News

POST TYPE

PERSPECTIVE

အလေးထားရမယ့် အရပ်ဘက်-တပ်ဘက် ဆက်ဆံရေး
31-Jan-2021


ဒီမိုကရေစီရဲ့ ယဉ်ကျေးမှုတစ်ရပ်က တွေ့ဆုံဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ တွေ့ဆုံညှိနှိုင်း ခြင်းအားဖြင့် နှစ်ဖက်သဘောထားအမြင်၊ လိုလားချက်ကွာဟမှုကို ရင်ကြားစေ့ပြီး ဘုံသဘောတူညီချက်တစ်ခုရအောင် ရှာနိုင်ကြလို့ ဖြစ်ပါ တယ်။ မတူညီတဲ့ အင်စတီကျူးရှင်းတွေမှာ ဒီလိုကွာဟမှု (Gap) သေချာ ပေါက်ရှိပါတယ်။ ကွာဟချက်ရှိလာရင် ကိုယ့် လိုဘပြည့်ကြဖို့ ရွေးစရာနှစ်ခု ပဲရှိပါတယ်။ စေ့စပ်ဆွေးနွေးတာနဲ့ အကြမ်း ဖက်တာဖြစ်ပါတယ်။ ဒီမိုကရေစီက စေ့စပ်ဆွေးနွေးတာကို ရွေးပါတယ်။  ဥပမာ ဥရောပသမဂ္ဂ က ဗြိတိန်ထွက်တဲ့ကိစ္စဟာ ၁၆ ရာစုလောက်ကဆို သွေးချောင်းစီးစစ်ပွဲကြီး က မြေကြီးလက်ခတ်မလွဲပါ။ ဒါပေမဲ့ အခုကဆွေးနွေး ညှိနှိုင်းလိုက်တာနဲ့ ကိစ္စပြီးနေပါတယ်။ ဒါကြောင့် ဆွေးနွေးညှိနှိုင်းကြတာဟာ ဒီမိုကရေစီ နည်းကျဖြစ်ပါတယ်။ 

နိုင်ငံတွေရဲ့ အစိုးရယန္တရားစနစ်ဟာ အင်စတီကျူးရှင်းများစွာနဲ့  ဖွဲ့စည်းတည်ဆောက်ထားတာပါ။ ဒီအင်စတီကျူးရှင်းတွေထဲမှာ စနစ်အရကို အဓိက ကွာဟမှုရှိနေတတ်တာက အရပ်ဘက်နဲ့ တပ်ဘက် အင်စတီကျူးရှင်း နှစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရပ်ဘက်-တပ်ဘက် ကွာဟမှုကို သေးနိုင်သမျှ သေးအောင် စီမံဆောင်ရွက်ကြရပါတယ်။ အထူးသဖြင့် ဒီမိုကရေစီစနစ် ကို စပ်ကူးမပ်ကူးနိုင်ငံတွေအတွက်ကတော့ သေရေးရှင်ရေးကိစ္စလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချိန်မရွေး လမ်းချော်ပြီး နောက် ကြောင်ပြန်သွားနိုင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဒီကွာဟမှုကို ထိန်းသိမ်းပြီး လျှော့ချနိုင်ဖို့က ဆွေးနွေးညှိနှိုင်းမှုတွေ၊ အပေးအယူ အလျှော့ အတင်းတွေ မရှိမဖြစ်လိုအပ်ပါတယ်။ 

ဒါပေမဲ့ ဒီမိုကရေစီနိုင်ငံမှာ တပ်မတော်တစ်ရပ်ဟာ အစိုးရအုပ်ချုပ်မှု အောက်မှာ ရှိရတာမို့ ညှိနှိုင်းစရာမလိုဘူး၊ တပ်ဟာ အရပ်သားအစိုးရ ညွှန်ကြားတာ နာခံရမယ်လို့ ချေပပြောဆိုနိုင်ပါတယ်။ ဒါဟာ မူအရတော့ မမှားပါဘူး။ စစ်ပညာဂန္ထဝင်မဟာဗျူဟာသမားတွေဖြစ်ကြတဲ့ ဆွန်ဇု (Sun Tzu) နဲ့ ကလော့ဝစ်ဇ် (Carl von Clausewitz) တို့ကလည်း တပ်မတော်ဟာ အခြေခံအားဖြင့် နိုင်ငံတော်ရဲ့အစေအပါးဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။ နိုင်ငံတော်ရဲ့ အရေးအရာကို အစိုးရက စီမံခန့်ခွဲရတဲ့အတွက် တပ်မတော်ဟာ အစိုးရရဲ့ လက်အောက်ခံဖြစ်တယ်ဆိုတဲ့ သဘောဖြစ်ပါ တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာတော့ အစိုးရတစ်ရပ်ကို ပြည်သူအများစုရဲ့ ဆန္ဒနဲ့ရွေးကောက်တင်မြှောက်ကြရပါတယ်။ ဒါကြောင့် မူအရ တပ်မတော် ဟာ အရပ်သားတွေရဲ့အုပ်ချုပ်မှုအောက်မှာ ရှိရမယ်သဘောလည်းဖြစ် ပါတယ်။ 

ဒါပေမဲ့ မူအရသာဖြစ်ပြီး လက်တွေ့မှာ ဝိယောဓိတွေရှိနေပါတယ်။ တပ်မတော်တစ်ရပ်ဟာ ပြည်ပခြိမ်းခြောက်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ပေးဖို့ အလုံအလောက် အင်အားတောင့်တင်းရမှာဖြစ်ပါတယ်။ အင်အားတောင့်တင်းတယ်ဆိုတာ ရည်မှန်းချက်အောင်မြင်ဖို့ အင်အား သုံးနိုင်တဲ့စွမ်းရည် (Coercive Power) ရှိနေရပါမယ်။ တစ်ဖက်ကလည်း အင်အားတောင့်တင်းလာတဲ့ တပ်မတော်တစ်ရပ်ဟာ သူ့ရဲ့မူလတာဝန်ဝတ္တရား တွေနဲ့ သွေဖည်မသွားအောင် ထိန်းကျောင်းဖို့လည်း လိုအပ်ပါတယ်။ တစ်နည်း အားဖြင့် တပ်မတော်ကို နိုင်ငံရေးနဲ့ ကတ္တားခြားထားဖို့၊ အစိုးရနဲ့ပြည်သူကို အပြည်အဝကာကွယ်ပေးနိုင်ပြီး အာဏရှင်ဆန်မသွားစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ရောမအင်ပါယာခေတ်ကဆို တပ်တွေကို နိုင်ငံရေးဇာတ်မဝင် အောင် အင်ပါယာရဲ့ အစွန်အဖျားတွေမှာပဲ ထားခဲ့ကြ၊ မက်လုံးအမျိုးမျိုး ပေးခဲ့ကြတာတွေ ရှိပါတယ်။ 

ယနေ့ခေတ်မှာတော့ အရပ်ဘက်-တပ်ဘက်ဆက်ဆံရေးနဲ့ပတ် သက်ပြီး ပညာရှင်အသီးသီးရဲ့ အယူအဆအမျိုးမျိုး ရှိနေပါတယ်။ ဒီအယူ အဆအမျိုးမျိုးဟာ ယေဘုယျအားဖြင့် အရပ်ဘက်နဲ့တပ်ဘက် မတူညီတဲ့ သဘောထား၊ စံနှုန်းတွေရှိကြတယ်ဆိုတဲ့ အယူအဆအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံပညာရှင် ဆမ်မြူရယ်ဟန် တင်တန် (Samuel P. Huntington) စကားနဲ့ပြောရရင် အရပ်ဘက် ကမ္ဘာ (The Civilian World) နဲ့ တပ်ဘက်ကမ္ဘာ (The Military World) ဖြစ်ပါတယ်။ ဒီကမ္ဘာနှစ်ခုကြားမှာ ကြီးချင်လည်းကြီးမယ်၊ သေးချင် လည်းသေးမယ် ကွာဟမှုတစ်ခုတော့ ရှိနေပါတယ်။   ဒါကြောင့် အရပ်ဘက်နဲ့ တပ်ဘက်က ရှုမြင်သုံးသပ်ပုံ ကွာခြားတာဟာ ပကတိအရှိတရားဖြစ်ပြီး ဒါကိုဘယ်လိုကိုင်တွယ်မလဲဆိုတာမှာ နှစ်ဖက်ဆွေးနွေးညှိနှိုင်းမှုရှိဖို့က အခရာကျတယ်လို့ ထင်မိပါတယ်။ 

ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းကြောင်းအရဆို ပိုလို့တောင်  အခရာကျနေပါတယ်။ နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်နေမှုဟာ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးသက်တမ်းနီးပါးဖြစ်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ဆက်လက်ပါဝင်နေဆဲဖြစ်ပါတယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ တပ်မတော်ဟာ သက်တမ်းနဲ့ သမိုင်းကြောင်းအရ ခိုင်မာအခြေကျပြီးသား အင်စတီကျုးရှင်းတစ်ခု ဖြစ် နေတယ်ဆိုတာကတော့ ငြင်းရခက်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် Coercive Power ရှိနေပါတယ်။ တစ်ဖက်မှာ အရပ်သားစစ်စစ် အစိုးရ သက်တမ်းဟာ ၅ နှစ်သားပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ ပြုစုပျိုးထောင် နေတဲ့ ဒီမိုကရေစီစနစ်နဲ့ အရပ်ဘက်အင်စတီကျူးရှင်းတွေဆိုတာဟာ လည်း အားနည်းချည့်နဲ့နေပါသေးတယ်။ အစဉ်အလာလက်ခံထားတဲ့ အယူအဆတစ်ရပ်ကတော့ ဒီမိုကရေစီရဲ့ သက်တမ်းနဲ့ သန်စွမ်းကျန်းမာမှု ဟာ အရပ်ဘက်-တပ်ဘက် ဆက်ဆံရေးကို အဆုံးအဖြတ်ပေးရာမှာ အရေး ကြီးတယ်ဆိုတာပဲဖြစ်ပါတယ်။ အောင်မြင်မှုနောက်မှာ နောက်ထပ်အောင် မြင်မှုတွေ တန်းစီနေမှာဖြစ်ပြီး၊ ကျရှုံးမှု နောက်ထပ်ဆင့်ကျရှုံးမှုတွေ ရောက် လာနိုင်ခြေရှိပါတယ်။ 

ဒီတော့ ကျွန်တော်တို့နိုင်ငံအတွက် အရပ်ဘက်-တပ်ဘက် ဆက်ဆံ ရေးကောင်းဖို့ဟာ ပထမ အရေးအကြီးဆုံးဖြစ်နေပါတယ်။ အရပ်ဘက်-တပ်ဘက် ဆက်ဆံရေး အဖုအထစ်ရှိတာ၊ ကိစ္စတိုင်းလိုက်ပြီး သဘောထား မတိုက်ဆိုင်နိုင်တာဟာ ဒီမိုကရေစီနိုင်ငံတိုင်းမှာ သမားရိုးကျကိစ္စသာ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုကို မထိ ခိုက်ခင်အထိသာ သမားရိုးကျလို့ ယူဆရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမိုကရေစီအစိုးရတွေဟာ တပ်ဘက်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးထူ ထောင်နိုင်ဖို့ ကြိုးစားကြရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံလို သက်တမ်းနုနယ်တဲ့ ဒီမိုကရေစီတွေမှာ ပိုအရေးကြီးပါတယ်။ ဒါကြောင့် အထက်မှာဆွေးနွေးခဲ့သလို အင်စတီကျူးရှင်းနှစ်ခုရဲ့ သဘောသဘာဝ အရကို အရပ်ဘက်နဲ့ တပ်ဘက်မှာ သဘောထား၊ စံနှုန်း ကွာဟမှုရှိတယ် ဆိုတာကို နားလည်လက်ခံဖို့ ဖြစ်ပါတယ်။ ဒီကွာဟမှုကို ပိုကျယ်ပြန့်မလာဘဲ သင့်တင့်လျောက်ပတ်တဲ့အနေအထားမှာ ရှိနေအောင် ထိန်းချုပ်ဖို့နဲ့ ဒီက တစ်ဆင့် ကျဉ်းမြောင်းလာအောင်လုပ်ဖို့က ဦးဆုံးစဉ်းစားရမယ့်အချက် ဖြစ်မယ်ထင်ပါတယ်။ 

ဒီအတွက် တစ်ခုတည်းသောနည်းလမ်းကတော့ နှစ်ဖက်ဆက်စပ် ပတ်သက်နေတဲ့ကိစ္စတွေကို အကြေအလည် ညှိနှိုင်းဆွေးနွေးအဖြေရှာ တာပါပဲ။ စစ်ဘက်ဆိုင်ရာပညာရှင် ရေဗက်က ရှစ်ဖ် (Rebecca L. Schiff) ရဲ့ အယူအဆတစ်ရပ်ရှိပါတယ်။ နိုင်ငံရေးသမား (The Political Elites)၊ တပ်မတော် (The Military) နဲ့ ပြည်သူတွေ (The Citizenry) ဟာ  ပူးပေါင်းညှိနှိုင်းခြင်းအားဖြင့် သဘောတူညီမှုတစ်ရပ် ရရှိအောင်ကြိုးပမ်း ကြဖို့ လိုတယ်ဆိုပါတယ်။ ပူးပေါင်း၊ သဘောတူရမယ့် အခြေခံညွှန်းကိန်းတွေကို ပြောထားတာရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ယေဘုယျအဆိုကိုပဲ အနည်း ငယ်တင်ပြလိုပါတယ်။ 

အဓိကကတော့ သုံးဦးသုံးဖက်ရဲ့ ဘုံဦးတည်ရည်မှန်းချက်တွေကို ဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ ရရှိအောင်ကြိုးပမ်းဖို့ဖြစ်ပါတယ်။ ဆွေးနွေး ကြတဲ့နေရာမှာလည်း သီးသန့်အခင်းအကျင်း မလိုပါဘူး။ ပြောချင်တာက နည်းဥပဒေ လုပ်ထုံးလုပ်နည်းမူဘောင်နဲ့ပဲဖြစ်ဖြစ်၊ အလွတ်သဘောပဲ ဖြစ်ဖြစ်၊ ထုံးတမ်းအစဉ်အလာအရပဲဖြစ်ဖြစ်ပါ။ တကယ်လိုအပ်တာက သက်ဆိုင်သူတွေက လိုအပ်တဲ့အဖြေရှာကြမယ်ဆိုတဲ့ စိတ်ရင်းစေတနာ မှန်နဲ့ တက်တကြွ်ကြွက ဆွေးနွေးညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။ ရေဗက်ကရှစ်ဖ် ရဲ့ အယူအဆအရ အရပ်ဘက်၊ တပ်ဘက်ဆိုပြီး သီးသန့်အကန့်တွေထားဖို့ မလိုပါဘူးတဲ့။ တပ်မတော်ဟာ အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်တွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်လာဖို့ပဲ လိုပါတယ်တဲ့။ အရပ်ဘက်-တပ်ဘက် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် နားလည်မှုလွဲစရာ၊ သဘော ထားမတိုက်ဆိုင်စရာကို လျှော့ချနိုင်မှာဖြစ်ပြီး နိုင်ငံရေးမှာ တပ်ရဲ့ ကြားဝင်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ 

ကျွန်တော်တို့နိုင်ငံရဲ့ အရပ်ဘက်-တပ်ဘက် ဆက်ဆံရေးမှာ ဒီလို တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုတွေကတစ်ဆင့် နှစ်ဖက်အကျိုးစီးပွားကို ထင်ဟပ် တဲ့ သဘောတူညီမှုတွေရအောင် ကြိုးပမ်းကြတဲ့ ယဉ်ကျေးမှုထွန်းကားဖို့ လိုနေတယ်လို့ မြင်မိပါတယ်။ ဒီလိုပြောရတာကလည်း ကျွန်တော်တို့ရဲ့  နိုင်ငံရေးအတိတ်သမိုင်းမှာ အရပ်ဘက်-တပ်ဘက် မအောင်မြင်ခဲ့တဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို အထွေထွေရွေး ကောက်ပွဲ မဲရလဒ်နဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ရဲ့ ဆက်ဆံရေး ကတောက်ကဆဖြစ်မှုမှာ အပေးအယူ အလျှော့အတင်းလုပ်ပြီး အောင်မြင်တဲ့ ရလဒ်ထွက်တဲ့ ဆွေးနွေးညှိနှိုင်းမှု ပိုပြီးအရေးတကြီးလိုအပ်နေပါတယ်။ သမိုင်းတစ်ပတ်ပြန်မလည်ဖို့ဟာ နှစ်ဖက်စလုံးမှာ အမြော်အမြင်ရှိ၊ အနစ်နာ ခံပြီး ကိုယ့်အဖွဲ့အစည်းရဲ့ အကျိုးစီးပွားထက် ပိုကြီးမားတဲ့နိုင်ငံနဲ့ ပြည်သူ တွေရဲ့မျက်နှာကြည့်တတ်တဲ့ ခေါင်းဆောင်မှု လိုအပ်ပါတယ်။ နောက်ပြီး  ဒီမိုကရေစီမှာ အချင်းချင်းညှိနှိုင်းအဖြေရှာ မရှာတတ်ကြတာဟာ ဒီမိုကရေစီ နည်းလမ်းတကျ မဟုတ်ပါဘူး။ 

တွေ့ဆုံညှိနှိုင်းကြတဲ့နေရာမှာလည်း အပြန်အလှန်လိုလားချက်ကို လုံလုံလောက်လောက် အရေးထားဖို့လိုမယ်ထင်ပါတယ်။ လူသားတွေရဲ့  ပူးပေါင်းဆောင်ရွက်မှုဟာ အခြေခံအားဖြင့် အပြန်အလှန် သဘောဆောင် ပါတယ်။ တစ်ဖက်က ပူးပေါင်းဆောင်ရွက်လိုစိတ်၊ လေးစားစိတ်နဲ့ ပြဿနာ တစ်ရပ်ကို ရိုးသားစွာ အဖြေရှာလိုစိတ်ပြတယ်ဆိုရင် တစ်ဖက်ကလည်း  အလားတူ တုံ့ပြန်မှုမျိုးပြန်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်နဲ့တစ် ဖက် ပင်မအကျိုးစီးပွားကို တကယ်နားလည် သဘောပေါက်အောင်ကြိုး စားပြီး အကျိုးစီးပွား၊ ရည်မှန်းချက်တူနေတဲ့နေရာက စကြရမှာဖြစ်ပါ တယ်။ လိုအပ်တဲ့ အပေးအယူ၊ အလျှော့အတင်းတွေ လုပ်ကြရမှာဖြစ်ပါ တယ်။ ဥပမာ ကိုယ်က တစ်သိန်းသုံးချင်နေပြီး သူက ငါးသောင်းပဲ သုံးချင်တယ် ဆိုရင် အဲဒီကြားမှာ နှစ်ဖက်သဘောတူနိုင်တဲ့ ပမာဏတစ်ခု သေချာပေါက် ရှိနေပါတယ်။ 

အရင်ဆောင်းပါးတစ်ပုဒ်မှာ ဒီမိုကရေစီစနစ်ဟာ ကြောင်းကျိုး ဆင်ခြင်မှု၊ စည်းမျဉ်းစည်းကမ်းတွေထက် ခံစားမှု၊ နိုင်ငံရေးအစွဲ၊ အုပ်စုစွဲ တွေကို ပိုအခြေခံတယ်လို့ ကျွန်တော်ရေးခဲ့ဖူးပါတယ်။ ဒါကြောင့် အခြေအနေ က ဘယ်လိုရှိနေနေ နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူအားလုံး အနည်း နဲ့အများဆိုသလို စိတ်ကျေနပ်မှုရဖို့၊ လိုလားချက်အမျိုးမျိုးကို ဂရုဓမ္မထား ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တွေ့ဆုံညှိနှိုင်းအဖြေရှာတာဟာ ဒီမို ကရေစီစနစ်မှာ မရှိမဖြစ်လိုအပ်တာဖြစ်ပါတယ်။ ညှိနှိုင်းအဖြေရှာခြင်း အားဖြင့် ပိုပြီးကျယ်ပြန့်တဲ့အများစုရဲ့ ပိုမိုကြီးမားတဲ့ အကျိုးစီးပွားတွေကို ထင်ဟပ်တဲ့သဘောတူညီမှုတွေရမှာဖြစ်တဲ့အတွက်ပါ။ ဒါဟာ ဒီမိုကရေစီ နည်းကျပါပဲ။

နိဂုံးချုပ်အနေနဲ့ ရှေ့ကပြောခဲ့တာ ပြန်ပြောရရင် အရပ်ဘက်-တပ်ဘက် ဆက်ဆံရေးမှာ မတူညီတဲ့သဘောထား၊ စံနှုန်းတွေကြောင့် ကွာဟမှုတစ်ခုရှိ နေပါတယ်။ ဒါပေမဲ့ ဒီကွာဟမှုဟာ သူ့အလိုလို ရှိနေတာတော့ မဟုတ် ပါဘူး။ ကျွန်တော်တို့ ဖန်တီးလို့သာဖြစ်ပါတယ်။ အဲဒီကွာဟမှုကို လျှော့ချ၊ ရင်ကြားစေ့ဖို့ဟာ ပိုပြီး ဒီမိုကရေစီဆန်ကြဖို့သာ ဖြစ်ပါတော့တယ်။ ။ 

နေခင်စော