POST TYPE

PERSPECTIVE

ပျောက်ဆုံးသွားတဲ့ ရန်ကုန်မြို့ကို ပြန်လည်ဖော်ထုတ်ပေးပါ
03-Jan-2017 tagged as

နေ့စဉ်ထုတ် သတင်းစာများ၌ မင်္ဂလာဆောင်နှင့် နာရေးကြော်ငြာများတွင် အများအားဖြင့် တွေ့ရသည်မှာ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် စသည်ဖြင့် သက်ဆိုင်ရာ မြို့နယ် အမည်၏ရှေ့တွင် ရန်ကုန်မြို့ဟူသော ဝိသေသအား ထည့်သွင်း ဖော်ပြကြသည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် ရန်ကုန်မြို့ဟူသည် ဘယ်နားမှာ ရှိပါသလဲဟူ၍ လိုက်ရှာကြည့်သောအခါ ရန်ကုန်မြို့ကို မတွေ့ရပါ။ ရန်ကုန်မြို့တော်ဟု အမည် ပေးထားသော မြေပုံပေါ်တွင် မတွေ့ရှိရသလို မြေပြင်ပေါ်တွင်လည်း ရန်ကုန်မြို့ကို မတွေ့ရပါ။ ဤသို့ဆိုလျှင် ရန်ကုန်မြို့ကြီး ဘယ်ကို ရောက်သွားပါသလဲ။ ရန်ကုန်မြို့ကြီးကို ဘယ်သူတွေက ဖျောက်ဖျက် ပစ်လိုက်ကြပါသလဲ။

ပျောက်ဆုံးသွားသော ရန်ကုန်မြို့တော်

ကျွန်တော် မှတ်သားမိသလောက် လွတ်လပ်ရေး ရပြီးသည်မှ ၁၉၆၄/၆၅ ခုနှစ်ခန့်အထိ ရန်ကုန်မြို့သည် ပဲခူးတိုင်းအောက်ရှိ အင်းစိန် ခရိုင်အတွင်း ပါရှိခဲ့ပါသည်။ ထို့နောက် ၁၉၆၅ ခုနှစ်တွင် ဟံသာဝတီခရိုင်၊ မှော်ဘီခရိုင်နှင့် အင်းစိန်ခရိုင်တို့ကို ပဲခူးတိုင်းအောက်မှ ထုတ်နုတ်၍ ရန်ကုန်မြူနီစီပယ် ဧရိယာအတွင်းရှိ ဒေသစိတ် ၂၈ ခုနှင့်ပူးပေါင်းကာ “ရန်ကုန်တိုင်း”အဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် ရန်ကုန် တိုင်း လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီအောက်ရှိ နယ်မြေ လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီများကို “ခရိုင်”အဆင့်ဖြင့်လည်းကောင်း၊ ဒေသစိတ် လုံခြုံရေးနှင့် အုပ်ချုပ်မှု ကော်မတီများကို “မြို့နယ်” အဆင့်ဖြင့်လည်းကောင်း သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။

ထို့ကြောင့် ယခင်က ရန်ကုန်မြို့အတွင်း ရှိခဲ့ကြသော ဗဟန်းဒေသ စိတ်၊ တာမွေဒေသစိတ်၊ မင်္ဂလာဒုံဒေသစိတ်၊ အင်းစိန်ဒေသစိတ် စသည် တို့သည် မြို့နယ် အသီးသီး ဖြစ်လာကြပြီးနောက် ရန်ကုန်မြို့ဟူသည်လည်း အလိုအလျောက် ပျောက်ကွယ်ခဲ့ရပါတော့သည်။ သို့သော်လည်း အစွဲအလမ်းကြီးကြသော ရန်ကုန်မြို့သူ/မြို့သားတို့သည် ယနေ့တိုင် ရန်ကုန်မြို့ကို မမေ့ပျောက်နိုင်ကြသေးဘဲ  မိမိတို့၏ အလှူ၊ မင်္ဂလာဆောင် ဖိတ်စာများနှင့် နာရေးကြော်ငြာတို့တွင် မြို့နယ်အမည်၏ ရှေ့၌ ရန်ကုန်မြို့ဟူသည်ကို ဆက်လက် ထည့်မြဲ ထည့်နေကြခြင်းသာ ဖြစ်ပါသည်။

သို့ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နေပြည်တော်သည်သာ မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် တရားဝင် ရပ်တည်ခဲ့သည်ဖြစ်ရာ ယခင်က မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် ပြည်တွင်း/ပြည်ပကပါ အသိအမှတ် ပြုခဲ့သော ရန်ကုန်မြို့တော်သည်လည်း တရားဝင် ရပ်တည်ခွင့် မရှိတော့ဘဲ ပျောက်ကွယ်ခဲ့ရပါတော့သည်။ အခြေခံဥပဒေအရ ရန်ကုန်မြို့တော်ဟူသည် မရှိတော့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည်ကား ယနေ့တိုင် တည်ရှိမြဲတည်ရှိနေသည်ကိုမူ တွေ့ရှိရပါသည်။ ရန်ကုန်မြို့တော်သည် အမည်နာမနှင့်တကွ တည်နေရာပါ ပျောက်ဆုံး သွားခဲ့သော်လည်း မြို့တော်စည်ပင်အတွင်း ၃၃ မြို့နယ်နှင့် စည်ပင်ပြင်ပ ၁၂ မြို့နယ် ပေါင်း၍ ၄၅ မြို့နယ်ကို ရန်ကုန်တိုင်းဒေသကြီးဟူ၍ အခြေခံ ဥပဒေပုဒ်မ ၄၉(ဌ)တွင် ဖော်ပြထားသည်ဖြစ်၍ အသက်ငွေ့ငွေ့တော့ ကျန်သေးသည်ဟု ဆိုနိုင်ပါသေးသည်။

ရန်ကုန်မြို့၏ သမိုင်းအစ

၁၁ ရာစု အစောပိုင်းကာလ (၁၀၂၈-၁၉၄၃) များတွင် မွန်တို့ စိုးမိုးရာဒေသ အောက်မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး တည်ရှိရာ “ဒဂုံ”အမည်ရှိ တံငါရွာကလေးကို အလောင်းဘုရား ဦးအောင်ဇေယျက ၁၇၅၅ ခုနှစ်တွင် အောင်မြင်တော်မူ၍ (ရန်သူများ မရှိတော့သဖြင့်) ရန်ကုန်ဟူသော အမည်ကို ခေါ်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ၁၈၂၄-၂၆ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာစစ်တွင် အင်္ဂလိပ်တို့က ရန်ကုန် မြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ရန္တပိုစာချုပ်အရ စစ်လျော်ကြေး ဒုတိယအရစ် ပေးပြီးသည့်အချိန်တွင် ရန်ကုန်မြို့ကို စွန့်ခွာကာ မြန်မာတို့၏ အုပ်ချုပ်မှုအောက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

၁၈၅၂ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ဖြစ်ပြီးနောက် ရန်ကုန်မြို့နှင့်တကွ အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်တို့က ပြန်လည် သိမ်းပိုက်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ကို ဗြိတိသျှ-မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး အချက်အချာပင်မမြို့အဖြစ် ပြောင်းလဲဖွဲ့စည်း တည်ဆောက်ကြတော့သည်။ ထိုသို့ တည်ဆောက်ရာတွင် စစ်အင်ဂျင်နီယာ ဗိုလ်အလက်ဇန္ဒားဖရေဇာ၏ ဒီဇိုင်းကို အခြေခံ၍ တည်ဆောက်ကြသည်။ (ရန်ကုန်မြို့လယ်ရှိ အနော်ရထာလမ်း၏ ယခင်အမည်မှာ ဖရေဇာလမ်း ဟူ၍ ဖြစ်သည်)။ ရန်ကုန်မြို့ကို အရှေ့ဘက်တွင် ပုဇွန်တောင် အထိနှင့် အနောက်ဘက်နှင့် တောင်ဘက်တွင် ရန်ကုန်မြစ်အထိ လေးထောင့်ကွက် ကျသော မြို့တော်သစ်အဖြစ် အသစ် တည်ဆောက်ခဲ့ကြသည်။ ၁၈၈၅ ခုနှစ်တွင် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲကို ဆင်နွှဲ၍ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် ရန်ကုန်မြို့သည် ဗြိတိသျှ-မြန်မာနိုင်ငံ တစ်ခုလုံး၏ မြို့တော်အဖြစ် ရောက်ရှိလာခဲ့သည်။ ၁၈၉၀ ပြည့်လွန်နှစ်များတွင် ရန်ကုန်မြို့မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာပြီး လူဦးရေ တိုးပွားလာသည့်အတွက် ကန်တော်ကြီး၏ မြောက်ဘက်မှသည်  အင်လျားကန်အထိ ဆင်ခြေဖုံး လူနေရပ်ကွက်များ တိုးချဲ့လာခဲ့သည်။

အင်္ဂလိပ်တို့သည် ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန်တက္ကသိုလ် အပါအဝင် အာရှတွင် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အဆောက်အဦ အတော်များများကို လန်ဒန်မြို့ကြီးကို အတုယူ၍ တည်ဆောက်ခဲ့သည်။ ပန်းခြံကြီးများ၊ ရေကန်ကြီးများ၊ ခေတ်မီ အဆောက်အဦများနှင့် ရိုးရာ သစ်သား အဆောက်အဦများကို တည်ဆောက်ခဲ့ရာ ထိုအချိန်က အရှေ့အာရှ၏ ဥယျာဉ်မြို့တော်ဟူ၍ ခေါ်ဆိုရသည်အထိ လှပတင့်တယ်ခဲ့သည်။ ရန်ကုန်မြို့သည် ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ ဂျပန် လက်အောက်သို့ ကျရောက်ခဲ့ပြီး ဂျပန်တို့၏ ဗုံးဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရကာ ၁၉၄၅ ခုနှစ် မေလတွင်မှ အင်္ဂလိပ်တို့က ပြန်လည် သိမ်းယူနိုင်ခဲ့သည်။

ရန်ကုန်မြို့တော်သစ်

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ရန်ကုန်မြို့ကို မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သလို အင်္ဂလိပ် လက်ထက်က ရှိခဲ့သော လမ်းအချို့၏ အမည်များကို မြန်မာအစိုးရက ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင်မူ နဝတ အစိုးရက လမ်းနှင့်ပန်းခြံတို့၏ အမည် အတော်များများကို မူလ အင်္ဂလိပ် အမည်မှသည် မြန်မာအမည်များသို့ ပြောင်းလဲ သတ်မှတ်နိုင်ခဲ့သည်။ ရန်ကုန်မြို့ကိုပင် ယခင်က အင်္ဂလိပ်လို Rangoon ဟူ၍ စာလုံးပေါင်းကာ “ရန်ဂွန်း”ဟူ၍ အသံထွက်ရာမှ Yangon ဟူ၍ စာလုံးပေါင်းကာ “ရန်ကုန်”ဟူသည့် အသံထွက် အမှန်အတိုင်း ထွက်ဆိုခဲ့သည်။

လွတ်လပ်ရေး ရပြီးနောက် ရောင်စုံသောင်းကျန်းသူများကြောင့်လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းကြောင့်လည်းကောင်း ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာကြသူ အဆမတန် များပြားပြီး ကျူးကျော်ရပ်ကွက်များ တိုးပွားလာသဖြင့် ဗိုလ်ချုပ်နေဝင်း၏ ကြားဖြတ် ယာယီအစိုးရ (၁၉၅၈-၁၉၆၀) လက်ထက် ကာလများတွင် မြို့တော်ဝန် ဗိုလ်မှူးကြီး ထွန်းစိန်၏ အစီအမံဖြင့် သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ စသည့် မြို့သစ်များကို တိုးချဲ့ တည်ဆောက်ခဲ့သလို ၁၉၉၀ ကျော် နှစ်ကာလများတွင်လည်း နဝတအစိုးရက လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်ကို တည်ဆောက်ကာ ရန်ကုန်မြို့တွင်းမှ ကျူးကျော် နေထိုင်သူများနှင့် လုပ်သက်ရင့် ဝန်ထမ်းများကို မြေကွက်များ ချထားပေးခဲ့သည်။

နဝတအစိုးရသည် ကျူးကျော်များအား ရှင်းလင်း ဖယ်ရှားခဲ့သလို ဟောင်းနွမ်း ယိုယွင်းနေသော အဆောက်အအုံ အဟောင်းများကို ဖြိုဖျက်ကာ ယင်းတို့၏ နေရာတွင် ဟိုတယ်များ၊ ရှော့ပင်းမော ခေါ် ဈေးဝယ်စင်တာ ကြီးများပါဝင်သော အထပ်မြင့် အဆောက်အအုံများကို တည်ဆောက်ခဲ့သည်။ ဘုရင့်နောင်လမ်း၊ ဗဟိုလမ်း၊ တောင်မြောက် ဥက္ကလာဆက်လမ်း စသည့်လမ်းများကိုလည်း တိုးချဲ့ကာ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄) စသည့် ရန်ကုန်မြို့အဝင် လမ်းမကြီးများနှင့် အင်းစိန်ခုံးကျော်တံတား၊ မဟာဗန္ဓုလ ခုံးကျော်တံတား၊ သမိုင်း ခုံးကျော်တံတားနှင့် ပါရမီ ခုံးကျော် တံတားများကို တည်ဆောက်ခဲ့သည့်အပြင် လှိုင်မြစ်ကူး ဘုရင့်နောင်၊ အောင်ဇေယျနှင့် ရွှေပြည်သာ စသည့် တံတား သုံးစင်းကို တည်ဆောက်ခဲ့သလို ပဲခူးမြစ်ကူး သန်လျင် တံတားကိုလည်း ဆက်လက် တည်ဆောက်ခဲ့သည်။

ချောင်းကိုပစ်၍ မြစ်ကိုရှာ

အထက်ဖော်ပြပါအတိုင်း နဝတ/နအဖ အစိုးရသည် ရန်ကုန်မြို့ကြီးကို အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သော်လည်း  ပညာရှင်များ၏ အကြံဉာဏ်ဖြင့် စနစ်တကျ ဆောင်ရွက်ခြင်း မရှိခဲ့သလို အင်္ဂလိပ် အစိုးရ အပါအဝင် ယခင် အစိုးရများက မြို့ပြ အင်္ဂါရပ်နှင့်အညီ အမြော်အမြင် ရှိစွာ ဆောင်ရွက်ခဲ့ကြသည့် မီးတားကွက်များ၊ ပန်းခြံနှင့် ကွက်လပ်များ၊ ကစားကွင်းများနှင့် အများပြည်သူဆိုင်ရာ မြေကွက်လပ်များကို အာဏာပိုင်တို့က ကိုယ်ကျိုးအတွက် အသုံးချခဲ့ကြသဖြင့် ရန်ကုန်မြို့ကြီးမှာ နေချင်စဖွယ် မကောင်းတော့ဘဲ အမှိုက်ပုံကြီးသဖွယ်သာ ဖြစ်လာခဲ့ပါတော့သည်။ တစ်နေ့တခြား တိုးပွားလာသော ကျူးကျော်များ၊ လမ်းဘေးဈေးသည်များ၊ ယာဉ်ကြော ကျပ်တည်းမှုများကို စနစ်တကျ အချိန်ယူ ဖြေရှင်းရန် မကြိုးစားတော့ဘဲ နေရစ်တော့ မြို့တော်ရန်ကုန် ဟူ၍ လက်ပြနှုတ်ဆက်ကာ ရန်ကုန်မြို့မှ မိုင်နှစ်ရာခန့် ဝေးကွာသော ပဲခူးရိုးမနှင့် ရှမ်းရိုးမတို့ အကြားရှိ မြေပြန့်လွင်ပြင်သို့ သွားရောက်ကာ (တောထွက်သည်လား၊ တောခိုသည်လားတော့မသိ) အခြေချ နေထိုင်ကြပါတော့သည်။

နေပြည်တော်သို့ ပြောင်းရွှေ့ခြင်းမှာ အုပ်ချုပ်ရေးအရ မြန်မာနိုင်ငံ၏ အလယ်ဗဟိုကျသည့်အတွက် တစ်နိုင်ငံလုံးနှင့် သွားရေးလာရေးနှင့် ဆက်သွယ်ရေး အဆင်ပြေခြင်း စသည့် အကြောင်းပြသော်လည်း ဝေဖန် သုံးသပ်သူများကမူ ပြောင်းရွှေ့သည့် နေ့၊ ရက်၊ အချိန်နှင့်တကွ အသုံးပြုသည့် တပ်မအမှတ်၊ ယာဉ်စီးရေ စသည်တို့ကိုပါ တွက်ချက်ပြ၍ ယတြာချေခြင်းသာ ဖြစ်ကြောင်း ပြောဆိုကြပါသည်။ မည်သို့ပင်ဆိုစေ “နေပြည်တော်”ဆိုသည့်အမည်ကို ပေးခြင်းကပင်လျှင် ဗေဒင်ကိန်းခန်းအရ မြို့တော်အသစ် တည်ခြင်းမှာ ထင်ရှားပါသည်။ အဘယ်ကြောင့်ဆိုသော် “နေပြည်တော်” ဆိုသည်မှာ အမည် တစ်ခုမဟုတ်ဘဲ “မြို့တော်”ဟူသည့် အဓိပ္ပာယ်သာ ရသည့်အတွက်ဖြစ်ပါသည်။ ရှေးက အင်းဝ နေပြည်တော်၊ ရတနာပုံ နေပြည်တော် စသည့် အခေါ်အဝေါ်များသည် မင်းနေပြည်တော်များကို ခေါ်ဆိုသည်ဖြစ်ရာ “နေပြည်တော်”၏ရှေ့၌ အမည်တစ်ခုခုပါရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် “နေပြည်တော်”ဆိုသည့် အမည်မှာလည်း ဗေဒင်ကိန်းခန်းအရ ပေးသည်ဆိုခြင်းမှာ ထင်ရှားပါသည်။

ရန်ကုန်မြို့ကို ပြန်ရှာပေးပါ

ယခုအခါ ရန်ကုန်မြို့တော်ကြီးကို မိုးပျံလမ်းများ အပါအဝင် အဆင့်မြင့်မြို့တော်ကြီး တစ်ခုဖြစ်လာစေရန် နိုင်ငံတကာ ပညာရှင်များ၏ အကူအညီဖြင့် ဒီဇိုင်း ရေးဆွဲ၍ အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးလာစေရန် ကြိုးပမ်း ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တစ်ချိန်က ကမ္ဘာက အသိအမှတ်ပြုခဲ့သည့် (ယခုတိုင်လည်း အသိအမှတ် ပြုလျက်ရှိသည့်)၊ ရန်ကုန် မြို့သူ၊ မြို့သားများကလည်း ယခုတိုင် ရင်ထဲတွင် မဖျောက်နိုင်သေးသည့် “ရန်ကုန်”ဆိုသည့် ရွှေမြို့တော်ကြီးကို တရားဝင်အမည် ပြန်လည် သတ်မှတ်ပေးစေလိုပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဆိုသည့် အမည်ကိုပင်လျှင် တရားဝင် သုံးနှုန်းခေါ်ဆိုလျက် ရှိသေးသည်ဖြစ်ရာ အုပ်ချုပ်ရေး အရလည်း “ရန်ကုန်” သို့မဟုတ် “ရန်ကုန်မြို့တော်” ဟူသည့် အခေါ်အဝေါ် သတ်မှတ်ချက်ကို တည်နေရာ နယ်နိမိတ်နှင့်တကွ တရားဝင် သတ်မှတ်ပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ပါရန် ရန်ကုန်မြို့သား တစ်ဦးအနေနှင့် တင်ပြလိုက်ရပါသည်။

သိန်းထက်အောင်

  • TAGS