News

POST TYPE

PERSPECTIVE

ခေတ်မီသော ယဉ်ကျေးမှုများ ဖြစ်စေချင်ပါသည်
13-Jan-2021


မသွားသော်လည်းဘဲ ရောက်ရှိနေတတ်ကြသည့် ခေတ်ရေစီးကြောင်းပေါ်တွင် ကျွန်တော်တို့တစ်တွေ ပြတ်ကျန်လို့ နေခဲ့ပြီလား။ မိမိတို့၏တွေးခေါ်မှုများအတွက် အတွေးများစရာပင် ဖြစ် သည်။ မြန်ဆန် လွန်းလှသည့် ခေတ်ရေစီးကြောင်း၏ လျင်မြန်မှု အဟုန် အောက်တွင် ကျွန်တော်တို့တစ်တွေ၏ မျက်စိ၊ နားတို့သည် ဒိတ်အောက်ကာ ခေတ်နောက်ကျလွန်းနေပြီလား။ သေချာစွာ ပြန်လည်ဆန်းစစ်၍ စဉ်းစားကြရပေမည်။ အတွေးပေါင်းများစွာဖြင့် ဖြန့်ကြက်လို့ရသည့် ခေတ်ဟူသော  အတွေးပုံရိပ်များအောက်၌ ကျွန်တော်တို့တစ်တွေသည် ရင့်ကျက်နိုင်ဖို့ ရန် ခက်ခဲနေကြပေမည်။ ကျွန်တော်တို့တစ်တွေ တွေးသော အတွေးစများသည် ခေတ်နှင့်ရင်ပေါင်တန်းနိုင်ကြရန် လိုအပ်ပါသည်။

ခေတ်သစ်၊ စနစ်သစ်ဟူသည့် စကားလုံးလှလှလေးများအောက်၌ ကျိုးကျပျက်စီးသွားတတ်သော မတူညီကြသည့်စံနှုန်းများကို အမီလိုက် နိုင်ဖို့ရန် လိုအပ်လှပေသည်။ ခေတ်မီခြင်းဟူသော စကားလုံးများအောက် က ကူးလူးဆက်သွယ်ခွင့်များဆိုသည်မှာ ကျွန်တော်တို့တစ်တွေအတွက်  ကျင့်သားရဖို့ရန် အချိန်များများ လိုအပ်နေသေးသည်။ အယောင်ဆောင် များလှသော ခေတ်သစ်တိုးတက်မှုများအောက်၌ ကျွန်တော်တို့တစ်တွေ ကြည့်ရှုခွင့်ရသည့်ခေတ်ဆိုသည်မှာ ]မိသားစုလိုက်အနေနှင့် အတူတူထိုင် ကြည့်ရဲခွင့်၊ နားထောင်ရဲခွင့်}ရှိကြဖို့ပင် ဦးစွာလိုအပ်လှပါသည်။ ကျွန်တော် တို့တစ်တွေ နားဆင်မိကြသည့် ဟာသများသည်လည်း မိသားစုလိုက်အနေနှင့် အတူတကွ နားထောင်ရဲ၊ ကြည့်ရဲကြသည့် ဟာသများဖြစ်ကြဖို့ရန် လိုအပ်လှပေသည်။

တိုးတက်ခြင်းများကို အကြောင်းပြုကြ၍ ခေတ်မီကြဖို့ လိုအပ်ပါသည်။ ထို့အတူ ခေတ်မဆန်လွန်းကြဖို့ရန်လည်း အထူးလိုအပ်လှပါသည်။ တိုးတက်သောခေတ်သစ်ကို လိုအပ်လှသော်လည်းပဲ အဖိုးယုတ်လျော့စေ မည့် တိုးတက်မှုပုံစံမျိုးများကိုဖြင့် သတိထားရှောင်ကြဉ်ကြရမည်ဖြစ်သည်။ တိုးတက်မှုအရှိန်အဟုန်တိုင်း၌ အချိန်နှင့်နေရာသည် အရေးကြီးလှပေသည်။ အချိန်မှား၊ နေရာမှား၍ တိုးတက်လာသည့်ပုံစံမျိုးဆိုသည်ကား ဆုတ်ယုတ်မှုပြယုဂ်တစ်ခုအဖြစ်သာ အမြင်ခံရပေမည်။ အချိန်နှင့်နေရာ မှားယွင်းစွာ ရရှိလာသောတိုးတက်မှုများကို လူတိုင်းအနေနှင့် လက်ခံနိုင်ကြဖို့ရန် ခက်ခဲတတ်ပေသည်။

ခေတ်ရေစီးကြောင်းများ၏ အရွေ့တစ်ခုကို မီအောင်မလိုက်နိုင် ကြသေးသည့် မျက်စိနှင့်နားများဆိုသည် ခေတ်ပုံရိပ်များအတွက် သရော် စရာအဖြစ်ဖြင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မမြင်သင့်၊ မကြားသင့်ရာအဖြစ် ဖြင့် တွေးကောင်းတွေးနိုင်ပေသည်။ သဘောမှာ ခေတ်သစ်တစ်ခု၏ ပြောင်းလဲ စီးဆင်းမှုပုံရိပ်များကို ခေတ်မီမီတုံ့ပြန်မှုများအနေဖြင့် မြင်တတ်၊ နားဆင် တတ်ကြစေရန် ခက်ခဲနေသေးသည့်အတွက်ကြောင့်သာ ဖြစ်နိုင်ပါသည်။ဤသို့ဖြစ်နေကြခြင်းများကိုပင် လက်တစ်လုံးခြားပမာထား၍ အပြစ်မြင် လို့ မရသည်မှာ မှန်ကန်လှသော်လည်းပဲ အပြစ်တင်လို့မရနိုင်အောင် ခေတ်မီကြရင်ဖြင့် ပို၍သင့်တော်နိုင်ပါသည်။ ပို၍အားပေးသင့်လှပါသည်။

ခေတ်သစ်ဆိုသည်မှာ လိုအပ်သည်ထက် ပို၍လျင်မြန်စွာတိုးတက် လာလျှင်လည်း လူနေမှုဘဝများသည် ခေတ်နှင့်တစ်ပြေးညီ အမီလိုက်နိုင် ဖို့ရန် ခက်ခဲတတ်လွန်းပေသည်။ ခေတ်၏တိုးတက်မှုပုံရိပ်များကို မျက်ကွယ်ပြုနိုင်ဖို့ရန် မျက်စိပိတ်၊ နားပိတ်နေပြန်လျှင်လည်း ခေတ်ရေစီး ကြောင်းပေါ်ကနေ၍ သွေဖည်ကာသွားနိုင်ပေသည်။ ခေတ်သစ်ကို ပို၍ သာအပြစ်တင်နိုင်ကြပေမည်။ ခေတ်သစ်နှင့် ကျင့်သားမရသေးသော မျက်စိ၊ နားများ၏ သဟဇာတမဖြစ်တည်မှုများသည် ပို၍အလှမ်းဝေးကွာနိုင်ပေသည်။

ကျွန်တော်တို့တစ်တွေသည် မိမိတို့၏ ရိုးရာယဉ်ကျေးများနှင့်  ချင့်ချိန်စံထိုး၍သာ ခေတ်ရေစီးကြောင်းများပေါ်၌ ခေတ်မီအောင် ကြိုးစား သင့်လှပေသည်။ 'ခေတ်မီတာကောင်းပါတယ်'ဟူသော လှေနံတထစ်ချ သဘောရိုးဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို မျက်ကွယ်ပြု၍ကား  မရနိုင်ပါပေ။ မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို မျက်ကွယ်ပြုလိုက်ကြသည်နှင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကို ဖျောက်ဖျက်ပစ်နေသည့်ပမာ ဖြစ်သွားနိုင်ပေသည်။ ဤသည်ကို ကျွန်တော်တို့တစ်တွေအနေနှင့် အထူး သတိထားနိုင်ရမည် ဖြစ်သည်။ ကျွန်တော်တို့တစ်တွေသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများနှင့် ညီညွတ်မျှတပါသော ခေတ်မီမှုများကိုသာ ခုံမင်သင့်လှပါသည်။ ခေတ်နှင့်အညီ လျှောက်လှမ်းနေသည်ဟူသော အပေါ်ယံစကားလုံးများဖြင့် နေရာတကာ၌ ခေတ်မီခြင်းဟူသော စကားလုံး များကို သုံးစွဲခွင့်မရရှိနိုင်ပါပေ။

ကျွန်တော်တို့တစ်တွေ၏ မျက်စိနှင့်နားများသည်ကားခေတ်ကို အမီလိုက်နိုင်ကြရန် ခဲယဉ်းနေပါသေးသည်။ ခေတ်နှင့်လျော်ညီလှသည့် မျက်စိနှင့်နားများကို ပိုင်ဆိုင်ကြဖို့ရန် ကျွန်တော်တို့တစ်တွေ ကြိုးစားရ ပေဦးမည်။ သို့သော်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုများကို မျက်ကွယ်ပြု၍ ခေတ်မီခြင်းဟူသော ခေတ်ဆန်သည့်ပြယုဂ်မျိုးများကိုကား ရေရှည်လက်ခံနိုင်ရန် အထူးခဲယဉ်းလှပါပေသည်။ ခေတ်ဆန်မှုများ လွန်ကဲသွားကြလျှင် ဆုတ်ယုတ်မှုအောက်သို့ ရောက်ရှိသွားနိုင်ပါသည်။ ခေတ်သစ်သားပျို သမီးပျိုများ၏ ဝတ်စားဆင်ယင်မှုများကစ၍ ပြောဆိုဆက်ဆံတတ်ကြ သည့် စကားလုံးများအဆုံး ခေတ်မီခြင်းများစွာနှင့် လိုက်လျောညီထွေဖြစ် နိုင်စေရန် ဦးစွာကြိုးစားရပေဦးမည်။

ခေတ်ရေစီးကြောင်းပေါ်တွင် စီးမျောလိုက်ပါကြရင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှုများကိုလည်း ထိန်းသိမ်းကြရင်း၊ ခေတ်မီမီနေထိုင်နိုင်ရန်အတွက် ကျွန်တော်တို့တစ်တွေအနေနှင့် ကြိုးစားအားထုတ်ရပေမည်။  ကျွန်တော်တို့တစ်တွေသည် ခေတ်၏တုံ့ပြန်မှုများကို မျက်စိစွင့်၊ နားစွင့်၍ သာ ဖြတ်ကျော်၍ အမီလိုက်နိုင်ဖို့ရန် ကြိုးစားအားထုတ်ရပေမည်။ သို့သော် မိမိတို့၏ ရိုးရာယဉ်ကျေးမှုများအား မျက်ကွယ်ပြု၍ ခေတ်ဆန်ခြင်းများကိုကား အားမပေးသင့်လှပေ။

တစ်နည်းအားဖြင့် ကျွန်တော်တို့တစ်တွေ ပိုင်ဆိုင်ထားကြသည့် ယဉ်ကျေးမှုများနှင့် ဖီလာဆန့်ကျင်ဘက်ဖြစ်မည့်အရာများအား တတ်နိုင်သမျှ တားဆီးနိုင်ရပေမည်။ ဆင်ခြင်နိုင်ကြဖို့ရန် လိုအပ်ပါသည်။

ကျွန်တော်တို့တစ်တွေသည် ခေတ်သစ်တစ်ခု၏ ခေတ်မီခြင်းများကိုလည်း သူ့နေရာနှင့်၊ သူ့အချိန်နှင့်သာ အားပေးသင့်လှပါသည်။ ထိုကဲ့သို့  သူ့နေရာနှင့်သူ၊ သူ့အချိန်နှင့်သူ အားပေးအားမြှောက်ကြသည့်အချိန်များ မှာလည်း ခေတ်မီသော မျက်စိနှင့်နားများကို ထားရှိကြပါဟု တိုက်တွန်း လိုပါသည်။

ခေတ်မီခြင်းနှင့် ရိုးရာယဉ်ကျေးမှုများကြား၌ ကျွန်တော်တို့တစ်တွေ ၏ ရပ်တည်မှုများသည် အစွန်းလွတ်သည့် သဟဇာတမျိုးဖြစ်နေဖို့ရန် လိုအပ်လှပါသည်။ တစ်နည်းအားဖြင့် ခေတ်ဆန်လွန်းသည့်ဘက်သို့ ရောက်ရှိမသွားကြရန် သတိထားရပေမည်။

ကျွန်တော်တို့တစ်တွေ ရင်ဆိုင်နေရသည့် ယနေ့ခေတ်သစ်၏ တိုးတက်မှုနှုန်းများသည် အချို့သောအရာများဘက်၌ ကြောက်စရာကောင်း လောက်အောင်ပင် ပြောင်းလဲသွားပေသည်။ တစ်နည်းအားဖြင့် ခေတ် သည် တိုးတက်သွားသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ကျွန်တော်တို့တစ်တွေ သည် ကျွန်တော်တို့တစ်တွေ၏ ယဉ်ကျေးမှုများနှင့် လိုက်ဖက်သော တိုးတက်မှုများကို ရှာဖွေကြဖို့ရန်သာ ကျန်ရှိနေပါသည်။ကျွန်တော်တို့တစ်တွေ ၏ ယဉ်ကျေးမှုများဆိုသည်မှာလည်း ကျွန်တော်တို့တစ်တွေ ကိုးကွယ် ယုံကြည်ကြသည့် ဘာသာရေးများကနေ၍ အဓိကကျကျ ဆင်းသက်လို့ လာပေသည်။

ထို့ကြောင့် ကျွန်တော်တို့တစ်တွေသည်လည်းပဲ ကိုးကွယ်ယုံကြည်သော ဘာသာရေးများနှင့် အပ်စပ်သည့် တိုးတက်မှုများကိုသာ ခုံမင် တွယ်တာသင့်လှပေသည်။ ကျွန်တော်တို့တစ်တွေ ထိန်းသိမ်းတန်ဖိုးထား ရှိပါသော ယဉ်ကျေးမှုများနှင့် ကိုက်ညီလှသည့် တိုးတက်မှုများကိုသာ လေးစားစွာ ရှာဖွေသင့်ပေသည်။ ကျွန်တော်တို့တစ်တွေ၏ ယဉ်ကျေးမှု များနှင့် မအပ်စပ်လှသည့် ခေတ်မီမှုများကိုကား အချိန်နှင့်နေရာ မှန်ကန်စွာ အသုံးပြုမိကြစေရန် သတိထားသင့်ပါသည်။

နိဂုံးချုပ်အားဖြင့် ကျွန်တော်တို့တစ်တွေ၏ ယဉ်ကျေးမှုများနှင့် ဆန့်ကျင်လှသည့် တိုးတက်မှုများအောက်က ခုံမင်မှုများကို သတိထားရပေမည်။ ခေတ်ရေစီးကြောင်းကို အမီလိုက်နိုင်ရန် လိုအပ်ပါသော်လည်းပဲ ခေတ်ရေစီးကြောင်း၏ အရှိန်အဟုန်များကြောင့် ကျွန်တော်တို့တစ်တွေ၏ ယဉ်ကျေးမှုများအား ထိခိုက်သွားမည်ဆိုပါက ဆင်ခြင်နိုင်ရပေမည်။

ကျွန်တော်တို့တစ်တွေ လိုချင်လှသည့် တိုးတက်ခေတ်မီသော နိုင်ငံဆိုသည် ကျွန်တော်တို့တစ်တွေ၏ ယဉ်ကျေးမှုများကို ဝါးမျိုသွားသလိုမျိုး မဖြစ်စေဖို့ရန်ကား ကျွန်တော်တို့အားလုံး၌ တာဝန်ရှိလှပါကြောင်း သတိထားမိနိုင်စေရန် ရေးသားလိုက်ရပေသည်။

ခိုင်မြင့်ဝေ