည်းပါးသွားရင် အဲဒီ ကျင့်စဉ်ကို မြတ်စွာဘုရား ဟောကြားထားခဲ့တဲ့ တရားတော် ဖြစ်တယ်လို့ လက်ခံရကြမယ်ဆိုပြီး မိထွေးဂေါတမီကို ဘုရားရှင်က ဟောကြားတော် မူခဲ့ပါတယ်။ မိုးပြာဦးဉာဏက ကုသိုလ် အကုသိုလ်ပယ်ထားပါတယ်။ ဘဝသံသရာကို ပယ်ထားပါတယ်။ ဝိပဿနာကျင့်စဉ်ကို ပယ်ထားပါတယ်။ လူကလွဲရင် ဘာကိုဖြစ်ဖြစ် အကုန်သတ်လို့ ပြောဟောထားပါတယ်။ ဒီတော့ သူ့တရားတွေကို ကျင့်သုံးလိုက်ရင် လောဘ ဒေါသ မောဟ မာန်မာန နည်းနိုင်မနည်းနိုင်ဆိုတာ ပညာရှိသူတိုင်း သိနိုင်ပါတယ်။
 
မိုးပြာဦးဉာဏပြောပြောနေတဲ့ အရိယာတွေရဲ့ စည်းမျဉ်းဆိုတာ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဆိုတဲ့ သုံးချက်ပဲဖြစ်ပါတယ်။ မိုးပြာဦးဉာဏရဲ့ အယူဝါဒတွေက ဒီသုံးချက်နဲ့ ကိုက် မကိုက်ဆိုတာ စာဖတ်သူများ ကိုယ်တိုင် ဆန်းစစ်ကြည့်နိုင်ပါတယ်။

မေးမြန်းသူက “ဒီတော့ ပိဋကသုံးပုံမှာ မြတ်စွာဘုရား ဟောတာလို့ ဆရာတော်တို့အနေနဲ့ သေချာပေါက် လက်ခံနိုင်တာ သေချာပေါက် ယုံကြည်တာက ဘယ်ဟာပါလဲဘုရား”လို့ မေးမြန်းတဲ့အခါမှာ မိုးပြာ ဦးဉာဏက “မြတ်စွာဘုရား ဟောကြားတယ်လို့ အတိအကျ သေချာ ပေါက်ယူနိုင်ကတော့ ဧဝံ မေ သုတံအရင်းခံတဲ့ ဒါ ဓမ္မတွေပါပဲဗျ။ အဘိဓမ္မတွေ မပါပါဘူးဗျာ”လို့ ဖြေသွားပါတယ်။

ဧဝံ မေ သုတံအရင်းခံထားတဲ့ သုတ်တွေကလည်း မိုးပြာဦးဉာဏဘက်မှာ ရှိမနေဘူး ဆိုတာကို အထက်မှာပြောခဲ့တာတွေ ဖတ်ပြီး သိနေလောက်ပါပြီ။ အထက်မှာ ပြောခဲ့တာတွေက ဧဝံ မေ သုတံအရင်းခံထားတဲ့ သုတ်တွေကို ကိုးကားပြီးတော့ ပြောခဲ့တာတွေချည်းပါပဲ။ ပထမ သင်္ဂါယနာ တင်စဉ်အချိန်မှာ အရှင်မဟာကဿပက ဒီသုတ် ဒီတရားကို မြတ်စွာဘုရားရှင်က ဘယ်နေရာ ဘယ်ဒေသမှာ ဘယ်သူ့ကို အကြောင်းပြုပြီး ဟောကြားခဲ့တာပါလဲငါ့ရှင်လို့ အရှင်အာနန္ဒာမထေရ်ကို မေးမြန်းပါတယ်။ ထိုအခါမှာ အရှင်အာနန္ဒာမထေရ်မြတ်က “ဧဝံ မေ သုတံ - အကျွန်ုပ် ဤသို့ ကြားနာခဲ့ရပါသည်” အစချီပြီးတော့ ပြန်လည် ဖြေဆိုပါတယ်။ ဒါကြောင့် သုတ်တွေရဲ့အစမှာ ဧဝံ မေ သုတံလို့ ပါရှိနေတာပဲဖြစ်ပါတယ်။

အဘိဓမ္မာကို ဘုရားရှင်ဟောဟုတ် မဟုတ်ဆိုတဲ့ ဇာစ်မြစ်ရဲ့အစက အနောက်တိုင်းက ဘာသာခြား လူမျိုးခြား တစ်ယောက်ဖြစ်တဲ့ ဂျော့ဂ်ျ အီလီယော့တ်တို့ကနေက စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကို မိုးပြာဦးဉာဏတို့က သံယောင်လိုက်ပြီး ပြောနေတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြောဆိုဖို့ရင် မပြီးနိုင်မစီးနိုင်ဖြစ်နေမှာမို့ အထူး မပြောတော့ပါဘူး။ ပါမောက္ခချုပ် ဆရာတော် ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားထားတဲ့ သေချာသောလမ်းမှ လျှောက်ပါဆိုတဲ့ တရားတော်မှာပါတဲ့ ရှင်းလင်းချက်ကိုပဲ ဖော်ပြပေးလိုက်ပါတော့မယ်။ ဆရာတော်ကြီးက အောက်ပါအတိုင်း ရှင်းလင်းပြထားပါတယ်။

“တချို့နိုင်ငံခြားသားတွေက အဘိဓမ္မာဟာ ဘုရားဟောမဟုတ် ဘူးဆိုပြီး ဘုရားဟောအဖြစ် လက်မခံလိုကြဘူး။ အဘိဓမ္မာဟာ နောက်မှ ရေးထားတဲ့ ကျမ်းတွေပဲလို့ သူတို့က ပြောကြတယ်။ ဘုန်းကြီးတို့က အဘိဓမ္မာကို ဘုရားဟောအဖြစ် ဘာဖြစ်လို့လက်ခံရသလဲဆိုလျှင် အဘိဓမ္မာ တရားတွေဟာ မြတ်စွာဘုရားဟောပါတယ်လို့ အားလုံးကလက်ခံထားတဲ့ သုတ္တန်တွေထဲက အဆီအနှစ်ထုတ်ပြီး ရေးထားတာတွေချည်းပဲ။ Essence of Teaching မြတ်စွာဘုရားရဲ့ သင်ကြားချက် အနှစ်သာရတွေအားလုံး၊ သုတ္တန်မှာလာတဲ့ တရားအားလုံး အဘိဓမ္မာမှာ ရှင်းပြထားတာရှိတယ်။ ရှင်းပြထားသည့်အတွက်ကြောင့် သုတ္တန်နှင့် အဘိဓမ္မာဟာ ကွဲပြား ခြားနားမှု မရှိဘူး။ သုတ္တန်ထဲမှာကြည့်လို့ မပြည့်စုံတဲ့အချက်ကို အဘိဓမ္မာထဲမှာ ကြည့်လိုက်လျှင် ပြည့်ပြည့်စုံစုံ သိရတယ်။ ဒါကြောင့် ဘုရားဟော ဟုတ်သလား မဟုတ်ဘူးလား ဆိုတာထက် ပိုအရေးကြီးတာကတော့ ဒီတရားကို နာယူပြီး ကျင့်သုံးလို့ အကျိုးရှိသလား။ မရှိဘူးလားက ပိုအရေးကြီးပါတယ်တဲ့။ ဒီလိုကိစ္စမျိုးမှာ မြတ်စွာဘုရားက ဟောထားခဲ့တာရှိတယ်။ အဂ္ဂိဝစ္ဆသုတ်မှာကြည့်တဲ့”

မှတ်ချက် ။  ။ အဘိဓမ္မာသည် ဘုရားဟော ဟုတ်မဟုတ်ဆိုသော အချက်ကို နိုင်ငံတော် သီးခြား ဝိနည်းဓိုရ်အဖွဲ့ အမှတ်(၂)မှ ဘုရားရှင် ဟောကြားခဲ့သော မဟာပဒေသ လေးပါးနှင့်အညီ ဆုံးဖြတ်ပေးထားပြီဖြစ်ပါသည်။ အကျယ်တဝင့် သိရှိလိုပါက လူသေလူဖြစ် ဝိနိစ္ဆယတွင် ဖတ်ရှုပါရန်။

တကယ်တော့ မိုးပြာဦးဉာဏက အဘိဓမ္မာကို ဘုရားဟောမဟုတ်လို့ ဘာသာခြား လူမျိုးခြားတွေရဲ့ စကားကို သံယောင်လိုက် ထောက်ခံသောအားဖြင့် မိုးပြာဦးဉာဏရဲ့ စိတ်နေသဘောထားနဲ့ အသိဉာဏ်ပညာ စာပေ အဆင့်အတန်းကို ရှင်းရှင်းကြီး သိရှိနိုင်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် မိုးပြာဦးဉာဏဟာ တစ်သက်လုံး ဖုံးလာခဲ့သမျှ ကုန်းခါမှပေါ် ဆိုတာလို တစ်သက်လုံး သူ့ရဲ့ အယူဝါဒမှားတွေကို ဘုရားအဖြစ် တံဆိပ်ကပ်လာခဲ့သမျှ ဘီဘီစီနဲ့ အင်တာဗျူး လုပ်လိုက်ခါမှ အကုန်ပေါ်ကုန်တော့တာပါပဲ။ သူ့ရဲ့ ပစ္စုပ္ပန်ကမ္မဝါဒ ခေါ် ဥစ္ဆေဒဒိဋ္ဌိဝါဒဟာ ဘုရားရှင်က ပယ်ထားတဲ့ အယူဝါဒမှားဆိုတာ သူကိုယ်တိုင် လူသိရှင်ကြား ဝန်ခံပြောဆိုလိုက်တာပါပဲ။ 

မိုးသု (မန္တလေး)

  • TAGS