POST TYPE

PERSPECTIVE

သစ်တောသစ်ပင်များ အကြီးအကျယ် စိုက်ပျိုးဖို့ အပူတပြင်း လိုအပ်နေပါပြီ
02-Jan-2017 tagged as

သစ်တောများ ပြုန်းတီးလာမှုကို တားဆီးရေးနှင့် သစ်တောသစ်များ ပြုစုပျိုးထောင်ရေး အကြောင်းကို အတော်များများ ရေးခဲ့ပြောခဲ့ကြဖူးပါပြီ။ သို့သော် ယင်းကိစ္စကို ယနေ့ ပြန်လည်သုံးသပ် ကြည့်သောအခါ ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်ပေါ်မလာခဲ့ကြောင်း ကြားသိနေရပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှု တတိယ အများဆုံးဒေသ ဖြစ်နေဆဲပါ။ နိုင်ငံတွင်းရှိ နေရာ အများအပြားတွင် သစ်တောများ ပြောင်သလောက် ဖြစ်နေလေပြီ။ ကျန်သမျှ သစ်တောများကိုလည်း ခိုးယူ ခုတ်လှဲကာ သစ်မှောင်ခို ထုတ်ယူရောင်းချ နေကြသည်။ မှောင်ခိုသစ်များ ဖမ်းဆီးရမိသည့် သတင်းများကိုလည်း မပြတ်ကြားသိနေရပါ၏။ သို့သော် မှောင်ခိုသူများကို ဖမ်းမိသည်ဟု ဘယ်တော့မှ မကြားဖူးပါ။ ငွေနှင့်ပေါက်၍ လွတ်မြောက်သွားကြစမြဲဖြစ်ပါ၏။ ပိုင်ရှင်မဲ့သစ်များ ဖမ်းမိသည်ဟူသော သတင်းမှာ ဖန်တစ်ရာ တေနေလေပြီ။ သစ်မှောင်ခိုထုတ် အမြတ်ကြီးရ စစ်ဆေးရေးဂိတ်များကို ငွေပေး၍ ဖြတ်သန်းနိုင်သည်၊ ဖမ်းမိလည်း ငွေပေး၍ “ပိုင်ရှင်မဲ့” လုပ်နိုင်သည်ဟု သဘောပေါက်နေကြသော သစ်မှောင်ခိုများ ရဲတင်းပွားများလာနေကြသည်မှာ မဆန်းပါ။

သစ်တောများ ပြောင်လာတော့ မိုးခေါင်လာသည်။ ရာသီဥတု သိသိသာသာ ပူပြင်းလာသည်။ တိုင်းနှင့်ပြည်နယ် အချို့တွင် အပူချိန် ၁ ဒသမ ၆ မှ ၄ အထက်လောက်အထိ တက်လာသည်။ ကမ္ဘာတစ်ဝန်းတွင်လည်း ပိုမို ပူပြင်းလာမည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားထားသည်။ ကမ္ဘာ့နိုင်ငံများသည် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သော ပဲရစ်ညီလာခံတွင် ရာသီဥတု ပြောင်းလဲမှုကို လျှော့ချရန် သဘောတူခဲ့ကြ၏။ သစ်တောတွေ ပြောင်လာသည့်စကား ပြန်ကောက်ပါရစေ။ တောပြောင်တော့ မြစ်များ ချောင်းများထဲကို သဲနုန်းများ စီးဝင်မှု မတန်တဆ များလာပြီး မြစ်များ သောင်ထွန်းကာ ရေကြောင်း ပြောင်းလဲ၍ ကမ်းပါးများကို တိုက်စားသဖြင့် မြစ်ကမ်းဘေးရှိ ရွာများ၊ လယ်ယာများ ပျက်စီးထိခိုက်ကြရသည်။ မြစ်တွင်းသင်္ဘောများ ခုတ်မောင်း သွားလာမှု ခက်ခဲ နှောင့်နှေးရသည်။

သို့ဖြစ်၍ သစ်တောများ ခုတ်လှဲ မှောင်ခိုမှုကို အထူး ကြပ်မတ်စွာ တားဆီး ကာကွယ်ရန် လိုနေပြီ။ သစ်တော ကာကွယ်ရေး ဝန်ထမ်းများ တိုးချဲ့ခန့်ထားကာ သူတို့ လုံခြုံရေးအတွက် လက်နက်တပ်ဆင်ပေးသင့်သည်။ သစ်မှောင်ခိုများနှင့် ပေါင်းစားနေကြသော ဝန်ထမ်းများအား ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်သည်။ 

သစ်တောများ ထိန်းသိမ်းရေး၊ သစ်တောသစ်များ စိုက်ပျိုးရေးကို လုပ်ဆောင်မည်ဟု ပြောသံများ ကြားခဲ့ရပါသည်။ သစ်တောအချို့ စိုက်နေပြီ။ ဘယ်နှဧက စိုက်ပြီးပြီဟူသော ကြေညာချက်များကိုလည်း ကြားရဖူးပါသည်။ သို့သော် အနည်းငယ် အကြာတွင် ဆက်လက် ထွက်ပေါ်လာသော သတင်းများက စိတ်မချမ်းသာစရာ။ ရေရှည် ပြုစုထိန်းသိမ်းမှု အားနည်းခြင်းကြောင့် စိုက်သည့်အပင်များ အားလုံးနီးပါး သေကုန်ကြသည်တဲ့။ စိုက်ကတည်းက အနည်းအကျဉ်းသာ။ ပြုန်းသွားသည့်တောများ၏ အပုံတစ်ရာလျှင် တစ်ပုံတောင် ပြန်စိုက်နိုင်သည် မထင်ပါ။ စိုက်သမျှကလည်း အနည်းအကျဉ်းသာ အဖတ်တင်တော့ နိုင်ငံမြေပြင်ဧရိယာ ထက်ဝက်ကျော်ကို သစ်တောများ ပြန်လည် ဖုံးလွှမ်းလာရေးသည် စိတ်ကူးယဉ် အိပ်မက်သာ ဖြစ်နေတော့၏။ မစို့မပို့ လုပ်နေ၍ မရ၊ ထိထိမိမိ ကျယ်ကျယ်ပြန့်ပြန့် ဘတ်ဂျက် အများကြီး သုံးစွဲ၍ အကောင်အထည်ဖော်မှ အောင်မြင်မည့် အလွန် လိုအပ်သည့် လုပ်ငန်းကြီး ဖြစ်ပါသည်။ ပြည်ပ အကူအညီများမှ ခပ်များများ သတ်မှတ်လျာထားသင့်၏။ ပြည်တွင်းဘတ်ဂျက်မှလည်း ဖြစ်ဖြစ်မြောက်မြောက် စိုက်ထုတ်သုံးစွဲသင့်၏။

တောထဲက သစ်တောများ သာမက မြို့တိုင်း၊ ရွာတိုင်း၊ မြေကွက်ရှိသော အိမ်တိုင်းတွင် သစ်ပင်များ စိုက်ပျိုးရေးကိုပါ အခြေအနေက တောင်းဆိုနေပေပြီ။ တစ်စစ ပို၍ပို၍ ပူလာနေသော ရာသီဥတုဒဏ်ကို တွန်းလှန်နိုင်ရန် သစ်ပင်များက အထောက်အကူ ပြုနိုင်သည်။ ၂၀၁၆ ခုနှစ် သည် ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် ရာသီဥတု အပူဆုံးနှစ်ဖြစ်သည်ဟူသော သတင်းကို မကြာသေးမီက ဖတ်လိုက်ရပါ၏။ ရာသီဥတု ပြောင်းလဲ ပူပြင်းလာခြင်းကို တားဆီးကာကွယ်ရန် ကမ္ဘာ့ခေါင်းဆောင်များ စိုင်းပြင်းနေကြရပေပြီ။ မိမိတို့နိုင်ငံတွင်လည်း တစ်နေ့တခြား ပိုပူလာနေသည်။ အလွန်အေးသော ဒေသများတွင် ရေခဲများ အခါတိုင်းကထက် ပို၍မြန်ဆန်စွာ အရည်ပျော်နေကြသည်။ လာမည့်နှစ် အနည်းငယ် အကြာတွင် မြေအောက်ရေများ လျော့နည်းခြောက်ခန်းလာတော့မည်ဟုလည်း ကြားရ၏။ အဝီစိတွင်းများ တူး၍ပင် ရေရရှိရန် လွယ်ကူတော့မည်မဟုတ်။

ရာသီဥတု ပူပြင်းလာခြင်းကို ကမ္ဘာ့နိုင်ငံအများ၌ သစ်တောများ အကြောင်း အမျိုးမျိုးတို့ကြောင့် လျော့နည်းလာခြင်းနှင့် စက်ရုံများ၊ မော်တော်ယာဉ်များမှ အခိုးအငွေ့များ ထုတ်လွှင့်ခြင်းတို့က အဓိက ဖန်တီးနေကြသည်။ အလွန် စက်မှုတိုးတက်လာနေသော တရုတ်နိုင်ငံ၏ ပီကင်းမြို့တော်တွင် လေထုညစ်ညမ်း၍ မြူခိုးဖုံးလွှမ်းမှုများ မကြာခဏ ဖြစ်ပွားနေသည်။ တစ်လောက ငါးရက်ကြာမျှ မြူဖုံး၍ ကျောင်းများ ပိတ်ရသည်အထိ ဖြစ်ပွားခဲ့သည်။ အခြားတိုးတက်သော နိုင်ငံကြီးများရှိ မြို့ကြီးများတွင်လည်း မြူခိုး လွှမ်းမိုးမှုမှာ မဆန်းတော့ချေ။ အခိုးအငွေ့ ထုတ်လွှင့်မှုများ လျော့နည်းလာအောင် ကားများကို စုံနံပါတ်၊ မနံပါတ်အလိုက် တစ်ရက်ခြား သွားလာကြစေရန် စီစဉ်ခဲ့ကြရဖူးသည်။ စက်ရုံအချို့ပင် ခဏ ပိတ်ထားရသည့် အခြေဆိုက်ခဲ့သည်။ လူဦးရေကတိုး၊ ကားတွေက ကြာလေ များလာလေ ဖြစ်နေသော လက်ရှိခေတ်တွင် ဤပြဿနာကို ဖြေရှင်းနိုင်ရန် မလွယ်ကူချေ။ သစ်တောများ ပြုစုပျိုးထောင်ရေးကိုသာ ပိုမိုအားထားလာရမည် ဖြစ်သည်။ 

သစ်တော သစ်ပင်များသည် အပူဒဏ် သက်သာစေသောအရိပ် အာဝါသကိုပေး၏။ လေထုကို ညစ်ညမ်းစေသော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ကို စုပ်ယူပြီး လူများ၊ သတ္တဝါများအတွက် မရှိမဖြစ် လိုအပ်သော အောက်ဆီဂျင် ဓာတ်ငွေ့ကို ပြန်ထုတ်ပေး၏။ သစ်များသည် ကမ္ဘာအရပ်ရပ်တွင် အထူး ဆောက်လုပ်ရေး ပစ္စည်းဖြစ်၏။ သစ်များ ရောင်းချ၍ နိုင်ငံဝင်ငွေ အများကြီးရ၏။ သစ်တောများသည်မိုးခေါင်ခြင်းကို တားဆီးကာကွယ်၏။ လေထုကို အေးမြစေ၏။ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များ အားလုံးနီးပါး ခုတ်လှဲရှင်းလင်းခြင်း ခံခဲ့ရသော နာမည်ကျော် နွေစခန်း ပြင်ဦးလွင်မြို့သည် ယခင်ကကဲ့သို့ မအေးမြတော့ချေ။

သစ်ပင်များကို ရုံးဝင်းများ၊ ခြံဝင်းများ၊ လမ်းဘေးများ၊ မြို့ရွာဝန်းကျင်ရှိ မြေလွတ်မြေအားများတွင် စိုက်နိုင်ပါသည်။ သရက်ပင် ကဲ့သို့သော သစ်သီးပင်များ စိုက်လျှင် အသီးများ သီးလာသောအခါ ရောင်းရငွေကို ရုံးသူရုံးသားများ သက်သာချောင်ချိရေးအတွက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရုံးတွင်း အပူဒဏ်ကိုလည်း သက်သာစေပါလိမ့်မည်။ ကြွေကျသည့် သစ်ရွက်များကို စုဆောင်း၍ အဖိုးတန် ဇီဝမြေဆွေးအဖြစ် ပြောင်းလဲနိုင်ပါသည်။ လမ်းဘေးများတွင် သစ်ပင်များ စိုက်ပါက ခရီးသွားများ ကိုယ်စိတ် ချမ်းသာကြရမည် ဖြစ်လေသည်။ အိမ်ဝင်းများတွင် သစ်ပင်များစိုက်လျှင် အိမ်ပတ်ဝန်းကျင်တွင် အေးမြစေရုံသာမက လေထုညစ်ညမ်းမှု တိုးများ လာနေသော ဤခေတ်တွင် လေကောင်းလေသန့်ကိုရရှိစေရန် အထောက်အကူ ပြုပေလိမ့်မည်။ သစ်သီးပင်စိုက်လျှင် သစ်သီးများ စားရမည်၊ ပန်းပင်စိုက်လျှင် အိမ်ကို ကျက်သရေ တိုးလာစေလိမ့်မည်။ အိမ်တွင် စိုက်ပျိုးထိုက်သော သစ်ပင်များ စာရင်းတွင် အုန်းပင်မပါပါ။ အုန်းပင်သည် အကိုင်းအခက် မရှိ၍ အရိပ်မကောင်း၊ အုန်းသီးများ ဖြစ်ထွန်းအောင် အုန်းပင်ကို ပြုပြင်လိုလျှင်၊ အုန်းသီးများ ရင့်၍ခူးလိုလျှင် အုန်းပင်တက်သမားကို ပိုက်ဆံပေး စေခိုင်းရ၏။ ရှဉ့်ရန်ကလည်း ကြောက်ရသေး၏။ နှစ်ပေါင်း အတော်ကြာ စောင့်၍ အုန်းသီးများ ရလာသောအခါတွင်လည်း မည်မည်ရရ မသုံးစားတတ်။ ဆိုင်သွားသွင်းဖို့ကလည်း တွက်ခြေ မကိုက်။ တော်တော်စိုက်ရကျိုး မနပ်သောအပင်ဖြစ်၏။ အရိပ်ရလိုပါက ကုက္ကိုပင်၊ ဗာဒံပင်တို့ကို စိုက်ပျိုးနိုင်ပါသည်။ အသီးစားရန် အထူး စိုက်ပျိုးသင့်သော အပင်များမှာ သရက်နှင့် ပိန္နဲတို့ ဖြစ်ကြပါသည်။ ငှက်ပျော၊ ဩဇာ၊ မာလကာ၊ သင်္ဘော စသော အပင်ငယ်များကို စိုက်လျှင်လည်း အသီးစားရပါလိမ့်မည်။ နိုင်ငံတောင်ဘက်ဖျားတွင် ဒူးရင်း၊ မင်းကွတ်ပင်များ စိုက်နိုင်ကြပါသည်။ အထက်ပိုင်းတွင် မန်ကျည်း၊ ထနောင်းနှင့် တမာပင်များ ဖြစ်ထွန်းကြ၏။ မန်ကျည်းပင်သည် အရွက်နှင့် အသီးလည်း စားရ၊ အရိပ်လည်း ကောင်းသော အလွန် အသုံးဝင်သည့် အပင်ဖြစ်သည်။ ထနောင်းနှင့် တမာတို့ကတော့ အရိပ်သာ ပေးကြ၏။ အညာတောရွာများတွင် အရွက်ကို အိမ်မိုး၊ အသီးကို လူစား၊ နွားကျွေး၊ အလက်မှလျှော်ရ၊ ထန်းဖူးဖာများ၊ တောင်းများ ပြုလုပ်နိုင်၊ အရည်ကို ထန်းလျက်ချက်၊ ထန်းရည်ခါး (သေ ရည်) ပြုလုပ်၊ ပင်စည်မှ တောရွာအိမ်ဆောက် ထုပ်လျှောက်ဒိုင်းမြားရ၊ ထန်းသီးရင့်မှ ထန်းပင်မြစ်တို့ရ၍ ပဒေသာပင်ဟု တင်စားခြင်း ခံရသော ထန်းပင်များသည် ယခုအခါ အိမ်ကို ထန်းလက်မိုးသည့်ဓလေ့ တိမ်ကောလာနေပြီး ထန်းလျက်ဈေးကလည်း မကောင်းတော့သဖြင့် ထန်းတက်သူများ လျော့နည်းလာသောကြောင့် ထန်းပင်သစ်များ စိုက်ပျိုးမှု နည်းပါးလာသည်ဟု ကြားရပါသည်။ အဖိုးတန် သနပ်ခါးပင် စိုက်ပျိုးမှုကတော့ ဈေးကွက်ခိုင်မာ၍ ကျယ်ပြန့်လာသည်ဟု သိရှိရပါသည်။

တောရော မြို့ပါ မြေကွက်ရှိသူ အားလုံး အထူးသဖြင့် ငယ်ရွယ်သူများ အစိုက်ပျိုးသင့်ဆုံး အပင်ကတော့ ကျွန်းပင်ဖြစ်ပါသည်။ ခေတ် အဆက်ဆက် တတ်နိုင်သူများက အိမ်အများဆုံးကို ကျွန်းသားဖြင့် ဆောက်ခဲ့ကြသည်။ တိုက်ဆောက်ရာတွင်လည်း ကျွန်းသား မပါလျှင် မပြီး။ အိမ်ထောင်ပရိဘောဂ အားလုံးနီးပါးကို ကျွန်းသားဖြင့် ပြုလုပ်ခဲ့ကြသည်။ ယခုအခါတွင်ကား ကျွန်းသား ပရိဘောဂများသည် ရှားပါးလာနေပြီး ဈေးလည်း ခေါင်ခိုက်နေကြသည်။ ကျွန်းအစားထိုး ပရိဘောဂများကို သုံးစွဲနေကြရပြီ။ သို့ဖြစ်၍ ကျွန်းသားသည် ကြာလေ ရှားပါးလေ ဈေးကြီးလေ ဖြစ်လာနေသည်။ ကျွန်းပင်စိုက်ဖို့ အထူး မလိုအပ်ပေဘူးလား။ လက်ထပ်ပြီးစဇနီးမောင်နှံသည် မြေကွက်ရှိလျှင် ကျွန်းပင်တစ်ပင်၊ နှစ်ပင်၊ သုံးလေးပင် ဖြစ်နိုင်လျှင် ထိုထက်မက ပိုမို စိုက်ပျိုးသင့်သည်။ ထိုကျွန်းပင်များသည် သူတို့သားသမီး မင်္ဂလာဆောင် စရိတ်စက သူတို့ အိုစာမင်းစာ ဖြစ်လာပေလိမ့်မည်။ ကျွန်းစိုက်သူများကို လွတ်လွတ်လပ်လပ် ရောင်းချခွင့် ပြုသင့်သည်၊ လှုံ့ဆော်အားပေးသင့်သည်။

သစ်တောများ ပြုစု ပျိုးထောင်ရေးကို ပြန်ကောက်ရသော် ကျွန်းကို ဦးစားပေး၍ သစ်တောများ နေရာအနှံ့ စိုက်ပျိုးရေးကို အပြင်းအထန် လုပ်ဆောင်သင့်၏။ ကြီးမားကျယ်ပြန့်လှသော လုပ်ငန်းကြီးဖြစ်၍ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ် လက်တွဲ အကောင်အထည် ဖော်သင့်၏။ ယင်းလုပ်ငန်းကြီးသည် တောနေမြို့နေ လူငယ်လူလတ် အများအပြားကို ရေရှည် အလုပ်အကိုင်များ ရရှိစေပြီး အလုပ်လက်မဲ့ ပြဿနာကို ကူညီ ဖြေရှင်းပေးမည်ဖြစ်၏။ ရာသီဥတုလည်း တိုးတက် ကောင်းမွန်လာစေမည် ဖြစ်၏။ အပူဓာတ် သက်သာလာစေပြီး လေထု ညစ်ညမ်းမှုလည်း လျော့နည်းလာစေမည်ဖြစ်၏။ သို့ဖြစ်၍ ပြည်ထောင်စု တစ်ဝန်းလုံး ငြိမ်းချမ်းလာစေရေးအပြီးတွင် သစ်တော သစ်ပင်များ အများအပြား ပြုစုပျိုးထောင်ရေးကို နိုင်ငံတော်၏ ဒုတိယ အရေးအကြီးဆုံး ဦးစားပေး လုပ်ငန်းကြီး အဖြစ် သတ်မှတ်၍ အပူတပြင်း လုပ်ဆောင်သင့်ပါသည်။

တောရွာများတွင် ကျေးရွာသုံး ထင်းစိုက်ခင်းများအပြင် နေရာရှိသောဒေသများ၌ ရေရှည် သစ်တောများ စိုက်ပျိုးရန် ခွင့်ပြုစီမံပေးကာ ယင်းတို့ကို ထိန်းသိမ်း စောင့်ရှောက်ကြရမည့် ရွာသူရွာသားများအား အကျိုးခံစားခွင့်များ ပေးသင့်၏။ မက်လုံးရှိမှ လုပ်ငန်း အောင်မြင်ပေမည်။ သစ်တောသစ်ပင်များ စိုက်ပျိုးရာတွင် မြစ်များ နုန်းပို့၊ သောင်ထွန်း၊ ရေလမ်းကြောင်းပြောင်း၊ မြစ်ကမ်းများ တိုက်စားကာ မြစ်ကမ်းနံဘေးရှိ လယ်ယာများ၊ ကျေးရွာများ ပျက်စီးထိခိုက်သည့် အန္တရာယ်ကို တားဆီးရန် မြစ်ကမ်းများတစ်လျှောက် ဦးစားပေး စိုက်ပျိုးပေးသင့်၏။ သစ်ပင်များ သာမက မြက်များ၊ ချုံနွယ်ပိတ်ပေါင်းများပါ ပေါက်ရောက်လာကြစေရန် စီမံပေးသင့်၏။

သစ်မှောင်ခိုလုပ်ငန်းအပြင် သစ်တောများကို ပြုန်းတီးစေသော အခြားအကြောင်းရင်းကြီး နှစ်ရပ်မှာ ရွှေ့ပြောင်းတောင်ယာစနစ်နှင့် တောမီးလောင်ခြင်းတို့ ဖြစ်ကြ၏။ သဘာဝ အန္တရာယ်ဖြစ်သော တောမီး လောင်ခြင်းကိုတော့ တားဆီးရန် မလွယ်ပါ။ သစ်ပင်ပေါက်ရောက်မှု နည်းသော တောတွင်းနေရာများမှ သစ်ပင်များကို ခုတ်လှဲ ရှင်းလင်းကာ မီး တားလမ်းများ ဖော်ထုတ်နိုင်လျှင်တော့ တောမီးများ ကူးစက်ပျံ့နှံမှု သက်သာနိုင်ပါလိမ့်မည်။ ငွေကြေးတတ်နိုင်သော နိုင်ငံများတွင်ကား တောမီးများကို မီးသတ်ကားများ၊ မီးသတ်လေယာဉ်များဖြင့် ထိန်းချုပ်ကြပါသည်။ ရိုးရာရွှေ့ပြောင်းတောင်ယာစနစ်ကို ဖျက်သိမ်း၍ ယင်းလုပ်သားများအတွက် အခြားအလုပ်အကိုင်များ ရှာဖွေပေးရန် စီမံသင့်ပါသည်။ ယင်းစနစ်ကြောင့် ဖြစ်ပေါ်လာခဲ့ရသော တောင်ကတုံးများပေါ်တွင် တောင်ပေါ် သစ်တောများ ပြန်လည် စိုက်ပျိုးရေး လုပ်ဆောင်လျှင် ယင်းလုပ်သားများ အလုပ်အကိုင် ရရှိနိုင်မည်ဖြစ်ပါသည်။ အခြားသင့်တော်ရာ အလုပ်အကိုင်များကိုလည်း ရှာဖွေပေးသင့်ပါသည်။ ဆီအုန်းနှင့် ရော်ဘာပင်များ စိုက်ပျိုးရေး လုပ်ငန်းများကလည်း သဘာဝ သစ်တောများကို အပြောင်ရှင်းရန် လိုအပ်စေပါသည်။ ရော်ဘာဈေးကွက်သည် မခိုင်မာတော့ဘဲ နှစ်အနည်းငယ်ကြာအောင် ဈေးကျနေခဲ့ပါသည်။ ယခုတစ်လော ရော်ဘာဈေး ပြန်တက်လာသော်လည်း ရော်ဘာ လုပ်သားများ ရှားပါးနေသည်ဟု ကြားရပါသည်။

ဆီအုန်းကလည်း ကျန်းမာရေးအတွက် မကောင်းသဖြင့် ဆီအုန်း စိုက်ပျိုးရေးကို အားမပေးသင့်ပါ။ ဆီအုန်းခြံများ၊ ရော်ဘာခြံများသည် ရာသီဥတု အပူဒဏ်ကို ထိန်းသိမ်းရာတွင် သဘာဝတောများလောက် မထိရောက်ပါ။ ယနေ့ ကမ္ဘာ့ရာသီဥတု ပိုမိုပူနွေးလာရခြင်း၏ အဓိက အကြောင်းရင်း တစ်ရပ်မှာ သစ်တောများ ပြုန်းလာခြင်း အထူးသဖြင့် ဘရာဇီး၊ အင်ဒိုနီးရှား စသည့် သစ်တောထူထပ်စွာ ပေါက်ရောက်သော နိုင်ငံများတွင် ရော်ဘာနှင့်ဆီအုန်းများ စိုက်ပျိုးရန် သဘာဝ သစ်တောများကို အပြောင် ရှင်းနေကြခြင်းတို့ ဖြစ်ပါသည်။ သို့ဖြစ်၍ ဆီအုန်းနှင့်ရော်ဘာ စိုက်ပျိုးရန် သဘာဝ သစ်တောများအား အပြောင်ရှင်းခြင်းကို လုံးဝ ခွင့်မပြုသင့်ပါ။ သို့သော် ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် အဖိုးအတန်ဆုံးသစ် ဖြစ်သော ရတနာတန်းဝင် ကျွန်းအား အဓိက ထား၍ တစ်နိုင်ငံလုံးတွင် သစ်တော သစ်ပင်များ စိုက်ပျိုးရေးကိုတော့ ဦးစားပေး လုပ်ငန်းကြီး တစ်ရပ်အဖြစ် အမြန်ဆုံး ထိထိမိမိ အကောင်အထည် ဖော်သင့်ပြီဖြစ်ပါကြောင်း။

မောင်ကြာညို

  • TAGS