News

POST TYPE

PERSPECTIVE

မြန်မာတို့ရဲ့နှလုံးသားထဲက ရွှေတိဂုံစေတီတော်
05-Feb-2021


ရန်ကုန်မြို့တွင် ရှေးဟောင်းသမိုင်းဝင် စေတီများစွာရှိပါသည်။ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ရှင် စေတီတော်၊ ဆူးလေစေတီတော်၊ ရွှေဘုန်းပွင့် စေတီတော်၊ ကျိုက္ကဆံ စေတီတော်၊ ကျိုက္ကလို့စေတီတော်၊ ကျိုက္ကလဲ့စေတီ တော်၊ ကျိုက်ဝိုင်းစေတီ တော် စသည်တို့အပြင် ကိုးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ငါးထပ်ကြီးနှင့် မယ်လမု ဘုရားအစရှိသော ဘုရားပုထိုးစေတီတို့ကား ဖူးမြော်၍ပင်မဝနိုင်ဖြစ်ရပါသည်။

ထို့နောက် သည်ဘက်ခေတ်တွင်လည်း နီပေါနိုင်ငံမှလက်ဆောင် ရရှိသည့် ရုပ်ပွားတော်နှစ်ဆူကို ထည့်သွင်းပူဇော်ထားသည့်  မဟာဝိဇယ စေတီတော်၊ စွယ်တော်မြတ်စေတီတော်နှင့် တောင်ဥက္ကလာပစေတီတော် အစရှိသည်တို့လည်း ထပ်မံတည်ထားကိုးကွယ်ခဲ့သည်ဖြစ်ရာ ရွှေတိဂုံ စေတီတော်ကြီး၏ အရန်စေတီတော်များသဖွယ် သပ္ပါယ်တင့်တယ်လှပါ တော့သည်။

ရန်ကုန်မြို့ကိုကျော်လွှား၍ မြန်မာနိုင်ငံ တစ်နံတစ်လျားကို မှန်း မျှော်ကြည့်၍ ဖူးမြော်မည်ဆိုပါကလည်း သမိုင်းဝင်ကျိုက်ထီးရိုးစေတီတော် မှအစပြု၍ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဘုရားစေတီ ပုထိုးများ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လှည်းဝင်ရိုးသံတညံညံဟု လူသိများသော ကမ္ဘာကျော် ရှေးဟောင်းသမိုင်းဝင် ပုဂံဘုရားပုထိုးစေတီ များ၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်၊ ကျောက်တော်ကြီးဘုရားနှင့် ပြင်ဦးလွင်မှ မဟာအံ့ထူးကံသာဘုရား။  စစ်ကိုင်းတိုင်းဒေသကြီး ဇေယျာရွှေမြေနှင့် သလ္လာဝတီမြို့တော်တို့မှ အဝေးကပင်လှမ်း၍ ဖူးမြော်နိုင်သည့် ကောင်းမှု တော်စေတီတော်မြတ်ကြီး၊ အရေအတွက်အားဖြင့် ၅၂၁çဝ၂၈ ဆူကုန် သော ရုပ်ပွားတော်များ စံပယ်တော်မူသည့် ထူးခြားအံ့ဖွယ် သံဗုဒ္ဓေစေတီ တော်မြတ်ကြီးနှင့် သမိုင်းပြောင်မညှိုးသည့် စစ်ကိုင်းတောင်တော်ရိုးမှ ထုံးဖြူဖွေးဖွေးစေတီများ၊ မကွေးတိုင်းဒေသကြီး မင်းဘူးမှ မြတ်စွာဘုရား ၏ခြေတော်ရာ (ရွှေစက်တော်)စေတီ၊ မကွေးမြသလွန်စေတီနှင့် ဘုရား ရှင်ကိုယ်တော်တိုင် ြွကလာသည်ဟု ယုံကြည်သက်ဝင်ကြသော ကျောင်းတော်ရာ စေတီ၊ မြတ်စွာဘုရား ပထမဆုံးြွကရောက်တော်မူရာဒေသဟု ယုံကြည် သက်ဝင်ကြသည့် ရခိုင်ဒေသ ကျောက်တော်ရှိ မဟာမုနိရုပ်ပွားတော် မြတ်နှင့် မြောက်ဦးမှ ရှေးဟောင်းစေတီပုထိုးများ၊ ဧရာဝတီတိုင်းဒေသ ကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ မော်တင်စွန်းစေတီ၊ ရွှေမုဋ္ဌောစေတီ၊ ဇလွန် ပြည်တော်ပြန်ဘုရား၊ ရွှေဆံတော်စေတီ၊ ရွှေနတ်တောင်စေတီ၊ ရွှေဘုံသာ မုနိဘုရား အစရှိသည့် ထူးခြားဆန်းပြား ဘုရားစေတီပုထိုးများတို့သည် အံ့ချီးမကုန်၊ ဖူးမြော်မဝ၊ တသသနှင့် တစ်ကြိမ်တစ်ခါ ဖူးမြော်ပြီးလျှင် အကြိမ်ကြိမ် အဖန်ဖန် ထပ်ကာထပ်ကာ ပြန်လည်ဖူးမြော်လိုသည့် ဆန္ဒများ ဖြစ်ပေါ်လာသည့် ဘုရားရှင်ကိုယ်စား၊ ကိုယ်ပွား တည်ထားကိုးကွယ်ခဲ့ ကြသည့် ဓာတုစေတီ၊ ပရိဘောဂစေတီတော်မြတ်များသာတည်း။

သို့ပါသော်လည်း ရန်ကုန်မြို့ သိင်္ဂတ္တရကုန်းတော်ပေါ်တွင် လွန်ခဲ့ သော နှစ်ပေါင်း ၂၆၀ဝ ခန့်က တဖုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်တို့ အား ဘုရားရှင်ကိုယ်တော်တိုင် ပေးသနားတော်မူလိုက်သော ဆံတော် မြတ် ၈ ဆူကို (ရှေးယခင်က ပွင့်တော်မူပြီးသော ကကုသန္ဓဘုရား၏ တောင်ဝှေးတော်၊ ကောဏာဂမနဘုရား၏ ရေစစ်တော်၊ ကဿပဘုရား၏ ရေသနုတ်သင်္ကန်းတော်တို့နှင့်အတူ) ဌာပနာ၍ တည်ထားတော်မူသော  လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသည်ကား ဖူးမြော်ရသူတိုင်း  အကြိမ်ပေါင်း ရာထောင်သောင်းမက ထပ်ကာထပ်ကာ ဖူးမြော်သော် လည်း မဝနိုင်သည့်အပြင် ရန်ကုန်မြို့သို့ ရောက်သည့်အခါတိုင်း ဦးစွာပထမ ဦးချရသည့် စေတီတော်မြတ်ကြီးပါတည်း။ ရန်ကုန်မြို့သူမြို့သားများအတွက် လည်း အားလပ်ရက်များ၊ လပြည့်လကွယ်နှင့် ရက်မြတ်အခါသမယများ  တွင် မိသားစုလိုက် သွားရောက်ဖူးမြော်ကြသည်မှာ အထူးစည်ကားလှပါ သည်။ စေတီတော်ကြီး၏ များပြားလှသော အရန်စေတီ၊ ဘုရားများတွင် ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်း စသည့် ကုသိုလ်ကောင်းမှုများနှင့် မိမိတို့ ၏ သက်ဝင်ယုံကြည်မှုအရ မွေးနံအလိုက် ဂြိုဟ်တိုင်များတွင် ရေသပ္ပါယ် ခြင်းများကိုဆောင်ရွက်ကြသည့်အပြင် ထူးခြားသည်မှာကား ကျား/မ အသက်အရွယ်မရွေး ရွှေတိဂုံစေတီတော်ကြီး၏ ဆိတ်ငြိမ်ရာအရပ်များ တွင် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း စသည့် လောကီလောကုတ္တရာရေး ဆောင်ရွက်နေကြသူများကို အခြားသောဘုရားစေတီများထက် ပိုမို များပြားစွာ တွေ့မြင်ရခြင်းပင်တည်း။

ထို့အပြင် မြန်မာနိုင်ငံသို့ လာရောက်ကြသော ကမ္ဘာ့နိုင်ငံအသီးသီး မှ အစိုးရတာဝန်ရှိသူများအပါအဝင် နိုင်ငံခြားသားများသည်လည်း ဘာသာ တူသည်ဖြစ်စေ၊ ဘာသာမတူသည်ဖြစ်စေ၊ ရွှေတိဂုံစေတီတော်ကို မပျက် မကွက်ဝင်ရောက်လေ့လာခြင်း၊ ဦးခိုက်ပူဇော်ခြင်းများ ပြုကြသည်သာ ဖြစ်ပါသည်။ ထို့အပြင် စေတီတော်၏ တည်ဆောက်ထားပုံအပါအဝင် အခြား ထူးဆန်းအံ့သြဖွယ်ရာများကို ထုတ်ဖော်ပြောဆိုကာ ချီးမွမ်းထောပနာ ပြုကြသည်များကို တွေ့မြင်ကြားသိနေရပါသည်။

အလျဉ်းသင့်၍ အခြားသော ဘုရား ပုထိုး စေတီများနှင့် ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ သိသာထင်ရှားသော ကွဲပြားခြားနားမှုများကို ဖော်ပြလိုပါသည်။ ကမ္ဘာပေါ်ရှိ မည်သည့်ဘုရားစေတီနှင့်မျှမတူသော ထူးခြားမှုမှာ ရွှေတိဂုံစေတီတော်သည် သမိုင်းမှတ်တမ်းများအရ ကမ္ဘာပေါ် တွင် ရှေးအကျဆုံးစေတီတော်တစ်ဆူ ဖြစ်ပါသည်။ (ဂေါတမမြတ်စွာ ဘုရား ဖြစ်တော်မူစ ရက် ၅၀ မြောက်နေ့က တဖုဿနှင့် ဘလ္လိကတို့ ရရှိခဲ့သည့် ဆံတော်မြတ် ၈ ဆူကို ဌာပနာတော်ထည့်သွင်း၍ ဥက္ကလာပ မင်းကြီးအမှူးပြုကာ တည်ထားတော်မူခဲ့ကြောင်း သာသနာတော်မှတ်တမ်း များကဆိုပါသည်)။ ထို့အပြင် ခေတ်အဆက်ဆက် မွန်၊ ဗမာမင်းများဖြစ်ကြ သော ဗညားဦး၊ ရာဇာဓိရာဇ်၊ ဗညားရံ၊ ဗညားကျန်းတော၊ ရှင်စောပု၊ ဓမ္မစေတီ၊ တပင်ရွှေထီး၊ ဘုရင့်နောင်၊ အနောက်ဘက်လွန်မင်း၊ အလောင်း မင်းတရား ဦးအောင်ဇေယျ၊ သားတော်ဆင်ဖြူရှင်၊ ငစဉ့်ကူးမင်း၊ သာယာ ဝတီမင်း၊ မင်းတုန်းမင်း စသည့် မင်းအဆက်ဆက် ကိုးကွယ်ပူဇော်ပြုပြင် ခဲ့ကြရာ မြန်မာ့သမိုင်းတွင် မင်းဆက်အများဆုံး ကိုးကွယ်ပူဇော်မှုအထူးကို  ခံယူတော်မူခဲ့ရသည့် သာသနာ့သမိုင်းဝင် ဘုရားထူး၊ ဘုရားမြတ်တစ်ဆူ လည်းဖြစ်ပါသည်။

ရှေးမင်းတို့သည် မိမိတို့ကိုယ်တိုင် ကိုးကွယ်ရုံမျှဖြင့်အားရကျေနပ်မှု မရှိကြဘဲ နှောင်းလူများ ပိုမို ကြည်ညိုသဒ္ဓါပွားနိုင်စိမ့်သောငှာ စေတီတော်၏ဉာဏ်တော်ကိုလည်း တစ်စတစ်စမြှင့်တင်ပြုပြင်လာခဲ့ကြရာ ခရစ်နှစ် ၁၄၅၃ ခုနှစ်တွင် ဘုရင်မကြီးရှင်စောပုက ဉာဏ်တော်အမြင့် ၃၀၂ ပေအထိ လည်းကောင်း၊ ၁၇၇၄ ခုနှစ်တွင် ဆင်ဖြူရှင်မင်းက ယခု လက်ရှိဉာဏ်တော် ၃၂၆ ပေအထိလည်းကောင်း တိုးမြှင့်ပြုပြင် တည်ဆောက်ခဲ့ကြပါသည်။ ရှေးမင်းအဆက်ဆက်တို့သည် ရွှေတိဂုံစေတီတော်ကြီးကို ပြုပြင်မွမ်းမံရုံ မျှသာမက မိမိတို့၏ နန်းဦးတွင် ထားရှိကိုးကွယ်ခဲ့ကြသော ရုပ်ပွားတော် များကိုလည်း ပြည်သူအများကြည်ညိုသဒ္ဓါပွားကြစေရန်ရည်ရွယ်လျက် ရွှေတိဂုံစေတီတော်သို့ ပြောင်းရွှေ့အပူဇော်ခံခဲ့ပါသည်။ ထူးခြားထင်ရှား သောရုပ်ပွားတော်များမှာ ဘုရင်မကြီးရှင်စောပုနှင့် ဓမ္မစေတီမင်းတို့ ကိုးကွယ်ခဲ့သော ဆင်းတုတော်မြတ်များဖြစ်ကြပါသည်။ ဆုတောင်းပြည့် သည်ဟူသော ယုံကြည်မှုကြောင့်လည်း ကြည်ညိုသဒ္ဓါပွားသူများ အစဉ် အမြဲရှိနေသော ရုပ်ပွားတော်များဖြစ်ကြပါသည်။ အလားတူ ထွက်ရပ်ပေါက် ပုဂ္ဂိုလ် ဘိုးဘိုးအောင်ကိုးကွယ်ခဲ့သော ဘိုးဘိုးအောင်ဘုရား အမည်ရ ရုပ်ပွား တော်နှင့် နေ၊ လ ဘုရား ရုပ်ပွားတော်များသည်လည်း ဆုတောင်းပြည့် သည်ဟူသော ယုံကြည်မှုများကြောင့် ဆုတောင်းသူများဖြင့် အစဉ်ထာဝရ စည်ကားလျက် ရှိနေပါသည်။

ရှေးမင်းတို့သည် ရွှေတိဂုံစေတီတော်မြတ်ကို ကြည်ညိုသဒ္ဓါလွန်းကြ သည်ဖြစ်၍ ရုပ်ပွားတော်များကိုသွန်းလုပ် ပူဇော်ကြရုံမျှမက အများသူင ါ ခေါင်းလောင်းတီး၍ အမျှဝေ ကုသိုပြုနိုင်ကြစေရန် ရည်ရွယ်လျက် တန်ဖိုး ကြီးသော ကြေးခေါင်းလောင်းကြီးများကိုလည်း သွန်းလုပ်လှူဒါန်းခဲ့ကြပါ သည်။ ငစဉ့်ကူးမင်းသည် သက္ကရာဇ် ၁၁၃၉ ခုနှစ်တွင် စေတီတော်ကို ရွှေလုံးတော်ပြည့် ကပ်လှူခဲ့သည့်အပြင် ကြေးပိဿာချိန် ၁၅ç၅၅၅ ရှိသော ခေါင်းလောင်းကြီးကိုလည်း ၁၁၄၀ ပြည့်နှစ်တွင် သွန်းလုပ်လှူဒါန်းခဲ့ပါ သည်။ (ထိုခေါင်းလောင်းကြီးကို အင်္ဂလိပ်တို့က အင်္ဂလန်သို့ သယ်ယူရန် အတွက် သင်္ဘောပေါ်သို့တင်ရာ မြစ်ထဲသို့ကျသွားပြီး အင်္ဂလိပ်တို့ နည်းအမျိုးမျိုး ဖြင့် ကြိုးစားဆယ်ယူသော်လည်းမရရှိဘဲ မြန်မာတို့ဆယ်ယူသောအခါမှ ရရှိခဲ့ပါသည်)။ အလားတူ သာယာဝတီမင်းသည်လည်း ၁၂၀၃ ခုနှစ်တွင် ကြေးပိဿာချိန် ၂၉ç၅၄၀ ရှိသောခေါင်းလောင်းကြီးတစ်လုံး သွန်းလုပ် လှူဒါန်းခဲ့ပါသည်။ မွန်ဘုရင်မကြီး ရှင်စောပု၏ သမက်တော် ဓမ္မစေတီမင်း သည် ရွှေတိဂုံစေတီတော်သမိုင်း ကျောက်စာကို (မွန်၊ မြန်မာ၊ ပါဠိ) ၃ ဘာသာ ဖြင့် ရေးထိုးခဲ့၍ ကြေးပိဿာချိန် ၁၈၀çဝ၀ဝ ရှိသောခေါင်းလောင်းကြီးကို သွန်းလုပ်၍ စေတီတော်၌ လှူဒါန်းခဲ့ပါသည်။ (ထိုခေါင်းလောင်းကြီး ကိုလည်း သန်လျင်စား ငဇင်ကာက အမြောက်သွန်းလုပ်ရန်အတွက် သန်လျင်သို့ ယူဆောင်သွားရာ လှေနစ်၍မြစ်ထဲသို့ကျကြောင်းနှင့် ဆယ်ယူ ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ယနေ့တိုင် မအောင်မြင်သေးဘဲ ကြိုးစားလျက်ပင်ရှိကြပါသေးသည်)။

ရွှေတိဂုံစေတီတော်၏ လက်ရာသည် အခြားသော ဗုဒ္ဓဘာသာ  နိုင်ငံများရှိ စေတီများနှင့်မတူဘဲ မြန်မာ့စိတ်ဓာတ်၊ မြန်မာ့စေတနာ၊ မြန်မာ့သဘော၊ မြန်မာ့အမူအရာ၊ မြန်မာ့ပညာ၊ မြန်မာ့ဟန်ပန်တို့က လွှမ်းမိုး၍ တစ်ဘာသာဖြစ်သွားကြောင်း ဆရာမင်းယုဝေကဆိုပါသည်။ ဆရာဇော်ဂျီကမူ ရွှေတိဂုံစေတီတော်၏ပုံတော် ကြည်ညိုဖွယ်ရာ တင့်တယ်ပုံ အကြောင်းကို ရေးသားရာတွင် ]ရွှေတိဂုံ၏ပုံတော်သည် ပြေပြစ်သည်၊ နွဲ့နှောင်းသည်၊ ချမ်းမြေ့ဖွယ်ဖြစ်သည်၊ ရွှေတိဂုံကို မွမ်းမံတည်ဆောက် သောခေတ်သည် အကြေအရပ်တွင် စစ်မက်မရှိသောခေတ်ဖြစ်သည်၊ တိုင်းသူပြည်သားတို့ စိတ်အေးလက်အေးနေကြရသောခေတ်ဖြစ်သည်၊ စေတီတော်၏ ပုံတော်ပြေပြစ်ခြင်း၊ နွဲ့နှောင်းခြင်း၊ စိတ်ချမ်းမြေ့ဖွယ်ဖြစ် ခြင်းတို့သည် ထိုခေတ်၏သဘောကိုလည်းကောင်း၊ ထိုတိုင်းသူပြည်သား တို့၏သဘောကိုလည်းကောင်း ၊ ထိုမင်းတို့၏သဘောကိုလည်းကောင်း  မလွန်ဆန်နိုင်သော ပန်းရံပျံတို့၏ လက်ရာကြောင့်ဟူ၍ဆိုနိုင်သည်}ဟု ညွှန်းဆိုခဲ့ပါသည်။

အထက်ဖော်ပြပါ ရေးသားတင်ပြချက်များအရ ရွှေတိဂုံစေတီ တော် ရင်ပြင်တော်ရှိ ရုပ်ပွားဆင်းတုတော်များ၊ တန်ဆောင်းများ၊ စောင်း တန်းများ၊ ခေါင်းလောင်းများ၊ ဗြဟ္မာရုပ်၊ နတ်ရုပ်၊ ခြင်္သေ့ရုပ်၊ နရားရုပ်၊ မနုဿီဟရုပ် စသည်တို့ကို လေ့လာခြင်းအားဖြင့် မြန်မာ့အနုပညာရှင်ကြီး များ၏ ပန်း ၁၀ မျိုးဆိုင်ရာ ပညာ/လက်ရာများကို လေ့လာ သိရှိ၊ ခံစားနိုင် မည်ဖြစ်ပါသည်။

စာရေးဆရာကြီး ဆရာမင်းယုဝေကလည်း ရွှေတိဂုံစေတီတော် သည် မင်းနှင့်ပြည်သူတို့ သဒ္ဓါကြည်ဖြူ လက်တွဲ၍ ကုသိုလ်ပြုရာ ဗဟိုဌာန ကြီးလည်းဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက်မှစ၍ ယခုခေတ်မင်း အဆက်ဆက်အထိ ရွှေတိဂုံစေတီတော်ကို ဘက်ပေါင်းစုံမှပြုပြင်ထိန်း သိမ်းစောင့်ရှောက်ခဲ့ကြသည်။ ထို့ပြင် မြန်မာတို့၏ နယ်ချဲ့ဆန့်ကျင်ရေး၊  အမျိုးဘာသာ၊ သာသနာထွန်းကားရေး၊ ယဉ်ကျေးမှုထွန်းကားရေး၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး စသည်တို့အတွက် အခြေပြုရာဌာနကြီး လည်းဖြစ်သည်။ အားသစ်ယူရာဌာနကြီးလည်းဖြစ်သည်။ ဇာတိသွေး၊ ဇာတိမာန်တကြွ်ကစေရာဌာနကြီးလည်းဖြစ်သည်။ သဒ္ဓါတရားနှင့် စိတ် ကောင်း၊ စေတနာကောင်းတို့ မွေးမြူရာဌာနကြီးလည်းဖြစ်သည်ဟု ရေးသားခဲ့ပါသည်။

ထိုထိုသော ဂုဏ်ထူး ဝိသေသအပေါင်းနှင့် ပြည့်စုံတော်မူသော ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကျွန်တော်တို့တစ်တွေ အနီးကပ်မဖူးမြော် ရသည်မှာကြာပြီဖြစ်ပါ၍ မကြာမီကာလအတွင်း ပြန်လည်ဖူးမြော်ခွင့် ရပါစေကြောင်း တောင်းဆုပြုလိုက်ရပါသည်...။
                                                                
သိန်းထက်အောင်