News

POST TYPE

PERSPECTIVE

မှန်ကန်၍အကျိုးရှိသော နှစ်သက်ဖွယ်စကားများဆိုကြမည်
29-Jan-2021


'ကိစ္စများမြောင်လူတို့ဘောင်'ဟုဆိုကြသလို ကျွန်တော်တို့ ရှင်သန်လှုပ်ရှားနေကြသည့် လူ့လောကကြီးတွင် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး စသည့်အကြောင်းအရာကိစ္စရပ်အမျိုးမျိုးကို ကြုံတွေ့ရလေ့ရှိသည်။ ထိုသို့ ကြုံတွေ့ကြသည့်အခါ၌ ကျွန်တော်သည် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စကားနှင့်ဆက်သွယ်ပြောဆိုပြီး လုပ်ကိုင်ဆောင်ရွက်ကြရသည်။ ထိုအခါ ကျွန်တော် တို့လိုလားသည့် ရလဒ်ကောင်းကို ရရှိဖို့အတွက် ကောင်းမွန်သော လုပ်ကိုင်ဆောင်ရွက်မှုများနှင့် ယှဉ်တွဲပါဝင်လာသည့် ကောင်းမွန်သောစကားပြောဆိုမှုများလည်း လိုအပ်ပေသည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး နှုတ်ဖြင့်ပြောဆိုဆက်ဆံကြသည့် စကားအပြောအဆိုသည် လူမှုဆက်ဆံရေးနယ်ပယ်၌ အရေးကြီးသည့် ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေသည်ကို မေ့ပစ်ထား၍မရပေ။

ကျွန်တော်တို့ မြန်မာလူမျိုးများတွင် စကားအပြောအဆိုနှင့်ပတ်သက်၍ ဘယ်လိုစကားမျိုးကို ပြောဆိုသင့်သည် ဘယ်လိုဘယ်ပုံ ပြောသင့်သည် ဘယ်လိုအချိန်မှာ ပြောသင့်သည်စသည့် စကားနှင့်ပတ်သက်သော သိမှတ်လိုက်နာဖွယ်ရာ မြန်မာစကားပုံများစွာရှိသည်။ ထို့ပြင် ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားကလည်း ဘယ်လိုစကားကိုသာ ပြောဆိုသင့်ကြောင်း လမ်းညွှန်ဆုံးမထားခဲ့လေသည်။ 'စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်း ကိုပယ်၊ နှစ်ခွန်းတည်'ဟု ပြောအပ်သောစကားနှင့် မပြောအပ်သော စကားကို ခွဲခြားပြဆိုထားသည်။ မြတ်စွာဘုရားသည် လူတို့ပြောဆိုသော စကားခြောက်ခွန်းအနက် လေးခွန်းကိုပယ်ကာ 'ဟုတ်မှန်၊ အကျိုးရှိ၊ သူ နာလို'သောစကားနှင့် 'ဟုတ်မှန်၊ အကျိုးရှိ၊ သူ မနာလို' သော စကားနှစ်ခွန်းကိုသာ ပြောဆိုသုံးစွဲအပ်သည်ဟု ညွှန်ပြတော်မှုသည်။ လူတို့ပြောဆိုကြသော စကားခြောက်ခွန်းမှာ (၁) ဟုတ်မှန်၏ အကျိုးစီးပွားရှိ၏ သူတစ်ပါး နှစ်သက်၏ ၊ (၂) ဟုတ်မှန်၏ အကျိုးစီးပွားရှိ၏ သူတစ်ပါး မနှစ်သက်၊ (၃) ဟုတ်မှန်၏ အကျိုစီးပွားမရှိ သူတစ်ပါးနှစ်သက်၏၊ (၄) ဟုတ်မှန်၏ အကျိုးစီးပွားမရှိ သူတစ်ပါးမနှစ်သက်၊ (၅) မဟုတ်မမှန် အကျိုးစီးပွားမရှိ သူတစ်ပါး နှစ်သက်၏ ၊(၆) မဟုတ်မမှန် အကျိုးစီးပွားမရှိ သူတစ်ပါးမနှစ်သက် စသည်တို့ဖြစ်သည်။ 

ဗုဒ္ဓမြတ်စွာဘုရားသည် လူတို့ကို လမ်းညွှန်ပြသထားခဲ့ရုံသာမက ကိုယ်တိုင်လည်း လက်တွေ့ကျင့်ကြံပြုမူခဲ့သည်။ ထို့ကြောင့် မြတ်စွာဘုရား၏ ဂုဏ်တော် ၉ ပါး၌ ကောင်းသောစကား၊ မှန်ကန်သောစကား၊ အကျိုးရှိသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားဟူ၍ သုဂတောဂုဏ်တော်နှင့် ပြည့်စုံတော်မူခဲ့သည်။ အသက်ငယ်ရွယ်စေကာမူ မှန်ကန်၍ အကျိုးရှိသောစကား သင့်လျော်သောအချိန်၌ မှတ်သားဖွယ်ရာစကားတို့ကို ပြောဆိုတတ်သူကို ပညာရှိဟုလည်း မြတ်ဗုဒ္ဓကဟောကြား တော်မူခဲ့သည်။
ဗုဒ္ဓမြတ်စွာဘုရားဖြစ်စအခါက ဥရုဝေလသရက်တော၌ သီတင်းသုံးတော်မူစဉ် အသက်ကြီးသော ပုဏ္ဏားအိုတစ်စု ရောက်လာပြီးလျှင် "ရဟန်းဂေါတမက အသက်ကြီးတဲ့ ပုဏ္ဏားများလာရင် ခရီးဦး မကြိုဆို၊ နေရာလည်းမပေး၊ ရှိလည်းမခိုးလို့ ငါတို့ကြားခဲ့တာ ဟုတ်နေပါရောလား" ဟု ဘုရားရှင်ကို အပြစ်ဆိုကြသည်။ ထိုအကြောင်းကို မြတ်စွာဘုရားက ရဟန်းတို့အား ဟောတော်မူသည်။

"ချစ်သားရဟန်းတို့ ထိုပုဏ္ဏားအိုတစ်စုသည် ကြီးသည့်အဖြစ်၊ ကြီးသည့်သဘော၊ ကြီးသည်ဆိုတာ ဘာလဲမသိသောသူများသာ ဖြစ်ပေသည်။

ချစ်သားရဟန်းတို့ အကြင်သူသည် အနှစ်တစ်ရာ အသက်ရှည်စေကာမူ မပြောသင့်သည့်အခါ ပြောတတ်သူ၊ မဟုတ်မမှန် ပြောတတ်သူ၊ အကျိုးမရှိသည်ကို ပြောတတ်သူ၊ အဆုံးအမနှင့် မစပ်သည်ကို ပြောတတ်သူ၊ တရားမစပ် ပြောတတ်သူ၊ မသင့်သည့်အခါ ရည်ရွယ်ချက်မရှိ အပိုင်းအခြားမရှိ အဓိပ္ပာယ်မရှိ  မှတ်သားစရာ မပါသော စကားတို့ကို ပြောတတ်သူဖြစ်လျှင် လူကြီးလူမိုက်ဟူ၍သာ ရေတွက်ခြင်းရောက်၏။

ချစ်သားရဟန်းတို့ အကြင်သူသည် ပြောသင့်သည့်အခါ ပြောတတ်သူ၊ ဟုတ်မှန်သည်ကိုသာ ပြောတတ်သူ၊ အကျိုးရှိသောစကား ပြောတတ်သူ၊ အဆုံးအမနှင့် စပ်သည်ကိုသာ ပြောတတ်သူ၊ တရားနှင့်စပ်သည်ကိုသာ ပြောတတ်သူ၊ သင့်သောအခါ၌ ရည်ရွယ်ချက်ရှိသော အပိုင်းအခြားရှိသော အဓိပ္ပာယ်ရှိသော မှတ်သားလောက်သော စကားတို့ကို ပြောတတ်သူဖြစ်လျှင် ထိုသူသည် အသက်ငယ်စေကာမူ လူကြီးပညာရှိဟူ၍ ရေတွက်ခြင်းသို့ရောက်၏" ဟူ၍ ဟောကြားတော်မူခဲ့သည်။

စကားအရာ အင်္ဂါလေးတန်ဟု ဆိုရိုးရှိသည်။ စကားအရာ၌ သုဘာသိတ (ပြေပြစ်စွာ ပြောခြင်း)၊ ပိယဝါစာ (ချစ်ခင်နှစ်သက်ဖွယ် ပြောခြင်း)၊ သစ္စာ (ဟုတ်တိုင်းမှန်ရာ ပြောခြင်း)၊ ဓမ္မ (တရားသဖြင့် ပြောခြင်း)ဟူ၍ အင်္ဂါလေးပါးရှိသည်။ ထို့ကြောင့် စကားပြောဆိုရာတွင် စကားအရာ အင်္ဂါလေးတန်နှင့်သာမက ယဉ်ကျေးဖော်ရွေစွာ လိမ္မာပါးနပ်စွာ သည်းခံစိတ်ရှည်စွာ ပြောဆိုတတ်ပါက စကားတည်သူတစ်ဦးအဖြစ်သာမက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ဦးအဖြစ်ပါ အများ၏ သတ်မှတ်ခြင်းကို  ခံရလေ့ရှိသည်။ 'စကားအပေါင်းအုပ်သည် ကတိ၊ တရားအပေါင်းချုပ်သည် သတိ'ဟု ဆိုကြသည်။ စကားအရာတွင် ကတိသည် အချုပ်ဖြစ်သလို တရားအရာတွင် သတိသည်အချုပ်ဖြစ်သည်။ ထို့ကြောင့် မိမိပြောဆိုထားသည့် ကတိစကားကို လေးနက်စွာ တန်ဖိုးထားပြီး တည်မြဲအောင်ကြိုးစားသင့်သည်။ 'မင်းမှာ သစ္စာလူမှာ ကတိ' ဆိုသလို ပေးပြီးသားကတိစကားကို တည်မြဲအောင် ကြိုးစားမှသာ မိမိကို လူအများက လေးစားယုံကြည်မည်ဖြစ်သည်။ ကြမ်းကျွံလျှင် နုတ်၍ရသည် စကားလွန်လျှင် နုတ်၍မရ၊ ထွက်ပြီး ဆင်စွယ်ဝင်ရိုးထုံးစံမရှိ ဆိုသလို မိမိပြောပြီးသား နှုတ်ကစကား လွန်မိလျှင် ပြန်ရုပ်သိမ်း၍မရပေ။ ထို့ကြောင့် စကားပြောဆိုရာတွင် လက်လွတ်စပယ် ပြီးပြီးရော မပြောဆိုသင့်ဘဲ သေချာစဉ်းစားပြီးမှသာ 'ဆိုခဲစေ မြဲစေ' ဆိုသလိုမျိုး ပြောဆိုသင့်သည်။ 

စကားပြောဆိုရာတွင် မလိုအပ်ဘဲနှင့် စကားအများကြီး ပြောဆိုရန်လည်း မသင့်ပေ။ 'စကားများ အမှားပါ' ဆိုသလို  စကားများများပြောလျှင် ပြောမှား ဆိုမှား ဖြစ်တတ်သည်။ 'နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ' ဟုဆိုသလို နှုတ်မစောင့်စည်းမှုကြောင့် ဒုက္ခရောက်တာမျိုး ကြုံတွေ့ရတတ်သည်။ 'စကား စကား ပြောဖန်များ စကားထဲက ဇာတိပြ'ဆိုသလို စကားများများပြောလျှင် ပြောသူ၏ စရိုက်လက္ခဏာများလည်း ပေါ်လာတတ်သည်။ ထို့ကြောင့် စကားနည်းနည်းပြော၍ အလုပ်များများလုပ်ပြဖို့ လိုအပ်ပါသည်။'လူပြောမသန် လူသန်မပြော'ဟု ဆိုထားသည် မဟုတ်လော။ ချိုသာစွာပြောဆိုခြင်းက လူအများကို နှစ်သက်လေ့ရှိကြသလို မိမိအရေးကိစ္စများကိုလည်း အောင်မြင်ပြီးမြောက်စေသဖြင့် 'နှုတ်ချို သျှိုတစ်ပါး' ဆိုသည့် အချက်ကိုလည်း အမြဲလက်ကိုင်ထားသင့်သည်။သို့သော် 'နှုတ်ကတော့ ပျားသကာ၊ စိတ်ကတော့ ခါးတမာ'ဆိုသလိုမျိုး စကားချိုချိုပြောဆိုပြီး အတွင်းစိတ်ထား အလွန်ဆိုးတာမျိုးကိုတော့ ရှောင်ကြဉ်ရမည်ဖြစ်သည်။

ထို့ကြောင့် ကျွန်တော်တို့အနေနှင့် လူမှုဆက်ဆံရေးနယ်ပယ်၌ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာတွင် မှန်ကန်၍ အကျိုးရှိသော နှစ်သက်ဖွယ်စကားများကိုသာ ပြောဆိုသင့်ပေသည်။ ထိုသို့ပြောဆိုကြမှသာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး စသည့် အရေးအရာကိစ္စအမျိုးမျိုးကို ရလဒ်ကောင်းရရှိအောင် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

ခိုင်မြဲသူယျ