News

POST TYPE

PERSPECTIVE

မြန်မာလူမျိုးနှင့် အကျင့်ဆိုး
12-Jan-2021


'မြန်မာလူမျိုးနှင့် အကျင့်ဆိုး' ဆိုသည်မှာ ၁၉၄၃ ခုနှစ် မေလ စာရေးဆရာမဂ္ဂဇင်းတွင် စာရေးဆရာကြီး ရွှေဥဒေါင်း ရေးသားခဲ့သော အတွေးအမြင်စာတမ်းငယ်တစ်ပုဒ်ဖြစ်သည်။ ထိုစာမှာ မြန်မာလူမျိုးအချင်းချင်း နှိပ်နယ်စကား၊ ချိုးဖဲ့စကား၊ ကဲ့ရဲ့စကား၊ ရှုတ်ချ စကားများ ပြောကြားလေ့ရှိသည့်အတွက် ထိုအကျင့်ဆိုးတို့ ပပျောက်သွားအောင် အကျိုးသင့် အကြောင်းသင့် တစ်ချက်ချင်း ဝေဖန်ဆွေးနွေးထား သောစာဖြစ်သည်။ထိုစာတွင် ဆရာကြီးရွှေဥဒေါင်းက-

'အကောင်း အဆိုးဟူ၍ ပိုင်းခြားစစ်ထုတ်လိုက်သောအခါ ကောင်း သောအရည်အချင်းတွေချည်း စုပုံနေသော လူဟူ၍လည်း မရှိ၊ တိုက်သား ဟူ၍လည်း မရှိ၊ ဆိုးယုတ်သော အရည်အချင်းတွေချည်း စုပုံ၍နေသော လူဟူ၍လည်း မရှိ၊ လူမျိုးဟူ၍လည်း မရှိ၊ တိုက်သားဟူ၍လည်း မရှိနိုင် ကြောင်းကို ဦးခေါင်းပါသူဟူသမျှ ဝန်ခံရပေလိမ့်မည်။

ယင်းသို့ဖြစ်၍ မြန်မာလူမျိုးများသည် အခြားလူမျိုးများနည်းတူ  ကောင်းမြတ်သောအခြင်းအရာနှင့် ညံ့ဖျင်းသောအခြင်းအရာတို့ ရောစပ် စုပေါင်းလျက်ရှိသည်ဟု ဆိုရပေမည်'

ဟူ၍ အစချီပြီးနောက် မြန်မာလူမျိုးတို့၏ ညံ့ဖျင်းသော အဓိက အပြစ်အနာအဆာအဖြစ် အပြစ်တင်ကြသော 'မြန်မာလူမျိုးတို့ ပျင်းရိသည်' ဟူသော စွပ်စွဲချက်ကို-

'မြန်မာလူမျိုးတို့သည် ခပ်ချောင်ချောင် အလုပ်လုပ်၍ ခပ်ချောင် ချောင် နေထိုင်စားသောက်လာခဲ့ကြသော လူမျိုးဖြစ်ခဲ့၏။ ထိုကဲ့သို့ ဝမ်းစာ အတွက်လည်းကောင်း၊ ခါးအတွက်လည်းကောင်း၊ နေထိုင်မှုအတွက်လည်းကောင်း လှုပ်ခါ လက်ခါနှင့် လုံလောက်စွာ ရရှိခဲ့သော လူမျိုးသည် လွယ် လွယ်နှင့်တင်းတိမ်ရောင့်ရဲ၍ ပင်ပန်းကြီးစွာ အားထုတ်လုပ်ကိုင်ရန် ပျင်းရိ ခြင်းရှိသည်မှာ အံ့သြဖွယ်ကားမဟုတ်၊ သတ္တဝါတို့၏ ဓမ္မတာသဘော အတိုင်းသာ ဖြစ်ချေ၏။

ထိုမျှလောက် အသက်မွေးချောင်ချိလာခဲ့သော လူမျိုးသည် လျှာထွက် မတတ် အလုပ်လုပ်နိုင်မှ ဝမ်းခါးမဝတဝ မလှတလှရရှိနိုင်ကြသည့် ကုလားပြည်မှ ကုလားလူမျိုးများ၊ တရုတ်ပြည်မှ တရုတ်လူမျိုးများနှင့် စံထိုး နှိုင်းယှဉ်ခြင်း ခံရသည့်အခါ ပျင်းရိသည်၊ ပေါ့လျော့သည်ဟူ၍ စွပ်စွဲခံရ ခြင်းမှာ အံ့သြဖွယ်ရာ မဟုတ်ချေ။

အမှန်စင်စစ်သော်ကား မြန်မာသည် ပျင်းနိုင်သော အခြေရှိခဲ့ဖူး၍ ပျင်းရိခြင်း၌ အကျင့်ပါနေသေးခြင်းမျှသာ ဖြစ်ပေ၏။ မည်သည့်လူမျိုးပင် ဖြစ်စေ၊ မြန်မာကဲ့သို့ ခေတ်ကောင်း ခေတ်အေးမျိုး မီခဲ့ဖူးလျှင် မြန်မာနှင့် အလားတူစွာ ပျင်းရိကြမည်သာ ဖြစ်ချေ၏'

ဟူ၍ ချက်ကျလက်ကျ ချေပပါသည်။ ထို့နောက် မြန်မာတို့ ကောက် ကျစ်စဉ်းလဲသည်။ မညီညွတ်၊ မရိုးဖြောင့်တတ်ဟူသော စွပ်စွဲချက်များ ကိုလည်း-

'စင်စစ်သော်ကား လောက၌ ရိုးဖြောင့်သောလူမျိုးဟူ၍ ချီးမွမ်းရန် လည်းကောင်း၊ ကောက်ကျစ်သောလူမျိုးဟူ၍ စွပ်စွဲရန်လည်းကောင်း လူမျိုးသီးခြားရှိနိုင်မည် မဟုတ်ပေရာ၊ လူတစ်မျိုးနှင့်တစ်မျိုး ပိန်မသာ  လိန်မသာမျှလောက်သာ ရှိနေကြပေလိမ့်မည်။ ရိုးဖြောင့်ခြင်း၊ ကောက်ကျစ် ခြင်း ဆိုသောအခြင်းအရာမှာ လူမျိုးပေါ်၌မတည်ဘဲ လူတို့၏ အခြေအနေ ပေါ်၌ တည်နေတတ်ပါသည်'

ဟု ချက်ကျလက်ကျ ပြန်လည်ချေပသည်။ ထို့နောက် မြန်မာတို့၏ ကောင်းသောအရည်အချင်းများကို ထုတ်ဖော်တင်ပြပါသည်။

'သင်ကြား၍ တတ်မြောက်လွယ်ခြင်းအရာဌာန၌ မြန်မာလူမျိုး သည် ကမ္ဘာပေါ်ရှိ မည်သည့်လူမျိုးနှင့်မဆို ယှဉ်ပြိုင်နိုင်လောက်ပေရာ၊ ပါးရေ နပ်ရေရှိခြင်း၊ အတိုအထွာဘက်၌ ဉာဏ်သွားခြင်း စသော အရာဌာနမျိုး တွင်မူကား မြန်မာသည် ကမ္ဘာတွင် တစ်နံပါတ်စွဲသည်ဟူ၍ပင် ကျွန်ုပ်တို့ ဆိုချင်၏'

ထို့နောက် စစ်တွင်းကာလ ဗုံးဒဏ်ကြောင့် ရန်ကုန်မြို့မှ နယ်များသို့ ထွက်ပြေးတိမ်းရှောင်ကြကုန်သော ဗုံးပြေးဒုက္ခသည်များအား လမ်းတစ် လျှောက်ရှိ မြန်မာတို့က ရက်ရက်ရောရော ပေးကမ်းလှူဒါန်းကြသည့် ကိုယ်တွေ့ ဖြစ်ရပ်ကို သက်သေအထောက်အထားပြုပြီး-

'ပေးကမ်းစွန့်ကြဲခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့မြန်မာလူမျိုးများ၌ ထူးကဲသောအချက်ကို မကြာသေးမီက ကျွန်ုပ်တို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရ သည်မှာ စိတ်နှလုံးကို အလွန်ထိခိုက်သဖြင့် တစ်သက်ပတ်လုံး မမေ့နိုင် အောင် ရှိတော့၏။ တစ်ခုသော ဘူတာရုံတွင် အဘိုးကြီးတစ်ယောက်နှင့် အမယ်ကြီးတစ်ယောက်သည် မိမိတို့၏အခင်းမှ လတ်လတ်ဆတ်ဆတ် နုတ်ယူလာခဲ့ဟန် လက္ခဏာရှိသည့် ပဲစားဥတွဲများကို လက်နှစ်ဖက်တွင်  မနိုင့်တနိုင်ဆွဲလျက် ကျွန်ုပ်တို့အနီးသို့ ချဉ်းကပ်လာကာ ''လမ်းစားဖို့ ယူသွား စမ်းပါ မောင်ရယ်၊ သူများလို လိမ္မော်သီး မတတ်နိုင်ပေမယ့် ကျုပ်တို့ကိုယ် တိုင်စိုက်တဲ့ ပဲစားဥကလေးတွေကို စားစေချင်လွန်းလို့ နုတ်ပြီး ယူခဲ့ရ။ စားကြစမ်းပါ မောင်ရယ်''ဟု ပြောကာ အတွဲလိုက်ထည့်ပေးလိုက်လေရာ၊ ကျွန်ုပ်မှာ အဘိုးကြီး လင်မယား၏ သဒ္ဓါကြည်ဖြူသော စိတ်စေတနာကို ဆင်ခြင်အောက်မေ့သဖြင့် မျက်ရည်များ လည်လာခဲ့မိ၏။
ကျွန်ုပ်တို့၏ မီးရထားတွဲပေါ်၌ တရုတ်၊ ကုလား စသည့်အခြားလူမျိုး များလည်း ပါရှိလေရာ ကျွန်ုပ်က ''ခင်ဗျားတို့တိုင်းပြည်မှာ ဒီလိုသဒ္ဓါကြည်ဖြူ နဲ့ ရက်ရက်ရောရော ပေးလား၊ ကမ်းလားလုပ်ကြတာကို မြင်ဖူးကြုံဖူးရဲ့ လား''ဟု မေးလိုက်သဖြင့် ၎င်းတို့က မမြင်ဖူး မကြုံဖူးကြောင်းနှင့် ဝန်ခံ ပြောဆိုကြ၏။

ထိုအခါ၌ကား ကျွန်ုပ်သည် မြန်မာဖြစ်ရခြင်းတည်းဟူသော အဖြစ် ကို အလွန်တရာ ဝမ်းမြောက်ဂုဏ်ရောက်လျှင် 'ဟောဒါမှ ဗမာကွ'ဟု ဟစ်အြွေော်ကးကြော်လိုက်ချင်၏။ ကျွန်ုပ်၏နှုတ်မှ ထိုကဲ့သို့ မြွေကးကြော် သော်လည်း ကျွန်ုပ်၏မျက်နှာထားသည် ထိုအကြောင်းကို ဖော်ထုတ်ပြသ နေဟန် လက္ခဏာရှိရကား၊ အနီးတွင်လိုက်ပါလာကြသော တရုတ်နှင့် ကုလား ခရီးသည်များက 'တော်ပါပေတယ်ဗျာ၊ ခင်ဗျားတို့ဗမာတွေ အားကြီး စိတ်ကောင်းတယ်၊ အားကြီးကူညီတယ်'ဟု ကျွန်ုပ်အား ဖော်ထုတ်ဝန်ခံ သွားကြရ၏'

ဟူ၍ စာဖတ်သူတို့ စိတ်နှလုံး၌ စွဲငြိသွားအောင် သရုပ်ဖော်ရေးဖွဲ့ မှတ်တမ်းတင်ပါသည်။ ထို့နောက်-

'မြန်မာတို့၏ ညံ့ဖျင်းသည်ဆိုသောအချက်များမှာ အထက်တွင်  ဖော်ပြခဲ့သည့်အတိုင်း တပ်အပ်သေချာစွပ်စွဲနိုင်သည်လည်း မဟုတ်။ ၎င်းတို့နှင့် ခုနှိမ်လောက်စေရန် စင်စစ် ကောင်းမြတ်သောအချက်များလည်း ဒုနှင့်ဒေးနှင့် ရှိသေးသည် ဖြစ်ပေရကား၊ ကျွန်ုပ်တို့လူမျိုးကို ကျွန်ုပ်တို့ ကိုယ်တိုင် ရှုတ်ချအရှက်ခွဲရာရောက်သော စကားမျိုးကို ဆိုခြင်းမှ ရှေးဦးစွာ ရှောင်ကြဉ်အပ်ပေ၏။

ဒုတိယအချက်၌ ထိုကဲ့သို့ ရှုတ်ချအရှက်ခွဲရာရောက်သော စကား မျိုးကို သူတစ်ပါးတို့ ဆိုသည်ကို ကြားရသောအခါ အကျိုးအကြောင်းကို နည်းသင့်လမ်းသင့် ဖော်ပြ၍ တောင်းပန်တားမြစ်အပ်ပေ၏။'

ဟူ၍ မိမိအတွေးအမြင်၊ စေတနာ ဆန္ဒသဘောထားကို ထုတ်ဖော် တင်ပြပါသည်။ မြန်မာလူမျိုးနှင့် အကျင့်ဆိုးစာသည် အတွေးအမြင်တစ်ရပ် ကို အကျိုးကြောင်းပြကာ ဝေဖန်ဆွေးနွေးရေးသားထားသော စာဖြစ်သည်။ ရသမြောက်စွာရေးဖွဲ့ထားသည့် ကိုယ်တွေ့ဖြစ်ရပ်နှင့် ခံစားချက်များ ပါဝင်နေသလို စာရေးသူ ဆရာကြီးရွှေဥဒေါင်း၏ စဉ်းစားဆင်ခြင်တုံတရား၊ အတွေးအမြင်နှင့် မြန်မာလူမျိုးတို့အပေါ်ထားရှိသော စေတနာသည် လည်း ထင်ရှားစွာ ပေါ်လွင်နေပါသည်။

သည်လောကကြီးထဲ၌ ကောင်းမြတ်ခြင်း၊ ဆိုးယုတ်ခြင်း ဆိုသည့် အရာများသည် ဘယ်နိုင်ငံသားမို့၊ ဘာလူမျိုးမို့ဟူ၍ နိုင်ငံသားတစ်ဦး လူမျိုးတစ်မျိုးထံတွင် အမြဲပုံသေတံဆိပ်ကပ်၍ တည်ရှိနေမည် မဟုတ်ပေ။ မိမိတို့၏အခြေအနေ မူလအရင်းခံစိတ်နေသဘောထားများ ပင်ကိုစရိုက် လက္ခဏာများနှင့်သာ အဓိကသက်ဆိုင်သည်။ ဖြောင့်မတ်မှန်ကန်ခြင်း၊ ရိုးသားခြင်း၊ ကြိုးစားခြင်း၊ အနစ်နာခံကူညီတတ်ခြင်း၊ ပေးကမ်းစွန့်ကြဲ ခြင်း၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့  စည်းလုံးညီညွတ်ခြင်း၊ စုပေါင်း ဆောင်ရွက်ခြင်း စသော အပြုသဘောဆောင်သည့် ကောင်းမွန်သည့်အရည်အချင်းများကို  အခြားလူမျိုးများ အခြားနိုင်ငံသားများသာမက မြန်မာလူမျိုးများအနေဖြင့်လည်း ပြည့်ဝအောင် တည်ဆောက်ယူနိုင် သည်။ ကျင့်သုံးနိုင်သည်။ မွေးမြူနိုင်သည်။ ထို့အတူ ညံ့ဖျင်းသော အကျင့် ဆိုး မကောင်းသော အရည်အချင်းများဖြစ်သည့် ပျင်းရိခြင်း၊ ရေသာခိုခြင်း၊ အတင်းအဖျင်းပြောခြင်း၊ ကဲ့ရဲ့ ပြစ်တင်စွပ်စွဲခြင်း၊ ရှုတ်ချခြင်း၊ တစ်ဦး အပေါ်တစ်ဦး တစ်ဖွဲ့အပေါ်တစ်ဖွဲ့ အကောက်ကြံခြင်း၊ မရိုးသားခြင်း၊ မစည်းလုံး မညီညွတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း စသော အချက်များကိုလည်း မြန်မာလူမျိုးများအနေဖြင့် ရှောင်ကြဉ်နိုင်စွမ်း၊ ပယ်ခွာနိုင်စွမ်းရှိပါသည်။ စင်စစ်သော်ကား မိမိတို့၏ အခြေအနေနှင့် ပင်ကိုစိတ်ကသာ အဓိက ဖြစ်သဖြင့် အပြုသဘောဆောင်သည့် အကျင့်စရိုက်များ၊ အပေါင်းလက္ခဏာ ဆောင်သော ကောင်းမွန်သော အရည်အချင်းများကို မိမိကိုယ်တိုင်က လိုလိုလားလား ရှိနေဖို့သာ အရေးကြီးဆုံးဖြစ်သည်။ ထို့ကြောင့် ကျွန်တော် တို့ မြန်မာလူမျိုးများအနေဖြင့် သဘောထားကြီးမြတ်မှုကို အခြေခံလျက်  တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့  အတူတကွ လက်တွဲကာ စည်းလုံးညီ ညွတ်စွာဖြင့် ရိုးရိုးသားသား ကြိုးစား ဆောင်ရွက်သွားကြမည်ဆိုပါက ဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ကို ပို၍ လျင်မြန်စွာ တည်ဆောက်နိုင် မည်ဖြစ်သည်။

ခိုင်မြဲသူယျ

ကိုးကား (စာပေဗိမာန်-စာတမ်းငယ်စာပေ စာတမ်းများ)