News

POST TYPE

PERSPECTIVE

ဖုံးခဲ့လေသမျှ ကုန်းခါမှပေါ်တဲ့ မိုးပြာ
03-Jan-2017 tagged as

BBC Burmese Facebook page ၃၀.၁၂.၂၀၁၆ နေ့က မိုးပြာ ဆရာတော် အသျှင်ဉာဏနဲ့ ဘီဘီစီ မေးမြန်းဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာဗျူး အသံဖိုင် တစ်ခု တင်ထားတယ်။ အသံဖိုင်မှာ ပါရှိတဲ့ အမေး အဖြေများကတော့ အောက်ပါအတိုင်းပဲ ဖြစ်တယ်။ 

မိုးပြာ : လုံးဝမရှိပါဘူးဗျာ။ တကယ်တော့ ထေရဝါဒ ဗုဒ္ဓဘာသာကို တော်တော့ စောစောစီးစီး ဖြစ်တဲ့ ၁၉၈၀ ခုနှစ်လောက်ကတည်းက ထေရဝါဒမှာ မှားယွင်းနေတဲ့အတွက် ဘယ်လိုမှ မတိုးတက်နိုင်တဲ့ အနေအထား ရှိပါတယ် ဆိုတဲ့အကြောင်းကို သူတို့ကို စာသုံးကြိမ်လောက် တင်ပြီးသကာလ ကျုပ်တို့ကနေ တရားစွဲခဲ့တာပါ။ အဲဒီလိုမျိုးတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ကနေ ဘယ်ထေရဝါဒ ဗုဒ္ဓဘာသာဝင်တွေကို စိတ်ထိခိုက်အောင် ဘယ်လိုလုပ်မှာလဲ။ ကောင်းစားအောင်ပဲ ကျုပ်တို့က ပြောနေတာပဲဟာဗျာ။ အဲတော့ ထေရဝါဒ ဗုဒ္ဓဘာသာကို ဖျက်ဆီးဖို့လည်း ဘယ်စိတ်ကူးမှာလဲဗျာ။ 

မေးမြန်းသူ : ထေရဝါဒ ဗုဒ္ဓဘာသာမှာ မှားယွင်းတယ် ဆိုတဲ့ဟာတွေ ရှိနေတယ် ဆိုတဲ့ဟာကို အတိုချုံးလေးပေါ့ဘုရား။ အဓိက ကျတဲ့ဟာကို အရှင်ဘုရား ထောက်ပြပါဘုရား။ ဘယ်ဟာကို ဆိုလိုပါလဲဘုရား။ 
မိုးပြာ : မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဗုဒ္ဓတရားတော်ထဲမှာဆိုရင် နောက်ဘဝဖြစ်တယ်လို့ ဆိုတာကို သူ မပြောဘူး။ နောက်ဘဝ မဖြစ်ဘူးလို့ ဆိုတာ သူ မပြောဘူး။ နောက်ဘဝတချို့ဖြစ် တချို့ မဖြစ်ဘူးဆိုတာ သူ မပြောဘူး။ ဖြစ်တာလဲမဟုတ် မဖြစ်တာလည်းမဟုတ် ဆိုတာကို သူ မပြောဘူးလို့ မိန့်ကြားခဲ့ချက် ရှိပါတယ်။ တကယ်တော့ အဲဒီမိန့်ကြားခဲ့ချက်ဟာ တကယ့် မြတ်စွာဘုရားရဲ့ မိစ္ဆာဒိဋ္ဌိတွေကို ပယ်ပြတဲ့ဟာပါဗျ။ နောက်ဘဝဖြစ်တယ်လို့ ယူရင် သဿတမိစ္ဆာဒိဋ္ဌိဖြစ်ပြီ။ နောက်ဘဝ မဖြစ်ဘူးလို့ ယူတယ်ဆိုရင် ဥစ္ဆေဒမိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက် မြတ်စွာဘုရားက သေသေချာချာကိုပဲ နိဗ္ဗာန်ကို မရောက်စေနိုင်ဘူး၊ လွတ်မြောက်မှုကို မဖြစ်စေနိုင်ဘူး အစရှိတဲ့ အကြောင်းတရားတွေနဲ့ ဟောထားခဲ့တာ ဖြစ်ပါတယ်ဗျ။ အခုတော့ အဲဒါကို ကျုပ်တို့ ထေရဝါဒ ဗုဒ္ဓဘာသာက ယူပြီးနေတော့ ထေရဝါဒ ဗုဒ္ဓဘာသာတွေမှာ တရားဆိုတာ မရှိတော့ဘူးလို့ တည်ဆောက်လို့ကို မရတော့ဘူးလို့ ပြောရမှာပါဗျ။ ဘာဖြစ်လို့တုံးဆိုရင် သူတို့က နောက်ဘဝတွေနဲ့ တည်ဆောက်နေပြီလို့ ဆိုတဲ့အခါကျတော့ အဲဒီနောက်ဘဝ ဆိုတဲ့အရာဟာ လူတွေကို အသိမဲ့ မောင်းနေတဲ့အရာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ ဘယ်တော့မှ အသိဆီကို မရောက်တော့တဲ့ အနေအထား ရှိပါတယ်ဗျ။

မေးမြန်းသူ : ဘယ်ဟာကတော့ မြတ်စွာဘုရား ဟောတာဖြစ်တယ်။ ဘယ်ဟာကတော့ မြတ်စွာဘုရားဟောတာ မဟုတ်ဘူးလို့ အဲသလို သတ် မှတ်ဖို့ရာအတွက် အရှင်ဘုရား ဘာနဲ့တိုင်းတာပါသလဲဘုရား။
မိုးပြာ : မြတ်စွာဘုရား ဟောကြားတဲ့ တရားတော်တွေဟာ လူပေါ်ကို တင်ကြည့်ရပါတယ်ဗျ။ ဘာဖြစ်လို့လဲဆိုရင် မြတ်စွာဘုရားဟောတဲ့ တရားတွေက သုတ္တတွေပဲ။ သုတ္တဆိုတာဟာ အရိယာရဲ့ စည်းမျဉ်းတွေပါဗျ။ အရိယာရဲ့ စည်းမျဉ်းဆိုတော့ အရိယာတရားဆိုတာက ဒီတစ်လံမျှလောက်ဖြစ်တဲ့ အသိစိတ်ဓာတ်နဲ့ အမှတ်သညာရှိတဲ့ ကိုယ်ပေါ်မှာပဲ ဒီအရိယာသစ္စာ တရားက ရှိတာဆိုတော့ အဲဒီတရား အနက်တွေကို သုတ္တရဲ့ အနက်တွေကို လူပေါ်မှာတင် ကြည့်ရပါတယ်ဗျ။ လူပေါ်မှာတင်ကြည့်လို့ မရအောင် ဟိုရှေးတွေတို့ နောက်တွေတို့ အထက်တွေတို့ အောက်တွေတို့ ဆိုတာတွေကို ဒါပါနေလို့ ရှိရင်ကတော့ မြတ်စွာဘုရား မဟောတာလို့ ဆိုတာကို ကျုပ်တို့က သိရပါတယ်ဗျ။ 

မေးမြန်းသူ : ဒီတော့ ပိဋကသုံးပုံမှာ မြတ်စွာဘုရားဟောတာလို့ ဆရာတော်တို့အနေနဲ့ သေချာပေါက် လက်ခံနိုင်တာ သေချာပေါက် ယုံကြည်တာက ဘယ်ဟာပါလဲဘုရား။
မိုးပြာ : မြတ်စွာဘုရား ဟောကြားတယ်လို့ အတိအကျ သေချာပေါက်ယူနိုင်ကတော့ ဧဝံ မေ သုတံအရင်းခံတဲ့ ဒါ ဓမ္မတွေပါပဲဗျ။ အဘိဓမ္မတွေ မပါပါဘူးဗျာ။ 

မေးမြန်းသူ : မဟနကနေ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သူတို့က (၁၇/၂၀၁၁)ပေါ့လေ ဒီဆုံးဖြတ်ချက်အရ အဓမ္မဝါဒီအဖြစ်နဲ့ ပစ္စုပ္ပန် ကမ္မဝါဒကို ဆုံးဖြတ်ခဲ့ပြီးဖြစ်တယ်လို့ သူတို့က ဆိုပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို မလိုက်နာဘူးဆိုလို့ရှိရင် သူတို့က အရေးယူ အပြစ်ပေးတာတွေကို ဆက်ပြီးတော့ လုပ်မယ်လို့ အဲသမျိုးလို ဆိုထားပါတယ်ဘုရား။ တရားစွဲတာ ထောင်ချတာ အဲဒီလို အန္တရာယ်ကနေ ကင်းလွတ်အောင် အရှင်ဘုရားရဲ့ အယူဝါဒကို စွန့်လွှတ်တာမျိုး လုပ်မလားဘုရား။ 
မိုးပြာ : အဲလို စွန့်လွှတ်တာမျိုးကတော့ မလုပ်ဘူးဗျာ။ တစ်ခုရှိတာကပေါ့ဗျာ သူတို့က ကျုပ်တို့ကို သူတို့ကနေ ဆုံးဖြတ်ထားတယ်။  အဓမ္မ အဖြစ် ဆုံးဖြတ်ထားတဲ့အတွက် အဲ သာသနာ မပြုရဘူးပေါ့ဗျာ၊ မဟောပြောရဘူး၊ မဖြန့်ချိရဘူး၊ စာအုပ်တွေ ဘာတွေ မရိုက်နှိပ်ရဘူး အစရှိသဖြင့် ပြောတာတော့ ကျုပ်တို့ နည်းနည်း ငံ့ပေးရဦးမှာပေါ့ဗျာ။ 

အထက်ပါ အမေးအဖြေများကတော့ အသံဖိုင်မှာပါတဲ့ အမေး အဖြေ အကုန်ဖြစ်တယ်။ ပထမဆုံး စာပိုဒ်မှာတော့ စကားလုံးလှလှတွေ သုံးထားပေမယ့် တကယ်က သာသနာတော်ကို ဖျက်ဆီးနေတဲ့သူ တစ်ယောက် ဆိုတာ အထူး ရှင်းပြနေဖွယ် မလိုတော့ပါဘူး။ အရင် ဆောင်းပါးများမှာလည်း ဘာကြောင့် ဒီလိုတွေ လုပ်နေတယ်ဆိုတာကို ရှင်းပြခဲ့ပြီးပါပြီ။ 

မေးမြန်းသူက ထေရဝါဒ ဗုဒ္ဓဘာသာမှာ မှားယွင်းတယ်ဆိုတဲ့ဟာတွေ ရှိနေတယ်ဆိုတဲ့ဟာကို အတိုချုံးလေးပေါ့ဘုရား။ အဓိက ကျတဲ့ဟာကို အရှင်ဘုရား ထောက်ပြပါဘုရား။ ဘယ်ဟာကို ဆိုလိုပါလဲဘုရားလို့ မေးမြန်းတဲ့အခါမှာ မိုးပြာဦးဉာဏက “မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဗုဒ္ဓတရားတော်ထဲမှာဆိုရင် နောက်ဘဝ ဖြစ်တယ်လို့ ဆိုတာကို သူ မပြောဘူး။ နောက်ဘဝ မဖြစ်ဘူးလို့ဆိုတာ သူ မပြောဘူး။ နောက်ဘဝ တချို့ဖြစ် တချို့ မဖြစ်ဘူးဆိုတာ သူ မပြောဘူး။ ဖြစ်တာလည်း မဟုတ် မဖြစ်တာလည်းမဟုတ် ဆိုတာကို သူမပြောဘူးလို့ မိန့်ကြားခဲ့ချက် ရှိပါတယ်။ တကယ်တော့ အဲဒီမိန့်ကြားခဲ့ချက်ဟာ တကယ့်မြတ်စွာဘုရားရဲ့ မိစ္ဆာဒိဋ္ဌိတွေကို ပယ်ပြတဲ့ဟာပါဗျ”ဆိုပြီးတော့ ဖြေဆိုသွားပါတယ်။ ဒီမှာတော့ ဖြေရှင်းစရာတွေ အများကြီးပါနေတာကြောင့် တစ်ခုချင်း သေချာ ပြန်ရှင်းပြပေးပါမယ်။

မြတ်စွာဘုရားက ရှေ့ဘဝ နောက်ဘဝ ရှိတယ်လို့ယူဆတဲ့ သဿတဒိဋ္ဌိ၊ ရှေ့ဘဝ နောက်ဘဝ မရှိဘူးလို့ယူဆတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူဝါဒများကို မိစ္ဆာ ဒိဋ္ဌိဝါဒအဖြစ် ပယ်ထားခဲ့တယ်လို့ မိုးပြာ ဦးဉာဏက ဖြေသွားပါတယ်။ မိုးပြာ ဦးဉာဏရဲ့ အယူဝါဒက ရှေ့ဘဝ နောက်ဘဝ မရှိ၊ အတိတ် အနာဂတ် မရှိ၊ ပစ္စုပ္ပန် ဘဝပဲ ရှိတယ်ဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိဝါဒ ဖြစ်ပါတယ်။ ဒါကြောင့် မိုးပြာ ဦးဉာဏရဲ့ ပစ္စုပ္ပန် ကမ္မဝါဒ နာမည်ထပ်ထားတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူဝါဒကို ဘုရားရှင်က မိစ္ဆာဝါဒအဖြစ် သတ်မှတ် ပယ်ရှားခဲ့တယ်ဆိုတာကို မိုးပြာဦးဉာဏ ကိုယ်တိုင် ဝန်ခံရာ ရောက်သွားပါတော့တယ်။ 

တကယ်တော့ သဿတဒိဋ္ဌိဖြစ်တဲ့ ဘဝသံသရာ အယူအဆနဲ့ ဘုရားရှင် ဟောထားတဲ့ ဘဝသံသရာ အယူအဆက ဆင်နဲ့ဆိတ်လို အရာရာမှာ ကွဲပြား ခြားနားပါတယ်။ ဒါကို မိုးပြာ ဦးဉာဏက စာသင်တိုက်မှာ စာ ကောင်းကောင်း မသင်ခဲ့ရသူဖြစ်လို့ ကွဲကွဲပြားပြား နားမလည်ဘဲ ရောထွေးနေတာပါ။ သဿတဒိဋ္ဌိဖြစ်တဲ့ ဘဝသံသရာ အယူအဆနဲ့ပတ်သက်လို့ ဘုရားရှင်က ဒီဃနိကာယ် သီလက္ခန်ပါဠိတော် ဗြဟ္မဇာလသုတ်မှာ အကျယ်တဝင့် ဟောကြားတော်မူခဲ့ပါတယ်။ ဒီသုတ်က မိုးပြာဦးဉာဏပြောတဲ့ ဧဝံ မေ သုတံ နဲ့စထားတဲ့ သုတ်ပဲဖြစ်ပါတယ်။ ဗြဟ္မဇာလသုတ်မှာ သဿတဒိဋ္ဌိ ဖြစ်တဲ့ ဘဝသံသရာ အယူအဆနဲ့ပတ်သက်လို့ ဟောကြားထားတဲ့ ဘုရားရှင်ရဲ့ ဟောကြားချက်ကို ရှင်းပြပေးပါမယ်။ ပိုပြီး နားလည်လွယ်အောင် မဇ္ဈိမပဏ္ဏာသ ပါဠိတော်လာ ဧဝံ မေ သုတံ အရင်းခံထားတဲ့ အဂ္ဂိဝစ္ဆသုတ်နဲ့ တွဲဖက်ပြီးတော့ ရှင်းပြပေးပါမယ်။

ဘုရားရှင် မပွင့်ထွန်းခင်ကနေ ဘုရားရှင် ပွင့်ထွန်းတဲ့အချိန် အိန္ဒိယနိုင်ငံမှာ ထင်ရှားတဲ့ အယူဝါဒ လေးမျိုးရှိတယ်။ အဲဒါတွေကတော့ သဿဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ၊ ဧကစ္စသဿတဒိဋ္ဌိ၊ အမရာဝိက္ခေပဒိဋ္ဌိတို့ပဲ ဖြစ်တယ်။

တစ်ခါတုန်းက အဂ္ဂိဝစ္ဆပရိဗိုဇ်က “မြတ်စွာဘုရား လောကသည် မြဲသလား (သဿတဒိဋ္ဌိ)၊ လောကသည် မမြဲဘူးလား (ဥစ္ဆေဒဒိဋ္ဌိ)၊ လောကသည် အချို့မြဲ အချို့ မမြဲဘူးလား (ဧကစ္စသဿတဒိဋ္ဌိ)၊ လောကသည် မြဲသည်လည်းမဟုတ် မမြဲသည်လည်း မဟုတ်ပါလား (အမရာဝိက္ခေပဒိဋ္ဌိ)”လို့ မေးတယ်။

လောကဆိုတာ ဝိညာဉ်ကောင် အတ္တကောင် လိပ်ပြာကောင်ကို ဆိုလိုတာ ဖြစ်တယ်။ ဆိုလိုတာက လူသေသွားရင် သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အတ္တကောင်ကလေးက မသေဘဲ နောက်တစ်ဘဝ ထပ်ဖြစ်သေးသလား၊ လူသေတာနဲ့ အတ္တကောင်လေးကပါ သေလိုက်သွားပြီး သူက နောက်ထပ် တစ်ဘဝ ထပ်မဖြစ်တော့ဘူးလား၊ အချို့သော အတ္တကောင်တွေက ထပ်ဖြစ်ပြီး အချို့သော အတ္တကောင်တွေက ထပ်မဖြစ်တော့ဘူးလားလို့ မေးတာ ဖြစ်တယ်။

အဲဒီလိုမေးတဲ့အခါမှာ ဘုရားရှင်က “ငါ အဲဒီလို အယူမရှိဘူး အဂ္ဂိဝစ္ဆ”လို့ ပြန်ဖြေတော်မူပါတယ်။ လင်ရပြီး ကလေး မရတဲ့ အမြုံမကို နင့်သားလေးက ရုပ်ချောလား၊ ရုပ်ဆိုးလား၊ အသားဖြူလား၊ မည်းလားမေးရင် ဘယ်လို ဖြေမလဲ။ ဖြေစရာ မလိုဘူးနော်။ သားမှ မရှိဘဲ။ မရှိတဲ့သားကို ရုပ်ဆိုးတယ်၊ ချောတယ် ဖြေနေစရာ မလိုဘူးနော်။ ဖြေလိုက်ရင် သားရှိတယ်လို့ ဆိုလိုရာ ရောက်သွားတယ်။ အဲဒီလိုပဲ ဘုရားရှင်က အတ္တကောင် ရှိတာကို လက်မခံဘူး။ အတ္တကောင်ဆိုတာ မရှိဘူးလို့ လက်ခံတယ်။ မရှိတဲ့အတ္တကောင်ကို မြဲသလား မမြဲဘူးလား မေးနေတာကို ဖြေနေစရာကို မလိုတာနော်။ ဖြေနေရင် အသိအမှတ်ပြုရာ လက်ခံရာ ရောက်တယ်။

အဂ္ဂိဝစ္ဆက စကားပုံစံ ပြောင်းပြီး ဆက်မေးတယ်။ ဘုရားရှင်က ပြတ်ပြတ် ပြောလိုက်တယ်။

အဲဒါ မိစ္ဆာဒိဋ္ဌိအယူတွေ၊ ငါဘုရားက အဲဒီအယူတွေကို လက်မခံဘူး။ ဒါဆို အရှင်ဘုရားမှာ သီးခြား အယူဝါဒရှိသလားလို့ ဝစ္ဆက မေးတယ်။ ဘုရားက ရှိတယ်ဆိုပြီး ဝိပဿနာကို ဟောတယ်။

စကားဆက်စပ်နေတာကြောင့် ပိုရှင်း ပိုနားလည်သွားအောင်လို့ ဧဝံ မေ သုတံ အရင်းခံ ထားတဲ့ ဗြဟ္မဇာလ သုတ်တော်လာ ဒိဋ္ဌိလေးမျိုး ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကိုပါ ထပ်ပြောပြပေးပါဦးမယ်။ 

သဿဒိဋ္ဌိ ဖြစ်ပေါ်ပုံ

တချို့သော သမဏ ဗြာဟ္မဏတွေဟာ သမထတရား အားထုတ်ပြီး ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ရရှိတဲ့အခါမှာ အတိတ်ဘဝပေါင်း များစွာကို ပြန်မှတ်မိကြတယ်။ အတိတ်ဘဝနဲ့ ပတ်သက်ပြီးတော့ နာမည်ကအစ အဲဒီ ဘဝတွေမှာ စားခဲ့သောက်ခဲ့တာတွေကအစ အသေးစိတ် ပြန်အောက်မေ့ နိုင်ကြတယ်။

အဲဒီအခါမှာ သူတို့က ခန္ဓာအိမ်ကသာ တစ်ခုခုပြီးတစ်ခု ပြောင်းလဲသွားတယ်။ အတ္တကောင်လေးကတော့ ပြောင်းလဲ မသွားဘူး။ အတ္တကောင်လေးက ဘယ်တော့မှ မသေဘူး။ အတ္တကောင်လေးက မြဲတယ်ဆိုတဲ့ သဿ ဒိဋ္ဌိအယူဝါဒ ဖြစ်ပေါ်လာတယ်။ သဗ္ဗညုဘုရားရှင် မရှိတော့ သူတို့က ရုပ်နာမ်တွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် မသိကြဘူး၊ နားမလည်ကြဘူး။ ဒီတော့ သူတို့က ရူပက္ခန္ဓာ-ရုပ်အစု၊ ဝေဒနက္ခန္ဓာ-ခံစားမှု သဘောတရားအစု၊ သညက္ခန္ဓာ- မှတ်သားမှု သဘောတရားအစု၊ သင်္ခါရက္ခန္ဓာ- ပြုပြင်ပြောင်းလဲ ပေးရမှု သဘောတရားအစု၊ ဝိညာဏက္ခန္ဓာ- သိမှုသဘောတရားအစုဆိုတဲ့ ခန္ဓာ ငါးပါးလုံးကိုပဲဖြစ်ဖြစ်၊ ခန္ဓာငါးပါးထဲက တစ်ပါးပါးကိုပဲဖြစ်ဖြစ် အတ္တ ကောင်လေးလို့ ထင်မှတ်မှားနေကြတာဖြစ်တယ်။

ဧကစ္စသဿတဒိဋ္ဌိ ဖြစ်ပေါ်ပုံ

ကမ္ဘာပျက်ခါနီးတဲ့အခါမှာ သတ္တဝါတွေဟာ အနိမ့်ဆုံးအားဖြင့် ဒုတိယဈာန်ဘုံဖြစ်တဲ့ အာဘဿရာဗြဟ္မာဘုံကို ရောက်ရှိသွားကြတယ်။ အဲဒီဘုံက နေရောင် လရောင် မရှိဘူး။ ဗြဟ္မာတွေရဲ့ ကိုယ်ရောင်နဲ့ ထွန်းလင်းနေတာဖြစ်တယ်။ အဲဒီဗြဟ္မာတွေရဲ့သက်တမ်းက မဟာ ကပ်ရှစ်ကပ်ဖြစ်တယ်။

ကမ္ဘာပျက်တဲ့အခါမှာ ပထမဈာန် ဗြဟ္မာဘုံအထိ ပျက်တယ်။ ကမ္ဘာပြန်တည်ပြီးတဲ့အခါမှာ အပါယ်ဘုံ လူ့ဘုံ နတ်ဘုံ ပထမဈာန်ဘုံတို့မှာ သတ္တဝါတွေ မရှိကြသေးဘူး။ အဲဒီဘုံတွေက ဘယ်သူကမှ ဖန်ဆင်း တည်ဆောက်ထားတာ မဟုတ်ဘူး။ သတ္တဝါတွေရဲ့ကံကို အရင်းခံပြီး ဥတုကြောင့် ဖြစ်ပေါ်လာတဲ့ဘုံတွေသာ ဖြစ်တယ်။

အာဘဿရာဘုံကနေ သက်တမ်းစေ့လို့ စုတေတဲ့ဗြဟ္မာ တစ်ယောက်က ဘယ်သူမှ မရှိသေးတဲ့ ပထမဈာန်ဗြဟ္မဘုံမှာ ဗြဟ္မာပြန်ဖြစ်တယ်။ သူက ဗြဟ္မာဘုံမှာ တစ်ယောက်တည်း အချိန် အကြာကြီး နေရတော့ ပျင်းလာတယ်။ ဒါကြောင့် “အခြားသတ္တဝါတွေ ရောက်လာရင် ကောင်းမှာပဲ”လို့ တောင့်တတယ်။ တိုက်တိုက်ဆိုင်ဆိုင် သူတောင့်တတုန်းမှာပဲ အခြား ဗြဟ္မာဘုံက ဗြဟ္မာတွေက သက်တမ်းစေ့လို့ စုတေပြီး ပထမဈာန်ဘုံမှာ ဗြဟ္မာပြန်ဖြစ်ကြတယ်။

အဲဒီအခါမှာ သူက သူ့ကိုယ်သူ ဖန်ဆင်းရှင်ကြီးလို့ အထင်ရောက်သွားတယ်။ နောက်မှ ရောက်လာတဲ့ ဗြဟ္မာငယ်တွေကလည်း သူ့ကို ဖန်ဆင်းရှင်ကြီးလို့ပဲ ထင်မှတ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗြဟ္မာငယ်တွေက သူ့လောက် တန်ခိုးမကြီးကြလို့ဖြစ်တယ်။

ဗြဟ္မာကြီးက မစုတေဘူး။ ဗြဟ္မာငယ်လေးတွေက စုတေကုန်ကြတယ်။ စုတေပြီး တချို့က အထက်ဗြဟ္မာ့ဘုံရောက်တယ်။ တချို့က လူ့ဘုံရောက်တယ်။ လူ့ဘုံရောက်တဲ့ထဲက တချို့က ရသေ့ဝတ်ပြီး သမထ အားထုတ်ကြတယ်။ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ရရှိပြီး အတိတ်ဘဝတွေကို ပြန်အောက် မေ့နိုင်ကြတယ်။ အောက်မေ့နိုင်တဲ့အခါမှာလည်း ပဌမဈာန် ဗြဟ္မဘုံ မရောက်သေးခင်က ဘဝအထိ မအောက်မေ့နိုင်ကြဘူး။ ပထမဈာန်ဗြဟ္မာဘုံမှာ သူတို့ တွေ ဗြဟ္မာအဖြစ် နေခဲ့ကြတဲ့ဘဝအထိပဲ ပြန်လည် ကြည့်ရှုနိုင်ကြတယ်။ 

အဲဒီအခါမှာ ဗြဟ္မာကြီးက အခုချိန်ထိ ဗြဟ္မာဘုံမှာ ရှိနေသေးတာကို သူတို့သိရှိပြီး တချို့က မြဲတယ်၊ တချို့က မမြဲဘူးဆိုတဲ့ ဧကစ္စသဿတဒိဋ္ဌိ အယူ ဖြစ်ပေါ်လာခဲ့တာ ဖြစ်တယ်။

မှတ်ချက်။ ။တချို့နတ်တွေလည်း လူ့ပြည်ရောက်လာပြီး အထက်ပါ နည်းတူမှတ်။

အမရာဝိက္ခေပဒိဋ္ဌိ ဖြစ်ပေါ်လာပုံ

အမရာဆိုတဲ့ ငါးတစ်မျိုးရှိတယ်။ အကျိအချွဲတွေနဲ့ဖြစ်လို့ အလွန် ဖမ်းရခက်တယ်။ ဒီခေတ်လိုဆိုရင်တော့ ငါးရှဥ့်တို့၊ ငါးခူတို့လို ငါးမျိုးပေါ့။ အမရာငါးက အရှောင်အတိမ်းလည်း ကောင်းတယ်။ အမရာငါးက ဖမ်းဖို့ ခက်သလို တချို့သော သမဏဗြာဟ္မဏတွေကလည်း သူတို့ရဲ့ အယူဝါဒက ဘာလဲဆိုတာကို မေးမြန်းဖို့ အလွန် ခက်တယ်။ 

တချို့သော သဿတဒိဋ္ဌိ အခြေခံအယူရှိကြတဲ့ သမဏဗြာဟ္မဏတွေဟာ မုသားစကား ပြောမိမှာကို အလွန် ကြောက်ကြတယ်။ ဒါကြောင့် တခြားသူများက သူ့အယူဝါဒကို မေးမြန်းတဲ့အခါမှာ “ငါက ကုသိုလ် အကုသိုလ်နဲ့ပတ်သက်ပြီး အမှန်အတိုင်း မသိဘဲ ဖြေလိုက်လို့ရှိရင် ငါ မုသားစကား ပြောမိရာ ရောက်သွားလိမ့်မယ်”လို့ ကြံစည် စဉ်းစားမိပြီးတော့ တခြား သူများက သူ့ကို အယူဝါဒရေးရာ ပတ်သက်ပြီး ဘာကိုပဲမေးမေး “ငါ့မှာ အဲဒီ အယူမရှိဘူး။ ငါ့မှာ အဲဒီအယူမရှိဘူး”လို့ ဖြေကြတယ်။

တချို့သော သဿတဒိဋ္ဌိ အခြေခံ အယူရှိကြတဲ့ သမဏဗြာဟ္မဏတွေကတော့ ထိုမေးခွန်းကို ဖြေလိုက်လို့ရှိရင် ထိုအဖြေကို ပညာရှိများက နှစ်သက်လျှင် ငါ့မှာ နှစ်သက်ခြင်း-ဆန္ဒ၊ တပ်မက်ခြင်း-ရာဂ ဖြစ်လိမ့်မယ်။ ပညာရှိများက မနှစ်သက်လျှင် ငါ့မှာ အမျက်ထွက်ခြင်း- ဒေါသ၊ စိတ်ထိခိုက်ခြင်း-ပဋိဃဆိုတဲ့ ဥပါဒါန်များ ဖြစ်လိမ့်မယ်။ ဥပါဒါန်ဖြစ်ရင် ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲဖြစ်ရမယ်။ မဂ်ဖိုလ်အန္တရာယ် ဖြစ်လိမ့်မယ် စသဖြင့် တွေးပြီး ဥပါဒါန်ဖြစ်မှာ ကြောက်လို့ ဘာမေးမေး “ငါ့မှာ အဲဒီအယူမရှိဘူး၊ ငါ့မှာ အဲဒီအယူ မရှိဘူး”လို့ ဖြေဆိုကြတာဖြစ်တယ်။

တချို့ကတော့ အဖြေကို ပညာရှိများက မဟုတ်ဘူး၊ မမှန်ဘူးလို့ ပြောတဲ့အခါမှာ ငါက ပြန်လှန်ချေပခြင်း မပြုနိုင်ရင် ငါ့မှာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ရလိမ့်မယ်လို့ တွေးပြီးတော့ ဘာမေးမေး အထက်ပါအတိုင်း ဖြေဆိုကြတာဖြစ်တယ်။ တချို့ကတော့ အလွန်းနလွန်းလို့ ကိုယ်ယုံကြည်လက်ခံထားတဲ့ အယူဝါဒရေးရာနဲ့ပတ်သက်ပြီး ဘာမှမသိလို့ ဘာမေးမေး အထက်ပါတိုင်း ဖြေဆိုကြတာပဲ ဖြစ်တယ်။ 

အဲဒီလိုမျိုး အကြောင်းတရားတွေကြောင့် တိတိကျကျ ရေရေရာရာ အဖြေ မပေးဘဲ ရှောင်လွှဲဖြေဆိုခြင်းလို့ခေါ်တဲ့ အမရာဝိက္ခေပဒိဋ္ဌိဖြစ်ပေါ် လာခဲ့တာ ဖြစ်တယ်။ ဘာမေးမေး ငါ့မှာ အဲဒီအယူ မရှိဘူးလို့ ရှောင်လွှဲပြီး ဖြေဆို ရုံနဲ့တော့ ဒိဋ္ဌိမဖြစ်ပါဘူး။ သို့သော် သူတို့မူလယုံကြည်ထားတဲ့ အယူဝါဒက သဿတဒိဋ္ဌိဖြစ်တယ်။ မူလ ယုံကြည်ထားတဲ့ သဿတဒိဋ္ဌိကြောင့် ဒိဋ္ဌိဖြစ်ရတာဖြစ်တယ်။ အမရာဝိက္ခေပဒိဋ္ဌိက သဿတဒိဋ္ဌိရဲ့ မျိုးကွဲတစ်ခုပါပဲ။

ဆက်လက်ဖော်ပြပါမည်။ 

မိုးသု (မန္တလေး)


  • TAGS