POST TYPE

PERSPECTIVE

ဖုံးခဲ့လေသမျှ ကုန်းခါမှပေါ်တဲ့ မိုးပြာ
04-Jan-2017 tagged as


ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပေါ်လာပုံ

သမထဘာဝနာ အားထုတ်ပြီး ဒိဗ္ဗစက္ခု အဘိညာဉ် ရရှိတဲ့ သမဏ ဗြဟ္မဏတွေက အနာဂတ်ကို ကြည့်တယ်။ သူက စုတေစိတ်ကို မြင်ရတယ်။ ဘဝ တစ်ခုရဲ့ သေဆုံးမှုအထိ မြင်ရတယ်။ ပဋိသန္ဓေစိတ်ကို မမြင်ရဘူး။ သေဆုံးပြီးနောက် ဘဝသစ် ပဋိသန္ဓေ ဖြစ်တည်မှုကို မမြင်ရဘူး။ သူ့စွမ်းရည်က ပဋိသန္ဓေစိတ်ကို မြင်နိုင်စွမ်း ရှိလောက်အောင် မကောင်းမွန်ဘူး။ ဒါနဲ့ သူက လူဆိုတာ သေရင်ပြီးပြီ။ လူသေရင် အတ္တကောင်ကပါ လူနဲ့အတူ လိုက် သေသွားတယ်လို့ ယူဆလိုက်တယ်။ နောက် ပြန်လည် ဟောပြောပို့ချတယ်။ တချို့ကကျတော့ လူသေရင် နတ်ဖြစ်သေးတယ်။ နတ်ဘဝကသေမှ အတ္တ ကောင်ကလေးက သေဆုံးသွားတာလို့ ယူဆတယ်။ တချို့ကကျတော့ လူသေရင် ဗြဟ္မာဖြစ်တယ်။ ဗြဟ္မာဘဝကသေမှ အတ္တကောင်ကလေးက သေဆုံးသွားတာ ဖြစ်တယ်လို့ ယူဆတယ်။ 

တကယ်တော့ ဥစ္ဆေဒဒိဋ္ဌိဝါဒက ကံကိုပယ်တဲ့ ရုပ်ကြမ်းဝါဒဖြစ်တယ်။ ခန္ဓာကိုယ်ကြီးကို အတ္တကောင်လို့ ယူဆတဲ့ဝါဒဖြစ်တယ်။ လုပ်ချင်လုပ်ရင် သေရင်ပြီးပြီဆိုတဲ့ ဘဝသံသရာကို ပယ်ထားတဲ့ဝါဒဖြစ်တယ်။ လက်ရှိ တစ်ဘဝ ကောင်းစားရေးကို အဓိကထားတဲ့ ဝါဒဆိုးကြီးဖြစ်တယ်။ မိုးပြာ ဦးဉာဏရဲ့ဝါဒကလည်း ဥစ္ဆေဒဒိဋ္ဌိဝါဒပါပဲ။ 

မျက်မှောက်ဘဝမှာ လောကီ ချမ်းသာတွေ ခံစားစံစားရလို့ ချမ်းသာတာကို နိဗ္ဗာန် ရောက်တယ်လို့ ယူဆတဲ့ဝါဒကိုတော့ ဒိဋ္ဌဓမ္မနိဗ္ဗာနဝါဒလို့ ခေါ်တယ်။ အခုခေတ် ပြောပြောနေကြတာပဲ။ လုပ်ချင်တာလေး လုပ်လိုက်ရင် ဘဝနိဗ္ဗာန်ပဲဟေ့ ဆိုပြီးတော့လေ။

ရှေ့ဘဝ နောက်ဘဝ ရှိတယ်လို့ ယူဆရင် သဿတဒိဋ္ဌိ ဖြစ်တယ်ဆိုပြီး ဘုရားရှင်ပယ်ထားတဲ့ အယူဝါဒက အတ္တကောင်ကို အခြေခံထားလို့ဖြစ်တယ်။ ဘုရားရှင် ဟောကြားခဲ့ပြီးတော့ ထေရဝါဒ ဗုဒ္ဓဘာသာက လက်ခံထားတဲ့ ဘဝသံသရာ ရှိတယ်၊ ရှေ့ဘဝ နောက်ဘဝ ရှိတယ်ဆိုတဲ့ အယူဝါဒက သဿတဒိဋ္ဌိ လုံးဝ မတူပါဘူး။ ဘုရားရှင် ဟောကြားခဲ့တဲ့ ဘဝသံသရာ ရှိတယ်၊ ရှေ့ဘဝ နောက်ဘဝ ရှိတယ်ဆိုတဲ့ အယူဝါဒက အတ္တကောင်ကို အခြေခံထားခြင်း မရှိဘူး။ ရုပ်နာမ်အစုတို့ရဲ့  သဘာဝ ဓမ္မနိယာမ သဘောတရားအရ ဖြစ်တည်ပျက်စနစ်နဲ့ လည်ပတ်နေခြင်းသာ ဖြစ်တယ်။ တစ်ဘဝ ရုပ်နာမ် အစဉ် စုတိစိတ်ကျပြီးတော့ ပြတ်စဲသွားတယ်။ ပြတ်စဲပြီးတော့ ကမ္မ နိယာမအရ ဘဝသစ် ရုပ်နာမ်အစဉ် ထပ်ဖြစ်တယ်။ ဒါက ဘုရားရှင် ဟောကြားထားပြီး ထေရဝါဒ ဗုဒ္ဓဘာသာက လက်ခံထားတဲ့ ဘဝသံသရာ အယူအဆ ဖြစ်တယ်။ ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ ဘဝသံသရာ အယူအဆကို ရေးပြနေရင် ဆောင်းပါး အရမ်း ရှည်သွားမှာမို့ ရေးမပြတော့ဘူး။ နားလည်ကြရမှာက သဿတဒိဋ္ဌိဖြစ်တဲ့ ဘဝသံသရာ အယူအဆက အတ္တကောင်ကို အခြေခံထားတယ်။ ဘုရားရှင် ဟောကြားထားပြီး ထေရဝါဒ ဗုဒ္ဓဘာသာက လက်ခံထားတဲ့ ဘဝသံသရာ အယူအဆက အတ္တကောင်ကို လက်မခံဘူးဆိုတာပါပဲ။ 

မိုးပြာဦးဉာဏက စာသင်တိုက်မှာ စာကို သေသေချာချာ ကျကျနန မလေ့လာ မသင်ယူခဲ့လို့ သဿတဒိဋ္ဌိဖြစ်တဲ့ ဘဝသံသရာ အယူအဆနဲ့  ဘုရားရှင်ရဲ့ ဘဝသံသရာ အယူအဆကို ရောထွေးမှားယွင်းနေတာ ဖြစ်တယ်။ 

မိုးပြာဦးဉာဏက ဧဝံ မေ သုတံ အရင်း ခံထားတဲ့ သုတ်တွေကို ဘုရားဟောအဖြစ် လက်ခံတယ်လို့ ပြောသွားတယ်။ ဧဝံ မေ သုတံ အရင်းခံထားတဲ့ နိဒါနဝဂ္ဂသံယုတ် ပါဠိတော်လာ သုတ်တွေမှာဆိုရင် အနမတဂ္ဂေါယံ ဘိက္ခဝေ သံသာရော။ ပုဗ္ဗာကောဋိ န ပညာယတိ-ရဟန်းတို့ ဤသံသရာ၏ အစကို မသိနိုင် စသဖြင့် ဘဝသံသရာရှိကြောင်း၊ ရှေ့ဘဝ နောက်ဘဝရှိကြောင်းကို ဘုရားရှင် အကြိမ်ပေါင်း မြောက်မြားစွာ ဟောကြားတော်မူခဲ့ပါတယ်။ သို့သော်လည်း မိုးပြာဦးဉာဏဟာ ပါဠိစာပေကို ကောင်းမွန်စွာ မဖတ်ရှုနိုင်လို့ ရှေ့ဘဝ နောက်ဘဝ မရှိလို့ ဘုရားရှင် ဟောခဲ့တယ်လို့ ရမ်းဖြီးတာလား၊ သက်သက် သာသနာဖျက်ချင်လို့ မျက်နှာပြောင်တိုက်ပြီး ပြောဟောနေတာလားဆိုတာ စဉ်းစားစရာပါပဲ။

မိုးပြာဦးဉာဏက “နောက်ဘဝ ဖြစ်တယ်လို့ ယူရင် သဿတမိစ္ဆာ ဒိဋ္ဌိဖြစ်ပြီ။ နောက်ဘဝ မဖြစ်ဘူးလို့ ယူတယ်ဆိုရင် ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက် မြတ်စွာဘုရားက သေသေချာချာကိုပဲ နိဗ္ဗာန်ကို မရောက်စေနိုင်ဘူး၊ လွတ်မြောက်မှုကို မဖြစ်စေနိုင်ဘူး အစရှိတဲ့ အကြောင်းတရားတွေနဲ့ ဟောထားခဲ့တာ ဖြစ်ပါတယ်ဗျ”လို့ ပြောသွားပါတယ်။ ဘုရားရှင်ရဲ့ ဘဝသံသရာ အယူအဆက သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိကနေ လွတ်ကင်းနေတဲ့အတွက် ဒီစကားက ဖြေရှင်းနေစရာ မလိုပါဘူး။ ဗျည်းမကွဲ သရမကွဲလို့ ရောချပြောဆိုတဲ့စကားပါ။

ဆက်လက်ပြီးတော့ မိုးပြာဦးဉာဏက “အခုတော့ အဲဒါကို ကျုပ်တို့ ထေရဝါဒ ဗုဒ္ဓဘာသာက ယူပြီးနေတော့ ထေရဝါဒ ဗုဒ္ဓဘာသာတွေမှာ တရားဆိုတာ မရှိတော့ဘူးလို့ တည်ဆောက်လို့ကို မရတော့ဘူးလို့ ပြောရမှာပါဗျ။ ဘာဖြစ်လို့တုံးဆိုရင် သူတို့က နောက်ဘဝတွေနဲ့ တည်ဆောက်နေပြီလို့ ဆိုတဲ့အခါကျတော့ အဲဒီနောက်ဘဝ ဆိုတဲ့အရာဟာ လူတွေကို အသိမဲ့ မောင်းနေတဲ့အရာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဘယ်တော့မှ အသိဆီကို မရောက်တော့တဲ့အနေအထား ရှိပါတယ်ဗျ”လို့ ပြောသွားပါသေးတယ်။

ရှေ့ဘဝ နောက်ဘဝ ဆိုတဲ့အရာက လူတွေကို အသိဉာဏ်မရှိအောင် လုပ်နေတဲ့အရာ၊ ထေရဝါဒ ဗုဒ္ဓဘာသာက လူတွေကို အသိဉာဏ် ကင်းမဲ့နေအောင် ပြုလုပ်ပေးနေတယ်လို့ စွပ်စွဲ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီစကားက ဘုရားရှင်ရဲ့စကားနဲ့ ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ မိုးပြာဦးဉာဏက ဧဝံ မေ သုတံ အရင်းခံထားတဲ့သုတ်မှ ဘုရားဟောအဖြစ် လက်ခံယုံကြည်တယ်ဆိုလို့ မိုးပြာဦးဉာဏစကားနဲ့ ဘုရားရှင် စကား ဖြောင့်ဖြောင့်ဆန့်ကျင်ဘက် ဖြစ်နေတာကို ဧဝံ မေ သုတံ အရင်းခံ ထားတဲ့ မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော်လာ အပဏ္ဏကသုတ်ကို အကိုးအကား ပြုပြီးတော့ ရှင်းပြပေးပါမယ်။ 

တစ်ခါတုန်းက ဘုရားရှင်ဟာ နောက်ပါရဟန်းတွေနဲ့အတူ ကောသလ တိုင်းအတွင်းမှာ ဒေသစာရီကြွချီတော်မူရင်းနဲ့ ဗြာဟ္မဏတွေ နေထိုင်ကြတဲ့  သာလာရွာကို ရောက်ရှိသွားပါတယ်။ ဘုရားရှင်ရောက်နေတယ်လို့ သတင်းစကား ကြားသိရတဲ့ သာလာရွာသား ဗြာဟ္မဏတွေဟာ ဘုရားရှင်ထံ လာရောက် ဖူးမြင်ကြပါတယ်။ ဘုရားရှင်က “သူကြွယ်တို့အကြောင်း ခိုင်မာသော ယုံကြည်မှုကို ရစေနိုင်သော တစ်စုံတစ်ယောက်သော သင်တို့ နှစ်သက်သော ဆရာသမားသည် သင်တို့မှာ ရှိသလော”လို့ မေးမြန်းတော်မူပါတယ်။ သင်တို့ ယုံကြည်ကိုးကွယ်နေတဲ့ ဘာသာရေးဆရာ ရှိသလားလို့ မေးမြန်းလိုက်တာပါ။ သာလာရွာသား ဗြာဟ္မဏတွေက “မရှိပါဘုရား”လို့ ပြန်ဖြေကြပါတယ်။ 

ထိုအခါမှာ ဘုရားရှင်က “သူကြွယ်တို့ ပေးလှူခြင်း အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုသည်မရှိ၊ ကောင်းမှု မကောင်းမှု၏ အကျိုးဝိပါက်သည်မရှိ၊ ဘဝသံသရာသည်မရှိ၊ မိဘနှစ်ပါးတို့၏ ကျေးဇူးသည်မရှိ၊ သေ၍  တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာသော သတ္တဝါသည်မရှိ၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌ မရှိကုန်ဟု ဤသို့ ယူဆပြောဆိုကြကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။ သူကြွယ်တို့ ထိုသမဏဗြာဟ္မဏတို့နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒ ရှိကုန်သော အချို့သော သမဏဗြာဟ္မဏတို့သည် ရှိကြကုန်၏။ သူတို့သည် ပေးလှူခြင်းသည် အကျိုးရှိ၏၊ ကောင်းမှု မကောင်းမှုသည်ရှိ၏၊ ကောင်းမှု မကောင်းမှု၏ အကျိုးဝိပါက်သည် ရှိ၏၊ ဘဝသံသရာသည်ရှိ၏၊ မိဘနှစ်ပါးတို့၏ ကျေးဇူးသည်ရှိ၏၊ သေ၍ တစ်ဖန် ပြန်လည် ဖြစ်ပေါ်လာသော သတ္တဝါသည်ရှိ၏၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ကောင်းသောအကျင့် ရှိကုန်သော သမဏဗြာဟ္မဏတို့သည်လည်း ရှိကုန်သည်သာတည်းဟု ပြောဆိုကြကုန်၏။ သူကြွယ်တို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကြကုန်သနည်း။ ဤသမဏဗြာဟ္မဏတို့သည် အချင်းချင်း ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဝါဒ ရှိကြကုန်သည်မဟုတ်လော”လို့ မိန့်ကြား မေးမြန်းတော်မူပါတယ်။ သူကြွယ်တွေက “မှန်ပါတယ် ဘုရား”လို့ ပြန်ဖြေကြပါတယ်။ 

“သူကြွယ်တို့ ထိုအယူနှစ်မျိုးတို့တွင် ပေးလှူခြင်း အကျိုးသည် မရှိ၊ ကောင်းမှု မကောင်းမှုသည်မရှိ၊ ကောင်းမှု မကောင်းမှု၏ အကျိုးဝိပါက်သည် မရှိ၊ ဘဝသံသရာသည် မရှိ၊ မိဘနှစ်ပါးတို့၏ ကျေးဇူးသည် မရှိ၊ သေ၍ တစ်ဖန် ပြန်လည်ဖြစ်ပေါ်လာသော သတ္တဝါသည်မရှိ၊ ဤလောကကိုလည်းကောင်း၊ တစ်ပါးသော လောကကိုလည်းကောင်း ကိုယ်တိုင်ထူးသော ဉာဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ကောင်းသော အကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည် လောက၌မရှိကုန်ဟု ဤသို့ ပြောဆိုယူဆကြကုန်သော သမဏဗြာဟ္မဏတို့အား ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက် ဤသုံးပါးသော ကုသိုလ်တရားတို့ကို ဖောက်ခွဲ ဖျက်ဆီး၍ ကာယဒုစရိုက် ဝစီဒုစရိုက် မနောဒုစရိုက် ဤသုံးပါးသော ဒုစရိုက်တရားတို့ကို ဆောက်တည်၍ ကျင့်ကြကုန်လတ္တံ့ဟူသော အပြစ်သာ ဧကန်ဖြစ်ရမည်။ အဘယ့်ကြောင့်နည်း၊ ထိုအရှင်သမဏဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏ အပြစ်ယုတ်ညံ့ပုံ ညစ်ညူးပုံကို မမြင်ကြကုန်၊ ကုသိုလ်တရားတို့၏ အကုသိုလ်မှ ထွက်မြောက်ခြင်း၌ အကျိုးကို ဖြူစင်သောအဖို့ကို မမြင်ကြကုန်သောကြောင့်သာတည်း”

“ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန်လောကသည်မရှိဟု ထိုသူမှာ အယူရှိ၏၊ ထိုသူ၏အယူသည် မှားသောအယူဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန် လောကသည်မရှိဟု ကြံ၏။ ထိုသူ၏အကြံသည် မှားသောအကြံဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် မရှိဟူသောစကားကို ပြောဆို၏။ ထိုသူ၏စကားသည် မှားသော စကားဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန်လောကသည်မရှိဟု ပြောဆို၏။ ဤသူသည် တမလွန်လောကကို သိကြကုန်သော ရဟန္တာအရှင်တို့အား ဆန့်ကျင်ဘက်ပြု၏။”

“ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန် လောကကို တမလွန် လောကသည်မရှိဟု သူတစ်ပါးကို သိစေ၏။ ထိုသူ၏ ထိုသိစေခြင်းသည် မသူတော်တရားကို သိစေခြင်းဖြစ်၏။ ထိုမသူတော်တရားကို သိစေခြင်းဖြင့်လည်း မိမိကိုယ်ကိုယ် ချီးမြှောက်၏။ သူတစ်ပါးကို ရှုတ်ချ၏။ ဤသို့လျှင် ထိုသူမှာ ရှေးမဆွကပင်လျှင် ကောင်းသောသဘောသည် ပယ်ထားပြီးဖြစ်၏။ မကောင်းသော သဘောသည် ရှေးရှုတည်နေ၏။”

“ဤမှားသောအယူ၊ မှားသောအကြံ၊ မှားသောစကား၊ အရိယာတို့ နှင့် ဆန့်ကျင်ခြင်း၊ မသူတော်တရားကို သိစေခြင်း၊ မိမိကိုယ်ကို ချီးမြှောက်ခြင်း၊ သူတစ်ပါးကို ရှုတ်ချခြင်း ဤသို့ များစွာသော ယုတ်မာသော ဤ အကုသိုလ်တရားတို့သည် မှားသောအယူဟူသော အကြောင်းကြောင့် ထိုသူမှာ ဖြစ်ပေါ်လာကုန်၏။”

“သူကြွယ်တို့ ထိုအယူ နှစ်မျိုးတို့တွင် ပညာရှိသော ယောက်ျားတစ်ယောက်သည် ဤသို့ ဆင်ခြင်၏။ တမလွန်လောကသည် အကယ်၍ မရှိသည်ဖြစ်အံ့၊ ဤသို့မရှိခဲ့သော် ဤအရှင်ယောက်ျားသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ မိမိကိုယ်ကိုယ် ချမ်းသာအောင် ပြုလတ္တံ့။ တမလွန်လောကသည် အကယ်၍ရှိသည်ဖြစ်အံ့၊ ထိုသို့ရှိခဲ့ပါမူ ဤအရှင် ယောက်ျားသည် ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌ ချမ်းသာကင်းသော မကောင်းသောလားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ ရောက်ရလတ္တံ့။ တမလွန်လောကသည် အကယ်၍ မရှိပါနှင့်ဦး၊ ထိုအရှင် သမဏဗြာဟ္မဏတို့၏ စကားသည် မှန်သည်ပင်ဖြစ်ပါစေဦး၊ ထိုသို့ပင်ဖြစ်သော်လည်း ဤအရှင် ယောက်ျား ပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌ပင်လျှင် သီလမရှိသော မှားသောအယူရှိသော နတ္ထိကဝါဒရှိသော ယောက်ျားတည်းဟု ပညာရှိတို့ အကဲ့ရဲ့ခံရ၏။ တမလွန်လောကသည် အကယ်၍ ရှိသည်သာလျှင်ဖြစ်အံ့၊ ဤသို့ရှိခဲ့သော် ဤအရှင်ယောက်ျား ပုဂ္ဂိုလ်သည် မျက်မှောက်သော ကိုယ်၏အဖြစ်၌လည်း ပညာရှိတို့၏ အကဲ့ရဲ့ခံရခြင်း၊ ကိုယ်ခန္ဓာ ပျက်စီး၍ သေပြီးသည်မှနောက်၌လည်း ချမ်းသာကင်းသော မကောင်းသော လားရာဖြစ်သော ဖရိုဖရဲကျရာဖြစ်သော ငရဲသို့ရောက်ရခြင်း အားဖြင့် နှစ်ပါးစုံဆုံးရှုံး၏။ ဤသို့  ထိုသူ၏ မကောင်းသောအားဖြင့်  စွဲယူဆောက်တည်ထားသော ဤဧကန် အကျိုးရှိသော အကျင့်တရားသည် တစ်ဖက်သတ် နှံ့၍တည်၏။ ကုသိုလ်အရာကို ကြဉ်ရှောင်၏”

မှတ်ချက် ။  ။ ဤသို့  ထိုသူ၏ မကောင်းသော အားဖြင့် စွဲယူဆောက် တည်ထားသော ဤဧကန်အကျိုးရှိသော အကျင့်တရားသည် တစ်ဖက် သတ်နှံ့၍တည်၏ ဆိုသည်မှာ ကုသိုလ်ကံ အကုသိုလ်ကံ ပယ်ထား၍ မလုပ်ရဲတာ မရှိသောကြောင့် လက်ရှိဘဝမှာ စီးပွားရေးတော့ အဆင်ပြေနိုင်သည်ဟူလို။ ကျန်စကားများ နားလည်မည် ထင်ပါသည်။

“သူကြွယ်တို့ ထိုအယူ နှစ်မျိုးတို့တွင် ပေးလှူခြင်းသည် အကျိုးရှိ၏၊ ကောင်းမှု မကောင်းမှုသည် ရှိ၏၊ ကောင်းမှု မကောင်းမှု၏အကျိုးဝိပါက်သည် ရှိ၏၊ ဘ၀သံသရာသည် ရှိ၏၊ မိဘနှစ်ပါးတို့၏ ကျေးဇူးသည်ရှိ၏၊ သေ၍ တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာသော သတ္တ၀ါသည်ရှိ၏၊ ဤလောက ကိုလည်းကောင်း၊ တစ်ပါးသောလောကကိုလည်းကောင်း ကိုယ်တိုင်ထူး သောÓဏ်ဖြင့်သိ၍ မျက်မှောက်ပြုလျက် ဟောကြားနိုင်ကုန်သော ကောင်း သောအကျင့်ရှိကုန်သော သမဏဗြာဟ္မဏတို့သည်လည်း ရှိကုန်သည်သာ တည်းဟု ပြောဆိုကြကုန်၏ဟု ဤသို့ ဤသို့ ပြောဆိုယူဆလေ့ရှိကုန်ကြ ကုန်သော သမဏဗြာဟ္မဏတို့မှာ ကာယဒုစရိုက် ၀စီဒုစရိုက် မနောဒုစရိုက် ဤသုံးပါးသော အကုသိုလ်တရားတို့ကို ဖောက်ခွဲဖျက်ဆီး၍ ကုသိုလ် သုစရိုက် ၀စီသုစရိုက် မနောသုစရိုက် ဤသုံးပါးသောကုသိုလ်တရားတို့ကို ဆောက်တည်၍ ကျင့်ကုန်လတ္တံ့ဟူသောအကျိုးသာ ဧကန်ဖြစ်ရမည်။ အဘယ့်ကြောင့်နည်း၊ ထိုအရှင် သမဏဗြာဟ္မဏတို့သည် အကုသိုလ်တရားတို့၏အပြစ် ယုတ်ညံ့ပုံ ညစ်ညူးပုံကို မြင်ကြ၍ ကုသိုလ်တရားတို့၏ မကောင်းမှုတို့မှ ထွက်မြောက်ခြင်း၌ အကျိုးကို ဖြူသောအဖို့ကို မြင်ကြကုန်သောကြောင့်တည်း”

ထိုမှတစ်ပါး ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန်လောကသည် ရှိ၏ဟု ထိုသူမှာ အယူရှိ၏၊ ထိုသူ၏အယူသည် မှန်သောအယူဖြစ်၍  ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန်လောကသည်ရှိ၏ဟု ကြံ၏။ ထိုသူ၏အကြံသည် မှန်သောအကြံ ဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန် လောကသည်ရှိ၏ဟူသော စကားကို ပြောဆို၏။ ထိုသူ၏စကားသည် မှန်သောစကားဖြစ်၏။ ထင်ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန်လောကသည်ရှိ၏ဟု ပြောဆို၏။ ဤသူသည် တမလွန်လောကကို သိကြကုန်သော ရဟန္တာအရှင်တို့အား ဆန့်ကျင်ဘက် မပြုလုပ်။ ထင် ရှားရှိသည်သာလျှင်ဖြစ်သော တမလွန်လောကကို တမလွန်လောကသည်ရှိ၏ဟု သူတစ်ပါးကို သိစေ၏။ ထိုသူ၏ ထိုသိစေခြင်းသည် သူတော်ကောင်းတရားကို သိစေခြင်းဖြစ်၏။ ထိုသူတော်ကောင်းတရားကို သိစေခြင်းဖြင့်လည်း မိမိကိုယ်ကို မချီးမြှောက်၊ သူတစ်ပါးကို မရှုတ်ချ။ ဤသို့ လျှင် ထိုသူမှာ ရှေးမဆွကပင်လျှင် မကောင်းသော သဘောသည် ပယ်ထားပြီးဖြစ်၏။ ကောင်းသော သဘောသည် ရှေးရှုတည်နေ၏။”

“ဤမှန်သောအယူ၊ မှန်သောအကြံ၊ မှန်သောစကား၊ အရိယာတို့နှင့် မဆန့်ကျင်ခြင်း၊ သူတော်ကောင်းတရားကို သိစေခြင်း၊ မိမိကိုယ်ကိုယ် မချီးမြှောက်ခြင်း၊ သူတစ်ပါးကို မရှုတ်ချခြင်း ဤသို့ များစွာသော ဤ ကုသိုလ်တရားတို့သည် မှန်သောအယူဟူသောအကြောင်းကြောင့် ထိုသူမှာ ဖြစ်ပေါ်လာကုန်၏” 

ဆက်လက်ဖော်ပြပါမည်။ 
မိုးသု (မန္တလေး)

  • TAGS