News

POST TYPE

PERSPECTIVE

လူငယ့်ရေးရာမူဝါဒ လက်တွေ့ကျကျ အကောင်အထည်ပေါ်လာဖို့
13-Jan-2021


လူငယ်များနှင့်ပတ်သက်၍ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ - ၂၀၂၄) စာအုပ်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖြန့်ချိခဲ့ပါသည်။ မဟာဗျူဟာ စီမံချက် (၂၀၂၀ - ၂၀၂၄) ၏ ရည်မှန်းချက်တွင် လူငယ်ရေးရာမူဝါဒပါ အချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် လူငယ်များအတွက် အရေးကြီးလိုအပ်လျက်ရှိသော ကဏ္ဍပေါင်းစုံတွင် ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေးအတွက် လူငယ်များက အဓိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် မျှော်မှန်းပါသည်ဟု ဖော်ပြထားသည်။

လူငယ်ရေးရာမူဝါဒသည် နိုင်ငံအတွက် မရှိမဖြစ်လိုအပ်ချက် မူဝါဒတစ်ရပ်ဖြစ်ပါသည်။ အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများတွင် လူငယ်များ၏အခန်းကဏ္ဍသည် များစွာအရေးပါလျက်ရှိသည်။ လူငယ်ရေးရာ မူဝါဒ၏ရည်ရွယ်ချက်သည် လူငယ်များ၏ အသိပညာ၊ ကျွမ်းကျင်မှုများနှင့် အရည်အသွေးများတိုးတက်လာစေသည့် လေ့လာသင်ကြားမှု၊ အခွင့်အလမ်းနှင့် အတွေ့အကြုံရရှိရေး အခြေအနေများ ဖန်တီးပေးရန်ဖြစ်သည်။ 

လူငယ်ရေးရာမူဝါဒစက်ဝိုင်းတွင် မူဝါဒလုပ်ငန်းစဉ် တစ်ခုလုံး အကျုံးဝင်သည့် မတူညီသောအဆင့်များ ပါဝင်နေပါသည်။ ယင်းမတူညီ သောအဆင့်များတွင် ပြဿနာဖော်ထုတ်ခြင်း၊ မူဝါဒရေးဆွဲခြင်း၊ မူဝါဒ ချမှတ်ခြင်း၊ မူဝါဒအကောင်အထည်ဖော်ခြင်း၊ မူဝါဒဆန်းစစ်အကဲဖြတ်ခြင်းအဆင့်များ တစ်ပတ်လည် ပါဝင်ပါသည်။ မိမိတို့လူငယ်ရေးရာမူဝါဒများ၏ အရည်အသွေးအား သုံးသပ်နိုင်ရန် လက်တွေ့ကျသောစံနှုန်းများ လိုအပ်ပါသည်။ ယင်းအရည်အသွေးရှိ လူငယ်ရေးရာ မူဝါဒဆိုင်ရာ စံနှုန်း ၈ ခုတွင် အခွင့်အရေးများ အခြေပြုချဉ်းကပ်သည့် လူငယ်ရေးရာမူဝါဒ၊  အထောက်အထားအခြေပြု လူငယ်ရေးရာမူဝါဒ၊ ပူးပေါင်းလုပ်ဆောင်သည့် လူငယ်ရေးရာမူဝါဒ၊ အလွှာစုံပါဝင်သော လူငယ်ရေးရာမူဝါဒ၊ မဟာဗျူဟာကျ လူငယ်ရေးရာမူဝါဒ၊ ရင်းမြစ်များရရှိနိုင်သော လူငယ် ရေးရာမူဝါဒ၊ နိုင်ငံရေးကတိကဝတ်နှင့် တာဝန်ခံမှုရှိသော လူငယ်ရေးရာ မူဝါဒ၊ ကဏ္ဍစုံ ပူးပေါင်းပါဝင်သော လူငယ်ရေးရာမူဝါဒတို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူငယ်ရေးရာမူဝါဒ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် (၂၀၂၀ - ၂၀၂၄) မတိုင်မီ ၂၀၁၇ ခုနှစ်က လူငယ်ရေးရာမူဝါဒအတည် ပြု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုဆိုလျှင် လူငယ်ရေးရာမူဝါဒ ရေးဆွဲချမှတ် ခဲ့သည်မှာ ၃ နှစ်ကျော်ပြီ ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က အတည်ပြုခဲ့သော လူငယ်ရေးရာမူဝါဒတွင် အခြေခံမူများ၊ အဓိပ္ပာယ်ဖွင့် ဆိုချက်၊ အလေးပေးရမည့်လူငယ်များ၊ ဦးဆောင်ဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများ၊ ကော်မတီများ၊ လူငယ် မူဝါဒအဓိကကဏ္ဍများ၊ သက်ဆိုင်ရာ အသီးသီး၏တာဝန်ဝတ္တရားများ၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု ယန္တရား၊  မူဝါဒကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ မူဝါဒကိုအကောင်အထည် ဖော်ရန် ရင်းမြစ်လိုအပ်ချက်များ၊ ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းအခန်းကဏ္ဍများ ပါဝင်ပါသည်။ ယင်းမူဝါဒချမှတ်ပြီးနောက် မူဝါဒ လက်တွေ့အကောင်အထည်ဖော်မှုအခြေအနေ၊ စိန်ခေါ်မှု၊ အားနည်း ချက်၊ အားသာချက်များ၊ တိုးတက်မှုအခြေအနေ၊ ဆန်းစစ်သုံးသပ် အကဲဖြတ် ချက်များ လိုအပ်မည် ဖြစ်သည်။ သို့ဖြစ်မှသာ လက်တွေ့အသုံးဝင်သော မူဝါဒ၊ ထိရောက်သောအကောင်အထည်ဖော်မှု ဖြစ်လာနိုင်ပါသည်။

အမျိုးသားလူငယ်ရေးရာ မူဝါဒများချမှတ်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးရာဌာနက အချက် ၁၀ ချက် ဖော်ပြထားပါသည်။

(၁) အားလုံးပါဝင်သောလုပ်ငန်းစဉ်ဖြစ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ လူငယ်မူဝါဒ ဒီဇိုင်းရေးဆွဲခြင်း၊ အကောင်အထည်ဖော် ခြင်းနှင့် ဆန်းစစ်အကဲဖြတ်ခြင်းတို့တွင် သက်ဆိုင်သူအားလုံးပါဝင်ခွင့်နှင့် လုပ်ပိုင်ခွင့်ရရှိရန် လိုအပ်ပါသည်။ လူငယ်များ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်းများ၊ သက်ဆိုင်သည့်အစိုးရဌာနများနှင့် အဆင့်အတန်း အားလုံး ပူးပေါင်းလုပ်ဆောင်မှုသည် မူဝါဒရည်မှန်းချက်များကို အောင်မြင်မှုရရှိ စေနိုင်ပါသည်။ (၂) လက်ရှိအခြေအနေအား နားလည်ခြင်းနှင့် လိုအပ်မှု ဆန်းစစ်သုံးသပ်ချက်ဆောင်ရွက်ခြင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ နိုင်ငံအတွင်းရှိ လူငယ်များ၏အခြေအနေ တိုးတက်မှုဖြစ်စဉ်ကို ကောက် ကြောင်းဆွဲနိုင်ပါသည်။ လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးကဏ္ဍများသည် ဆန်းစစ်သုံးသပ်မှုများ စုစည်းရာတွင် နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြုနိုင်ပါသည်။ လူငယ်ရေးရာမူဝါဒဒီဇိုင်းသည် မိမိတို့နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီမည့် ရည်မှန်းချက်များအောင်မြင်စေရန် ဦးတည် ရေးဆွဲသင့်ပါသည်။ လူငယ်ရေးရာမူဝါဒဆိုင်ရာ အခြေအနေကို တိတိ ကျကျသိရှိရန်အတွက် မူဝါဒစတင်အကောင်အထည်ဖော်သည်မှ ကြီးကြပ် ခြင်းနှင့် အကဲဖြတ်ဆန်းစစ်ခြင်းလုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် လူငယ် များ၏ဘဝများအပေါ် သက်ရောက်နေသည့် ပြဿနာများကို လူငယ်များ နှင့် ထိရောက်ပွင့်လင်းစွာ ဆွေးနွေးရေးသည်လည်း အရေးပါပါသည်။  (၃) ထိခိုက်လွယ်အုပ်စုများ သတ်မှတ်ခြင်း၊ ယင်းသည် လိုအပ်ချက်များ အကဲဖြတ်ခြင်းနှင့် အခြေအနေဆန်းစစ်ခြင်း အစိတ်အပိုင်းတစ်ရပ်ဖြစ် သည်။ 

ထို့အပြင် လတ်တလောဖြစ်နေသည့်အခြေအနေများ၊ နိုင်ငံရေး အခြေအနေများ သို့မဟုတ် လူမှုရေးဆိုင်ရာဖယ်ရှားခံရမှုနှင့် ခွဲခြားဆက်ဆံ ခံရသည့် ရှည်လျားသောသမိုင်းကြောင်းတို့ကြောင့် ဖြစ်ပေါ်လာသော ထိခိုက်လွယ်အခြေအနေများတွင် နေထိုင်ကြသည့် လူငယ်အုပ်စုများကို  ခွဲခြားဆုံးဖြတ်နိုင်သည်။ (၄) မိမိတို့၏အရင်းအမြစ်များကို သိရှိနားလည် ခြင်း၊ မိမိနိုင်ငံအတွင်း လူငယ်များနှင့်သက်ဆိုင်သည့် ရရှိနိုင်သောအရင်း အမြစ်များနှင့် လိုအပ်သောအရင်းအမြစ် လေ့လာချက်များပြုလုပ်ခြင်း ဖြင့် မိမိတွင်ရှိသောရင်းမြစ်နှင့် လူငယ်များအတွက် ရင်းနှီးမြှုပ်ရမည့်အရာ များကို သိရှိနိုင်ပါသည်။ ရင်းမြစ်များတွင် တည်ဆဲကွန်ရက်များအပြင်  အစိုးရ၏မူဝါဒများ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးနည်းလမ်းများ၊ အစိုးရ မဟုတ်သောအဖွဲ့ အစည်းများ၊ လူငယ်အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ စွန့်ဦးလုပ်ဆောင်သူများ ပါဝင်သည်။ ရင်းမြစ်များတွင် မပြည့်စုံသော သတင်းအချက်အလက်၊ အရည်အသွေးမပြည့်ဝမှု၊ လူငယ်နှင့်ဝန်ဆောင်မှု  ပေးသူများအကြား ယုံကြည်မှုတို့ကဲ့သို့သော မူဝါဒအကောင်အထည်ဖော် မှုကို အကန့်အသတ်ဖြစ်စေသည့် အကြောင်းအရာများ ဆန်းစစ်ခြင်းလည်း ပါဝင်သည်။ အထက်ပါရင်းမြစ်များအားလုံးသည် ဘဏ္ဍာငွေခွဲဝေ ချထားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါသည်။ (၅) လူငယ်မူဝါဒ အကောင်အထည်ဖော်ရေးအတွက် ဘဏ္ဍာငွေ ခွဲဝေချထားခြင်း၊ လူငယ်ရေးရာမူဝါဒသည် ဌာနများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအတွင်း အပြန်အလှန် ပေါင်းစပ်လုပ်ကိုင်ရသည့်အတွက် မူဝါဒအကောင်အထည်ဖော်ရေးအတွက် သီးသန့်ဘဏ္ဍာငွေ ခွဲဝေချထားပေးရန်လိုအပ်သည်။ ထိုသို့မဟုတ်ပါက  လူငယ်အုပ်စုများအပါအဝင် သက်ဆိုင်သူများအားလုံး စိတ်ဓာတ်လျော့ နည်းမှုများနှင့် ရင်ဆိုင်ရနိုင်ပါသည်။ (၆) ယခင်အတွေ့အကြုံများမှ သင်ခန်း စာယူခြင်း၊ အစိုးရဆိုင်ရာအတွက်သာမက အရပ်ဘက်အဖွဲ့အစည်းနှင့် လူငယ်အဖွဲ့အစည်းများအကြား အတွေ့အကြုံ၊ သုတေသနနှင့် ကျွမ်းကျင်မှု လဲလှယ်ခြင်းဖြင့် ထိရောက်မှုနှင့် စွမ်းဆောင်နိုင်ရည် တိုးတက်စေနိုင်ပါသည်။ (၇) လူငယ်မူဝါဒအကောင်အထည်ဖော်ရန် ရှင်းလင်းတိကျသော မျှော်မှန်းချက်ချမှတ်ခြင်း၊ လူငယ်များ၏ လိုအပ်ချက်များနှင့် ဘဏ္ဍာငွေ ရရှိနိုင်မှုအပေါ် မူတည်၍ အမျိုးသားအကောင်အထည်ဖော်မှုစီမံချက် ရေးဆွဲရမည်ဖြစ်သည်။ အောင်မြင်သော အမျိုးသားအဆင့် လူငယ်မူဝါဒ ချမှတ်ရန်နှင့် အကောင်အထည်ဖော်နိုင်ရန် နိုင်ငံရေးကတိကဝတ်ရှိ ရန်လည်း လိုအပ်ပါသည်။ (၈) လူငယ်မူဝါဒအကောင်အထည်ဖော်နိုင် ရေး အထောက်အကူဖြစ်သည့် အင်စတီကျူးရှင်းဖွဲ့စည်းမှု၊ သို့မှသာ မူဝါဒ အကောင်အထည်ဖော်ရာတွင် ထိရောက်သော ပူးပေါင်းဆောင်ရွက်မှု ရရှိနိုင်သည်။ (၉) အကောင်အထည်ဖော်မှုအတွက် မိတ်ဖက်များနှင့် ပူးပေါင်းခြင်း- လူငယ်အခြေပြုမူဝါဒများကို အစိုးရမှဦးဆောင်သော်လည်း  ယင်းမူဝါဒများ၏ ဒီဇိုင်း၊ အကောင်အထည်ဖော်မှုနှင့် ဆန်းစစ် အကဲဖြတ် ခြင်းများသည် အခြားသက်ဆိုင်သူများ၊ အဓိကအားဖြင့် လူငယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအခန်းကဏ္ဍ၊ မိဘများနှင့် တစ်ခါ တစ်ရံ ကုလသမဂ္ဂအေဂျင်စီများနှင့် အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်အပေါ် အပြည့်အဝမူတည်နေသည်။ (၁၀) ကြီးကြပ်ခြင်းနှင့် ဆန်းစစ်အကဲဖြတ်ခြင်းဖြင့် ပိုမိုကောင်းမွန်သော စီမံကိန်းများ ရေးဆွဲခြင်းနှင့် ကျွမ်းကျင်မှုမြှင့်တင်နိုင်ခြင်း၊ နည်းလမ်း အသစ်များနှင့် လူငယ်ထု၏လိုအပ်ချက်များအရဖြစ်စေ၊ အကောင်အထည် ဖော်ဆဲစီမံကိန်းများ၏ အောင်မြင်မှုနှင့် အားနည်းချက်များအရဖြစ်စေ  ဦးတည်ချက်များနှင့် ရည်ရွယ်ချက်များကို ပြန်လည်သတ်မှတ်နိုင်သည်။ မူဝါဒအကောင်အထည်ဖော်မှုဆိုင်ရာ အမြင်၊ သဘောထားနှင့် မျှော်မှန်း ချက်များဆိုင်ရာ ထိရောက်သောအညွန်းကိန်းများကို လေ့လာ စစ်တမ်း ကောက်ယူခြင်းနှင့် လေ့လာခြင်းတို့ဖြင့် တိုးတက်မှုရရှိစေနိုင်ပါသည်။

ယခုအခါ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် (၂၀၂၀ - ၂၀၂၄) အား အတည်ပြုထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။ မူဝါဒ တစ်ရပ် မည်မျှကောင်းမွန်စေကာမူ ထိရောက်သော အကောင်အထည် ဖော်မှုမရှိဘဲ မအောင်မြင်နိုင်သည်ကို သတိပြုကြရပါမည်။ ထိရောက်သော အကောင်အထည်ဖော်မှုဆိုရာတွင်လည်း မူဝါဒ၊ ဦးဆောင်မှု၊ ဘဏ္ဍာငွေ၊  ရင်းမြစ်၊ ပူးပေါင်းလုပ်ဆောင်မှု၊ ကျွမ်းကျင်မှု၊ အကောင်အထည်ဖော်နိုင်သည့် အခြေအနေတို့ လိုအပ်မည်ဖြစ်သည်။ 

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့် ၃၅ အတွင်းရှိ မြန်မာနိုင်ငံသားကို လူငယ်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ လူငယ်လူဦးရေ ပမာဏ မှာ ၁၈ သန်းကျော်ရှိနေပါသည်။ ယင်းလူငယ်များသည် မတူညီသော နေရာဒေသ၊ မတူညီသောအခြေအနေနှင့် မတူညီသောဘဝရပ်တည်ချက် များနှင့် နေထိုင်နေကြရပါသည်။ ယင်းလူငယ်များသည် နိုင်ငံအနာဂတ် အတွက် မျှော်လင့်ချက်များဖြစ်သကဲ့သို့ လူသားရင်းမြစ်များလည်း ဖြစ်ကြပါသည်။ မိမိတို့နိုင်ငံ၏ လူငယ်များသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်မှု စသည အခြေအနေများကြောင့် ပြည်တွင်းပြည်ပ ဦးနှောက်ယိုဆီးမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။ ထိုသို့သောအခြေအနေတွင် လူငယ်ရေးရာမူဝါဒ မည်မျှအရေးပါကြောင်း တွေ့မြင်နိုင်ပါသည်။

ထိုသို့သော အခြေအနေများကို ပြုပြင်ပြောင်းလဲရန်မှာ လူငယ်ရေး ရာမူဝါဒအား လက်တွေ့ကျကျနှင့် ထိထိရောက်ရောက် အကောင်အထည် ဖော်ရေးပင်ဖြစ်ပါသည်။ စဉ်းစားမိသည်မှာ မိမိတို့ နိုင်ငံတစ်ဝန်းလုံးတွင် လူငယ်ရေးရာမူဝါဒ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်သည့်  အခြေအနေရှိ၊ မရှိဆိုသည်ပင်။

သိန်းထွန်း (IR) ၁၃.၁.၂၀၂၁